← Chapters

သတ်ဖြတ်ခြင်း

Vol. 62 Ch. 859

သတ်ဖြတ်ခြင်း

Vol. 62 Ch. 859

အချိန်လေဟာနယ် အဆင့်ခုနစ်ကို နားလည်ခြင်းသည် သံသယဝင်စရာမရှိလောက်အောင် အံ့သြစရာကောင်းလွန်းနေသည်။ အတိတ်တွင် ကြယ်အဖွဲ့အစည်းတစ်ခုလုံးတွင် တောက်ပခဲ့သော လင်လုံကဲ့သို့ ကြယ်အသစ်တစ်စင်း ထွန်းတောက်လာပြီး သူမ၏အောင်မြင်မှုများကိုပင် ကျော်လွန်နိုင်ချေရှိသည်။ လေထဲတွင် ယဲ့ချန်နှင့် ရှောင်ရန်က တိုက်ခိုက်နေဆဲဖြစ်ကာ ယဲ့ချန်၏ချီများက ပို၍သန်မာလာနေသည်။ ပတ်ဝန်းကျင်မှ အချိန်လေဟာနယ်ချီများက သူ့ထံ စီးဝင်နေပြီး ခုနစ်ရောင်ခြယ်ချီများ လည်ပတ်လိုက်တိုင်း အနက်ရောင်မီးတောက်များက ဖိနှိပ်ခံနေရသည်။ ရှောင်ရန်သည် သူ့ကို မယုံနိုင်ဟန်ဖြင့် ကြည့်နေပြီး ကြောက်စိတ်များ ဖြစ်ပေါ်လာသည်။ ထို့နောက် သူ၏မျက်လုံးအတွင်းရှိ အနက်ရောင်အလင်းက ပိုမိုပြင်းထန်လာကာ ရှန်းရန်၏ ဝိညာဥ်စွမ်းအားကို ထုတ်လွှတ်လိုက်ပြန်သည်။ သူ၏ခန္ဓာကိုယ်က ဖောင်းကားလာကာ စွမ်းအားများ ထွက်ပေါ်လာသော်လည်း မျက်နှာက နာကျင်မှုကြောင့် ရှုံ့မဲ့နေပြီး ဒွါရကိုးပေါက်မှ သွေးများစီးကျလာရာ အခြေအနေ ဆိုးနေခဲ့သည်။

"သေစမ်း"

ရှောင်ရန်က အော်ဟစ်ကြုံးဝါး၍ အနက်ရောင်မီးတောက်များကို ဖောက်ခွဲလိုက်သော်လည်း ယဲ့ချန်၏ချီများက မပျက်စီးနိုင်သော တောင်ကြီးပမာ ကာကွယ်ထားသည်။ အနက်ရောင်မီးတောက်များမှာ ဆက်တိုက်ဖြိုခွဲခံလိုက်ရပြီး ၎င်းတို့အတွင်း ဝါးမျိုခံလိုက်ရကာ ယဲ့ချန်ထံ စီးဝင်သွားကြသည်။ အဆင့်ခုနစ်ကို နားလည်ပြီးနောက် အဆင့်ခြောက်ကို နားလည်စဥ်ထက် ပို၍နက်နဲသော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။ သူက အခြားကျင့်ကြံသူများ၏ စွမ်းအားကို ဖြိုခွဲ၍ အသုံးချနိုင်သကဲ့သို့ ခွန်အားကလည်း အဆများစွာ တိုးတက်လာ၏။ ကောင်းကင်တွင် ခုနစ်ရောင်ချီများ လည်ပတ်နေစဉ် သူ၏အသိစိတ်က ဒန်တန်အတွင်း ရောက်ရှိနေသည်။ ကြယ်ကိုးလုံးက ဖြည်းညှင်းစွာ လည်ပတ်နေပြီး ခုနစ်ရောင်ခြယ်ချီများ ဆက်တိုက်ထွက်ပေါ်လာနေသဖြင့် သုခဘုံတစ်ခုပမာ လှပနေသည်။ သူ၏ရုပ်ခန္ဓာက ခွန်အားများပြည့်နှက်နေပြီး မောပန်းခြင်း လုံးဝမရှိဟု ခံစားလိုက်ရသည်။

