အခန်း (၆၃၈)
Vol. 41 Ch. 638
“အရှင်မင်းကြီးက ဆုံးဖြတ်ချက်ချပြီးသွားတဲ့ပုံပါပဲ...” ဘတ်စတီသည် လက်ဖက်ရည်တစ်ငုံသောက်ပြီးချိန်တွင် ပြုံးလိုက်၏။
“အမ် ကျွန်တော်အကြောင်းအရာတော်တော်များများကို တွေးပြီးသွားပါပြီ။ နောက်ပြီးတော့ ဆုံးဖြတ်ချက်တစ်ချို့လဲ ချပြီးပြီပေါ့...” ဖှေး သူ၏မျက်နှာပေါ်တွင်လေးနက်သောအမူယာတစ်ခုဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
ဘာတွန်၊ ဒေးဗစ်တို့နှင့် ရုတ်တရက်ဖြစ်ပေါ်လာသောပြသနာသည် ဖှေးအား တစ်စုံတစ်ခုကို စဥ်းစားသွားမိစေသည်။ အခြေအနေများသည် မြင်ရသလောက်မရိုးရှင်းသလိုလဲခံစားမိနေ၏။ မဟာဘုရားကျောင်း၏ မမြင်ရသော လက်ကြီးများသည် သူ့အား ဖမ်းဆုပ်ရန်အတွက် ကြိုတင်ကာ စီမံထားပြီးနေသည့်အတိုင်းပင်။
ဤကဲ့သို့ဖြစ်ရခြင်းသည် သူ၏လူရိုင်းဇာတ်ကောင်မသိစိတ်များကြောင့်လည်း ဖြစ်လျှင်ဖြစ်ပေလိမ့်မည်ဖြစ်သည်။
ထို့ကြောင့် ဖှေးသည် အရာအားလုံးအကြောင်းကို မတူညီသည့်ရှုထောင့်မှစဥ်းစားကြည့်နေခဲ့၏။ သူ၏ စိတ်ထဲတွင် ဘတ်စတီလာရောက်ဖိတ်ကြားခြင်းသည် အန္တရာယ်နှင့်အတူ အခွင့်ရေးတစ်ခုလည်းပါလာသည်ကို သိနေ၏။ မည်သည့်ရွေးချယ်မှုကို ရွေးချယ်စေကာမူ ဖှေးသည် အလျော်အစားကြီးကြီးဖြင့် လောင်းကစားပြုလုပ်နေသကဲ့သို့ဖြစ်နေလိမ့်မည်ဖြစ်သည်။
“ဒါဆိုရင် အရှင်မင်းကြီးရဲ့ဆုံးဖြတ်ချက်က...” ဘတ်စတီသည် ဖှေးအား မျှော်လင့်ချက်များဖြင့်ကြည့်ရင်း မေးလိုက်သည်။ သူသည်အလွန်ပင်အာရုံစိုက်နေသည့်အတွက်ကြောင့် သူကိုင်ထားသည့် လက်ဖက်ရည်ခွက်များထဲမှ လက်ဖက်ရည်များတိမ်းစောင်းကာ အောက်သို့ စီးကျနေသည်ကိုပင် သတိထားလိုက်မိခြင်းမရှိပေ။
တစ်ဖက်တွင် ဂျက်စီနှင့် အလန်တို့သည်လည်း လှုပ်ရှားခြင်းမရှိပဲ ဖှေး၏ ပြန်လည်ဖြေကြားချက်ကို စောင့်နေလျှက်ရှိကြသည်။
“ကျွန်တော်ဆုံးဖြတ်ချက်က...” ဖှေးသည် တစ်စုံတစ်ခုအားပြောတော့မည့်အချိန်တွင် ရုတ်တရက်လူနှစ်ယောက်ကို သတိရလိုက်မိသည်။ ထို့ကြောင့် သူ၏စိတ်ကိုပြင်ကာ ပြောလိုက်၏။ “ကျွန်တော်လက်ရှိအချိန်မှာ ဆုံးဖြတ်ချက်မချနိုင်သေးဘူး။ လ၀က်လောက်နေမှ ခင်ဗျားတို့ကို ခိုင်မာတဲ့အဖြေတစ်ခုပေးလို့ရပါလိမ့်မယ်...”
