← Chapters

မျက်ကန်းကြီး၏ အစွမ်း

Vol. 62 Ch. 860

မျက်ကန်းကြီး၏ အစွမ်း

Vol. 62 Ch. 860

အချိန်လေဟာနယ် အဆင့်ခုနစ်၏ အစွမ်းအောက်တွင် ရှောင်ရန်သည် အသံတစ်ချက်ပင် မထွက်နိုင်ဘဲ အမှုန့်ဖြစ်သွားသောကြောင့် ရှန်းရန်၏မျက်နှာ မည်းနက်သွားခဲ့သည်။ သူက လင်လုံကို တစ်ချက်လှမ်းကြည့်လိုက်သောအခါ သူမက သတိပေးဟန်ဖြင့် ပြန်ကြည့်နေကြောင်း တွေ့လိုက်ရသည်။ ရှောင်ရန်က သူ့အတွက် အသုံးမဝင်သောကြောင့် သေဆုံးသွားခြင်းက နှမြောစရာမရှိသော်လည်း လင်လုံ၏အမိန့်ကြောင့် ယဲ့ချန်က သတ်လိုက်ခြင်းဖြစ်လျှင် ကြက်ကို သတ်၍ မျောက်ကို ခြောက်ခြင်း ဖြစ်သည်။

"လင်လုံ မင်း ငါနဲ့ တိုက်ခိုက်လို့ ရပြီလား"

သတ်ဖြတ်လိုစိတ်ကြောင့် သူ၏မျက်လုံးများတွင် တိုက်ခိုက်လိုစိတ်များ ထင်ဟပ်လာပြီး အေးစက်စက် မေးလိုက်သည်။

"မစိုးရိမ်ပါနဲ့။ သိုင်းပြိုင်ပွဲပြီးရင် ငါက စကားအတိုင်း တိုက်ခိုက်မယ်"

လင်လုံ၏ မျက်နှာထက်တွင် အဓိပ္ပါယ်ပါသော အပြုံးတစ်ခုက လှပသော ပန်းတစ်ပွင့်နှယ် ပွင့်လန်းလာ၏။ အကယ်၍ ယဲ့ချန်သာ ရှောင်ရန်ကို သူ့စိတ်အတိုင်း သတ်ပစ်လိုက်လျှင် မီးတောက်နီနန်းတော်မှ ထိပ်တန်းကြယ်သခင်များ လှုပ်ရှားမည်ဖြစ်သော်လည်း လင်လုံ၏အမိန့်ဆိုလျှင် ပြဿနာတက်နိုင်သောကြောင့် ဒေါသတကြီး စိုက်ကြည့်နေရုံသာ တတ်နိုင်၏။ သို့သော် ယဲ့ချန်သာ ဆက်၍အသက်ရှင်နေလျှင် အနာဂတ်၌ သူတို့အတွက် ခြိမ်းခြောက်မှုကြီး ဖြစ်လာနိုင်သည်။

"မင်း နောက်ပြန်ဆုတ်တော့"

လုံယင် ရောက်ရှိလာပြီး ယဲ့ချန်၏ရှေ့တွင် ရပ်ကာ ပြောလိုက်ပြီး မျက်လုံးများတွင် လေးစားမှုများ ထင်ဟပ်နေသည်။ ယဲ့ချန်က ခေါင်းညိတ်၍ သက်ဆိုင်ရာအင်အားစုထံ ပြန်သွားလိုက်ပြီး လက်ရှိအချိန်မှစတင်ကာ သူက ထိပ်တန်းမဟာမိတ်၏ အကာအကွယ်ပေးခံရသော ပါရမီရှင်တစ်ယောက် ဖြစ်လာခဲ့သည်။ မလိုအပ်လျှင် သူတို့က ယဲ့ချန်ကို အသက်နှင့်ရင်း၍ စွန့်စားစေမည် မဟုတ်ပေ။ အချိန်လေဟာနယ် အဆင့်ခုနစ်ကို နားလည်ထားသော ပါရမီရှင်က စွမ်းအားရှင်တစ်ယောက်ထက်ပင် ပို၍အရေးပါသည်။ သူက အနာဂတ်၌ ထိုကျင့်ကြံသူများကို ဖိနှိပ်နိုင်သော ဖြစ်တည်မှု ဖြစ်လာနိုင်သောကြောင့် ဖြစ်သည်။

"ဘာဖြစ်ဖြစ် ဒီကောင့်ကို လွှတ်ပေးလိုက်လို့ မရဘူး"

"သူ့ကို သတ်ဖို့ အခွင့်အရေး ရှာရမယ်"

