အခန်း (၆၄၆)
Vol. 41 Ch. 646
“အား အတော်လေးချစ်စရာကောင်းတဲ့ သတ္တ၀ါပဲ...”
သူတို့မြေပြင်ပေါ်သို့ ပြန်ရောက်သည့်အချိန်တွင်ပင် ရက်ကွန်းကောင်သည် ဖှေးအနားမှ ခွာလိုခြင်းမရှိသေးပေ။ ထို့ကြောင့် ဖှေးသည် ထိုအကောင်အား သူ၏ ယာယီအိမ်သို့ ခေါ်သွားလိုက်၏။ အန်ဂျယ်လာအပါ၀င်ကောင်မလေးများသည် ဤရက်ကွန်းကောင်အား ချစ်သွားကြပြီး သူတို့အားလုံး တစ်လှည့်စီ၀ိုင်းဖက်နေကြ၏။
ထိုအကောင်လေးသည် နေရခက်သဖြင့် ရုန်းကန်ကာ အော်ဟစ်နေတော့သည်။
သို့သော် ကောင်မလေးများလက်မှ ထွက်ပြေးနိုင်ခြင်းမရှိပေ။
လယ်ဗယ်၃၄ဒေသ၏ မြင့်မားလှသော သဘာ၀ဖိအားများအောက်တွင် ရှင်သန်နိုင်ခဲ့သော်လည်း သူ့ထံတွင် ထူးခြားသည့် စွမ်းအားတစ်စုံတစ်ရာရှိနေသည့်ပုံမရပေ။ အမွေးလုံးတစ်ခုကဲ့သို့ပင် သူ့အား သဘောကျနေသည့် ကောင်မလေးများထံမှ ထွက်ပြေးနိုင်ခဲ့ခြင်းမရှိပေ။
နောက်ဆုံးတွင် သူ၏ကံကြမ္မာကိုလက်ခံလိုက်ရတော့သည်။ သူ၏မျက်နှာပေါ်တွင် အလိုမကျသည့် အမူယာတစ်ခုနှင့်အတူ ကောင်မလေးများလုပ်သမျှကို ခံကာ ဖှေးကို သူ၏ကြီးမားသည့် မျက်လုံးကြီးများဖြင့် စိုက်ကြည့်နေတော့သည်။
ဖှေးအနည်းငယ်အံ့သြသွားမိသည်။
ဤရက်ကွန်းကောင်လေးသည် အန်ဂျယ်လာအား ရင်းနှီးလိမ့်မည်ဟုထင်ခဲ့သော်လည်း ထိုကဲ့သို့ဖြစ်မလာခဲ့ပေ။
ပထမဆုံးအနေဖြင့် တိရစ္ဆာန်တစ်ကောင်သည် တိရိစ္ဆာန်များနှင့် ဆက်သွယ်နိုင်စွမ်းရှိသည့် အန်ဂျယ်လာအားကျော်လွန်၍ ဖှေးအား သဘောကျနေခြင်းပင်။
ထိုရက်ကွန်းကောင် ကံဆိုးနေသည့်ပုံကို ဖှေးရယ်မောလိုက်မိသည်။
အရင်ဆုံးရောက်လာသည့်လူမှာ ဘလတ်ကီပင်။ ထို့နောက်တွင် လူဆိုး၊ လူမိုက်နှင့် လူရမ်းကားတို့ ထပ်ရောက်လာခဲ့သည်။ ယခုအချိန်တွင် ဤရက်ကွန်းနှင့်တူသည့် ရတနာရှာဖွေပေးနိုင်သည့် သားရဲပင်။ ဤကဲ့သို့သာ ဆက်လက်ဖြစ်ပွားနေပါက သူ၏ အိမ်သည် တိရိစ္ဆာန်တစ်ခုကဲ့သို့ပင် ဖြစ်နေတော့မည်ဖြစ်သည်။
