အခန်း (၆၃၇)
Vol. 41 Ch. 637
ဘတ်စတီ၏ နှုတ်ခမ်းများတွန့်လိမ့်သွား၏။ ဖှေးပြောသည်ကို ကြားသည့်အချိန်တွင် မည်ကဲ့သို့ ပြန်ဖြေရမလဲမသိဖြစ်သွား၏။
လက်ဖက်ရည်သောက်နေကြသည့် ဂျက်စီနှင့် အလန်တို့သည်လည်း ချက်ချင်းပင် သီးသွား၏။
မည်သည့်အချိန်၊ မည်သည့်နေရာတွင် ဆိုစေကာမူ ဘုရားကျောင်းတစ်ခု၏ လက်ထောက်ဂိုဏ်းအုပ်အား လူရှေ့သူရှေ့တွင် သတ်ဖြတ်လိုက််ခြင်းသည် တုန်လှုပ်ဖွယ်ပင်။ ဘတ်စတီကိုယ်တိုင်ပင် ဘာတွန်အားဖှေးအပြစ်ပေးရုံသာ ပေးလိမ့်မည်ဟု ထင်နေခဲ့၏။
ဖှေးသည် ဘာတွန်အား ရုတ်တရက် ကောက်သတ်လိုက်သည်အထိအညှာတာကင်းမဲ့လိမ့်မည်ဟု မည်သူမှထင်မထားသည့်အတွက်ပင်။ မည်သူမှပင် သူ့အား တားဆီးရန်အတွက် အချိန်မရလိုက်ပေ။
သို့သော် ချမ်းဘော့ဒ်ဘုရင်ပြောသည့်ပုံအရ သူသည် ဘာတွန်တောင်းဆိုသည့်အတွက်ကြောင့် ဆန္ဒဖြည့်ပေးလိုက်သလိုပင်။
ဘာတွန်သည်လည်း ထိုကဲ့သို့ ပြောနေခဲ့သည်မှာမှန်သော်လည်း ချမ်းဘော့ဒ်ဘုရင်အား ရန်စရန်အတွက် ပြောနေခြင်းသာဖြစ်ပြီး တကယ်သေချင်သည့် ဆန္ဒမရှိကြောင်းကိုလည်း လူတိုင်းသိကြ၏။ သို့သော်လက်ရှိအခိုက်တန့်တွင် ဘာတွန်သည် ချမ်းဘော့ဒ်ဘုရင်ကဲ့သို့ ထူးဆန်းသည့် ရန်သူတစ်ယောက်နှင့်တွေ့သည့်အတွက် အလွန်ကံဆိုးသွားခဲ့သည်ဟုသာ ဆိုရမည်ဖြစ်တော့၏။
အလွန်ပင်ကံဆိုးသွားခဲ့ခြင်းပင်။
သစ်သားပြားပေါ်တွင်ရှိနေသည့် အေးစက်နေသောအလောင်းအားကြည့်ရင်းဖြင့် ချမ်းဘော့ဒ်သားများမှ လွဲ၍ ကျန်ရှိနေသည့်လူတိုင်း အေးစက်သည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရ၏။ သူတို့၏ လည်ပင်းများပေါ်သို့ ဓားများတင်ထားခံရသည့်အတိုင်းပင်။
ဤဘုရင်ငယ်၏ ရက်စက်ကြမ်းကြုတ်မှု၊ ဖြတ်လတ်မှုနှင့် ရဲစွမ်းသတ္တိတို့ကြောင့် လူတိုင်းတုန်လှုပ်သွားရ၏။