ယဲ့ချန်သည် ဉာဏ်အလင်းပွင့်သော အခြေအနေတစ်ခုသို့ ရောက်ရှိနေပြီး ခန္ဓာကိုယ်နှင့် အချိန်လေဟာနယ်ချီ တစ်သားတည်း ဖြစ်နေခဲ့သည်။ ကြယ်ကိုးလုံးကြားတွင် လည်ပတ်နေသော ချီများ​ကြောင့် သူက အလွန်အမင်း သက်တောင့်သက်သာဖြစ်နေကာ ပေါ့ပါးဖြတ်လတ်လာသည်။ ထိုအချိန်၌ ချီခုနစ်ရောင်ကြားတွင် နောက်ထပ်ချီနှစ်မျိုးကို သူက ရုတ်တရက် မြင်လိုက်ရသည်။ ၎င်းတို့က ပို၍နက်နဲအဆင့်မြင့်သော ချီများဖြစ်ကာ တစ်ခုက နေရောင်ခြည်ကဲ့သို့ နွေးထွေး၍ အသက်အားများ ပြည့်နှက်နေသော်လည်း ကျန်တစ်ခုက မှောင်မည်းအေးစက်၍ သေခြင်းတရားနှင့် သက်ဆိုင်နေသည်။

"ဘာတွေဖြစ်နေတာလဲ"

ယဲ့ချန်က ထိတ်လန့်သွားပြီး ဉာဏ်အလင်းပွင့်နေရာမှ ချက်ချင်းနိုးထလာကာ ဂရုတစိုက် စစ်ဆေးလိုက်သော်လည်း ဒန်တန်အတွင်း၌ ထိုချီနှစ်မျိုးကို ရှာမတွေ့ခဲ့ပေ။ သို့သော် သူက အမြင်မမှားဟု သေချာနေပြီး ချီခုနစ်ရောင်ကြားတွင် နောက်ထပ်နှစ်မျိုး ဖြစ်တည်လာကြောင်း ယုံကြည်သည်။ ၎င်းတို့သည်လည်း အချိန်လေဟာနယ်ချီများဖြစ်ကြောင်း ခံစားနေရပြီး ပျောက်ကွယ်နေသောကြောင့် သာမန်ကျင့်ကြံသူများ မသိနိုင်ပေ။ သူက ထိုချီနှစ်မျိုးကို ရှာတွေ့ရန်အတွက် ဉာဏ်အလင်းပွင့်သော အခြေအနေကို ထပ်မံလိုအပ်သဖြင့် သက်ပြင်းချလိုက်မိသည်။ ကျင့်ကြံသူများက စကြဝဠာ၏ ဆန်းကျယ်မှုများအကြောင်း သိရပြီဟု ထင်မှတ်ထားသော်လည်း ၎င်း၏ကျယ်ပြန့်မှုက သူတို့နားလည်ထားသည်ထက် များစွာကျော်လွန်နေသည်။ ရေခဲတောင်ကြီး၏ ထိပ်ဖျားအပိုင်းကိုသာ ဖမ်းဆုပ်နိုင်ခဲ့သည့်အတွက် ကျင့်ကြံဆင့်ပိုမြင့်လေလေ၊ ဆန်းကျယ်မှုများ ပိုတွေ့ရလေလေဖြစ်သည်။ လက်ရှိ၌ သူ့အတွက် တိုက်ပွဲကို အဆုံးသတ်ရန် အရေးကြီးနေသဖြင့် ထိုချီနှစ်မျိုးကိစ္စကို ဘေးချိတ်ထားလိုက်ရ၏။

