← Chapters

အချိန်လေဟာနယ် အဆင့်ခုနစ်

Vol. 62 Ch. 858

အချိန်လေဟာနယ် အဆင့်ခုနစ်

Vol. 62 Ch. 858

တောက်လောင်နေသော အပူရှိန်ကြောင့် ယဲ့ချန်သည် အရည်ပျော်ကျမတတ် ခံစားလိုက်ရပြီး အနက်ရောင်မီးတောက်များက လူသားစားသတ္တဝါကြီးသဖွယ် ပါးစပ်ဖြဲ၍ ဝင်ရောက်လာသည်။ အချိန်လေဟာနယ် အဆင့်ခြောက် ချီများက ဆက်တိုက်လောင်ကျွမ်းခံလိုက်ရပြီး ရှန်းရန်၏ ဝိညာဥ်စွမ်းအားက အစွမ်းထက်လွန်းနေသဖြင့် လက်ရှိအဆင့်နှင့် ခုခံရန် မဖြစ်နိုင်ပေ။ စွမ်းအားရှင်များသည် ဤမြင်ကွင်းကြောင့် သက်ပြင်းကိုယ်စီချလိုက်ပြီး နတ်အစေခံတစ်ယောက်က မည်မျှအစွမ်းထက်ပါစေ၊ စွမ်းအားရှင်တစ်ယောက်ကို တွန်းလှန်ရန် မဖြစ်နိုင်ပေ။ ယဲ့ချန်က ဤအဆင့်အထိ ရောက်ရှိလာခြင်းကပင် အောင်မြင်သည်ဟု ဆိုနိုင်သဖြင့် အရေးအကြောင်းဆိုလျှင် ခေါင်းဆောင်လင်လုံက သေချာပေါက် ကယ်တင်ပေလိမ့်မည်။ သူမအနေဖြင့် အဖိုးတန်ပါရမီရှင်တစ်ယောက်ကို အလဟဿသေဆုံးစေမည် မဟုတ်ပေ။ အခြားခေါင်းဆောင်များမှာ စိတ်ထဲမှ မကျေမနပ်ဖြစ်နေကြပြီး ဤသို့သော ပါရမီရှင်တစ်ယောက်သာ သူတို့၏အင်အားစု၌ဆိုလျှင် ဘိုးဘေးသဖွယ် ဆက်ဆံအလေးပေးကြပေလိမ့်မည်။ သူ့ကို လေ့ကျင့်ပေးလိုက်လျှင် သက်ဆိုင်ရာအင်အားစုကို ဦးဆောင်ပြီး ကြယ်အဖွဲ့အစည်းတစ်ခုလုံး၏ အရှင်သခင်ဖြစ်လာစေရန် နှစ်တစ်ထောင်အတွင်း စွမ်းဆောင်နိုင်ပေလိမ့်မည်။

ယဲ့ချန်က ထိပ်တန်းမဟာမိတ်၏ ဂိုဏ်းသားတစ်ဦး ဖြစ်နေသောကြောင့် သူတို့က အားကျနေပြီး အနက်ရောင် မီးတောက်များကြောင့် စိုးရိမ်နေကြသည်။ သို့သော် လင်လုံက မလှုပ်ရှားသေးဘဲ တည်တည်ငြိမ်ငြိမ် စောင့်ကြည့်နေဆဲပင် ဖြစ်သည်။

"သူမက အမှန်တကယ် မလှုပ်ရှားတော့ဘူးလား။ ဒီလိုသာ ဆက်ဖြစ်နေရင် ချန်ရဲက အန္တရာယ်ရှိတယ်"

ကျန်ခေါင်းဆောင်များက တစ်ယောက်ကိုတစ်ယောက် မယုံနိုင်ဟန်ဖြင့် ကြည့်လိုက်မိသည်။ နှစ်သန်းပေါင်းများစွာအတွင်း ထွက်ပေါ်လာခဲသော ပါရမီရှင်တစ်ယောက်အတွက် သူတို့၏စိတ်များ တင်းကြပ်နေသည်။ ရှန်မူသည်လည်း စိုးရိမ်ကြောင့်ကြနေပြီး လင်လုံသာ အမှန်တကယ် မလှုပ်ရှားလျှင် သူကိုယ်တိုင် ဝင်ရောက်ကယ်တင်ရန် ဆုံးဖြတ်လိုက်သည်။ ရှောင်ရန်သည် ယဲ့ချန်အနားသို့ လျင်လျင်မြန်မြန် တိုးကပ်လာနေပြီး အချိန်လေဟာနယ်ချီများက တစ်လွှာပြီးတစ်လွှာ ပါးလွှာအောင် လောင်ကျွမ်းခံနေရသည်။ ယဲ့ချန်၏ကိုယ်တွင်းရှိ ချီများက ဆက်တိုက်ကုန်ခမ်းနေပြီး ပမာဏများစွာ စုပ်ယူထားသော်လည်း အဆင့်ခြောက်ကို ထိန်းချုပ်နိုင်ကာစ ဖြစ်သောကြောင့် မလုံလောက်ချေ။