သို့သော် ယခုအချိန်တွင် တိရိစ္ဆာန်များနှင့် အန်ဂျယ်လာပျော်ရွှင်နေသည့်အတွက်ကြောင့် ဆက်လက်မွေးရမည်ကို ဖှေးစိုးရိမ်ခြင်းမရှိပေ။
ခနတာကစားပြီး ဖှေးအချိန်ကို ကြည့်ကာ အပြင်သွားရန်ပြင်လိုက်သည်။ ရုတ်တရက်ပင် ရက်ကွန်းကောင်သည် အော်ဟစ်ကာ နွေဦး၏လက်ထဲမှ ရုန်းကန်၏ ဖှေး၏ပခုံးပေါ်သို့ ခုန်တက်လိုက်သည်။
ဖှေး၏ဆံပင်များကို ကိုင်ဆွဲထားပြီး ဖှေးအားထွက်သွားစေလိုခြင်းမရှိသည့်ပုံပင်။
မျက်လုံးထဲတွင် မျက်ရည်များဖြင့် ကောင်မလေးများကို ကြောက်စရာကောင်းသည့် နတ်ဆိုးသားရဲများကဲ့သို့ကြည့်နေ၏။ ကောင်မလေးများ ၀ိုင်း၀န်းဖက်နမ်းကြသည်ကို ကြောက်လန့်သွားသည့်ပုံပင်။
“ဟားဟား မင်းက ငါနဲ့လိုက်ချင်တယ်ဆိုတော့ မင်းကြိုက်တဲ့နေရာကို လိုက်ခဲ့လို့ ရပါတယ်...”
ဖှေးကျေနပ်သွားသည်။ ဖှေးထံတွင် အိမ်မွေးတိရိစ္ဆာန်များစွာရှိသော်လည်း ဤအကောင်တစ်ကောင်သာလျှင် အန်ဂျယ်လာထက်သူ့အား ပိုချစ်သည့်အတွက်ပင်။
“ဟေး ကျေးဇူးကန်းတဲ့ကောင်...” အန်မာသည် ရက်ကွန်းအား စိုက်ကြည့်လိုက်သည်။
“ကျွီ ကျွီ...” သူသည် ဖှေးအနောက်သို့ လိုက်ခွင့်ရသွားပြီကို သိလိုက်သည့်အတိုင်းပင်။ ကြောက်လန့်ခြင်းမရှိတော့ပေ။ သူ၏လက်တစ်ဖက်ဖြင့် ဖှေး၏ဆံပင်ကို ကိုင်ဆွဲထားရင်းဖြင့် တစ်ဖက်သို့ လှည့်ကာ အန်မာအား လျှာထုတ်ပြလိုက်သည်။
ကောင်မလေးများကို နှုတ်ဆက်ခဲ့ပြီးသည့်နောက်တွင် အနောက်ဘက်ဂိတ်တံခါးပေါ်တွင်ရှိသည့် မျှော်စင်ထံသို့သွားလိုက်၏။
ထို့နောက်တွင် ဖှေးသည် ပေါ်တယ်တစ်ခုဖွင့်ကာ လျို့၀ှက်ကျောက်တုံးအခန်းထဲသို့ ရက်ကွန်းနှင့်အတူ၀င်လာခဲ့တော့သည်။ ရက်ကွန်ုးဆိုသည်မှာ ဖှေးပေးထားသည့်နာမည်ပင်။
“ဟမ် ကျောက်တုံးပုလ္လင်ပေါ်မှာ ရှိနေတဲ့မှော်အစီရင်တွေအားလုံးကို ကူးပြီးသွားပြီပေါ့....”
