← Chapters

အခန်း (၆၄၄)

Vol. 41 Ch. 644

အခန်း (၆၄၄)

Vol. 41 Ch. 644

လွန်ခဲ့သည့်ရက်ပိုင်းတွေ ဖှေး ဒိုင်ယာဘလိုကမ္ဘာနှင့် အပြင်ကမ္ဘာနှစ်ခုလုံးတွင် အလုပ်များနေခဲ့ပြီး အန်ဂျယ်လာနှင့် အယ်လီနာတို့ကိုလည်း အဖော်ပြုနေပေးခဲ့၏။

အန္တရာယ်ရှိသည့် စမ်းသပ်မှုအပြီးတွင် ဖှေးကိစ္စများစွာအား စဥ်းစားကြည့်ခဲ့မိသည်။

သူသည် စွမ်းအားမြှင့်တင်ရန်ကိုသာ တစ်ခုတည်းအာရုံစိုက်မနေခဲ့တော့ပေ။ ထိုအစား သူ၏ဘေးတွင်ရှိနေသည့် လူများကို ပို၍ အာရုံစိုက်လာ၏။

ဘုရင်သည် ပျင်းရိနေခဲ့ခြင်းမဟုတ်ပေ။

ဒိုင်ယာဘလိုကမ္ဘာထဲတွင် အယ်လီနာနှင့် မကောင်းဆိုး၀ါးများသတ်ဖြတ်ပြီးသည့်နောက်တွင် သူ၏ လယ်ဗယ်သည်လည်း မြင့်တက်လာခဲ့၏။ သူတို့နှစ်ယောက်သည်လည်း ပို၍ ရင်းနီးလာခဲ့သည်။

ယခုအချိန်တွင် သူတို့သည် လု့တ်ဂိုလိမ်မြေပုံ၏ တတိယမြောက်အလုပ်ကိုပင် ပြီးမြောက်သွားပြီဖြစ်သည်။ လူရိုင်းဇာတ်ကောင်သည် ယခုအချိန်တွင် လယ်ဗယ်၄၆သို့ရောက်ရှိသွားပြီဖြစ်ပြီး အယ်လီနာသည်လည်း ယခုအချိန်တွင် အိမ်မက်ဆိုးခက်ခဲမှုအဆင့် လယ်ဗယ်၂၇သို့ ရောက်ရှိသွားပြီဖြစ်သည်။ သူတို့နှစ်ယောက်လုံးစွမ်းအားများမြင့်မားလာခဲ့ကြသည်။

ဒိုင်ယာဘလိုကမ္ဘာထဲတွင် လယ်ဗယ်မြှင့်တင်ခြင်းအပြင် ဖှေး နတ်ဆိုးဘုရင်၏ဓားစာအုပ်ကိုလည်း အချိန်ပေးဖတ်ရှုခဲ့သည်။

ထိုစာအုပ်သည် ကျင့်စဥ်စွယ်စုံကျမ်းကြီးတစ်ခုလိုပင် ရှေးအချိန်က ကျင့်စဥ်များစွာပါ၀င်၏။ ယနေ့ခေတ်လောကထဲမှ ပျောက်ဆုံးနေသည့် သိုင်းကွက်များစွာလည်း ပါ၀င်သည်။ တစ်ချို့မှာ လအဆင့်သိုင်းကွက်များ၊ နေအဆင့်သိုင်းကွက်များပင်။ ဒဏ္ဏာရီလာသိုင်းကွက်များ၊ နတ်ဘုရားအဆင့်သိုင်းကွက်တစ်ချို့လည်း ပါ၀င်၏။

ဖှေး အံ့ဩလောက်အောင်ပင် တစ်ချို့သိုင်းကွက်များသည် သူနှင့်ကိုက်ညီနေ၏။ အေဇာရုတိုက်ပေါ်တွင်လက်ခံထားသည့် ကျင့်စဥ်များ၊ သိုင်းကွက်တည်ဆောက်ပုံများထက် များစွာသာလွန်နေသည့်အတွက်ပင်။

