အခန်း (၆၄၀)
Vol. 41 Ch. 640
စခန်းထဲတွင် လမ်းလျှောက်ပြီးနောက်တွင် အခြေအနေသည် သူထင်ထားသည်ထက်ပင် ပို၍ကောင်းမွန်နေကြောင်းကို ဖှေးသတိထားလိုက်မိသည်။ မြို့တော်ထဲမှ လေထုသည် ပို၍တည်ငြိမ်နေ၏။
မြို့တော်ထဲတွင်ရှိနေသည့် တပ်ဖွဲ့များသည် အပြင်ဘက်တွင်ကာရံနေသော အနီရောင်သဲနွံများကြောင့် တိုက်ခိုက်စရာမလိုသော်လည်း စစ်သည်များနှင့် ခေါင်းဆောင်များသည် မြို့တော်ထဲတွင် ကင်းလှည့်နေကြဆဲပင်။
၀ံပုလွေစွယ်တပ်ဖွဲ့ထဲတွင် အဖွဲ့၀င်တိုင်းပြည်အသီးသီးမှစစ်သည်များသိုင်းဆရာများပါ၀င်ပြီး ဖှေးသည် သူတို့အား မြင့်မားသည့်မျှော်လင့်ချက်များထားရှိခြင်းမရှိပေ။ သူတို့သည် ဤကဲ့သို့ အမိန့်နာခံနေကြသည်ကပင် ဖှေးမျှော်လင့်ထားသည်ထက်ကျော်လွန်နေပြီဖြစ်သည်။
မြို့တော်အား လှည့်ပတ်ကြည့်ရှုပြီးသည့်နောက်တွင် ဖှေးသည် အလည်တွင်ရှိသည့် ပင်မနန်းတော်ထဲသို့ ၀င်သွားလိုက်၏။
ဤသည်မှာ တပ်ဖွဲ့၏ ယာယီအမိန့်ပေးစင်တာဖြစ်သည်။
ဖှေး၏ တပ်ဖွဲ့ထဲသို့ ၀င်ရောက်လာခဲ့ကြသည့်အဖွဲ့၀င်တိုင်းပြည်များမှ ဘုရင်များ၊ ဆွေကြီးမျိုးကြီးများသည် ဤနန်းတော်ထဲတွင်ရှိနေကြသည်။
အဓိကခေါင်းဆောင်များဖြစ်ကြသည့် စင်ဒီနှင့် ရီရဲတို့နှစ်ယောက်လုံးသည်လည်း ဤနန်းတော်ထဲတွင်နေထိုင်ကြ၏။
နန်းတော်၏ ဘေးတစ်ဖက်မှ ဖြတ်သန်းကာ ပျံသန်းရင်းဖြင့် ဖှေးတစ်စုံတစ်ခုကို သတိထားလိုက်မိသည်။ ပြတင်းပေါက်တစ်ခုမှနေ၍ သူသည် အ၀ါရောင်အလင်းတန်းတစ်ခုကို မြင်လိုက်ရ၏။
ထိုအခန်းသည် စင်ဒီ၏အခန်းပင်။
စင်ဒီ၏ငွေရောင်ဆံင်ရှည်များသည် ချောမွေ့ကာ သူမ၏ ပခုံးပေါ်တွင်ကျရောက်နေ၏။ တိုက်ပွဲ၀င်ချပ်၀တ်နှင့် မှော်၀တ်ရုံများကို မ၀တ်ဆင်ထားသည့်အတွက်ကြောင့် သူမသည် စစ်မြေပြင်တွင်ရှိနေသည့်အတိုင်းမဟုတ်ပေ။ ထိုအစားသူမသည် သာမန်မိန်းကလေးတစ်ယောက်ကဲ့သို့ပင်။
သူမ၏ ဖြူဖွေးချောမွေ့သည့်ပခုံးများကို မြင်နေရပြီး လှပသည့် ခြေထောက်များသည် ကျောက်စိမ်းဖြင့် ထုလုပ်ထားသည့်အတိုင်းပင်။ ကျောက်စားပွဲတစ်ခု၏ရှေ့တွင်ထိုင်နေပြီး လန်းဆန်းသည့်ခံစားချက်တစ်ခုကို ပေးနေလျှက်ရှိသည်။