ဖှေးအခန်းထဲ့သို့ရောက်သည့်အချိန်တွင် သိပ္ပံပညာရှင်နှစ်ယောက်သည် ကျောက်တုံးပုလ္လင်ပတ်လည်တွင်မရှိတော့သည်ကို တွေ့လိုက်ရ၏။ ကိန်းသည် ကျောက်တုံးပုလ္လင်နားတွင် မှန်ဘီလူးတစ်လက်ဖြင့် ဟိုကြည့်ဒီကြည့်လုပ်နေသည်။ သူသည် တစ်စုံတစ်ခုအား ရှာဖွေရန်အတွက် ကြိုးစားနေသည့်အတိုင်းပင်။ အာကာရာသည်လည်း ဘက်ဆုံသုံးဓာတ်ခွဲခန်းနေရာတွင် တစ်စုံတစ်ခုပြုလုပ်နေလျှက်ရှိသည်။
“အေး ငါတို့တွေသုံးရက်လောက်နေတော့ ပြီးသွားတာ။ သေလုမြေပါးပဲ။ ဒီနတ်ဘုရားအစီရင်တွေကို ကူးရတာက တကယ်ခက်ခဲတဲ့အလုပ်ပဲ...” ကိန်းသည် မောပန်းစွာဖြင့် ပြောလိုက်သည်။ သူတစ်ဖက်သို့ လှည့်လိုက်သည့်အချိန်တွင် သူ၏မျက်လုံးများလင်းလတ်သွားတော့သည်။
သူမေးလိုက်သည်။ “မင်းအဲ့အကောင်လေးကို ဘယ်ကရခဲ့တာလဲ...”
သူသည် ရက်ကွန်းလေးအား ညွှန်ပြနေခြင်းပင်။
“ဒဏာရီလာနန်းတော်ထဲက...” ဖှေးဖြစ်ခဲ့သည့်အရာများကို ပြောပြလိုက်သည်။ ထို့နောက်တွင် မေးလိုက်၏။ “ဘာလို့လဲ ဒီကောင်လေးမှာ နောက်ခံကောင်းကောင်းရှိနေလို့လား...”
“ဘယ်ကသာကွာ အဲ့ကောင်က အတော်လေးကြောက်တတ်တဲ့ နတ်ဆိုးသားရဲမျို့းနွယ်တစ်ကောင်ပါ။ အန္တရာယ်နဲ့ ကြုံလာတာနဲ့ တန်းထွက်ပြေးလိမ့်မယ်။ ရှားပါးတယ်ဆိုပေမယ့် တိုက်ရည်ခိုက်ရည်လဲမရှိဘူးလေ။ သူ့မှာ ရှိတဲ့ တစ်ခုတည်းသောစွမ်းအားက ထွက်ပြေးတတ်တာပဲ...အမ် နောက်ပြီးတော့ အဲ့ကောင်က ရွှေ၊ ရတနာနဲ့ စွမ်းအင်အရှိန်၀ါတွေကိုလည်း ကောင်းကောင်းအာရုံခံနိုင်တယ်...ရိုးရိုးရှင်းရှင်းပြောရမယ်ဆိုရင် ဘယ်နေရာမှာမှ အသုံးမ၀င်တဲ့ကောင်တစ်ကောင်ပါ...”
ကိန်းသည် ဖှေးအား စနောက်နေခြင်းပင်။ ဖှေးမည်ကဲ့သို့ ပြန်ဖြေရမည်လဲမသိဖြစ်သွားသည်။
“ကျွီ ကျွီ...”
ရက်ကွန်းလေးသည် အလွန်ဉာဏ်ကောင်း၏။
ကိန်းပြောသည်ကို ကြားသည့်အချိန်တွင် စိတ်ဆိုးစွာဖြင့် အော်ဟစ်ကာ ငြင်းဆိုလိုက်သည်။ ထို့နောက်တွင် အဖိုးကြီးအား ခြောက်လန့်ရန်အတွက် သူ၏အစွယ်များကိုလည်း ဖြဲပြလိုက်၏။
“အော် ငါမင်းကို ပြောဖို့ မေ့နေတာ...” ရက်ကွန်းလေး၏ မျက်နှာကို မြင်သည့်အချိန်တွင် ကိန်းထပ်ပြောလိုက်သည်။ “ဒီလိုနတ်ဆိုးသားရဲမျိုးက အတော်လေးဉာဏ်ကောင်းတယ်။ စကားမပြောနိုင်ပေမယ့် လူစကားကို ကောင်းကောငး်နားလည်တယ်။ နောက်ပြီးတော့ အသုံးလဲမ၀င်ဘူး။ သစ္စာလဲမရှိဘူး အန္တရာယ်ကြုံလာတာနဲ့ တန်းပြီးထွက်ပြေးမယ့်ကောင်ပဲ...”