သူ၏ စွမ်းအားများကို ဒိုင်ယာဘလိုကမ္ဘာမှ ရရှိခဲ့သည့်အတွက် စွမ်းအားအမြင့်ဆုံးဇာတ်ကောင်ဖြစ်သည့် လူရိုင်းဇာတ်ကောင်တွင် မှော်စွမ်းအားအနည်းငယ်သာရှိ၏။ စွမ်းအား၏ ၉၉ရာခိုင်နုုန်းခန့်သည် သူ၏ ရုပ်ပိုင်းဆိုင်ရာခွန်အားမှလာခြင်းပင်။

အင်ပါယာ သိုင်းဆရာ ခါဆစ်ထံမှ အတွင်းအား ထိန်းချုပ်ခြင်းအား သင်ယူတတ်မြောက်ပြီးသည့်နောက်တွင် ဖှေးသည် သူ၏ ခွန်အားကို မှော်စွမ်းအင်ကဲ့သို့ပင် အသုံးပြုလာနိုင်ခဲ့သည်။ သူ၏ ခွန်အားများကို ပတ်၀န်းကျင်သို့ ဖြန့်ကျက်နိုင်ပြီး မတူညီသည့် သိုင်းကွက်များကို ဖန်တီးလာနိုင်ခဲ့သည်။ အတွင်းအားစွမ်းအင်နှင့် ကွာခြားခြင်းမရှိပေ။

သို့သော် သူအသုံးပြုနေသည်မှာ အတွင်းအားအစစ်မှန်မဟုတ်သည့်အတွက်ကြောင့် ဤကမ္ဘာမှသိုင်းကွက်များကို အသုံးပြုနိုင်ခြင်းမရှိပေ။

ဖှေး အတွင်းအားစွမ်းအင်အား ကျင့်ကြံရန်အတွက် ကြိုးစားကြည့်ခဲ့ဖူးသော်လည်း သူ၏ခန္ဓာကိုယ်သည် အတွင်းအားစွမ်းအင်အား အချိန်ကြာစွာသိမ်းထားနိုင်ခြင်းမရှိပေ။

ဒိုင်ယာဘလိုကမ္ဘာကြောင့်သာ မဟုတ်ပါက ဖှေးသည် ဤလောကထဲတွင် အသုံးမကျသည့်လူတစ်ယောက်ဖြစ်နေလိမ့်မည်ဖြစ်သည်။

ထို့ကြောင့် ဖှေးသည် ခွန်အားကိုသာအသုံးပြုသည့်သိုင်းကွက်များကို တွေ့ရသောအခါ သူအသုံးပြုနိင်သည့်သိုင်းကွက်များဖြစ်နေသည့်အတွက်ကြောင့် ဖှေးအံ့ဩသွားခဲ့မိသည်။

ဆက်လက်၍ ဖတ်ရှုပြီးသည့်နောက်တွင် ထပ်မံ၍ အံ့ဩသွားခဲ့ရသည်။

စာအုပ်ထဲတွင် ခွန်အားကိုအသုံးပြုသည့် နည်းပညာတစ်ခုကို တွေ့ခဲ့သည့်အတွက်ပင်။ ထို နည်းပညာသည် ဖှေးအား အတွင်းအားစွမ်းအင်ကို လိုက်လံတုပ၍ ရစေပြီး အတွင်းအားစွမ်းအင်လိုအပ်သည့် သိုင်းကွက်များကိုအသုံးပြုနိုင်စေ၏။

အကယ်၍ ဖှေးသည်သာ ဤနည်းပညာအား ကျွမ်းကျင်သွားပါက သူသည် နတ်ဆိုးဘုရင်၏ ဓားစာအုပ်ထဲတွင်ပါရှိသည့် သိုင်းကွက်များနှင့်၊ အေဇာရုတိုက်ပေါ်တွင်ရှိနေသည့် သိုင်းကွက်များ၏ ကိုးဆယ်ရာခိုင်နှုန်းခန့်ကိုပင်အသုံးပြုလာနိုင်မည်ဖြစ်သည်။

တိုက်ပွဲတွင်သူ၏ရန်သူများ၏ သိုင်းကွက်များကို ခိုးယူပြီး သူတို့အား ပြန်လည်တိုက်ခိုက်နိုင်ခြင်းကြောင့် ဘုရင်သည် တက်ကြွလာခဲ့၏။

......

