← Chapters

အခန်း (၆၄၃)

Vol. 41 Ch. 643

အခန်း (၆၄၃)

Vol. 41 Ch. 643

ဖှေးပြောသည်ကို ကြားသည့်အချိန်တွင် သူတို့နှစ်ယောက်လုံးအံ့ဩသင့်သွားကြကာ လက်တန်းများကို တစ်ယောက်တစ်ဖက်စီလေ့လာရန်အတွက် ယူကြည့်လိုက်ကြသည်။

လက်တန်းတစ်ခုပေါ်တွင် မှော်အစီရင်များ ထွင်းစာများအသီးသီးရှိနေကြပြီး ထိုအစီရင်များကို မှော်ပညာဆရာကြီးများ စီရင်ထားသည့်အတိုင်းပင်။ ထွင်းထားသည့်အစီရင်များသည် ထိုင်ခုံ၏ မျက်နှာပြင်နှင့်တစ်သားထဲဖြစ်နေကာ ရောထွေးနေ၏။ လက်တန်းများကို သေချာလေ့လာကြည့်ခြင်းမရှိပါက သတိထားမိနိုင်မည်မဟုတ်ပေ။

“ဒါက ဘယ်လို အစီရင်မျိုးတွေပါလိမ့်...” ကိန်းရေရွတ်လိုက်မိသည်။ “ငါဒီလိုအစီရင်တွေကို တစ်ခါမှမမြင်ဖူးခဲ့ဘူး။ သူတို့ရဲ့အလုပ်လုပ်ပုံတွေကိုတောင် ငါနားမလည်နိုင်ဘူး။ ရိုးရှင်းတဲ့အစီရင်တွေဖြစ်ပေမယ့် ငါတစ်ချို့အစိတ်ပိုင်းတွေကို ရှင်းမပြနိုင်သေးဘူး...အပြင်ကမ္ဘာနဲ့ ဒိုင်ယာဘလိုကမ္ဘာက မှော်အစီရင်တွေနဲ့လုံး၀ကွာခြားနေတယ်...”

အာကာရာသည်လည်းမျက်မှောင်ကြုံ့ကာဆက်ပြောလိုက်သည်။ “ဒီပုလ္လင်ကို ထုလုပ်ထားတဲ့ ပစ္စည်းလိုပဲ။ ဒီအစီရင်တွေကို စာအုပ်ထဲမှာရေးထားတဲ့ မှတ်တမ်းတောင်မရှိဘူး...ဒီကျောက်တုံးအခန်းထဲက မှော်အစီရင်တွေနဲ့ နည်းနည်းဆင်နေပေမယ့် ပိုပြီးတော့ အဆင့်မြင့်နေတယ်...မဟုတ်မှလွဲရော...”

“ဒီဟာတွေက ဒဏ္ဏာရီထဲက နတ်ဘုရားတွေရဲ့မှော်အစီရင်တွေများလား...”

သိပ္ပံပညာရှင်နှစ်ယောက်သည် တစ်စုံတစ်ခုအား စဥ်းစားလိုက်မိပြီး သူတို့၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများအပြည့်နှင့်အတူ အော်ဟစ်လိုက်ကြသည်။ သူတို့ အိုမင်းနေသည့် ခန္ဓာကိုယ်များပင် စတင်၍ တုန်ခါလာတော့သည်။

“နတ်ဘုရားမှော်အစီရင်များ...”

နတ်ဘုရားမှော်အစီရင်များကို နားလည်သွားသည့် မည်သူမဆိုပင် လောကနိယာမမျိုးကို လိုသလို ပြောင်းလဲနိုင်လိမ့်မည်ဟု ဆိုကြ၏။

ထိုအစီရင်များသည် နတ်ဘုရားများကိုယ်တိုင်ပင် ရေးသားခဲ့သည့်အစီရင်များပင်။ အလိုရှိပါက သက်ရှိမျိုးစိတ်အသစ်များကိုပင် ဖန်တီးနိုင်၏။ အကယ်၍သာမန်လူတစ်ယောက်သည် နတ်ဘုရားမှော်အစီရင်များကို တတ်မြောက်ထားပါက သူသည် အဆင့်မြင့်သိုင်းဆရာများနှင့်ပင် ယှဥ်ပြိုင်တိုက်ခိုက်နိုင်လိမ့်မည်ဖြစ်သည်။