“ကျွီ ကျွီ...” ရက်ကွန်းသည် ဖှေး၏ဆံပင်အား ကိုင်ဆွဲ၍ သူ၏လက်တစ်ဖက်ကို ၀ှေ့ရမ်းပြကာ ကိန်းလိမ်ညာနေခြင်းဖြစ်ကြောင်း ဖှေးအား ပြောရန်အတွက် ကြိုးစားနေ၏။
“ဟားဟား ငါသိပါတယ် မစိုးရိမ်ပါနဲ့ ငါမင်းကို မစွန့်ပစ်ပါဘူး...” ဖှေး ရက်ကွန်း၏ခေါင်းကို ပွတ်ပေးလိုက်သည်။ သူနှင့် ဤအကောင်လေးတို့ကြားထဲတွင် ထူးခြားသည့် သံယောဇဥ်တစ်ခုရှိနေသလို ခံစားနေရပြီး သူထိုခံစားချက်ကို နှစ်သက်၏။
ထိုအချိန်မှသာ ရက်ကွန်းစိတ်အေးသွားတော့၏။ တစ်ဖက်သို့လှည့်ကာ ကိန်းအား မျက်နှာအမူယာအမျိုးမျိုးလုပ်ပြနေတော့သည်။
“ပိုပြီး အရေးကြီးတဲ့ ကိစ္စတွေအကြောင်းပြောရအောင်။ ငါတို့တွေ စိတ်၀င်စားစရာကောင်းတဲ့ဟာတစ်ခုကို ရှာတွေ့ခဲ့တယ်။ လာကြည့်...” ကိန်းသည် ရက်ကွန်းအား ဂရုမစိုက်ပဲ ဖှေးအား လက်၀ှေ့ရမ်းပြလိုက်သည်။ သူ့အားခေါ်နေခြင်းပင်။
ဖှေးကျောက်တုံးပုလ္လင်၏ ထိပ်ပိုင်းကို ကြည့်ကာ ရေရွတ်လိုက်မိသည်။ “ဒီ ဒီပုံတွေက စကားလုံးတွေလား...”
ကိန်းညွှန်ပြသည့်နေရာကိုကြည့်လိုက်ပြီးသည့်နောက်တွင် ပုလ္လင်ပေါ်တွင်ရှိနေသည့် သင်္ကေတများသည် စကားလုံးများကဲ့သို့ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
“ဟုတ်တယ်။ ရှေးစာအုပ်တော်တော်များများကို ငါလိုက်ဖတ်ကြည့်ပြီးတဲ့နောက်မှာ ဒီစာလုံးတွေက ရှေးစာတွေဆိုတာ ငါသိလိုက်ရတယ်...” ကိန်း စိတ်လှုပ်ရှားလာကာ ရှင်းပြလိုက်သည်။ “သူတို့ ဘာအဓိပ္ပါယ်လဲဆိုတာကို မင်း ထင်ထားမှာမဟုတ်ဘူး။ [ကစဥ့်ကလျားပုလ္လင်]လို့ရေးထားတာပဲ...”
“ကစဥ့်ကလျားပုလ္လင်ဟုတ်လား....” ဖှေးလျှင်မြန်စွာပင် မေးလိုက်သည်။ “အဲ့တာ ဘာကို ဆိုလိုတာလဲ...”
“အမ် ဘာကိုဆိုလိုတာလဲဆိုတော့...” ကိန်းသည် ခေါင်းငြိမ့်ကာယုံကြည်ချက်ရှိစွာဖြင့် ပြန်ဖြေလိုက်သည်။ “ငါလဲမသိဘူးလေ...”
ဖှေးဆွံ့အသွား၏။
“ငါဖတ်ခဲ့သမျှ စာအုပ်တွေ ဒဏာရီတွေထဲမှာ အဲ့အကြောင်းကို ဖော်ပြထားတာမျိုးမရှိဘူး။ ဒါပေမယ့် မင်းရတနာတစ်ခုကို ရလိုက်တဲ့ပုံပဲ... မင်းဒီမှာ လာကြည့်လိုက် အဲ့တာက အချိုင့်လေးတစ်ခုပဲ။ အချိုင့်အရွယ်စားကိုကြည်လိုက်။ ဟုတ်တယ် မင်းထင်တဲ့အတိုင်းပဲ အဲ့တာက မှော်တလင်းကျောက်တစ်ခုထားဖို့နေရာပဲံ ဟီးဟီး...”