ယဲ့ချန်က သူ နားလည်ထားသော ချီများကို စုစည်း၍ မျက်လုံးဖွင့်လိုက်သောအခါ သက်တန့်ရောင် တဖိတ်ဖိတ်တောက်နေသည့် ကြယ်ကိုးလုံး ထင်ဟပ်နေသည်။ ထိုအချိန်၌ သူ၏ကိုယ်တွင်းမှ တစ်လောကလုံးကို ငုံ့ကြည့်နိုင်သော အရှိန်အဝါမျိုး ထွက်ပေါ်နေကာ အချိန်လေဟာနယ် အဆင့်ခုနစ်အထိ နားလည်ပြီးနောက် ခွန်အားက အဆင့်သစ်တစ်ခုသို့ ရောက်ရှိလာသည်။ သူ၏လက်သီးကို ဆုပ်လိုက်သောအခါ စွမ်းအားများစုစည်းလာပြီး အရာရာကိုဖျက်ဆီးနိုင်သည့် ချီများ စုဝေးလာ၏။ သူက အချိန်လေဟာနယ်ရုန်းကို အသက်မသွင်းထားသော်လည်း ပတ်ဝန်းကျင်မှ ချီများသည် ပို၍သန်မာလာကာ အနက်ရောင်မီးတောက်များကို ဖိနှိပ်ထားခဲ့သည်။

ယဲ့ချန် မျက်လုံးပွင့်လာသောအခါ ရှောင်ရန်သည် အနတ္တမှ စကြဝဠာ မွေးဖွားလာပြီး ကြယ်များဖြစ်ပေါ်လာပုံကို ရိုးတိုးရိပ်တိတ် မြင်လိုက်ရသဖြင့် အလွန်တုန်လှုပ်နေမိသည်။ သူ၏ကိုယ်ပေါ်သို့ ချီများက တောင်ကြီးပမာ ဖိနှိပ်ထားပြီး ပြင်းထန်လွန်းသဖြင့် အသက်ပင် မရှူနိုင်ချေ။ သူက အနက်ရောင်မီးတောက်များနှင့် ဝိညာဥ်စွမ်းအားကို ဆက်တိုက်ဖောက်ခွဲနေပြီး ယဲ့ချန်၏ချီများကို တွန်းထုတ်ရန် ကြံစည်လိုက်သော်လည်း ကျရှုံးခဲ့ရသည်။ သူက မည်မျှကြိုးကြိုးစားစား ခုခံပါစေ၊ တစ်ဖက်လူ၏ချီများကို တုတ်တုတ်မျှမလှုပ်စေခဲ့ဘဲ ကြီးမားသော သမုဒ္ဒရာကြီးသဖွယ် တည်ငြိမ်နေခဲ့သည်။ လောကတွင် နားလည်ရန် အလွန့်အလွန်ခက်ခဲသော အချိန်လေဟာနယ် အဆင့်ခုနစ်၏စွမ်းအားက စွမ်းအားရှင်တစ်ယောက်၏ ဝိညာဥ်စွမ်းအားကိုပင် ဖိနှိပ်နိုင်စွမ်းရှိသည်။

ယဲ့ချန်သည် တည်ငြိမ်စွာရပ်နေရင်း ရှောင်ရန်ကို တစ်ချက်ကြည့်ကာ သူ့ကိုခုခံရန် အင်အားမရှိကြောင်း သိလိုက်သည်။ အနက်ရောင်မီးတောက်များ၏ ဧရိယာက ဆက်တိုက်ဖိအားပေးခံရပြီး ကျဥ်းမြောင်းလာကာ ရှောင်ရန်သည် လည်ပင်းကို တစ်ယောက်ယောက်မှ ညှစ်ထားသကဲ့သို့ ရင်ဘတ်တစ်ခုလုံး တင်းကျပ်နာကျင်နေသည်။ အဆင့်ခုနစ်ကို နားလည်ထားသော ယဲ့ချန်က ကြောက်စရာကောင်းလွန်းနေပြီး သူက အဆင့်တူချင်းတွင် ရှိမနေပေ။ ပုရွက်ဆိတ်တစ်ကောင်က ဧရာမဆင်ကြီးကို တွန်းလှန်ချင်သော်လည်း မည်မျှကြိုးစားပါစေ၊ အကျိုးမရှိသော လုပ်ရပ် ဖြစ်သည်။