သိပ္ပံပညာရှင်နှစ်ယောက်တို့သည် ရူးသွပ်သည့် အခြေအနေတစ်ခုသို့ ကျရောက်သွားကြ၏။ သူတို့နှစ်ယောက်သည် မင်တံတစ်ချောင်းနှင့် ဘုတ်ပြားတစ်ခုကို ကောက်ယူကာ မှော်အစီရင်များကို မှတ်သားထားလိုက်ကြ၏။

ထိုနှစ်ယောက်သည် မှော်ပညာနှင့်ပတ်သက်ပါက ရူးသွပ်သူများပင်။

မကြာသေးမှီအချိန်က တုန်ခါနေခဲ့သည့် သူတို့၏လက်များသည်ယခုအချိန်တွင် ပြန်လည်တည်ငြိမ်လာနေပြီး မှင်တံနှင့် ထွင်းသည့် ဓားများကိုယူကာကိုင်ထားကြ၏။ သူတို့သည် ကြီးမားသည့်တိုက်ပွဲကြီးတစ်ခုမစတင်မှီ သူတို့၏လက်နက်များကို ဆုပ်ကိုင်ထားသည့် စစ်သည်များကဲ့သို့ပင်။ မှော်သင်္ကေတများကို ရေးကူးမှတ်သားနေရင်းဖြင့် သူတို့ခန္ဓာကိုယ်မှ စွမ်းအင်အရှိန်၀ါအနည်းငယ်တောက်ပနေသည်ကို ခံစားနေရ၏။

ပုလ္လင်လက်တန်းပေါ်တွင်ပါသည့် မှော်အစီရင်များသည် လက်ဖ၀ါးအရွယ်စားမျှသာရှိသော်လည်းအလွန်ရှုပ်ထွေးကာ အထဲတွင်မှော်အစီရင်အသေးလေးများစွာဖြင့် စုစည်းတည်ဆောက်ထား၏။ အာကာရာနှင့် ကိန်းတို့သည် မှော်ပညာတွင် အလွန်ကျွမ်းကျင်သည့်လူများဟု ဆိုနိုင်သော်လည်း သူတို့ကိုယ်တိုင်ပင် အင်မတန်ဂရုစိုက်ကာ ကူးယူနေရ၏။

ဖှေးသူတို့အားကြည့်နေရင်းဖြင့် ပျင်းစရာကောင်းလာသလို ခံစားလိုက်ရသည်။

သန်းလိုက်ပြီး ကျောက်တုံးအခန်းအားလှည့်ပတ်ကြည့်လိုက်သည်။

ဤအခန်းသည် ယခင်ကနှင့် နှိုင်းယှဥ်ကြည့်ပါက အတော်လေးသပ်သပ်ရပ်ရပ်ပင်ဖြစ်နေ၏။ အခန်းထဲတွင်ရှိနေသည့် ပစ္စည်းများကို ထောင့်တစ်နေရာတွင် စုပုံထားလိုက်ကြသည်။ ကြီးမားသည့် စာအုပ်စင်ကြီး၁၆ခုကို တောင်ဘက်တွင်ရှိသည့် နံရံနားတွင်ထောင်ထား၏။ အာကာရာနှင့် ကိန်းတို့၏ စာအုပ်ပေါင်းတစ်ထောင်ကျော်ခန့်သည့် ထိုစာအုပ်စဥ်ပေါ်တွင်ရှိနေပြီး နတ်ဆိုးဘုရင်၏ အသိပညာများစာအုပ်ကို သီးခြားနေရာတစ်ခုတွင်ထောင်ထား၏။

ဤစာအုပ်စင်များကို အမျိုးသမီး ပန်းပဲဆရာ ချယ်စီမှ ပြုလုပ်ပေးခဲ့ခြင်းပင်။ ဖှေး ကိုယ်တိုင်လည်းများစွာ၀င်ရောက်၍ ညွှန်ကြားထားခဲ့သည်။ သူ၏ ယခင်ဘ၀မှ ဗဟုသုတအချို့ကို မှီငြမ်းကာ ဤစာအုပ်စင်များကို ဒီဇိုင်းဆွဲ၍ ချယ်စီအား တည်ဆောက်စေခဲ့ခြင်းပင်။ စာအုပ်စင်များအပြင် တစ်ခြားစဥ်များပေါ်တွင် ထူးခြားသည့်ရနံ့များရှိသည့် ဆေးပုလင်းအမျိုးမျိုးကိုတင်ထား၏။