သူနောက်ဆုံးဆုံးဖြတ်ချက်မချမှီတွင် ဟေဇယ်-ဘန့်ခ်၊ အာသာတို့နှင့်အရင် ညှိနှိုင်းကာ ဆွေးနွေးရဦးမည်ဖြစ်သည်။ ၀တ်ရုံနက်ကျောင်းတော်သည် ကျုရှုံးနေသည့် ကျောင်းတော်တစ်ခုဖြစ်သော်လည်း မဟာဘုရားကျောင်းထဲတွင် အင်အားစုတစ်ခုဖြစ်နေဆဲပင်။ မဟာဘုရားကျောင်းနှင့် အောက်လမ်းကျောင်းတော်တို့သည် ရန်သူများဖြစ်ကြပြီး ထိုနှစ်ဖွဲ့ကြားထဲတွင်ရှိနေသည့်အမုန်းတရားများသည်လည်း နက်ရှိုင်းလှ၏။ ပူပေါင်းထားသည့်လူများဖြစ်သောကြောင့် ဖှေးသည် ဟေဇယ်-ဘန့်ခ်နှင့် အာသာတို့၏ အမြင်များကိုလည်းလေးစားရမည်ဟု ရုတ်တရက် ခံစားလာမိသည့်အတွက်ပင်။
ထို့ကြောင့် အောက်လမ်းဆရာ လယ်ဗယ်၃၆ ဒေသမှ ပြန်မလာမခြင်း ဖှေးသည် မည်သည့်ကတိကိုမှပေးလိုခြင်းမရှိသေးပေ။
“ဒါက...” ဘတ်စတီ၏ မျက်နှာပေါ်တွင်ရှိသည့် စိတ်ပျက်သည့်အမူအယာသည် ဖုံးကွယ်ထားနိုင်ခြင်းမရှိပေ။ သို့သော် သူသည် ချမ်းဘော့ဒ်ဘုရင်အား စိတ်ပြောင်းအောင် တွန်းအားပေး၍ မရနိုင်သည်ကိုလည်း သိရှိ၏။
တစ်ဖက်တွင် ဂျက်စီနှင့် အလန်တို့သည်လည်း အံ့ဩသွားကြ၏။ ဖှေးသဘောတူလိမ့်မည်ဟု သူတို့ထင်ထားခဲ့သည့်အတွက်ပင်။ သို့သော် နောက်ဆုံးပြောတော့မည့်အချိန်ရောက်မှ မည်သည့်အတွက်ကြောင့် ဘုရင်စိတ်ပြောင်းသွားရသည်ကို သူတို့နှစ်ယောက်လုံးမသိကြပေ။ မျှော်လင့်ထားပုံနှင့် လက်တွေ့ဖြစ်ပျက်သွားသည့်အရာသည် ကွာခြားလွန်းလှသည်။ သူတို့၏ နှလုံးသားများ ကျောက်တောင်တစ်ခုပေါ်မှ ပြုတ်ကျသွားသည့်အတိုင်းပင်။ ထို့ကြောင့် ဖှေး ကိစ္စအား အချိန်ဆွဲထားသည်ကို အနည်းငယ်အလိုမကျဖြစ်နေကြ၏။
“ကျွန်တော်က အတော်လေးအရေးကြီးတဲ့အရာတစ်ခုကို စဥ်းစားလိုက်မိလို့ပါ။ ကျွန်တော် လ၀က်လောက်နေမှ ဆုံးဖြတ်နိင်လိမ့်မယ်...” ဘတ်စတီ၏ အမူယာကို ဖှေးသတိထားလိုက်မိသောကြောင့် ဖှေးစိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြလိုက်သည်။ “မစိုးရိမ်ပါနဲ့ သူတော်စင်ကြီး ကျွန်တော်က စျေးကိုင်တဲ့သဘောနဲ့ အချိန်ဆွဲတတ်တဲ့လူမဟုတ်ပါဘူး။ နောက်ပြီးတော့ ကျွန်တော်က တစ်ခြားကျောင်းတော်တွေဆီကို သွားမယ့်လူလဲမဟုတ်ပါဘူး။ တကယ်လို့ ကျွန်တော်သာ မဟာဘုရားကျောင်းထဲကို ၀င်မယ်လို့ ဆုံးဖြတ်လိုက်မယ်ဆိုရင် ၀တ်ရုံနက်ကျောင်းတော်ထဲကိုပဲ ၀င်မှာပါ...”