ကျန်တစ်ဖက်တွင် ရှောင်ရန်၏အရှိန်အဝါက အထွတ်အထိပ်ရောက်သည်အထိ ဆက်တိုက်မြင့်တက်လာနေသည်။ အနက်ရောင်မီးတောက်များက ပို၍တိုးလာသကဲ့သို့ ရှန်းရန်၏ ဝိညာဥ်စွမ်းအားက ရုပ်ခန္ဓာ လက်ခံနိုင်သည်ထက် ပို၍မြင့်တက်လာ၏။ ၎င်းတို့က ကောင်းကင်ကို ဖုံးအုပ်ထားသော ဧရာမနတ်ဆိုးကြီးပမာ ယဲ့ချန်ထံ တိုးဝင်လာနေပြီး မူလတွင် ချီများဖြင့် တွန်းလှန်နိုင်ခဲ့သည်။ သို့သော် အချိန်ကြာမြင့်လာသောအခါ နောက်ဆုံးတွင် ချီများက လုံးပါးပါးလာ၍ သူ့ကို ကာကွယ်ရန် ဘောလုံးသဏ္ဍာန် ပမာဏအနည်းငယ်သာ ကျန်ရစ်သည်။

"မကောင်းတော့ဘူး။ ယဲ့ချန်က နောက်ထပ်တောင့်ခံနိုင်မှာ မဟုတ်ဘူး"

ခြင်္သေ့ကြီး၏မျက်နှာက စိုးရိမ်စိတ်ကြောင့် ဖြူဖပ်ဖြူရော်ဖြစ်နေပြီး ရှောင်ရန်၏ ခွန်အားက ထင်ထားသည်ထက် ကျော်လွန်နေ၏။

"ချန်ရဲ မင်း တောင့်ခံထားရမယ်"

မီကွမ်က လက်သီးဆုပ်အံကြိတ်၍ အလွန်အမင်း စိုးရိမ်နေခဲ့သည်။ ယဲ့ချန်၏ခွန်အားကို လေးစားနေကြသည့် ထိပ်တန်းမဟာမိတ်၏ တပည့်များသည်လည်း ပူပန်နေကြပြီး နံပတ်တစ်ပါရမီရှင် ဖြစ်သောကြောင့် ထိပ်တန်းမဟာမိတ်တစ်ခုလုံး၏ ဂုဏ်သိက္ခာကို ထမ်းထားခြင်းဖြစ်သည်။ ထိုအချိန်၌ ရုန်ယွမ်သည်ပင် အမုန်းတရားများကို မေ့လျော့သွားကာ ယဲ့ချန်ကို စိုးရိမ်တကြီး ကြည့်နေမိသည်။ အကယ်၍ ယဲ့ချန်သာ ရှုံးနိမ့်သွားလျှင် မီးတောက်နီနန်းတော်ကို ယှဥ်နိုင်သူတစ်ယောက်မှ ကျန်ရစ်မည် မဟုတ်ပေ။ လင်ချိုးတစ်ယောက်တည်းသာ ကောက်ကျစ်ယုတ်မာစွာ ပြုံးနေပြီး ယဲ့ချန် အန္တရာယ်ကျရောက်နေသည့်အတွက် အပျော်လွန်နေပြီး အသတ်ခံရပါစေဟု ဆုတောင်းနေခဲ့သည်။ အကယ်၍ ယဲ့ချန်သာ ထွက်ပေါ်မလာခဲ့လျှင် သူမက ရှန်မူ၏တပည့် ဖြစ်လာမည်ဟု အပိုင်တွက်ထားခြင်းဖြစ်သည်။ သူမက အဆင့်အတန်းတစ်ခုသို့ ချက်ချင်းမြင့်တက်သွားမည်ဖြစ်ကာ အနာဂတ်က အကန့်အသတ်မဲ့သွားပေလိမ့်မည်။ သို့သော် သူမ၏နေရာကို ယဲ့ချန်နှင့် ခြင်္သေ့ကြီးက လုယူသွားသည့်အပြင် ပါးရိုက်ခံခဲ့ရသောကြောင့် အရှက်ကွဲသွားကာ အမုန်းစိတ်များ ကြီးမားနေသည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများက ယဲ့ချန်ကြောင့် ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်နေပြီး ရှုဝမ်အာ၊ ယုရွယ် စသည့် တပည့်များမှာ ချွေးစို့နေကြသည်။