ထိုနေရာများသည် အခန်း၏ လေးပုံတစ်ပုံခန့်နေရာအား ယူထားလျှက်ရှိသည်။

အခန်းထဲတွင်ရှိနေသည့် ရွှေရောင်အရိုးစုသည်လည်း အခန်း၏ လေးပုံတစ်ပုံခန့်သော နေရာအား ယူထားသည်။

ထိုအရိုးစုအား သူထိနိုင်ခြင်းမရှိသေးပေ။ ဖှေးအရိုးစုနှင့်အနီး ၂မီတာကိုပင် ကပ်နိုင်ခြင်းမရှိသည့်အတွက်ကြောင့် အဝေးမှကြည့်နေရန်သာ တတ်နိုင်၏။

တစ်ဖက်တွင် ကျောက်တုံးအခန်းထဲတွင် ထက်မံ၍ တည်ဆောက်ထားသည့်အခန်းငယ်လေးတစ်ခုလဲရှိနေ၏။ ထိုအခန်းအား မဟူရာသတ္တုများ နတ်ဆိုးအကျွင်းကျန်များဖြင့် ဆောက်လုပ်ထားခြင်းပင်။ ထိုအခန်းသည် အလွန်မာကြောကြံ့ခိုင်ပြီး အန္တရာယ်ရှိသည့် လက်တွေ့စမ်းသပ်မှုများကို လုပ်ဆောင်ရန်အတွက် ဆောက်လုပ်ထားခြင်းပင်။

ဤကျောက်တုံးအခန်းအား နေရာအမျိုးမျိုးအကန့်အမျိုးမျိုးခွဲကာ စနစ်တကျတည်ထောက်ထားသည့်အတွက် အမှန်တကယ်ပင် သုတေသနနေရာတစ်ခုကဲ့သို့ပင်။ ခြုံငုံပြောရမည်ဆိုပါက ကောင်းမွန်သည့် ဓာတ်ခွဲခန်းတစ်ခုပင်။

“ဟမျ ဒါဘာလဲ...”

နှစ်မီတာခန့်အချင်းရှိကာ သုံးဆယ်စင်တီမီတာခန့် အထူရှိသော ကျောက်ပြားလေးတစ်ခုအား ဖှေးသတိထားမိသွားသည်။

အနီးကပ်ကြည့်လိုက်သည့်အချိန်တွင် ထိုမြေပြင်ပေါ်တွင်ရှိနေသည့် ကျောက်ပြားလေးအား မတူညီသည့် ပစ္စည်းခြောက်ခုဖြင့် ပြုလုပ်ထားသည်ကို သတိထားလိုက်မိသည်။ သူတို့ငါးခုကို စုပေါင်းကာ စက်၀ိုင်းတစ်ခုပုံကို ဆောင်လျှက်ရှိနေပြီး ခြောက်ခုမြောက်ပစ္စည်းသည် အလယ်တွင်ရှိနေ၏။ ထိုကျောက်တုံးခြောက်ခုပေါ်တွင် မှော်အစီရင်များစွာရှိနေပြီး ငွေရောင်သတ္တုတစ်ခုသည် သူတို့အား ဆက်သွယ်ထား၏။ ထူးခြားသည့် တောက်ပမှုတစ်ခုကို ပေးနေလျှက်ရှိသည်။

“အော် ငါမင်းကို ပြောဖို့မေ့နေတာ။ မင်း အရင်တစ်ခေါက် ပြောတာ နားထောင်ပြီးတော့ နည်းနည်းလောက်ထပ်ပြီး လေ့လာပြီးတဲ့နောက်မှာ ငါတို့ ရပ်ဝေးတယ်လီပေါ့တ်နည်းရဲ့ နောက်ကွယ်မှာရှိတဲ့ စည်းမျဥ်းတွေကို နားလည်သွားပြီ။ မင်းပြောတဲ့အတိုင်း အဲ့တာက ရပ်ဝေး တယ်လီပေါ့တ်လုပ်နိုင်တဲ့အစီရင်လေးပေါ့။ အဲ့တာကတော့ လောလောဆယ်စမ်းသပ်မှုတွေကနေ ထုတ်ထားတဲ့ ရှေ့ပြေးပုံစံပေါ့။ လူလေးယောက်လောက်ကို ၁၀၀ကီလိုမီတာလောက် တယ်လီပေါ့တ်ပို့ပေးနိုင်မယ်...”