လှပသည့်မြင်ကွင်းတစ်ခုပင်။
ကောင်မလေး၏ လှပသည့်လက်များသည် အဖြူရောင်မေးစေ့ပေါ်သို့ ရောက်ရှိနေပြီး သူမသည် တစ်စုံတစ်ရာအတွက်ကြောင့် အကျပ်ရိုက်နေသည့်ပုံပင်။
သူမ၏အရှေ့ စားပွဲပေါ်တွင် အပြာနုရောင်စာလိပ်တစ်ခုရှိနေ၏။ ထိုစာလိပ်မှ မှော်အရှိန်၀ါများလည်း တောက်ပနေလျှက်ရှိသည်။
ထိုစာလိပ်သည် ဖှေးသူမအား ပေးထားခဲ့သည့် တယ်လီပေါ့တ်မှော်အစီရင်စာလိပ်ပင်။ ထိုစာလိပ်အား အာကာရာနှင့် ကိန်းတို့မှ တီထွင်ဖန်တီးထားခြင်းပင်။
လူတိုင်းသည် ဤစာလိပ်ကိုအသုံးပြု၍ ၁၀ကီလိုမီတာခန့်ကွာဝေးသည့်နေရာတစ်ခုသို့ တယ်လီပေါ့တ်ပြုလုပ်နိုင်၏။ ဂျက်အင်ပါယာမှ သိုင်းဆရာများဤနေရာသို့ ၀င်ရောက်တိုက်ခိုက်မည်ကို စိုးရိမ်သည့်အတွက်ကြောင့်ဖှေးသည် စင်ဒီနှင့် ရီရဲတို့ကို စာလိပ်တစ်ယောက်တစ်ခုစီပေးထားခဲ့ခြင်းပင်။
မှော်မင်းသမီးစင်ဒီသည် ဤစာလိပ်ကို ကြည့်ရင်းဖြင့် တစ်ခါတစ်ရံတွင်ပျော်ရွှင်နေပြီး တစ်ခါတစ်ရံတွင်အကူညီကင်းမဲ့နေကာ တစ်ခါတစ်ရံတွင် ၀မ်းနည်းနေသည့်ပုံရှိနေသည်။ ခံစားချက်များစွ သူမ၏ မျက်နှာပေါ်တွင်ပေါ်လာခဲ့ပြီးသည့်နောက်တွင် ထိုခံစားချက်များအားလုံးစုပေါင်းသွားပြီး အနည်းငယ်အထီးကျန်ဆန်သည့်အမူယာတစ်ခုအဖြစ်သို့ ပြောင်းလဲသွား၏။
သူမသည် ကြိုးတစ်ချောင်း၏ ထိန်းချုပ်ခြင်းကို ခံနေရသည့် စွန်ငယ်လေးတစ်ခုကဲ့သို့ ဖှေးခံစားလိုက်မိသည်။
“ဒီမှော်မင်းသမီးက ဇာတ်လမ်းတွေအများကြီးရှိနေတဲ့ကောင်မလေးတစ်ယောက်ပဲ။ သူက အသက်အတော်လေးငယ်သေးပေမယ့် ဇီးနစ်အင်ပါယာထဲမှာရှိတဲ့အသက်ငယ်ဆုံး ပါရမီရှင်တစ်ယောက်ဖြစ်နေပြီ။ တကယ်လို့သာ သူမကို ဆရာကောင်းကောင်းတစ်ယောက်က သင်ကြားပေးမယ်ဆိုရင် သူမရဲ့စွမ်းဆောင်ရည်တွေကို လူတွေအများကြီး ၀ိုင်းအားကျကြလောက်တယ်...”
ခနတာခန့်ကြည့်ပြီးသည့်နောက်တွင် ဖှေးထွက်ခွာသွား၏။
ဖှေးသည် ကိုယ်ရည်ကိုယ်သွေးမြင့်မားသည့် လူတစ်ယောက်မဟုတ်သော်လည်း ကောင်မလေးတစ်ယောက်ကို ချောင်းကြည့်ခဲ့မိသည့်အတွက်အနည်းငယ်အပြစ်မကင်းသလိုခံစားနေရ၏။ အထူးသဖြင့် ထိုကောင်မလေးသည် သူ၏လူတစ်ယောက်ဖြစ်နေခြင်းပင်။
“ဟ ကျား...”