"ဘာလို့လဲ။ စွမ်းအားရှင်တစ်ယောက်ရဲ့ ဝိညာဥ်စွမ်းအားရှိနေတာတောင် ငါက သူ့ကို ဘာကြောင့် မနိုင်ရတာလဲ"

ရှောင်ရန်၏စိတ်ထဲတွင် မကျေမနပ်ဖြင့် မေးခွန်းထုတ်လိုက်မိသည်။ အနက်ရောင်မီးတောက်များ၏ ကာကွယ်မှုက အလွန်ကျဥ်းမြောင်းလာပြီး ယဲ့ချန်၏ လက်ဖဝါးအတွင်း ရောက်နေသော ပိုးကောင်ပမာ ဖြစ်သည်။ သူက မည်မျှရုန်းကန်နေပါစေ၊ အချိန်လေဟာနယ် အဆင့်ခုနစ်ချီများထံမှ မလွတ်မြောက်နိုင်ပေ။ ချီဝဲကြီးတစ်ခု၏အလယ်တွင် ရပ်နေသော ယဲ့ချန်က တစ်ကိုယ်လုံး အလင်းရောင်များ တောက်ပနေကာ နတ်ဘုရားနှင့် ဆင်တူနေသော်လည်း ရှောင်ရန်က တစ်လက်မပင် မလှုပ်နိုင်ချေ။ ထိုအချိန်၌ မည်သည့်အင်အားစုမှ ကျင့်ကြံသူဖြစ်ပါစေ၊ အားလုံး ထိတ်လန့်တုန်လှုပ်နေကြသည်။ ဤကား အချိန်လေဟာနယ် အဆင့်ခုနစ်ကို နားလည်ထားသော အထူးပါရမီရှင်တစ်ယောက်၏ အစွမ်း ဖြစ်လေသည်။

ရှောင်ရန်သည် နတ်အစေခံ အဆင့်တစ်ဆယ်တွင် ရှိနေသူတိုင်းကို အနိုင်ယူနိုင်လောက်အောင် သန်မာသော်လည်း ယဲ့ချန်ကို ခုခံနိုင်စွမ်း မရှိပေ။ ယဲ့ချန်ကမူ ခေါင်းမော့၍ ကောင်းကင်အထက်ရှိ ရှန်းရန်ကို ရုတ်တရက် စိုက်ကြည့်လိုက်သည်။ ဤမြင်ကွင်းကြောင့် လူတိုင်း ကြောင်အသွားပြီး သူက အသက်မရှင်ချင်သဖြင့် ရှန်းရန်ကို အကြည့်ဖြင့် စော်ကားခြင်းဖြစ်ရမည်ဟု ထင်မှတ်နေကြသည်။ သူက အေးစက်စက်စိုက်ကြည့်နေရင်း လက်သီးကို ဆုပ်လိုက်သောအခါ အရိုးကျိုးသံများ တဂျွတ်ဂျွတ်ထွက်ပေါ်လာကာ ရှောင်ရန်က နာကျင်စွာ အော်ဟစ်နေခဲ့သည်။ သူ၏အသက်က ယဲ့ချန်၏လက်အတွင်း လုံးဝကျရောက်နေပြီး အနည်းငယ် အားစိုက်လိုက်လျှင်ပင် သေဆုံးသွားပေလိမ့်မည်။