ဖှေး၏ အာမေဍိတ်သံကို ကြားသည့်အချိန်တွင် ကျောက်ပုလ္လင်မှ မှော်အစီရင်များကို ကူးနေသည့် ကိန်းသည် အပေါ်သို့ ဂုဏ်ယူစွာဖြင့် မော့ကြည့်ကာ ကြွား၀ါသည့်အနေဖြင့် ပြောလိုက်၏။

“အဲ့တာကို တီထွင်ပြီးသွားပြီလား...”

ဖှေး စိတ်လှုပ်ရှားသွားသည်။ ဤပစ္စည်းအား အချိန်မှီလုပ်လိုက်ခြင်းပင်။ သူသည် ဤပညာရှင်နှစ်ယောက်အား အလွန်အားထားနေခဲ့ရာမှ ယခုအချိန်တွင် ပြန်ရသည့်အကျိုးမြတ်များကို မြင်နိုင်နေပြီဖြစ်သည်။ သူ၏အရှေ့တွင်ရှိနေသည့် ကျောက်ပြားလေးကို ငုံ့ကြည့်ရင်းဖြင့် သူ၏မျက်လုံးထဲတွင် အလင်းရောင်များတောက်ပလာတော့၏။

လေးမိနှစ်အတွင်းမှာပင် ဘုရင်သည် ထိုမှော်အစီရင်အားတစ်စစီဖြုတ်လိုက်ပြီး ပြန်တပ်ကြည့်လိုက်သည်။ ပြလုပ်ပုံနှင့် ရင်းနီးလာသည့်အချိန်တွင် တယ်လီပေ့ါတ်ပြုလုပ်နိုင်သည့် အစီရင်လေးစုံအား သူ၏ ထားသိုရာအကန့်ထဲသို့ ထည့်လိုက်တော့၏။

အာကာရာနှင့် ကိန်းတို့သည် လျို့၀ှက်သည့် ကျောက်သားပုလ္လင်မှ အစီရင်များကို ကူးလို့ မပြီးသေးသည့်အတွက်ကြောင့် ဖှေးထားခဲ့ကာ အယ်လီနာနှင့်အတူ တိတ်ဆိတ်စွာထွက်လာခဲ့တော့၏။

......

......

ဖှေးပြန်ရောက်လျှင်ရောက်ခြင်း ပထမဆုံးလုပ်သည့်အရာမှာ တယ်လီပေါ့အစီရင်အား စမ်းသပ်ကြည့်ခြင်းပင်။

ဖှေးသည် ပစ္စည်းများကို ထုတ်ယူလိုက်ပြီး တယ်လီပေါ့ဂိတ်တံခါးနှစ်ခုအား အနောက်ဘက်ဂိတ်တံခါးပေါ်တွင်ရှိသည့် မျှော်စင်အတွင်းတွင်ချလိုက်သည်။ ဂိတ်တံခါး၏ စွမ်းအင်နေရာတွင် မှော်သတင်းကျောက်တလုံးစီထည့်လိုက်သည့်အချိန်တွင် ဂိတ်တံခါးတစ်ခုစီမှ တုန်ခါသံများနှင့်အတူ အပြာရောင်စွမ်းအင်မီးတောက်များတောက်ပလာတော့၏။

ဒိုင်ယာဘလိုကမ္ဘာမှ ပေါ်တယ်များအလုပ်လုပ်သကဲ့သို့ပင်။

ရပ်ဝေးတယ်လီပေါ့တ်ဂိတ်တံခါးများသည် လက်ရှိတွင် ရှေ့ပြေးပုံစံသာဖြစ်သောကြောင့် သူသည် တစ်ခြားလူများနှင့် စမ်းသပ်လိုခြင်းမရှိပေ။ ထိုအစား ပေါ်တယ်နှစ်ခုအားတစ်ရာမီတာစီခွာထားလိုက်ပြီး သူကိုယ်တိုင်စမ်းသပ်ကြည့်ရန်ဆုံးဖြတ်လိုက်၏။

အသက်၀၀ရှူလိုက်ပြီးသည့်နောက်တွင် ဖှေးပေါ်တယ်အတွင်းသို့ ၀င်သွားလိုက်၏။

“ဒွီ...”