နန်းတော်၏ ဘေးတွင်ရှိသည့် လေ့ကျင့်ကွင်းမှ အော်ဟစ်သံများကိုကြားနေရပြီး သတ္တုဂုဏ်သတ္တိစွမ်းအင်အရှိန်၀ါများတောက်ပနေလျှက်ရှိသည်။
ဖှေး လေ့ကျင့်ရေးကွင်းသို့ တိတ်တဆိတ်ဆင်းသက်လာပြီး သားနားသည့် အဖြူရောင်၀တ်ရုံတစ်ခု၀တ်ဆင်ထားကာ သူ၏ သိုင်းကွက်ကို လေ့ကျင့်နေသည့် ရီရဲကို တွေ့လိုက်ရသည်။
ထိုလူငယ်သည် သူ၏ အမည်မဲ့ဓားဖြင့် လေ့ကျင့်နေပြီး နဖူးပေါ်မှ ချွေးများစီးကျနေလျှက်ရှိသည်။
စူးရှသည့် သတ္တုဂုဏ်သတ္တိစွမ်းအင်တစ်ခုကို ပစ်လွှတ်လိုက်ပြီး ထိုစွမ်းအင်များသည် လေပေါ်တွင် ပျံသန်းသွားရင်းဖြင့် မြေပြင်ပေါ်တွင် ဓားသွားရာများကို ချန်ထားခဲ့၏။
ဖှေးခေါင်းငြိမ့်လိုက်မိသည်။
မာနထောင်လွှားရန်အတွက် လုံလောက်သည့် ခွန်အားမျိုးလည်း လိုသည့်အတွက်ပင်။
ငွေရောင်ချပ်၀တ်ဓားသွားသည် ကမူးရူးထိုးနိုင်ကာ မာနထောင်လွှားသည့်လူတစ်ယောက်ပင်။ သို့သော် ထိုကဲ့သို့အကျင့်စရိုက်သည် သူ၏စွမ်းအားမှ ပေါက်ဖွားလာခြင်းသည်။ လူအများစုသည် ရီရဲမည်မျှမာနထောင်လွှားသည်ကိုသာ မြင်ကြပြီး သူမည်မျှကြိုးကြိုးစားစားလေ့ကျင့်နေသည်ကိုမူ မြင်တွေ့နိုင်မည်မဟုတ်ပေ။
ရီရဲ၏ အဖွဲ့၀င်တိုင်းပြည်များ စစ်ဘက်ဆိုင်ရာလေ့ကျင့်ရေးပြိုင်ပွဲတွင် ပြသခဲ့သည့်စွမ်းဆောင်ရည်သည် အထင်ကြီးလောက်ဖွယ်ပင်။ အထူးသဖြင့် ဓားတစ်လက်သူရဲကောင်းနှင့် တိုက်ခိုက်ခဲ့သည့်တိုက်ပွဲတွင်ဖြစ်သည်။
သူ၏ ဓားသိုင်းသည် ဒဏ္ဏာရီလာအဆင့်တစ်ခုတွင်ရှိနေ၏။ ပြိုင်ပွဲတွင် သူ၏ အတွင်းအားစွမ်းအင်မှာ အလွန်နည်းလွန်းလှသည့်အတွက်ကြောင့် သူ၏ ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်း ဓားသိုင်းကွက်ကို လုံလောက်သည့်စွမ်းအင်ပေးနိုင်ခြင်းမရှိပေ။ ထိုကဲ့သို့မဟုတ်ပါက ရှံးနိမ့်သည့်လူသည် သူမဟုတ်ပဲ ဓားတစ်လက်သူရဲကောင်းပင်ဖြစ်နေနိုင်၏။
ရီရဲသည် ဖှေး၏ တပ်ဖွဲ့ထဲသို့ ၀င်ရန်ဆုံးဖြတ်ခဲ့သည့်အချိန်တွင် ဘုရင်သည်သူ့အား ကြယ်ရှစ်လုံးအဆင့်ကျင့်စဥ်စာလိပ်တစ်ခုကို ပေးကာ သင်ကြားပေးခဲ့သည်။
ကြယ်ရှစ်လုံးအဆင့်စာလိပ်တစ်ခုသာဖြစ်သော်လည်း ထိုအချိန်က ကြယ်ငါးလုံးအဆင့်သာရှိသေးသည့် ရီရဲအတွက် အလွန်တန်ဖိုးရှိသည့် စာလိပ်တစ်ခုပင်။