ရှောင်ရန်ထံတွင် ရှန်းရန်၏ အရှိန်အဝါ ရှိနေသောကြောင့် အရာရာက သူ၏စီစဥ်မှုဖြစ်ကြောင်း ယဲ့ချန်က သိခဲ့ရသည်။ အကယ်၍ သူသာ အချိန်လေဟာနယ် အဆင့်ခုနစ်အထိ နားမလည်နိုင်ခဲ့လျှင် ရှောင်ရန်၏လက်အတွင်း အသတ်ခံရပေလိမ့်မည်။ သူ၏အကြည့်ကြောင့် ရှန်းရန်၏မျက်နှာက ချက်ချင်းမည်းနက်သွားကာ အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး မျက်ဝန်းများတွင် သွေးရောင်မီးတောက်များ ဖြတ်ခနဲ ထွက်ပေါ်လာသည်။

"ရှန်းရန် ခေါင်းဆောင်တစ်ယောက်အနေနဲ့ နတ်အစေခံတပည့်တစ်ယောက်ကို တိုက်ခိုက်ချင်နေတာက အောက်တန်းမကျလွန်းဘူးလား"

ထိုအချိန်၌ ရှန်းရန်၏ ရှေ့တည့်တည့်တွင် တားမြစ်အစီအရင်တစ်ခု ထွက်ပေါ်လာသကဲ့သို့ လင်လုံ၏စကားသံလည်း ပြိုင်တူထွက်ပေါ်လာသည်။ ရှန်းရန်က ယဲ့ချန်ကို တစ်ကွက်တည်းဖြင့် သတ်နိုင်သော်လည်း လင်လုံက ခွင့်မပြုခဲ့ပေ။ ထိပ်တန်းမဟာမိတ်အတွက် ယဲ့ချန်က အရေးကြီး ပါရမီရှင်တစ်ယောက် ဖြစ်သည်။

"တပည့်တစ်ယောက်က ခေါင်းဆောင်တစ်ယောက်ကို စော်ကားရဲတယ်။ ထိပ်တန်းမဟာမိတ်က တပည့်တွေကို ဘယ်လိုသင်ကြားထားတာလဲ"

ရှန်းရန်က ဒေါသူပုန်ထနေသည်။

"ဒါက မင်းကိစ္စ မဟုတ်ဘူး။ ထိပ်တန်းမဟာမိတ်ရဲ့ တပည့်တွေအကြောင်း ဝင်မစွက်ဖက်နဲ့"

လင်လုံ၏အသံက သဘာဝတေးသံကဲ့သို့ ကြည်လင်သော်လည်း ဖိအားတစ်ရပ်ပါဝင်နေကာ ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်း၏ နံပတ်တစ်ကျင့်ကြံသူဟူသော အရှိန်အဝါကို ထုတ်ဖော်ထားသည်။ ရှန်းရန်က ချက်ချင်းမျက်နှာပျက်သွားသော်လည်း တိတ်ဆိတ်ငြိမ်သက်သွားကာ ယဲ့ချန်ကို နားလည်ရခက်ခဲသော အကြည့်များဖြင့် စိုက်ကြည့်နေခဲ့သည်။ ဤအဖြစ်ကို ယဲ့ချန်က ကြိုတင်တွက်ချက်ထားသောကြောင့် ရှန်းရန်အား အကြည့်ဖြင့် စိန်ခေါ်ရဲခြင်းဖြစ်သည်။ စွမ်းအားရှင်တစ်ယောက်ကို သူ၏အစွမ်းဖြင့် မတိုက်ခိုက်နိုင်သော်လည်း ရှောင်ရန်၏ လုပ်ရပ်များမှတဆင့် တစ်ဖက်လူက သူ့ကို ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်နေကြောင်း သိလိုက်ရသည်။ ထို့ကြောင့် သူက ကြောက်လန့်မနေတော့ဘဲ သိုင်းပြိုင်ပွဲတွင် သတ္တိရှိရှိ ပြုမူခဲ့သည်။ အချိန်လေဟာနယ် အဆင့်ခုနစ်က သူ့ကို သာမန်နတ်အစေခံများထက် သာလွန်သော စွမ်းအားကို ပေးစွမ်းနိုင်သောကြောင့် နောက်ထပ်ချီနှစ်မျိုးကို ထပ်မံထိန်းချုပ်နိုင်ခဲ့လျှင် ဆိုဖွယ်ရာမရှိပေ။ သူက ရှန်းရန်ကို တိုက်ခိုက်ရန်အတွက် စွမ်းအားရှင်အဆင့်သို့ရောက်ရန် အရေးတကြီး လိုအပ်နေသည်။