"ချန်ရဲ ရှုံးသွားနိုင်တယ်"

"မီးတောက်နီနန်းတော်က ဘယ်လိုနတ်ဆိုးကျင့်စဥ်တွေ ကျင့်ကြံထားတာလဲ။ သူတို့က အစွမ်းထက်လွန်းတယ်"

"နှမြောစရာကောင်းလိုက်တာ"

သူတို့က သက်ပြင်းချလိုက်မိကြသည်။ အချိန်လေဟာနယ် အဆင့်ခြောက်ကို နားလည်ထားသော ယဲ့ချန် အနိုင်ရပြီဟု ထင်ထားသော်လည်း ရှောင်ရန်က မူမမှန်စွာဖြင့် ရုတ်တရက် အစွမ်းမြင့်တက်လာ၏။ ယဲ့ချန်သည် အနက်ရောင်မီးတောက်များကို တွန်းလှန်နေရင်း ကိုယ်တွင်း၌ ချီကုန်ခမ်းသော လက္ခဏာများ စတင်ဖြစ်ပေါ်လာသည်။ စိတ်အတွင်း ဓားပျံက ချက်ချင်းတုန်ခါလာ၍ ကြယ်ကိုးလုံးကလည်း မူလထက် အဆများစွာပိုသော အရှိန်ဖြင့် လည်ပတ်လာကြသည်။ အနက်ရောင်မီးပွားတစ်ခုက သူ၏လက်မောင်းအထိ ကျူးကျော်လာနိုင်ပြီး အရေပြားကို လောင်ကျွမ်းလိုက်သဖြင့် အနက်ရောင်မီးခိုးများ ထွက်ပေါ်လာသည်။ တစ်ဖက်လူ၏ လှည့်ကွက်ကို ကောင်းကင်ဖျက်ဆီးရေးနတ်ခန္ဓာပင် မခုခံနိုင်သောကြောင့် သူက ရင်ထိတ်သွားသည့်အပြင် မူလက စုပ်ယူထားသော ချီများအားလုံး ကုန်ခမ်းသွားသောကြောင့် ခြေကုန်လက်ပန်းကျ၍ မောပန်းစပြုလာသည်။

"ငါက ဒီအတိုင်း သေလိုက်ရတော့မှာလား"

ထိုအချိန်တွင် ယဲ့ချန်၏စိတ်အတွင်းသို့ မိသားစုဝင်များ၏မျက်နှာများ ထင်ဟပ်လာသောကြောင့် အရှုံးမပေးဟူသော ဆုံးဖြတ်ချက်က ပိုမိုခိုင်မာလာ၏။ ထိုအချိန်၌ ပုံရိပ်ယောင်ပုလဲသည် ရုတ်တရက် တောက်ပလာကာ ကိုယ်တွင်းသို့ အဖြူရောင်အလင်းများ ပို့ဆောင်ပေးခဲ့သည်။ ထိုအလင်းများတွင် အချိန်လေဟာနယ်ချီများ ပါဝင်နေပြီး ပမာဏမများသော်လည်း သူ့ကို အလွန်သက်တောင့်သက်သာ ဖြစ်စေသည်။ မည်သည့်အခြေအနေသို့ ရောက်နေပါစေ၊ နင်အာက သူနှင့်အတူ အမြဲတမ်း အတူရှိပေလိမ့်မည်။

"ယား"