လွန်ခဲ့သည့်အချိန်ကာလများတွင် ကြိုးစားလေ့ကျင့်ခဲ့ပြီးသည့်အချိန်တွင် သူသည် အတာဆီးများကို ဖြတ်ကျော်၍ အဆင့်တက်ခဲ့ကာ လက်ရှိတွင် ကြယ်ခြောက်လုံးအလယ်လတ်အဆင့်သို့ပင်ရောက်ရှိသွားပြီဖြစ်သည်။ စွမ်းအင်များအားလုံးကို ထုတ်လွှင့်ထားသည့်အတွက်ကြောင့် ရွှေရောင်၊ ငွေရောင်စွမ်းအင်များသည် အရပ်မျက်နှာအနှံ့သို့ ချွန်ထက်သောဓားသွားများကဲ့သို့ပင် ပျံသန်းနေ၏။
ခနတာလေ့လာပြီးသည့်နောက်တွင် ဖှေးတစ်စုံတစ်ခုအား တွေးလိုက်မိပြီး သူ၏လက်ချောင်းကို လှုပ်ရှားလိုက်၏။ ကြယ်ခြောက်လုံးခန့်စွမ်းအားရှိသည့် ငွေရောင်ဓားသွားစွမ်းအင်တစ်ခုကို ရီရဲထံသို့ ပစ်လွှတ်လိုက်သည်။
“၀ှစ်...”
လေခွင်းသံတစ်ခုထွက်ပေါ်လာ၏။
“ဘယ်သူလဲ...”
သူ၏ဘေးတွင်ရုတ်တရက်လူတစ်ယောက်ရောက်ရှိလာသည့်အတွက် ရီရဲတုန်လှုပ်သွား၏။ သူအော်ဟစ်လိုက်ပြီး လက်ထဲတွင် ကိုင်ထားသည့်အမည်မဲ့ဓားသည် အလင်းတန်းတစ်ရာကျော်ကို ထုတ်လွှင့်ကာ ဖှေးပစ်လွှတ်လိုက်သည့် ဓားသွားစွမ်းအင်ကို တိုက်ခိုက်လိုက်သည်။
“ချွင်...”
သတ္တုခြင်းရိုက်ခတ်သံတစ်ခုထွက်ပေါ်လာ၏။
ရီရဲ၏လက်ပေါ်မှ သွေးကြောများထောင်လာပြီး သူ၏လက်မောင်းများသည် ပြင်းထန်သည့် တွန်းကန်အားတစ်ခုနှင့် ရင်ဆိုင်လိုက်ရသည့်အတိုင်းပင်။ သူ၏ ခြေထောက်များအားလှုပ်ရှားခြင်းမရှိသော်လည်း သူ၏ခန္ဓာကိုယ်သည် အနောက်သို့ နှစ်မီတာခန့်ဆုတ်ခွာသွား၏။
“၀ှစ် ၀ှစ်...”
အနောက်သို့ လွှင့်သွားသည့်အရှိန်ဖြင့် ရီရဲသည် သူ၏လက်ထဲမှ ဓားကို ဝှေ့ရမ်းလိုက်သည်။
ပျော်ရွှင်ခြင်း၀မ်းနည်းခြင်းဓားနှင့် ပေါင်းစည်းခြင်း၊ ခွဲခွာခြင်းဓားတို့သည် သူ၏ဘေးတွင်ရှိသည့် မြေပြင်ပေါ်သို့ ထိုးစိုက်သွားကာ တုန်ခါလာ၏။ ဓားများသည် အသက်၀င်လာသည့်အတိုင်းပင် လေပေါ်သို့ ခုန်တက်သွားကာ အလင်းတန်းနှစ်ခုအသွင်သို့ ပြောင်းလဲသွားတော့၏။ လေပေါ်တွင် ပျံသန်းနေရင်းဖြင့် ဓားသွားစွမ်းအင်များဖြင့် ပြုလုပ်ထားသည့် ပိုက်ကွန်ကြီးတစ်ခုကို ဖန်တီးလိုက်သည်။ ထိုဓားများသည် ပျော်ရွှင်ခြင်း ၀မ်းနည်းခြင်း မှော်အစီရင်အား အသက်သွင်းရန်အတွက် ပြင်ဆင်နေခြင်းပင်။
သို့သော် ရီရဲသည် သူ့အားတိုက်ခိုက်လာသည့်လူမည်သူဖြစ်သည်ကို ချက်ချင်းပင် သတိထားလိုက်မိသည်။
“ချွင် ချွင်...” ဓားနှစ်လက်သည် ရီရဲ၏ ဘေးတွင်ရှိနေသည့် သစ်သားသေတ္တာထဲသို့ ပြုတ်ကျသွားပြီး သူ၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားသည့် အမူယာတစ်ခုပေါ်လာတော့သည်။ “အရှင်မင်းကြီး ပြန်လာပြီလား...”