သုံးရက်ကြာပြီးသည့်နောက်တွင် နေ့ခင်းပိုင်းတွင် စာချွန်လွှာရုံးမှ ပို့လာသည့် စာတစ်စောင်ကို ဖှေးရရှိလိုက်သည်။

စာထဲတွင်ဖော်ပြထားသည်မှာ ဇီးနစ်စစ်ပွဲနတ်ဘုရားအာရှဗင်သည် စပါတပ်အင်ပါယာအား သိမ်းပိုက်ပြီး ရပ်တန့်ခြင်းမရှိပဲ ဇီးနစ်အင်ပါယာ၏ မြင်းစစ်သည် ငါးသောင်းနှင့် သူ၏ သွေးသံမဏိတပ်ဖွဲ့တို့ကို ဦးဆောင်ကာ အိုက်ဟိုဗင်အင်ပါယာ စစ်မြေပြင်သို့ စစ်ချီသွားသည်ဟူသည့် သတင်းပင်။

နှစ်ရက်အတွင်းမှာပင် အာရှဗင်သည် စစ်သည်များကို ဦးဆောင်ပြီး ကီလိုမီတာ၅၀၀ခန့်ခရီးနှင်ကာ ရန်သူ၇သောင်းခန့်ကို သတ်ဖြတ်ခဲ့သည်။ မြို့၇မြို့ကို သိမ်းပိုက်ခဲ့ပြီး အိုက်ဟိုဗင်အင်ပါယာ၏ ပင်မတပ်ဖွဲ့ကြီးလေးဖွဲ့ကို ဖျက်ဆီးခဲ့သည်။ ထို့နောက်တွင် စစ်မြေပြင်တွင်ရှိနေပြီးဖြစ်သည့် ဇီးနစ်အင်ပါယာမှ တပ်ဖွဲ့များနှင့် ပူးပေါင်းကာ လက်ရှိတွင် အိုက်ဟိုဗင်အင်ပါယာ၏မြို့တော်အား ၀ိုင်းထားနိုင်နေပြီဖြစ်သည်။ မြို့တော်အား သိမ်းပိုက်နိုင်ရန်အတွက် ကြာတော့မည်မဟုတ်ပေ။

ထိုမြို့တော်အား သိမ်းပိုက်ပြီးပါက အိုက်ဟိုဗင်အင်ပါယာပျက်ဆီးသွားပြီဟူသည့် အဓိပ္ပါယ်ပင်။

ဖှေးထက်မံ၍ တုန်လှုပ်သွားရ၏။

ဆယ်ရက်အတွင်းမှာပင် အာရှဗင်သည် လယ်ဗယ်၁အင်ပါယာတစ်ခုအား ဤအခြေအနေထိရောက်အောင် တွန်းတင်ခဲ့ခြင်းပင်။ ဇီးနစ်အင်ပါယာ၏ မဟာရန်သူဖြစ်သည့် စပါတပ်အင်ပါယာကိုလည်း သိမ်းပိုက်ခဲ့ပြီး အိုက်ဟိုဗင်အင်ပါယာ၏ မြို့တော်ကိုပင် ၀ိုင်းထားနိုင်လိုက်၏။

“မဟုတ်မှလွဲရော ရန်သူအင်ပါယာနှစ်ခုလုံးက သိုင်းဆရာတွေက အာရှဗင်နဲ့ သွေးသံမဏိတပ်ဖွဲ့ကို မရင်ဆိုင်နိုင်ဘူးလား။ မဟုတ်မှလွဲရော အာရှဗင်အောက်မှာ အတော်လေးစွမ်းအားကြီးမားတဲ့ သိုင်းဆရာတွေများရှိနေတာလား...” ဖှေးတွေးလိုက်မိပြီး အင်ပါယာအရှင်သခင်ယရှင်း၏ ကိုယ်ရံတော်များဖြစ်ကြသည့် လအဆင့်သိုင်းဆရာနှစ်ယောက်နှင့် အင်ပါယာအရှင်သခင် ခရွန်ကန့်၏ တစ္ဆေသက်တော်စောင့်များကို သတိရလိုက်မိသည်။ အင်ပါယာများအသီးသီးတွင် ကိုယ်ပိုင်လျို့၀ှက်ထားသည့် လအဆင့်တပ်ဖွဲ့များရှိနေသည်ကို ပြန်လည်ကာ သတိရလိုက်မိ၏။ ထို့ကြောင့် အာရှဗင်အောက်ပွဲများရရှိစေရန်အတွက် သူ၏ဘေးတွင် စွမ်းအားမြင့်မားသည့် သိုင်းဆရာများရှိနေရမည်ဖြစ်သည်။