ယဲ့ချန်က ကောင်းကင်သို့မော့၍ ကြုံးဝါးလိုက်သောအခါ ဒန်တန်အတွင်းရှိ ကမ္ဘာက ပြိုကျလုမတတ် တုန်ခါသွားသည်။ ဓားပျံထံမှ အလင်းတန်းတစ်ခု ဝုန်းခနဲ ထွက်ပေါ်လာပြီး ချီလှိုင်းများ တစ်လှိုင်းပြီးတစ်လှိုင်း ထွက်ပေါ်လာသည်။ သိပ်သည်းသော အချိန်လေဟာနယ်ချီများ ထွက်ပေါ်လာသောကြောင့် ခြောက်ကပ်နေသည့် ဒန်တန်က ချက်ချင်းစုပ်ယူသွားကာ ခဏအတွင်း ပြန်လည်ပြည့်လျှံသွားခဲ့သည်။ အချိန်လေဟာနယ်ချီများက မုန်တိုင်းထန်သော ပင်လယ်ပမာ လှိုင်းထန်နေပြီး ခုနစ်ခုမြောက် ခရမ်းရောင်ချီက စတင်ပုံပေါ်လာပြီး ကြယ်ကိုးလုံးကြားတွင် ခုနစ်ရောင်ခြယ် သက်တန့်တစ်ခု ဖြစ်တည်လာသည်။ ၎င်းက အလွန်အမင်းလှပပြီး ဤလောကရှိ ရှုခင်းတိုင်းထက် ပို၍သာလွန်နေသည်။ အချိန်ရပ်တန့်သွားသကဲ့သို့ သူ၏စိတ်က တည်ငြိမ်သွားကာ သေဆုံးရမည့်အစား စကြဝဠာအတွင်းသို့ ထိုသက်တန့်ပေါ် တက်လှမ်း၍ ခရီးထွက်နေသယောင် ခံစားလိုက်ရသည်။

ယဲ့ချန်၏ခွန်အားက တိုးတက်လာပြီး နဂါးဂိတ်ကို ဖြတ်သန်းသွားသော ငါးကြင်းတစ်ကောင်အလား အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။ သူက မျက်လုံးများမှိတ်၍ ကျင့်ကြံလိုက်ပြီး အံ့သြစရာကောင်းလွန်းသော အဖြစ်အပျက်ကို ချက်ချင်းအသုံးချလိုက်၏။

"မင်းမှာ ကောင်းကင်ဖျက်ဆီးရေး နတ်ခန္ဓာရှိတော့ရော ဘာအရေးလဲ။ မင်းက စွမ်းအားရှင်တစ်ယောက်ရဲ့ ဝိညာဥ်စွမ်းအားကို မယှဥ်နိုင်ပါဘူး"

အနက်ရောင်မီးတောက်များက ယဲ့ချန်ကို ဝါးမျိုကာနီးတွင် ရှောင်ရန်၏မျက်နှာထက်၌ လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ ကောင်းကင်ဖျက်ဆီးရေး နတ်ခန္ဓာက ရာနှုန်းပြည့် အသက်မဝင်သေးသောကြောင့် စွမ်းအားလုံလောက်လျှင် ဖျက်ဆီးနိုင်စွမ်း ရှိနေသည်။ တစ်ဖက်လူ၏ချီများ ကုန်ခမ်းသွားသောကြောင့် အောင်ပွဲရပြီဟု သူက အထင်မှားနေစဥ် ခရမ်းရောင်အလင်းတစ်ခုက ယဲ့ချန်၏ကိုယ်တွင်းမှ ရုတ်တရက် မြင့်တက်လာသည်။ အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ မဲနယ်၊ အပြာနှင့် ခရမ်းဟူသော အချိန်လေဟာနယ်ချီ ခုနစ်ရောင်က အနက်ရောင်မီးတောက်များကို လွင့်ပြယ်စေ၍ ယဲ့ချန်အား ကာကွယ်ပေးလိုက်သည်။ ထို့အပြင် သူ၏အရှိန်အဝါကလည်း ဆက်တိုက်မြင့်တက်လာကာ ခုခံနိုင်စွမ်းကလည်း တမဟုတ်ချင်း သန်မာလာ၏။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

"ဒါက အဆင့်ခုနစ်လား"

"အချိန်လေဟာနယ် အဆင့်ခုနစ်ခုလုံးကို နားလည်နိုင်တဲ့သူ တကယ်ရှိတယ်ပေါ့"

"ကျင့်ကြံသူတစ်ယောက်က ဒီလိုမျိုး စွမ်းဆောင်နိုင်တယ်လား"

"ကောင်းကင်ဘုံ ဒါဆိုရင် သူရဲ့အနာဂတ်က ဘယ်လောက်တောင် မြင့်မားနေမလဲ"