မဟာဘုရားကျောင်းမှလူများသည် အင်မတန်ပင် ကြောက်လန့်သွားကြ၏။ အထူးသဖြင့် ချမ်းဘော့ဒ်ဘုရင်အား သတ်ဖြတ်ရန်အတွက် တောင်းဆိုးနေခဲ့သည့်လူများပင်။ သူတို့သည် ချမ်းဘော့ဒ်ဘုရင်မမြင်နိုင်အောင် ပုန်းအောင်းရန်အတွက် ကြိုးစားနေကြ၏။ ချမ်းဘော့ဒ်ဘုရင် သူတို့အား ကြည့်လိုက်မည်ကို စိုးရိမ်နေကြသည်။
လက်ထောက်ဂိုဏ်းအုပ်ဘာတွန်ပင် ချမ်းဘော့ဒ်ဘုရင်၏ လွယ်ကူစွာသတ်ဖြတ်ခြင်းကို ခံလိုက်ရသည့်အတွက် သူတို့အလှည့်ရောက်လာမည်ကို စိုးရိမ်နေကြခြင်းပင်။
ချမ်းဘော့ဒ်ဘုရင်သည် သူ့အား အပြစ်ပေးရန်လာသည့် ဒေးဗစ်အပါ၀င်မဟာဘုရားကျောင်းမှလူများအားလုံးကို သတ်ဖြတ်ရဲသည်မှာလည်း ထင်ရှားလှသည်။
လက်ရှိအခိုက်တန့်တွင် ဒေးဗစ်သည် လှေကားများပေါ်တွင်ရပ်နေဆဲပင်။ သို့သော် လွှင့်စင်လာသည့် အနီရောင်သွေးစက်များသည် သူ့အား အလွန်မင်းကြောက်လန့်သွားစေသည်။ သူ၏နှလုံးသားအား ထိုးစိုက်ခံလိုက်ရသလိုခံစားလိုက်ရပြီး သူ့အား စင်လာသည့် သွေးများ၏ ပူနွေးသောခံစားချက်သည် သေမင်းမှအနမ်းပေးလိုက်သလိုပင်။ သူ၏ ဦးနှောက်သည် လက်ရှိအခြေအနေအား ကိုင်တွယ်နိုင်ခြင်းမရှိတော့သလိုပင် ခံစားလိုက်ရ၏။
သူသည် ကြယ်ခြောက်လုံးအဆင့်သာ အစွမ်းရှိသူဖြစ်ပြီး ချမ်းဘော့ဒ်ဘုရင်၏ ဓားသွားစွမ်းအင်ထဲတွင် ပါ၀င်သည့်စွမ်းအားများကို ရှင်းလင်းစွာပင် အာရုံခံလိုက်မိသည်။ ၀တ်ရုံအောက်တွင်ရှိနေသည့် သူ၏ခြေထောက်နှစ်ဖက်ပင် ပြင်းထန်စွာတုန်ခါနေ၏။
လက်ရှိအခိုက်တန့်တွင် ဒေးဗစ်သည် သောင်တင်နေသည့် ငါးတစ်ကောက်ကဲ့သို့ မျက်လုံးများပါးစပ်များပြူးကျယ်နေ၏။ သူသည် အသက်ပြင်းထန်စွာရှူ၍ အသက်ရှင်သန်နိုင်ရန်အတွက် ကြိုးစားနေသည့်အတိုင်းပင်။
“မင်း ချမ်းဘော့ဒ်ဘုရင်...အရှင်မင်းကြီး အရှင်ဘာ...အရှင်ဘာလုပ်လိုက်တာလဲ။ ကျွန်တော်...မဟာဘုရားကျောင်းက ဖြေရှင်းချက်တစ်ခုတော့လိုတယ်...”