ဖှေး၏ ကတိစကားသည် ဘတ်စတီအား အနည်းငယ်အံ့ဩသွားစေပြီး သူ့အား အနည်းငယ်လည်း ရှက်ရွံ့သွားစေသည်။
အခိုက်တန့်တစ်ခုကြာခန့် ချမ်းဘော့ဒ်ဘုရင်သည် တစ်ခြား ကျောင်းတော်များနှင့်ဆက်သွယ်ကာ အမြင့်မားဆုံးသောအကျိုးမြတ်များကို ပေးနိုင်မည့်ကျောင်းတော်အား ရွေးချယ်ရန်ကြံနေခြင်းဖြစ်သည်ဟု သူတွေးလိုက်မိသောကြောင့်ပင်။
အရာအားလုံးကို ပွင့်ပွင့်လင်းလင်းပြောဆိုပြီးဖြစ်သောကြောင့် ဘတ်စတီ၊ ဂျက်စီနှင့် အလန်တို့ မပြန်ခင်သူတို့တစ်ယောက်နှင့် တစ်ယောက်စကားစမြည်ပြောနေကြ၏။
......
အလံနှစ်စုံမြို့ ဘုရားကျောင်းသို့ အပြန်လမ်းတွင် ဂျက်စီသည် စိတ်မထိန်းနိုင်ပဲမေးလိုက်၏။ “ဆာ ကျွန်တော်ဒီအခြေအနေကို နားမလည်နိုင်ဖြစ်နေပါတယ်။ အရှင့်ရဲ့ ဉာဏ်ပညာက ကျွန်တော့ကို ရှင်းလင်းအောင်လုပ်ပေးဖို့ မျှော်လင့်ပါတယ်...”
“မင်း ဘာမေးချင်နေတယ်ဆိုတာကို ငါသိပြီးသားပါ ဂျက်စီ...” ထိုအဖိုးကြီး၏ မျက်နှာပေါ်တွင် နူးညံ့သည့်အပြုံးတစ်ခုပေါ်လာ၏။ ဤအဖိုးကြီးသည် ဂျက်စီအပေါ်တွင် များစွာယုံကြည်ထားသည်မှာ ထင်ရှားလှသည်။
“ချမ်းဘော့ဒ်ဘုရင်က စွမ်းအားမြင့်မားတယ်။ နောက်ပြီးတော့ သူ့မှာ အလားအလာကောင်းတွေလည်းအများကြီးရှိတယ်။ အနာဂတ်မှာဆိုရင်သူက စွမ်းအားမြင့်မားတဲ့ စစ်သည်တစ်ယောက်ဖြစ်လာလိမ့်မယ်။ ဒါပေမယ့် ရက်အနည်းငယ်လေ့လာပြီးတဲ့နောက်မှာတော့ သူက ခေါင်းဆောင်ကောင်းတစ်ယောက်မဟုတ်သလို ခံစားရတယ်။ ကျွန်တော်ရိုင်းသွားရင်ခွင့်လွှတ်ပေးပါ။ ကျွန်တော့ကို ကယ်တင်ပေးခဲ့တဲ့လူကို စော်ကားတာမဟုတ်ရပါဘူး။ ဒါပေမယ့် ဘုရင်အလတ်ဇန္ဒားမှာ ဘုရားသခင်ကို ကိုယ်စားပြုတဲ့လူတွေမှာရှိတဲ့မြင့်မြတ်ကြီးကျယ်တဲ့အရှိန်၀ါမျိုးမရှိဘူးလို့ ကျွန်တော်မြင်မိတယ်။ သာမန်သူတော်စင်တစ်ယောက်ကတောင် အဲ့နေရာမှာဆိုရင် သူ့ထက်ပိုပြီးတော့ သာနေလိမ့်ဦးမယ်။ သူ ဒေးဗစ်ကို လုပ်လိုက်တာက...ကျွန်တော်အထင်တော့ ဓားပြတိုက်လိုက်သလိုပဲလေ...”