သို့မဟုတ်ပါက သာမန်စစ်သည်များသည် ဤမျှမြန်မြန်ဆန်ဆန်အောင်မြင်နိုင်လိမ့်မည်မဟုတ်သည့်အတွက်ပင်။

စာထဲတွင် ဖော်ပြထားသည်မှာ စစ်ပွဲနှစ်ခုလုံးပြီးတော့မည်ဖြစ်သောကြောင့် ယခင်က အာရုံသိပ်မစိုက်ခဲ့သည့် ဂျက်အင်ပါယာစစ်မြေပြင်အား လူများ စိတ်၀င်စားလာပြီဖြစ်ကြောင်းကိုလည်း ဖော်ပြထား၏။ စစ်ဌာနချုပ်တွင်ရှိသည့် ဆွေကြီးမျိုးကြီးများ၊ အရာရှိများသည် ဖှေးကျူးကျော်လာသူများအား မနှိမ်နှင်းရသေးသည်နှင့် ပတ်သက်၍ အလိုမကျဖြစ်လာနေကြပြီး သူတို့သည် ဖှေးအား ရာထူးဖြုတ်ကာ အာရှဗင်ကိုပင် ဂျက်အင်ပါယာစစ်မြေပြင်၏ စစ်ရေးခေါင်းဆောင်ခန့်ရန် တိုင်ပင် နေကြပြီဖြစ်သည်။

အကယ်၍ ဖှေးသည် အောင်ပွဲကြီးကြီးမားမားမရှိလာပါက သူ့အား အစားထိုးကြတော့မည်ဖြစ်သည်။

အရာအားလုံးသည် ဗျူဟာမှူးအဖိုးကြီး အာရန်းခန့်မှန်းထားသည့်အတိုင်းပင် ဖြစ်နေလျှက်ရှိသည်။

“ဟမ် အဓိကစစ်ရေးခေါင်းဆောင်ရာထူးက ဘာလုပ်ရမှာလည်း ငါသဘောကျတာလဲမဟုတ်ဘူး။ ဒီကပြန်လို့ရတော့မယ်ဆိုရင် ပိုတောင်ကောင်းသေးတယ်...”

လက်ထဲတွင်ရှိနေသည့် စာအား ပြာအဖြစ်ပြောင်းလဲလိုက်ရင်းဖြင့် ဖှေးတွေးလိုက်မိသည်။ ချမ်းဘော့ဒ်သို့ပြန်၍ သူ၏ အိမ်မွေးတိရစ္ဆာန်များနှင့် လမ်းလျှောက်ခြင်း၊ ကောင်မလေးများနှင့် နေထိုင်ခြင်း၊ သူ၏စွမ်းအားများကို မြှင့်တင်ခြင်း၊ လျို့၀ှက်နည်းလမ်းများဖြင့် ပိုက်ဆံများရှာခြင်းတို့ကိုသာ ဆက်လက်ဆောင်ရွက်ရန်စိတ်အား ထက်သန်နေ၏။

လေးရက်မြောက်နေ့တွင်ဖြစ်သည်။

ဖှေးမြေအောက်ပင်လယ်ထဲသို့ ဆင်းလာခဲ့သည်။ ဒဏာရီလာဂိတ်တံခါးမှ ဖြတ်သန်းလာအပြီးတွင် လယ်ဗယ်၃၄ဒေသသို့ရောက်သည်အဓိပြန်လည်ကာ ခရီးနှင်လာခဲ့သည်။