ပြိုင်ပွဲကို စောင့်ကြည့်နေသူအားလုံး ဤအဖြစ်ကြောင့် အုတ်အော်သောင်းတင်း ဖြစ်သွားကြ၏။ လူတိုင်းက အံ့သြမှုကြောင့် တွေဝေငေးမောနေကြပြီး ခဏအကြာတွင်မှ သတိပြန်ဝင်လာကြ၏။ သူတို့၏မျက်လုံးများက ဤမြင်ကွင်းကို အမှန်တကယ် မြင်နေရကြောင်း အတည်ပြုပြီးသောအခါ အသက်ရှူနှုန်းများပင် မြန်ဆန်လာသည်။ အချိန်လေဟာနယ် အဆင့်ငါးအထိ နားလည်ထားလျှင် စွမ်းအားရှင်တစ်ယောက် ဖြစ်လာနိုင်ပြီး အဆင့်ခြောက်ဆိုလျှင် အသန်မာဆုံးဖြစ်နိုင်ကာ အဆင့်ခုနစ်ဟူသော အရာက သူတို့စိတ်ပင်မကူးဝံ့သော၊ အရာရာကို ကျော်လွန်နေသည့် ဖြစ်တည်မှု ဖြစ်သည်။ ဤအရာက အဆင့်သစ်တစ်ခုသို့ တက်လှမ်းသွားခြင်းဖြစ်ကာ ထာဝရရှင်သန်သော နတ်ဘုရားပမာ အဆင့်အတန်း မြင့်မားပေသည်။ သာမန်တပည့်များသာမက ခေါင်းဆောင်အားလုံးလည်း အံ့အားသင့်နေကြပြီး ထာဝရပြည်ထောင်၏ အလေးပေးခံရသော ပါရမီရှင်များပင် ငယ်စဥ်က ဤသို့မစွမ်းဆောင်နိုင်ပေ။

မူလတွင် ရှောင်ရန်ကို အသုံးချ၍ ယဲ့ချန်ကို သတ်နိုင်မည်ဟု ထင်ထားခဲ့သော ရှန်းရန်၏မျက်လုံးများ မီးဝင်းဝင်းတောက်နေသည်။ ကံမကောင်းစွာဖြင့် ရှောင်ရန်က ယဲ့ချန်ကို အကန့်အသတ်အထိ တွန်းပို့ကာ အချိန်လေဟာနယ် အဆင့်ခုနစ်ကို နားလည်သွားစေခဲ့သည်။

"ဒီလိုပါရမီရှင်မျိုးကို ဘာဖြစ်ဖြစ် သတ်ပစ်ရမယ်။ သူသာ ဒီထက်ပိုပြီးအစွမ်းထက်လာရင် အနာဂတ်မှာ ငါနဲ့ မီးတောက်နီနန်းတော်အတွက် နေရာရှိမှာ မဟုတ်ဘူး"

သူက ဆိုးယုတ်စွာ ကြံစည်နေသော်လည်း သိုင်းပညာဖလှယ်ပွဲတွင် စွမ်းအားရှင်စာရင်းဝင် ကျင့်ကြံသူများ ရောက်ရှိနေသဖြင့် မဖြစ်နိုင်ပေ။

အမြဲတမ်း တည်ငြိမ်နေသော လင်လုံပင်လျှင် အံ့သြမှုကြောင့် မျက်ဝန်းလေးများ ဝိုင်းစက်နေသည်။ သူမ၏လက်ချောင်းများက တစ်ခုခုကို တွက်ချက်နေသော်လည်း ယဲ့ချန်၏ အသက်ရုန်းနှင့် အကြောင်းအရာအချို့ကို ကြည့်ရှုပြီးသောအခါ မြင်ကွင်းများ ဝေဝါးကုန်သည်။ ကျင့်ကြံသူအချို့၏ ကံကြမ္မာက ကောင်းကင်တာအိုနှင့် ပတ်သက်နေပြီး ကံကြမ္မာကို တွက်ချက်ရန် မဖြစ်နိုင်သောကြောင့် သူမက လုံးဝမမြင်ရပေ။

"အနာဂတ်မှာ သူက ဘယ်လိုအောင်မြင်မှုမျိုးအထိ ရယူနိုင်မှာလဲ"

ယဲ့ချန်၏ ကံကြမ္မာကို မည်သူမှ တွက်ချက်နိုင်မည် မဟုတ်သောကြောင့် လင်လုံက တစ်ချက်လှမ်းကြည့်လိုက်လေသည်။

All Chapters