ဂျက်စီသည် သူ၏အမြင်ကို ဖော်ပြလိုက်သည်။
“မင်းပြောတာမှန်ပါတယ် လူလေး။ ချမ်းဘော့ဒ်ဘုရင်မှာ အရင်က ပုပ်ရဟန်းမင်း ဖြစ်လာခဲ့ဖူးတဲ့ ဘုရားသခင်ရဲ့အနှစ်သက်ဆုံးကလေးငယ်တွေလို အရှိန်၀ါမျိုးမရှိဘူး။ ရိုးရိုးရှင်းရှင်းပဲပြောရမယ်ဆိုရင် သူက စျေးထဲက လူမိုက်တစ်ယောက်လိုပဲ။ သူက လောဘကြီးတယ်၊ ဉာဏ်များတယ်။ ရက်စက်တယ်...ဒါပေမယ့် ငါတို့မှာတစ်ခြားရွေးချယ်စရာမရှိဘူး။ ငါတို့ တွေချမ်းဘော့ဒ်ဘုရင်ကိုသာ မရဘူးဆိုရင် ကျန်တဲ့ဘုရားသခင်အနှစ်သက်ဆုံးကလေးငယ်တွေကလည်း ငါတို့ကျောင်းတော်ကို ၀င်ချင်ကြလိမ့်မယ်လို့ ငါမထင်ဘူး...” အကူညီကင်းမဲ့သည့်အမူယာတစ်ခုသည် ဘတ်စတီ၏မျက်နှာပေါ်တွင်ပေါ်လာကာ ရှင်းပြလိုက်၏။
ဂျက်စီကဲ့သို့သော ကျောင်းတော်များကြားမှ ရက်စက်ကြမ်းကြုတ်သည့် အာဏာလုပွဲများကို မမြင်ဖူးသေးသည့်လူငယ်တစ်ယောက်သည် ဤကဲ့သို့သော အမူယာမျိုးကို နားလည်နိုင်ခြင်းမရှိပေ။
......
“တကယ်တန်းပြောရမယ်ဆိုရင်...” တစ်ချိန်လုံးတိတ်ဆိတ်နေခဲ့သည့် အလန်မှ ရုတ်တရက်၀င်ပြောလိုက်သည်။ “ချမ်းဘော့ဒ်ဘုရင်က ၀တ်ရုံနက်ကျောင်းတော်အတွက် အကောင်းဆုံးလဲဖြစ်နိုင်တာပဲ။ ၀တ်ရုံနက်ကျောင်းတော်ရဲ့ အရှိန်၀ါကိုအရင်လိုပြန်ပြီးတော့ မြှင့်တင်နိုင်မယ့် လူတစ်ယောက်ရှိမယ်ဆိုရင် အဲ့လူက ဘုရင်အလတ်ဇန္ဒားပဲ ဖြစ်နေမလား....”
“မင်းဆိုလိုတာက...” သူသည် တစ်စုံတစ်ခုအား စဥ်းစားလိုက်မိသဖြင့် ဘတ်စတီ၏ မျက်လုံးများအရောင်လတ်သွား၏။
အကယ်၍ လူတစ်ယောက်သည် လက်ရှိအခြေအနေများမှ ရုန်းထွက်လိုပါက ပြောင်းလဲမှုများရှိလာမှရလိမ့်မည်ဖြစ်သည်။
ပထမဆုံးပြောင်းလဲရမည့်အရာသည် ၀တ်ရုံနက်ကျောင်းတော်ကိုယ်တိုင်ပင်။
သူများနှင့် မတူပဲ တမူထူးခြားသည့်ခေါင်းဆောင်တစ်ယောက်သည် သေဆုံးနေသည့် ၀တ်ရုံနက်ကျောင်းတော်အား ကြီးမားသည့် အံ့ဩဖွယ်ရာကြီးတစ်ခု ယူဆောင်ပေးလာနိုင်သည့်အတွက်ပင်။
သူနှင့် ဂျက်စီတို့သည် ၀တ်ရုံနက်ကျောင်းတော်သို့ ၀င်လာခါစဖြစ်သည့် အလန်အား လျှော့တွက်မိခဲ့သလို ဘတ်စတီခံစားလိုက်မိသည်။ သူ၏ ကြယ်ရှစ်လုံးအဆင့်စွမ်းအားများသည် ကြီးမာခြင်းမရှိသော်လည်း သူ၏တန်ဖိုးသည် တစ်ခြားနေရာတစ်ခုတွင် ရှိနေသည့်ပုံပင်။
......
အလံနှစ်စုံမြို့တော် ဘုရားကျောင်းထဲတွင်ဖြစ်သည်။
“ဘာလို့လဲ ချမ်းဘော့ဒ်ဘုရင် ဘုရားသခင်အနှစ်သက်ဆုံးကလေးငယ်တစ်ယောက်ဆိုတာကို ခင်ဗျားက ကျွန်တော့ကို ဘာလို့ မပြောခဲ့တာလဲ။ ခင်ဗျားက ကျွန်တော့ကို သေစေချင်နေတာလား...”