“၀ှစ်...”
အပြာရောင်စွမ်းအင်မီးတောက်တစ်ခုတောက်ပလာ၏။
အမဲရောင်မှော်၀တ်ရုံတစ်ခုကို ၀တ်ဆင်ထားသည့် စင်ဒီသည်လည်း သူမ၏ကျော်ပေါ်တွင် ရေဂုဏ်သတ္တိမှော်စွမ်းအင်များဖြင့် ပြုလုပ်ထားသည့်အတောင်ပံနှစ်ဖက်ဖြင့် ပျံသန်းလာ၏။ ရေခဲတုံးကြီးတစ်ခုထွက်ပေါ်လာသည့်အတိုင်းပင် အေးစက်သည့်စွမ်းအင်များသည် အဆောက်ဦးမျက်နှာပြင်များနှင့် ရေပြင်တို့ကို အေးခဲသွားစေ၏။
သို့သော် သူမအနီးသို့ရောက်လာသည့်အချိန်တွင် သူမ၏ ရေခဲစွမ်းအင်များကို ပြန်လည်ကာထိန်းချုပ်လိုက်သည်။
မျက်နှာပေါ်တွင်ပျော်ရွှင်သည့်အမူယာတစ်ခုဖြင့် သူမ ပြောလိုက်သည်။ “အရှင်မင်းကြီးပါလား...”
ရီရဲလွန်ခဲ့သည့်အခိုက်တန့်က အော်ဟစ်လိုက်ခြင်းသည် တစ်ခြားလူများကို သတိပေးလိုက်ခြင်းပင်။
အနီရောင်သဲနွံအိုင်နှင့် ကန္တာရပုရွတ်ဆိတ်ကြီးများကို ကျော်ဖြတ်၍ မြို့ဟောင်းအတွင်းသို့ ၀င်လာနိုင်သည့်လူသည် အလွန်စွမ်းအားကြီးမားသည့်လူတစ်ယောက်ဖြစ်လိမ့်မည်ဖြစ်သောကြောင့်ပင်။ ရီရဲသည် မာနထောင်လွှားသူတစ်ယောက်ဖြစ်သော်လည်း ဤကဲ့သို့သော သိုင်းဆရာတစ်ယောက်နှင့် ယှဥ်ပြိုင်တိုက်ခိုက်နိုင်မည်မဟုတ်ကြောင်းကို မိမိကိုယ်မိမိသိရှိ၏။ ထို့ကြောင့် သူသည် တစ်ခြားလူများကို အချက်ပြကာ အကူညီတောင်းလိုက်ခြင်းပင်ဖြစ်ပြီး စွမ်းအားအမြင့်ဆုံးလူများထဲမှ တစ်ယောက်ဖြစ်သည့်် စင်ဒီသည် ချက်ချင်းပင်ရောက်ရှိလာခဲ့သည်။
မကြာမှီတွင် ကျန်ရှိနေသည့် စွမ်းအားမြင့်သိုင်းဆရာများ၊ မှော်ဆရာများလည်းရောက်ရှိလာတော့သည်။
နားလည်မှုလွဲသည်ကို ဖြေရှင်းပြီးသည့်အချိန်တွင် သူတို့သည် ပင်မနန်းတော်ဆောင်ထဲသို့ ပြန်သွားကြ၏။ မြို့ဟောင်းထဲတွင် အရာအားလုံးကို စီစစ်၍ ဘုရင်ရောက်လာသည့်အခိုက်တန့်တွင် ပြန်လည်တင်ပြလိုသည့်အတွက်ပင်။ သူတို့သည် ဤမြို့ဟောင်းထဲတွင်ရှိနေသည်မှာအချိန်အတန်ကြာပြီဖြစ်သောကြောင့် သူတို့၏ အရိုးများသံချေးတက်နေသလိုခံစားနေရပြီး တပ်ဖွဲ့ခေါင်းဆောင်အား ဂျက်အင်ယာမှ ရန်သူများကို သွားရောက်တိုက်ခိုက်ခွင့်ပြုရန်ကိုပင် ခွင့်တောင်းနေကြ၏။