ကျောက်ပုလ္လင်ပေါ်တွင်ရှိနေသည့် အချိုင့်လေးတစ်ခုကို ကိန်းညွှန်ပြကာ ပြောလိုက်သည်။
“ဟုတ်သားပဲ ခင်ဗျား အဲ့အချိုင့်ထဲကို မှော်တလင်းကျောက်တစ်ခုခုထည့်ပြီးတော့ စမ်းသပ်ကြည့်ပါလား...” ဖှေးသည်အချိုင့်လား လက်ဖြင့် ပွတ်ကြည့်ရင်းဖြင့်ပြောလိုက်သည်။
“ဟားဟား ငါလုပ်ကြည့်ပြီးသွားပြီ...” ကိန်းသည် ပုလ္လင်ခြေရင်းတွင်ရှိနေသည့်အဖြူရောင်ဖုန်မှုန့်များကို ညွှန်ပြကာပြောလိုက်သည်။ ဖုန်မှု့န်များသည် အပုံလိုက်ပင်ရှိနေသည့်အတွက်ကြောင့် ၃၀စင်တီမီတာခန့်ပင်မြင့်မားနေ၏။
ဖှေးရှုပ်ထွေးသွားသည်။
ကိန်းသည် ရှေ့သွားတစ်ချောင်းကျိုးနေသော်လည်း သွားများအကုန်ပေါ်သည့်အထိပြုံးလိုက်၏။ သူသည် မှော်တလင်းကျောက်တလုံးကို ထုတ်ယူလိုက်ပြီးအချိုင့်ထဲသို့ ထည့်လိုက်သည်။
“ဘုန်း...”
မှော်တလင်းကျောက်မှ ချက်ချင်းပင် ဆူညံသံများထွက်ပေါ်လာတော့သည်။
တလင်းကျောက်ထဲတွင်ရှိနေသည့် စွမ်းအင်များကို ကျောက်ပုလ္လင်မှ ချက်ချင်းစုပ်ယူသွားသည်ကို ဖှေးခံစားလိုက်ရသည်။ ထို့နောက်တွင် မှော်တလင်းကျောက်သည် နီရဲနေသည့်အရောင်မှ သာမန်မီးခိုးရောင်ကျောက်တုံးတစ်လုံး၏ အသွင်သို့ ပြောင်းလဲသွားတော့၏။ လျို့၀ှက်သည့် စွမ်းအားတစ်ခုအောက်တွင် ကျောက်တုံးသည် ချင်ချင်းပင် သဲကဲ့သို့သော အမှုန်များအဖြစ်ပြောင်းလဲသွားတော့သည်။
မှော်တလင်းကျောက်ထဲမှ စွမ်းအင်များကို စုပ်ယူပြီးသည့်နောက်တွင် ကစဥ့်ကလျားပုလ္လင်သည် ပြောင်းလဲမှုတစ်စုံတစ်ရာဖြစ်ပေါ်လာခြင်းမရှိပေ။ သဲမှုန်အနည်းငယ်အား ပင်လယ်ထဲသို့ ပတ်လိုက်သည့်အတိုင်းပင် မည်သည့်အရာမှ ထင်ထင်ရှားရှားပြောင်းလဲသွားခြင်းမရှိပေ။
“ပြောင်းလဲမှုမရှိဘူးလား...” ဖှေးသည် ကိန်းအား ရှုပ်ထွေးသည့်အမူယာတစ်ခုဖြင့် ကြည့်လိုက်သည်။
“ပြောင်းလဲမှုတစ်ခုတော့ရှိရမယ်...ဒါပေမယ့် အဲ့အပြောင်းလဲက သေးငယ်နေသေးတာပဲ။ ဘယ်တော့မှ ဖြည့်လို့ မရတဲ့ တွင်းနက်ကြီးတစ်ခုလိုပဲ ဒီကျောက်ပုလ္လင်လိုအပ်တဲ့ စွမ်းအင်ပမာနက နောက်ထပ်အဆင့်တစ်ခုကို ရောက်နေတယ်။ စွမ်းအင်လုံလုံလောက်လောက်သာ ရှိမယ်ဆိုရင် တုန်လှုပ်စရာကောင်းတဲ့ အပြောင်းလဲကြီးတစ်ခုဖြစ်လာလိမ့်မယ်ထင်တယ်။ ဒီစာလုံးတွေကို မင်းအရင်ကမမြင်ရဘူးလေ။ ဟုတ်တယ်မလား။ ငါမှော်တလင်းကျောက်တွေအများကြီး သုံးလိုက်မှ အဲ့စာလုံးတွေပေါ်လာခဲ့တာပဲ...” ကိန်းသည် ဂုဏ်ယူ၀င့်ကြွားစွာဖြင့် ပြောလိုက်သည်။
ဖှေး၏မျက်နှာတစ်ခုလုံးပင် အေးစက်သွားပြီး ရေရွတ်လိုက်သည်။ “ခင်ဗျားဆိုလိုတာက...”