အေးစက်ကာ မြေဆွဲငင်အား ကင်းမဲ့သည့် ခံစားချက်အား ခံစားလိုက်ရပြီးသည့်နောက်တွင် ဖှေး၏မျက်လုံးများလင်းလတ်သွားကာ မီတာ၁၀၀ခန့်ဝေးသည့်နေရာတွင်ရှိနေသည့် ပေါ်တယ်အတွင်းမှ ပြန်လည် ထွက်ခွာလာတော့၏။

သူသည် မျက်စိတစ်မှိတ်မျှအချိန်အတွင်းမှာပင် မီတာ၁၀၀ခန့်ခရီးကို ရောက်ရှိသွားခြင်းပင်။

ဤဖြစ်စဥ်တစ်ခုလုံးသည် ဒိုင်ယာဘလိုကမ္ဘာထဲတွင်ရှိသေး ရှေးကျသည့် ပေါ်တယ်များကို အသုံးပြုရခြင်းနှင့် အလွန်တူညီနေ၏။ အာကာရာနှင့် ကိန်းတို့ တီထွင်လိုက်သည့် ပေါ်တယ်များသည် ယုံကြည်စိတ်ချရသည်ဟူသည့်အဓိပ္ပါယ်ပင်။ အသုံးပြုသူများသည် ဘေးထွက်ဆိုးကျိုးတစ်စုံတစ်ရာရှိလာမည်မဟုတ်ပေ။

“ဒါပေမယ့် ဘာလို့ များ တစ်ခုခုလိုနေသလို ခံစားနေရတာလဲ...”

ဖှေးသူ၏ မေးစေ့ကို ပွတ်ကာ တွေးကြည့်လိုက်သည်။

လုံခြုံရေးကိစ္စမဟုတ်ပေ။ အလုပ်လုပ်ပုံနှင့် ပတ်သက်သည့် ကိစ္စတစ်ခုပင်။

“အော်အေး ဟုတ်ပြီ ရွေးချယ်တဲ့ စနစ်တစ်ခုလိုအပ်နေတာပဲ...”

ခေါင်းထဲတွင် အကြံတစ်ခုရလိုက်ပြီး ချက်ချင်းပင် မည်သည့်နေရာတွင် လိုအပ်နေသည်ကို နားလည်သွား၏။

ဒိုင်ယာဘလိုကမ္ဘာမှ ပေါ်တယ်များသည် အသုံးပြုသူအား ဖန်သားပြင်တစ်ခုပြ၍ သွားရောက်မည့် ဂိတ်တံခါးအား ရွေးချယ်စေ၏။ သို့သော် ဖှေး၏ အရှေ့တွင်ရှိနေသည့် တယ်လီပေါ့တ်ဂိတ်တံခါးများတွင် ထိုကဲ့သို့သော ရွေးချယ်စရာပါရှိခြင်းမရှိပေ။ ဖှေးမရွေးချယ်ရသေးခင်မှာပင် သူသည် တစ်ခြားဂိတ်တံခါးတစ်ခုသို့ ချက်ချင်းရောက်ရှိသွားခြင်းပင်။

“အန်း နည်းနည်းတော့ ပြုပြင်ရဦးမှာပဲ အဲ့လိုမှမဟုတ်ဘူးဆိုရင် အတော်လေး ကိုးရို့ကားယားတွေဖြစ်လာလိမ့်မယ်...”

ဖှေး ခနတာခန့်စဥ်းစားလိုက်ပြီး အကယ်၍ သူသည် ဂိတ်တံခါးလေးခုအား နေရာချထားပါက မည်ကဲ့သို့ ဖြစ်လာနိုင်မည်မှန်းမသိသည့်အတွက်ပင်။ မည်သည့်ဂိတ်တံခါးသို့ တယ်လီပေါ့တ်ပြုလုပ်မည်ကို ရွေးချယ်ခွင့်မရှိပါက အဆင်မပြေဖြစ်လာနိုင်၏။

ဤအားနည်းချက်ကို ရှာတွေ့ပြီးသည့်နောက်တွင် သူ၏လူများကို တယ်လီပေါ့တ်မှော်အစီရင်အားမပြသေးရန်ဆုံးဖြတ်လိုက်သည်။

ဖှေးအသုံးမပြုဘူးဆိုသည့်အဓိပ္ပါယ်မဟုတ်ပေ။ ရပ်ဝေးတယ်လီပေါ့ ဂိတ်တံခါးများသည် အင်အားကြီးအင်ပါယာကြီးများပင် မရှိသည့်အရာတစ်ခုပင်။ မှန်မှန်ကန်ကန်သာ အသုံးပြုမည်ဆိုပါက အရေးကြီးသောအခြေအနေများတွင် အလွန်ထိထိရောက်ရောက်ပြောင်းလဲပေးနိုင်၏။