ရက်ပေါင်းများစွာကုန်ဆုံးသွားပြီဖြစ်သောကြောင့် လူအသစ်များပင်ရောက်ရှိနေကြ၏။ သို့သော် သူတို့ထဲမှအများစုသည် ကြယ်ခြောက်လုံးအဆင့်မှ လသစ်အဆင့်ရှိသည့် သူများသာဖြစ်၏။ အလွန်စွမ်းအားမြင့်မားသည့်လူများပါ၀င်ခြင်းမရှိပေ။ ထိုလူများသည် သက်စွန့်စံဖျားဖြင့် ရတနာများရှာဖွေရန်ကြိုးစားနေကြ၏။

အများစုသည် အားနည်းသည့်အတွက်ကြောင့် အသေပျောက်များမှာ မြင့်မားလျှက်ရှိသည်။

တစ်ချို့လူများသည် မှော်ထောင်ခြောက်များမိကာ သေဆုံးသွားကြသည်။ တစ်ချို့လူများသည် ၀ိဉာဥ်စွမ်းအားလုံလုံလောက်လောက်မရှိပဲ သိုင်းပညာရုပ်တုများမှ သိုင်းကွက်များယူရန်ကြိုးစားသည့်အတွက်ကြောင့် ၀ိဉာဥ်အစုပ်ခံလိုက်ရသည်။ တစ်ချို့လူများသည် လုယက်သူများကြောင့် သေဆုံးသွားကြရ၏။

အပြင်ကမ္ဘာတွင် ကျွမ်းကျင်သိုင်းဆရာများဖြစ်သောလူများသည် ဒဏ္ဏာရီလာနန်းတော်ထဲတွင် တိရိစ္ဆာန်များကဲ့သို့ပင် လွယ်လွယ်ကူကူသေဆုံးနေကြ၏။ ဤရက်စက်သည့်နေရာတွက် အသက်များသည် စျေးပေါပြီး တန်ဖိုးမရှိပေ။

ဤကဲ့သို့ဖြစ်သော်လည်း သိုင်းဆရာများစွာသည် အဝေးမှလာရောက်ကာ ကံလာစမ်းနေကြဆဲပင်။

လွန်ခဲ့သည့်အချိန်များတွင် ကြယ်ကိုးလုံးအဆင့်စစ်သည်တစ်ယောက်သည် လယ်ဗယ်၇လက်စွဲတော်လက်နက်တစ်ခုကို ရရှိသွားခဲ့သည်။ ကြယ်ရှစ်လုံးအဆင့်စစ်သည်တစ်ယောက်သည်လည်း လအဆင့်သိုင်းကွက်တစ်ခုကို ရရှိသွားခဲ့၏။ အဆင့်နိမ့်လသစ်သိုင်းဆရာတစ်ယောက်ဆိုလျှင် လပြည့်သိုင်းဆရာတစ်ယောက်ကို သတ်ဖြတ်နိုင်သည့် မှော်အစီရင်တစ်ခုကို ရရှိသွားခဲ့၏။ လူများစွာသည်လည်း ကံကောင်းသွားကြကာ ပို၍မြင့်မားသည့်အဆင့်သို့ တက်သွားနိုင်ခဲ့ကြ၏။

ဤသည်မှာ ဒဏ္ဏာရီလာနန်းတော်ပင်။

ကောင်းကင်ပုံနှင့် ငရဲတို့ပေါင်းစပ်ထားသည့် နေရာတစ်ခုဖြစ်ပြီး အန္တရာယ်နှင့်အကျိုးမြတ်တို့မှာလည်း ဒွန်တွဲနေ၏။ စိတ်ဓာတ်အကြံ့ခိုင်ဆုံး ကျင့်ကြံသူများသာလျှင် ရှန်သန်နိုင်ပြီး အကျိုးမြတ်များကို ရိတ်သိမ်းနိုင်မည်ဖြစ်သည်။