ကိန်းခေါင်းငြိမ့်ကာ ပြောလိုက်သည်။ “ဟုတ်တာပေါ့ ဟားဟား မင်း င့ါကို အရင်ကပေးထားတဲ့ မှော်တလင်းကျောက်တွေအကုန်သုံးလိုက်ပြီ။ ခုနက အနီရောင်က နောက်ဆုံးဟာပဲ။ ဖှေး မင်း ငါတို့ကို နောက်ထပ်မှော်တလင်းကျောက်တွေအများကြီးရှာပေးနိုင်မယ့် နည်းလမ်းတစ်ခုကို ရှာသင့်နေပြီ။ အဲ့လိုမှမဟုတ်ဘူးဆိုရင် ဒီဓာတ်ခွဲခန်းက ရှေ့မဆက်နိုင်တော့ဘူး...”
“ခင်ဗျား...” ဖှေး ဤအဖိုးကြီးကို ရိုက်လိုစိတ်များပင်ပေါ်လာ၏။
အသက်ရှူလိုက်ပြီးသည့်နောက်တွင် သူကိုယ်သူထိန်းကာ ပြောလိုက်သည်။ “သေစမ်း ခင်ဗျားက ကျွန်တော့လို မီလီယံနာတစ်ယောက်ကို သူတောင်းစားတစ်ယောက်ဘ၀ရောက်အောင် လုပ်တော့မလို့လား....”
“ဟီးဟီး မင်း သိပါတယ်။ ငါစိတ်၀င်စားစရာတစ်ခုခုကို တွေ့ပြီဆိုရင် င့ါကိုယ်ငါထိန်းလို့မရဘူးလေ...” ကိန်းသည် ထိုကဲ့သို့ပြောနေသော်လည်း နောက်တရသည့်ပုံမပေါ်ချေ။ “ဒါပေမယ့် ဒီကျောက်ပုလ္လင်သာလုံလောက်တဲ့စွမ်းအင်ကို ရသွားမယ်ဆိုရင် မင်းတစ်ခါမှမမြင်ဖူးသေးတဲ့ စွမ်းအားတွေကို ပြသလိမ့်မယ်ဆိုတာကို ငါမင်းကို အာမခံပေးလို့ ရပါတယ်...”
“ဟမ် စွမ်းအင်လား...” ဖှေးရုတ်တရက် တစ်စုံတစ်ခုကို သတိရလိုက်၏။
သူ၏ ပစ္စည်းသိမ်းမှော်လက်စွပ်ထဲသို့ တစ်ချက်ကြည့်လိုက်ပြီး ပုံမှန်အရွယ်စား၏လေးပုံတစ်ပုံခန့်သာ ကျန်တော့သည့် ကမ္ဘာကျောက်တုံးကို ထုတ်ယူလိုက်သည်။ အပြာရောင်အလင်းတန်းသည် အခန်းတစ်ခုလုံးသို့ ပြန့်နှံ့သွားပြီး မြင့်မြတ်သည့်စွမ်းအင်များသည် အခန်းထဲတွင် ပြည့်နှက်သွားတော့၏။