ထို့အပြင် အာကာရာနှင့် ကိန်းတို့သည် ရှေ့ပြေးပုံစံကိုပင် ဖန်တီးထားနိုင်ပြီဖြစ်သောကြောင့် ပြုပြင်မွမ်းမံရန်မှာ သိပ်ခက်ခဲတော့မည်မဟုတ်ပေ။ တကယ်တန်းတွင် ဘုရင်သည် ဖြေရှင်းရန်နည်းလမ်းကိုပင် စဥ်းစားပြီးနေပြီးဖြစ်၏။ မှော်စွမ်းအင်ကြိမ်နှုန်းပင်။

အကယ်၍ ဂိတ်တံခါးတစ်ခုခြင်းစီတိုင်းသည် မတူညီသည့် ကြိမ်နှုန်းတစ်ခုကို ထုတ်လွှတ်နေမည်ဆိုပါက ထိုကြိမ်နှုန်းအတိုင်းပင် မိမိသွားလိုသည့် ဂိတ်တံခါးအား ရွေးချယ်နိုင်မည်ဖြစ်၏။ သူအရင်ဘ၀က အသုံးပြုခဲ့သည့် ဆဲလ်ဖုန်းများကဲ့သို့ပင်။

......

နောက်ရက်အနည်းငယ်အတွင်း ထူးခြားသည့်အရာတစ်စုံတစ်ခုဖြစ်ပွားခြင်းမရှိပေ။

၀တ်ရုံနက်ကျောင်းတော်မှ လူသုံးယောက်သည်လည်း ဖှေးထံသို့ လာလည်ခြင်းမရှိပေ။ သို့သော် သူတို့သည် အလံနှစ်စုံမြို့တော်အတွင်းတွင်ပင်ရှိနေကာ ဖှေး၏အဖြေကို စောင့်ဆိုင်းနေကြ၏။

ထို့အပြင် မြို့တော်ထဲတွင်ရှိသည့် ဘုရားကျောင်း၏ ဂိုဏ်းအုပ်သူတော်စင်သည်လည်း သူ့အား လာရောက်ပြသနာရှာခဲ့ခြင်းမရှိပေ။

မြို့တော်ထဲတွင်လျှောက်သွားနေသည့် နဂါးမကောင်းဆိုး၀ါးနဂါးအာသာ တစ်ခါတစ်ရံတွင်ရောက်လာတတ်သည်။ အချိန်အများစုတွင် သူသည် မြို့ထဲမှ ဘားများ၊ ဘုံဆိုင်များတွင် အရက်သွားသောက်နေတတ်၏။

မြို့တော်၀န်စံအိမ်မှ မတော်တဆမှုဖြစ်အပြီးတွင် အာသာသည် နောက်တစ်ခါတွင်အရက်လုံး၀သောက်တော့မည်မဟုတ်ကြောင်း ကျိန်ဆိုခဲ့သော်လည်း ထိုကဲ့သို့အမှန်တကယ်ဖြစ်လာရန်မှာ အလှမ်းဝေးနေသေး၏။ ဤကောင်လေး၏ ခန္ဓာကိုယ်ထဲတွင် ကိုယ်တွင်းအင်္ဂါများမရှိသောကြောင့် သူသောက်သည့်အရက်များသည် မည်သည့်နေရာသို့ ရောက်သွားသည်ကိုလည်းဖှေးစိတ်၀င်စားနေခဲ့မိသည်။

လွန်ခဲ့သည့်ရက်များတွင် ဖှေးသည် ဒဏ္ဏာရီလာနန်းတော်အတွင်းရှိ သိုင်းပညာရုပ်တုများမှ ရရှိခဲ့သည့် သိုင်းကွက်များနှင့် နတ်ဆိုးဘုရင်၏ ဓားစာအုပ်မှရရှိခဲ့သည့် သိုင်းကွက်များကို ပေါင်းစပ်နေလျှက်ရှိသည်။ ပြုပြင်မွမ်းမံပြီးသည့်နောက်တွင် ချမ်းဘော့ဒ်တိုင်းပြည်မှ သိုင်းဆရာများကို ပြန်လည်သင်ကြားပေးလိုက်၏။

All Chapters