ဖှေးလမ်းတစ်လျှောက်တွင် မည်သည့်အရာကိုမှရရှိခဲ့ခြင်းမရှိပဲ ဓာတ်ဂိတ်တံခါးများရှိသည့် နတ်စင်အနီးသို့ တဖန်ပြန်လည်၍ ရောက်ရှိလာခဲ့သည်။ အသုံးပြုပြီးပြီဖြစ်သောကြောင့် စွမ်းအင်အရှိန်၀ါများမရှိတော့ပေ။ အပြင်ဘက်တွင်ရှိနေသည့် လူများသည် ဤဂိတ်တံခါးများကိုအသုံးပြု၍ လယ်ဗယ်၃၆ဒေသသို့ ရောက်ရှိနိုင်တော့မည်မဟုတ်ပေ။

သို့သော် ဤနေရာတစ်၀ိုက်တွင် သိုင်းဆရာများစွာစောင့်နေကြဆဲပင်။ တစ်ချို့လူများသည် ရက်စက်ကြမ်းကြုတ်သည့် အမူယာများဖြင့် မကောင်းသည့်အကြံစည်များရှိနေကြ၏။

သူတို့အားလုံးသည် လယ်ဗယ်၃၆ဒေသထဲတွင်ရှိနေသည့်လူများ ပြန်ထွက်လာမည့်အချိန်ကို စောင့်၍ လုယူရန်အတွက် ပြင်နေကြခြင်းပင်။

အတိတ်တွင်လည်း လယ်ဗယ်၃၆ဒေသသို့၀င်ရောက်နိုင်ခဲ့သည့် သိုင်းဆရာတစ်ချို့ပြန်ထွက်လာသည့်အချိန်တွင် အပြင်တွင်စောင့်နေသည့် လူပေါင်းများစွာ၏ ၀ိုင်း၀န်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည့် ဖြစ်ရပ်များလည်းရှိနေသည့်အတွက်ပင်။ ဗဟိုချက်သို့ သွားနိုင်သည့် သိုင်းဆရာများသည် လုံလောက်အောင်စွမ်းအားမြင့်မားခြင်းမရှိပါက သူတို့ယူလာခဲ့သည့်ရတနာများအလုယူခံရနိုင်သည်သာမကပဲ အသက်များပင် ဆုံးရှုံးသွားနိုင်၏။

အန္တရာယ်များသည် နေရာအနှံ့ပင်။

နတ်စင်ပတ်လည်တွင်အလောင်းများစွာကိုလည်း ဖှေးတွေ့နေရ၏။ သူတို့သည် အသက်ရှင်ခဲ့စဥ်က စွမ်းအားမြင့်မားသည့် သိုင်းဆရာများဖြစ်ခဲ့ကြသော်လည်း ယခုအချိန်တွင် သူတို့၏ ခန္ဓာကိုယ်တွင် ဘာမှမကျန်တော့သည်အထိလုယူခံလိုက်ရပြီဖြစ်သည်။

ထို့အပြင် ပတ်၀န်းကျင်တွင်ပုန်းအောင်းနေသည့် သတ်ဖြတ်လိုသောအရှိန်၀ါများကိုလည်း သူအာရုံခံလိုက်မိသည်။

အချိန်အား တွက်ကြည့်လိုက်ပြီးသည့်နောက်တွင် ဒဏ္ဏာရီလာနန်းတော်သည် နောက်ရက်အနည်းငယ်မှသာ ပိတ်တော့မည်ဖြစ်ပြီး ထိုအချိန်သို့ရောက်ပါက အထဲတွင်ရှိနေကြသည့် ဟေဇယ်-ဘန့်ခ်တို့သည်လည်း အပြင်သို့ အလိုလိုပြန်ထုတ်ခံရလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် ဖှေးသည်ယခုအချိန်တွင် အလံနှစ်စုံမြို့တော်သို့ ပြန်ရန်ကိုသာ ဆုံးဖြတ်၍ တစ်ဖက်သို့ လှည့်လိုက်၏။

ဤအခိုက်တန့်တွင် သတ်ဖြတ်လိုသော ရည်ရွယ်ချက်များကို ဖှေးခံစားလိုက်ရသည်။

ထိုအရှိန်၀ါများသည် သူ့အား ပစ်မှတ်ထားနေသည်ကို သိလိုက်ရသည့်အတွက်လည်း ဖှေးအံ့ဩလိုက်မိ၏။

All Chapters