ထွန်းညှိထားသည့်အဖြူရောင် ဖယောင်းတိုင်များမှ ထူးဆန်းသည့်ရနှံ့တစ်ခုကို ထုတ်လွှတ်နေသည့် လျို့၀ှက်ခန်းတစ်ခုထဲတွင်ဖြစ်သည်။ ဂိုဏ်းအုပ်ဒေးဗစ်သည် သူ၏ဒေါသကို ကြိုးစားထိန်းကာ သူ၏အရှေ့တွင်ရှိနေသည့် အမဲရောင်၀တ်ရုံနှင့်လူအား မေးလိုက်သည်။
အကယ်၍ ဤလျို့၀ှက်သည့်အမဲရောင်၀တ်ရုံနှင့်သူတော်စင်ထံတွင်သာ မဟာဘုရားကျောင်းမှ အရှိန်၀ါကြီးမားသည့် လူတစ်ယောက်၏ အမှတ်တံဆိပ်တစ်ခုရှိမနေပါက ဒေါသဖြစ်နေသည့် ဒေးဗစ်သည် သူ့အား ချမ်းဘော့ဒ်ဘုရင်ကို ရန်သွားစစေခဲ့သည့် ဤလူကို အစိတ်စိတ်ပိုင်းကာ ခွေးကျွေးနေလောက်ပြီဖြစ်သည်။
“ခင်ဗျားပြောသလိုဆိုရင် ၀တ်ရုံနက်ကျောင်းတော်က ချမ်းဘော့ဒ်ဘုရင်နဲ့ ဆက်သွယ်နေပြီပေါ့။ ချမ်းဘော့ဒ်ဘုရင်က ၀တ်ရုံနက်ကျောင်းတော်ရဲ့လျို့၀ှက်ထားတဲ့ ဘုရားသခင်အနှစ်သက်ဆုံးကလေးငယ်တစ်ယောက်များလား...” ထိုလူမှ ရေရွတ်လိုက်သည်။ အထူးချုပ်လုပ်ထားသည့် အမဲရောင်၀တ်ရုံသည် ထိုလူ၏ မျက်နှာ ၉၀ရာခိုင်နှုန်းခန့်ကိုပင် ဖုံးကာထား၏။ ဖယောင်းတိုင်အလင်းရောင်များအောက်တွင် သူ၏မေးစေ့ကိုသာ မြင်နေရ၏။
သူ၏အသံနေအသံထားသည် တည်ငြိမ်နေပြီး ဖော်ပြ၍ မရနိုင်သည့် စွမ်းအားများနှင့် အေးစက်မှုများပါ၀င်နေလျှက်ရှိသည်။
ထိုအရှိန်၀ါသည် ဒေါသဖြစ်နေသည့် သူတော်စင် ဒေးဗစ်အား ချက်ချင်းပင် ငြိမ်ကျသွားစေ၏။
ဤလျို့၀ှက်သည့် သူတော်စင်သည် သူသွားရှုပ်လို့ရသည့် လူတစ်ယောက်မဟုတ်သည်ကို ပြန်လည်ကာ သတိရသွားသည့်အတွက်ပင်။
“အမ်...ဟုတ်လောက်တယ် ခင်ဗျ။ ၀တ်ရုံနက်ကျောင်းတော်ရဲ့ အရေးကြီးလူတစ်ချို့ကိုလည်း ကျွန်တော်တွေ့လိုက်ရတယ်။ ညာလက်ရုံးသူတော်စင် ဘတ်စတီက ချမ်းဘော့ဒ်ဘုရင်ကို ရင်းရင်းနီးနီးလေးလေးစားစားနဲ့ စကားပြောနေတာတွေ့ခဲ့တယ်...” ဒေးဗစ်သည် ချက်ချင်းပင် ဒေါသထိန်းလိုက်ပြီး သခင်ရှေ့တွင် ရိုကျိုးသည်ခွေးတစ်ကောင်အဖြစ်သို့ ပြန်လည်ကာ ပြောင်းလဲသွားတော့၏။
ဤသည်မှာ ဒေးဗစ်ထူးချွန်သည့်အရာတစ်ခုပင်။ သူ၏ စိတ်နေစိတ်ထားကို လွယ်ကူစွာပင် ပြောင်းလဲပစ်နိုင်ခြင်းပင်။
“အဲ့တာဆို သူက ဟန်ဆောင်နေတဲ့လူတစ်ယောက်မဟုတ်ဘူးပေ့ါ...မဟုတ်မှလွဲရော ငါမှားနေတာလား....” မေးခွန်းတစ်ခုသည် သူ့အား ခေါင်းကိုက်အောင်လုပ်နေသကဲ့သို့ လျို့၀ှက်သောလူမှ ရေရွတ်လိုက်သည်။ ထို့နောက်တွင် သူ၏ခေါင်းကို ညင်သာစွာခါရမ်းလိုက်ပြီးမေးလိုက်၏။ “သူ့ရဲ့ ဇနီးလောင်း အန်ဂျယ်လာကိုရော ခင်ဗျားမြင်ခဲ့လား...”