သောင်းနှင့်ချီသော ကိုးကွယ်သူများကို အုပ်ချုပ်သည့် ဘုရားကျောင်းတစ်ခု၏ အကြီးကဲတစ်ယောက်အနေဖြင့် သူသည် လူမြင်ကွင်းတွင် အူကြောင်ကြောင်မဖြစ်ခဲ့ဖူးပေ။ သို့သော် လက်ရှိအချိန်တွင်မူ သူသည် ရယ်စရာကောင်းသည့် လူတစ်ယောက်ကဲ့သို့ပင် ခံစားနေရ၏။ သူသည် စကားအထစ်ထစ်အငေါ့ငေါ့ဖြင့် ဖှေးအား ခေါ်ဆိုပုံအား အကြိမ်များစွာပြောင်းလဲနေလျှက်ရှိပြီး စကားပင်ကောင်းကောင်းပြောနိုင်ခြင်းမရှိပေ။
လက်ရှိတွင် သူ့အတွက် အကောင်းဆုံးရွေးချယ်မှုသည် ဘုရားကျောင်းသို့သာအမြန်ဆုံးပြန်ရန်လည်းဖြစ်နိုင်၏။
သို့သော် သူသည် ဘုရားကျောင်းအုပ်ချုပ်သူဖြစ်သောကြောင့် သူ၏ ဂုဏ်သရေအား ကာကွယ်ရန်အတွက် လက်ရှိအခြေအနေအား တစ်ခုခုပြောရဦးမည်ဖြစ်သည်။
သူ၏လက်ထောက်သည် မဟာဘုရားကျောင်းမှမဟုတ်သော လူတစ်ယောက်၏ အသတ်ဖြတ်ခံလိုက်ရသည်အား ဘာမှမပြောပဲထွက်သွားလိုက်ပါက သိက္ခာကျမည်ဖြစ်သောကြောင့်ပင်။
သို့သော် ဒေးဗစ်ထိုကဲ့သို့ ပြောလိုက်ပြီးသည့်နောက်တွင် ပို၍ပင် အရှက်ရသွားသလို ခံစားလိုက်ရ၏။
ချမ်းဘော့ဒ်ဘုရင်သည် သူ့အား ကြည့်ပင်မကြည့်ချေ။ ဖှေးသည် ဒေးဗစ်အား အလွန်ရွံရှာစကားကောင်းသည့် လူတစ်ယောက်ကဲ့သို့ပင် လျစ်လျူရှုထား၏။
စခန်းအလည်တွင်ထိုင်နေရင်းဖြင့် ဖှေးရယ်မောကာ ပြောလိုက်သည်။ “၀တ်ရုံနက်ကျောင်းတော်က ကျွန်တော့ကို ဖိတ်ခေါ်ချင်တယ်ဆိုတော့ ဖြေရှင်းမပေးသင့်ဘူးလား...”
သူသည် ကြောက်လန့်နေသည့် မဟာဘုရားကျောင်းမှလူများကိုကြည့်ကာဆက်ပြောလိုက်သည်။ “သူတော်စင် ဘတ်စတီ။ လက်ထောက် ဘာတွန်တောင်းဆိုလို့ ကျွန်တော်က သတ်ပေးလိုက်တယ်ဆိုပေမယ့်။ လူသတ်တယ်ဆိုတာက ဖြေရှင်းရခက်တဲ့အရာတစ်ခုပဲ။ ခင်ဗျား ကျွန်တော့အစားဖြေရှင်းပေးပါ့လား...”
သူထိုကဲ့သို့ပြောလိုက်သည့်အချိန်တွင် ဂျက်စီနှင့် အလန်တို့၏ မျက်နှာများတွန့်လိမ်သွား၏။
သူသည် ဖှေးအား ဆွဲထိုးချင်စိတ်များပင်ပေါက်လာကြ၏။
“လက်ထောက်ဂိုဏ်းအုပ်ကို သတ်လို့ သောက်ပြသနာရှုပ်မှာကို မင်းသိရဲ့သားနဲ့ ဘာလို့ မတွန့်မဆုတ်လုပ်လိုက်တာလဲကွ။ နောက်ပြီးတော့ ငါတို့ကို လာပြီးတော့ ဖြေရှင်းခိုင်းနေတာပဲ။ မင်းထက်အရှက်မရှိတဲ့ကောင်ရှိပါဦးမလား....” သူတို့တွေးလိုက်မိ၏။
ကြိုထင်ထားသည့်အတိုင်းပင် ဘတ်စတီသည် တည်ငြိမ်စွာပင် ခေါင်းငြိမ့်ပြလိုက်ပြီး မတ်တပ်ထကာ ဘာလုပ်ရမလဲမသိဖြစ်နေသည့် ဂိုဏ်းအုပ်ဒေးဗစ်ထံသို့ လမ်းလျှောက်သွားလိုက်၏။