ဖှေး သူ၏ခေါင်းကို ခါရမ်းလိုက်သည်။
ဒဏ္ဏာရီလာနန်းတော်ထဲသို့ ၀င်ရောက်ခဲ့ပြီး လီယွန်အင်ပါယာ၏ တော်၀င်မှော်ဆရာ ဒိုမိန်း။ အိုက်ဟိုဗင်အင်ပါယာ၏ အင်ပါယာအရှင်သခင် ခရွန်ကန့်နှင့် ဇီးနစ်အင်ပါယာ၏ အင်ပါယာအရှင်သခင်ယရှင်းတို့ကို လယ်ဗယ်၃၆ဒေသတွင်တွေ့ခဲ့ရပြီးသည့်နောက်တွင် ဇီးနစ်အင်ပါယာလက်ရှိတိုက်ခိုက်နေသည့် စစ်ပွဲများသည် ကြီးမားစွာပြောင်းလဲသွားကြောင်းကိုသိလိုက်ရသည်။ အခြေအနေသည် မည်သည့်ဘက်သို့ ပြောင်းလဲသွားနိုင်သည်ကို မည်သူမှ မသိကြပေ။
ဤအချိန်တွင် ရန်သူများကို သွားရောက်တိုက်ခိုက်ခြင်းသည် အသုံးမ၀င်လှပေ။
ဖှေးသည် ဤရှုပ်ထွေးသည့် ကိစ္စများအားလုံးကို သူ၏လူများအား ရှင်းပြလိုခြင်းမရှိသေးပေ။ ထို့ကြောင့် သူတို့အား ဆက်လက်၍ သည်းခံပေးရန်သာ တောင်းဆိုလိုက်၏။
မြို့ဟောင်းထဲမှ ကိစ္စများကို စီမံပြီးသည့်နောက်တွင် ဖှေးသည်အလံနှစ်စုံမြို့တော်ထဲသို့ ပြန်လာခဲ့၏။ စင်ဒီ၏ ထူးဆန်းသည့်အပြုမူကို သူသတိထားခဲ့မိသော်လည်း ချောင်းကြည့်နေခဲ့သည်ကို လူသိသွားမည်စိုးသောကြောင့်မေးမြင်းခြင်းမပြုခဲ့ပေ။
ဤညသည် တည်ငြိမ်အေးချမ်းသည့် ညတစ်ညဖြစ်လိမ့်မည်မဟုတ်ပေ။
ဖှေး အနောက်ဘတ်ဂိတ်တံခါးပေါ်တွင်ရှိနေသည့် ခံတပ်မျှော်စင်ပေါ်သို့ ပြန်လာခဲ့ပြီး ဒိုင်ယာဘလိုကမ္ဘာထဲ့သို့ ၀င်ရောက်ကာ အယ်လီနာနှင့်အတူ မကောင်းဆိုး၀ါးများကို သတ်ဖြတ်ရန်စီစဥ်နေသည့်အချိန်တွင် သူ၏ ဘေးတွင် တုန်ခါသံများနှင့်အတူ အပြာရောင်ပေါ်တယ်တစ်ခုထွက်ပေါ်လာ၏။
သူပုန်စခန်း၏ စစ်ဘက်ဆိုင်ရာခေါင်းဆောင် ခက်ရှာသည် ပေါ်တယ်အတွင်းမှ ထွက်လာပြီး ဖှေးအားအနီရောင်ချိတ်ပိတ်ထားသည့် စာတစ်စောင်ကို ကမ်းပေးလိုက်သည်။ ထိုအနီရောင်ချိတ်ပိတ်ထားခြင်းသည် အလွန်အရေးကြီးသည့်ကိစ္စတစ်ခုဖြစ်သည့် အဓိပ္ပါယ်ဖြစ်ပြီး ထိုအရာကို မြင်လိုက်ပြီးသည့်နောက်တွင် ဖှေး၏မျက်နှာအမူယာပင် ပြောင်းလဲသွား၏။