“ချမ်းဘော့ဒ်ဘုရင်ရဲ့ ဇနီးလောင်းလား...” ဒေးဗစ်၏ မျက်နှာပေါ်တွင်ကြောင်တောင်တောင်အမူယာတစ်ခုထွက်ပေါ်လာ၏။ ဤလူသည် အန်ဂျယ်လာဟုအမည်ရသည့် ကောင်မလေးအား နှစ်သက်နေခြင်းဖြစ်သည်ဟု သူယူဆလိုက်၏။ သို့သော် သူဘာမှပြန်ပြောခြင်းမရှိပဲ လျှင်မြန်စွာပင် ပြန်ဖြေလိုက်သည်။ “ကျွန်တော် သူတို့စခန်းထဲကို ၀င်သွားတုန်ုးက ချမ်းဘော့ဒ်ဘုရင်နဲ့ ရင်းနှီးတဲ့လူတွေက ထွက်သွားပြီးဖြစ်နေတော့ အန်ဂျယ်လာဆိုတဲ့ ကောင်မလေးကို မတွေ့ခဲ့ပါဘူး...”
“အမ် နည်းနည်း လျင်တဲ့လူတစ်ချို့လွှတ်ပြီးတော့ အဲ့ကောင်မလေးကို စောင့်ကြည့်ခိုင်းထားလိုက်...” အမဲရောင်၀တ်ရုံနင့်လူမှ အမိန့်ပေးလိုက်သည်။
“ကောင်းပါပြီ..”
ဒေးဗစ်သည် တစ်ဖက်သို့လှည်ပြီး ပြန်တော့မည့်အချိန်တွင် တစ်ခုခုကို သတိရလိုက်ပြီး ပြန်လှည့်လာ၏။
“ကျွန်တော်တင်ပြသင့်တယ်လို့ ထင်တဲ့အရာတစ်ခုရှိနေသေးတယ်။ ကျွန်တော် ချမ်းဘော့ဒ်စခန်းထဲမှာရှိနေတုန်းက ဘာတွန်ပြောခဲ့တာ ချမ်းဘော့ဒ်ဘုရင်မှာ ဒဏ္ဏာရီလာနဂါးသုံးကောင်ရှိနေတယ်တဲ့...”
“နဂါးဟုတ်လား...” အမဲရောင်၀တ်ရုံနှင့်လူသည် အနည်းငယ်အံ့ဩသွား၏။ “ဒါက ဒီလူပတ်၀န်းကျင်မှာ ထူးဆန်းတဲ့ကိစ္စတွေဖြစ်နေကြပဲ။ ဒီကိစ္စကိုလည်း အရင်စုံစမ်းထားလိုက်ပါ မင်းပါမင်း မလှုပ်ရှားသေးနဲ့...”
“အရှင့်ဆန္ဒအတိုင်းပါ။ နောက်ပြီးတော့ ချမ်းဘော့ဒ်ဘုရင်က လက်ထောက် ဂိုဏ်းအုပ် ဘာတွန်ကိုသတ်လိုက်တဲ့ ကိစ္စ။ အရှင်သိပါတယ်....အရှင့်အမြင်နဲ့ဆိုရင် ကျွန်တော် ဇီးနစ်ဂိုဏ်းအုပ်ကို ဒီကိစ္စ ဘယ်လို သတင်းပို့ရမလဲ...” အကြပ်ရိုက်နေသည့်အမူယာသည် ဒေးဗစ်၏ မျက်နှာပေါ်တွင်ပေါ်လာတော့သည်။