သူတို့တွင် အထက်လူကြီးနှင့် လက်အောက်ငယ်သားဆက်ဆံရေးမရှိသော်လည်း ဘတ်စတီသည် ပို၍ စွမ်းအားမြင့်မားသော သူတော်စင်တစ်ယောက်ဖြ်စသည့်အတွက်ကြောင့် ဒေးဗစ်သည် ချက်ချင်းပင်လှေကားပေါ်မှဆင်းကာ တစ်ခုခုပြောရန်အတွက် သွားလိုက်၏။
စကားခနပြောပြီးသည့်နောက်တွင် ထိုဂိုဏ်းအုပ်၏မျက်နှာသည် ပြောင်းလဲသွား၏။
သူသည် ဖှေးအား ကြောက်မက်ဖွယ်အရာတစ်ခုကဲ့သို့ ချောင်းကြည့်လိုက်သည်။ နဖူးပေါ်တွင် ချွေးများစိုရွဲလာပြီး သူတော်စင် ဘတ်စတီအား ကျေးဇူးတင်စကားပြောကာ ရထားလုံးအတွင်းသို့ ပြန်၀င်သွားတော့၏။ မျက်နှာပေါ်တွင် စိတ်သက်သာသွားသည့်အမူယာဖြင့် မဟာဘုရားကျောင်းမှလူများကို အော်ခေါ်ကာ ထွက်ခွာရန်အတွက်ပြင်လိုက်သည်။
“နေဦး...” ဖှေးရုတ်တရက် လှမ်းအော်လိုက်၏။
ဖှေးအသံကို ကြားသည့်အချိန်တွင် ဒေးဗစ်၏ ခန္ဓာကိုယ်တစ်ခုလုံးတုန်ခါသွားတော့၏။
သူ၏မျက်နှာပေါ်တွင် ဆိုး၀ါးသည့်အပြုံးတစ်ခုဖြင့် ဒေးဗစ်သည် တစ်ဖက်သို့ ပြန်လည့်လာကာ ဖှေးအား လေးစားမှုအပြည့်ဖြင့် ကြည့်လိုက်သည်။ နှလုံးခုန်သံများမြန်ဆန်နေရင်းဖြင့် ဂရုတစိုက်မေးလိုက်၏။ “အရှင်မင်းကြီး ဆျာ...အမ်...အရှင့်သား ဘာများမိန့်ကြားချင်လို့ ပါလဲ...”
လက်ရှိအချိန်တွင် ဒေးဗစ်သည် ဤနေရာသို့ အလျင်စလိုဖြင့် လာရောက်ခဲ့မိသည့် ဆုံးဖြတ်ချက်အား နောက်တရနေလျှက်ရှိသည်။ သူသည် အောက်လမ်းမှော်ပညာများ၊ နဂါးများအကြောင်းကို လုံး၀ပင်ဂရုစိုက်နိုင်ခြင်းမရှိတော့ချေ။ လက်ရှိအခိုက်တန့်တွင် ချမ်းဘော့ဒ်ဘုရင်ထံမှ လွတ်မြောက်လိုစိတ်တစ်ခုတည်းသာရှိတော့၏။
“မင်းတို့ကောင်တွေ၀င်လာတုန်းက ငါတို့ဂိတ်တံခါးကို ဖျက်ဆီးသွားခဲ့တယ်။ နောက်တစ်ခုအလျှော်ပေးလိုက်...” ဖှေးသည် ပျက်ဆီးနေသည့် သစ်သားဂိတ်တံခါးအား ညွှန်ပြကာ ပြောလိုက်သည်။
“ဟုတ်ကဲ့ မစိုးရိမ်ပါနဲ့ ဆျာ။ ကျွန်တော် ပိုပြီးတော့ ခိုင်မာတဲ့ ဂိတ်တံခါးအသစ်စက်စက်တစ်ခုပြန်ယူလာပေးပါ့မယ်။ သေချာပေါက်ပါ...သေချာပေါက်ပါ...” ဒေးဗစ်သည် ခေါင်းငြိမ့်ကာ သဘောတူလိုက်၏။
“အေး မင်းတို့ကောင်တွေ ကြမ်းကြမ်းတမ်းတမ်း၀င်လာခဲ့တုန်းက ငါရဲ့ ရိုးသားကြိုးစားတဲ့စစ်သည်တွေနဲ့ င့ါကို ထိတ်လန့်သွားစေတယ်။ မင်းတို့ကောင်တွေ အမ်...စိတ်ပိုင်းဆိုင်ရာထိခိုက်စေမှုအတွက်နဲ့ လျှော်ကြေးရွှေဒင်္ဂါးတစ်သောင်းပေးရလိမ့်မယ်...” ဘုရင်သည် ဆက်ပြောလိုက်၏။ “နောက်ပြီးတော့ မင်းရဲ့သူတော်စင်တွေက င့ါကို ငရဲပြည်မှာရှိနေသင့်တဲ့နတ်ဆိုးလို့ ပြောတာကိုလည်း ငါကြားလိုက်တယ်။ အဲ့တာ အသရေဖျက်မှုပဲကွ ငါစိတ်မကြည်လင်တော့ဘူး အဲ့တာကြောင့်...”