"ရှောင်ရန်ကို ချထားလိုက်စမ်း။ မဟုတ်ရင် မင်းကို သတ်ပစ်မယ်"

ထိုအချိန်တွင် မီးတောက်နီနန်းတော်ဘက်မှ ထိပ်တန်းအဆင့် ကြယ်သခင်များက အော်ဟစ်ရင်း ပြေးထွက်လာ၏။ ထိပ်တန်းမဟာမိတ်ဘက်ကလည်း နှောင့်နှေးမနေခဲ့ဘဲ အဆင့်တူကြယ်သခင်များ ထွက်ပေါ်လာကာ ယဲ့ချန်ကို ကာကွယ်ပေးထားလိုက်သည်။

"နတ်အစေခံပြိုင်ပွဲမှာ ကြယ်သခင်တွေက ဘာလာလုပ်တာလဲ။ မီးတောက်နီနန်းတော် မင်းတို့က စည်းကမ်းတွေကို ဆန့်ကျင်ချင်တာလား"

လုံယင်က ဒေါသတကြီး သတိပေးလိုက်သည်။ နှစ်ဖက်လုံးမှ ကြယ်သခင်များက အချင်းချင်းရန်စောင်နေသဖြင့် ပတ်ဝန်းကျင်လေထုက တင်းမာနေကာ အချိန်မရွေး တိုက်ပွဲဖြစ်နိုင်နေသည်။

"ငါ့ကို ကယ်ပါဦး"

ယဲ့ချန်၏ချီများဖြင့် ချုပ်နှောင်ခံထားရသော ရှောင်ရန်က အလန့်တကြား အော်ဟစ်နေသည်။ သို့သော် ရှန်းရန်၏အမူအရာက အေးစက်စက်ဖြစ်နေပြီး တစ်ချက်ပင် လှည့်မကြည့်ချေ။ သူ့အတွက် ရှောင်ရန်က အသုံးချစရာ ရုပ်သေးတစ်ခုသာဖြစ်ပြီး ဝိညာဥ်စွမ်းအားကို အပြည့်အဝ ထုတ်ဖော်လိုက်သောကြောင့် ရုပ်ခန္ဓာက ထိခိုက်သွားသည်။ သူ့ကို ကယ်တင်၍ အသက်ရှင်နိုင်ခဲ့လျှင်ပင် အမှိုက်တစ်စထက် မပိုချေ။

ယဲ့ချန်သည် မီးတောက်နီနန်းတော်၏ ကြယ်သခင်များကို စိုက်ကြည့်ရင်း အတွေးနက်နေသည်။ သူက ရှောင်ရန်၏ရုပ်ခန္ဓာ ပျက်စီးနေကြောင်း မသိသဖြင့် ပြန်လွှတ်လိုက်လျှင် ကျားကို တောင်ပေါ်ပြန်လွှတ်သကဲ့သို့ ဖြစ်မည်ကို စိုးရိမ်နေသည်။

"သတ်လိုက်"

ထိုအချိန်တွင် လင်လုံ၏စကားသံက တစ်လုံးချင်း ထွက်ပေါ်လာ၏။ သူမကိုယ်တိုင်ပင် ဤသို့ပြောနေသောအခါ ယဲ့ချန်က ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ပြီး ညာလက်ဝါးကို ဆုပ်လိုက်၍ ရှောင်ရန်အား သတ်ရန်အတွက် ခုနစ်ရောင်ခြယ်ချီများကို အသက်သွင်းလိုက်လေသည်။

All Chapters