“အရှင်မင်းကြီး ပေါက်ကရပြောနေပြန်ပြီပဲ...” ချမ်းဘော့ဒ်သားများအားလုံးတွေးလိုက်မိကြသည်။
“ဟုတ်တာပေါ့...ကျွန်တော့လူတွေကို တစ်နာရီအတွင်းမှာ ရွှေဒင်္ဂါးငါးသောင်းယူလာပေးခိုင်းလိုက်ပါ့တယ်။ အရှင်မင်းကြီး ငွေတွေအများကြီးမကိုင်ချင်ဘူးဆိုရင်လည်း ကျွန်တော် ဆိုရိုကုန်သွယ်ရေးအဖွဲ့ပိုင်တဲ့ ဘဏ်ထဲကိုထည့်လိုက်ပြီး အရှင်မင်းကြီးကို VIPကဒ်လာပေးလိုက်ပါ့မယ်...” ဒေးဗစ်သည် ဖှေး၏ စကားကို အလိုက်သိစွာပင် အဆုံးသတ်ပေးလိုက်၏။
သူသည် ဖှေးအားကြောက်လန့်နေသည့်အတွက် ဤနေရာမှ အမြန်ဆုံးထွက်သွားလိုသည့် စိတ်တစ်ခုတည်းသာရှိနေတော့၏။ ဤမျှ ငွေပမာဏပေးလိုက်ရခြင်းသည် သူ့အတွက် လက်ခံနိုင်သည့်အရာတစ်ခုပင်။
ဖှေးခေါင်းငြိမ့်ကာ စိတ်ကျေနပ်သည့်အသံဖြင့် ပြောလိုက်၏။ “ဟမ် မင်းက ဘာလုပ်ရမလဲသိတာပဲ။ ဟားဟား မင်းလာချင်တဲ့အချိန်ပြန်လာဖို့ ဖိတ်ခေါ်ပါတယ်။ မင်းလာရင် တံခါးတစ်ခုလည်း ချိုးချင်ရင်ချိုးခဲ့လို့ရသေးတယ်။ ငါသာ လျှော်ကြေးလုံလုံလောက်လောက်ရမယ်ဆိုရင် စိတ်မဆိုးပါဘူး။ နောက်တစ်ခါလည်း အလည်လာခဲ့ပါဦး...”
“ဟုတ်ကဲ့ ဖိတ်ခေါ်ပေးလို့ ကျေးဇူးပါ။ ကျွန်တော်အချိန်ရရင်လာခဲ့ပါ့မယ်...”
ဒေးဗစ်သည် အရိုသေပေးကာ လျှင်မြန်စွာပင် ရထားလုံးထံသို့ ပြေးသွားတော့၏။ ထို့နောက်တွင် ရထားသမားအား လျှင်မြန်စွာပင်မောင်းခိုင်းလိုက်ပြီး စခန်းအတွင်းမှ လျှင်မြန်စွာပင် ထွက်ခွာသွားတော့သည်။ မဟာဘုရားကျောင်းမှလူများသည်လည်း အနောက်မှပြေးလိုက်သွားကြ၏။ ဤအခိုက်တန့်တွင် သူတို့သည် ပို၍မြန်မြန်ပြေးနိုင်ရန်အတွက် ခြေထောက်များအပိုပါလျှင်ကောင်းမည်ဟူ၍ပင် တွေးမိနေကြ၏။ သို့သော် ခြေလျင်ပြေးနေကြရသော်လည်း ရထားလုံးထက်မနှေးလှပေ။
“ဟေး နောက် တစ်ခါလည်း လာခဲ့ဦးနော်...”
ဖှေးသည် သူ၏လက်ကို ဝှေ့ရမ်းကာအော်ဟစ်လိုက်၏။
“ဘုန်း...” စခန်းအပြင်သို့ မရောက်သေးသည့် သူတော်စင်တစ်ချို့သည် အလွန်ကြောက်လန့်လာသဖြင့် ခြေထောက်များပင် အားပျော့ကာ ပစ်လဲကုန်ကြ၏။
“ဟားဟားဟားဟား...” ချမ်းဘော့ဒ်တိုင်းပြည်မှလူများအားလုံး ၀ိုင်း၀န်းရယ်မောနေကြ၏။
“ဒီမဟာဘုရားကျောင်းကကောင်တွေက လူမှားပြီးလာရှုပ်မိတာပဲ။ သူတို့တွေက ဘုရင့်စီကနေ ခိုးယူချင်နေတာလား။ သူတို့က ကျားဖင်နှိုက်မိကြတာပဲ။ ဘုရင်က ဖြတ်သွားတဲ့ငှက်ကို တွေ့ရင်တောင် အမွေးနှုတ်ယူချင်နေတဲ့လူပဲ။ မဟာဘုရားကျောင်းက အကျင့်ပျက်ခြစားနေတဲ့လူတွေဆိုရင် အလွတ်ပေးမှာမဟုတ်ဘူး။ ချမ်းဘော့ဒ်တိုင်းပြည်ရဲ့တော်၀င်မိသားစုက အခွန်နည်းနည်းလေးပဲကောက်တာလေ။ အဲ့လောက်နည်းတဲ့အခွန်တွေနဲ့ ချမ်းဘော့ဒ်တိုင်းပြည်ကို ဘယ်လို ပြန်လည်တည်ဆောက်နေတာလဲမသိဘူး...”သူတို့တွေးလိုက်မိကြသည်။
ရစ်ဘရီနှင့် မြင်းစစ်သည်များသည်လည်း တုန်လှုပ်သွားကြ၏။
“အခြေအနေက ဒီလိုပဲအဆုံးသက်သွားတာလား။ အလံနှစ်စုံမြို့တော်ထဲမှာ မာနောင်လွှားနေတဲ့ မဟာဘုရားကျောင်းက လူတွေက ချမ်းဘော့ဒ်ဘုရင်ရှေ့မှာ ခွေးလိုပြေးသွားကြတာပဲ။ ဘာတွေဖြစ်ကုန်တာလဲ...”
ဖှေး၏ ပုံရိပ်သည် သူတို့၏ခေါင်းထဲတွင် ပို၍ပင်လျို့၀ှက်ဆန်းကျယ်ကာ စွမ်းအားကြီးမားလာတော့၏။
“ကောင်းပြီ ဧည့်သည်တွေပြန်သွားပြီဆိုတော့ ကျွန်တော်တို့တွေ ပိုပြီးတော့ အရေးကြီးတဲ့ ကိစ္စကို ပြောကြတာပေါ့...” ဖှေးသည် ပြုံးကာ သူ၏ကျောက်ထိုင်ခုံပေါ်တွင် ပြန်ထိုင်လိုက်ပြီး ကျန်ရှိနေသည့် သုံးယောက်ကိုလည်း ထိုင်ရန်တောင်းဆိုလိုက်သည်။
သူတို့၏ဘေးတွင် ချမ်းဘော့ဒ်စစ်သည်များသည် တည်ငြိမ်စွာဖြင့် စခန်းအား ပြန်လည်ပြုပြင်ကာ သန့်ရှင်းရေးလုပ်နေကြ၏။