မီးတောက်နီနန်းတော်၏ ကြယ်သခင်များက အချင်းချင်း အသံဖြင့်ဆက်သွယ်၍ ကြံစည်နေကြသည်။ ပြိုင်ပွဲပြီးလျှင် ထိပ်တန်းမဟာမိတ်က ယဲ့ချန်ကို အစွမ်းကုန် အကာအကွယ်ပေးမည်ဖြစ်ရာ လုပ်ကြံရန်အတွက် မဖြစ်နိုင်ပေ။ နတ်အစေခံအဆင့် တိုက်ပွဲသည် သူ၏အစွမ်းကြောင့် စောစီးစွာ ပြီးဆုံးသွားခဲ့သည်။ မီးတောက်နီနန်းတော်ဘက်တွင် ပိုမိုသန်မာသော ဝှက်ဖဲများရှိသော်လည်း သူ၏ခွန်အားအောက် နိမ့်ကျသောကြောင့် အသတ်ခံရမည်ကို ကြောက်လန့်နေကြသည်။ အခြားတပည့်များ၏တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေပြီး ကျန်အင်အားစုများ၏ ကျင့်ကြံသူများမှာ ယဲ့ချန်ကို ကြည့်နေရင်း စိတ်မတည်ငြိမ်နိုင်ခဲ့ဘဲ လက်ရှိတွင် သူက စကားဝိုင်းတိုင်း၏ ခေါင်းစဥ် ဖြစ်နေခဲ့သည်။

ယဲ့ချန် ပြန်ရောက်လာသောအခါ ထိပ်တန်းမဟာမိတ်၏ တပည့်များက အော်ဟစ်ခုန်ပေါက်၍ အားပေးလိုက်ကြပြီး အလွန်ရိုသေလေးစားစွာ ကြည့်နေကြသည်။ ချန်ရဲဆိုသော နာမည်က ထိပ်တန်းမဟာမိတ်၏ ဂုဏ်ကျက်သရေ ဖြစ်လာခဲ့ပြီး တပည့်တိုင်း၏ အားကျဖွယ် ပန်းတိုင် ဖြစ်လာသည်။ လူအုပ်အတွင်းရှိနေသော ရှောင်လင်းသည် ယဲ့ချန်ကို စိုက်ကြည့်နေပြီး ချောမောသော မျက်နှာထက်တွင် အံ့သြမှုများ အတိုင်းသား ထွက်ပေါ်နေသည်။ အချိန်လေဟာနယ် အဆင့်ခုနစ်ကို နားလည်ထားသူအား လင်လုံ၏တပည့်ဖြစ်သော သူကိုယ်တိုင်ပင် မယှဥ်နိုင်ပေ။ ကြယ်သခင်အဆင့်တက်သွားသော ဆရာတူအစ်ကိုအစ်မများက ယှဥ်ပြိုင်နိုင်မည်ဖြစ်ပြီး ကျင့်ကြံဆင့်ကွာခြားမှုကြောင့်သာ အသာစီးရပေလိမ့်မည်။ အဆင့်တူချင်း၌ အချိန်လေဟာနယ် အဆင့်ခုနစ်က ပြိုင်ဘက်ကင်းဖြစ်သောကြောင့် ယဲ့ချန် မည်သို့နားလည်သွားကြောင်း သူက အလွန်သိချင်နေခဲ့သည်။

နတ်အစေခံတိုက်ပွဲအပြီးတွင် ကြယ်သခင်အဆင့် ပြိုင်ပွဲများ ဆက်လက်ကျင်းပနေပြီး ပိုမိုပြင်းထန်နေခဲ့သည်။ တပည့်တိုင်းက သက်ဆိုင်ရာအင်အားစုအတွက် အားပေးနေကြပြီး ပတ်ဝန်းကျင်က အလွန်သက်ဝင်လှုပ်ရှားနေ၏။ ကောင်းကင်သူတော်တစ်ယောက် လာကြည့်မည်ဟု သတင်းထွက်နေသော်လည်း လုံးဝထွက်ပေါ်မလာသောကြောင့် ကောလဟာလသက်သက်သာ ဖြစ်ပေလိမ့်မည်။ စွမ်းအားရှင်များက ဤသတင်းကို ရထားသော်လည်း တစ်ဖက်လူ ရောက်မလာသောကြောင့် ပဟေဠိဖြစ်နေကြပြီး တစ်ခုခုသော အကြောင်းအရင်းကြောင့်ဟု သတ်မှတ်လိုက်ကြသည်။ သို့သော် သူတို့မသိသည်မှာ ထိပ်တန်းမြင့်မြတ်နယ်မြေမှ ကီလိုမီတာသန်းချီဝေးကွာသော အရပ်ရှိ ကြယ်သေတစ်ခုပေါ်၌ တိုက်ပွဲတစ်ခု အပြင်းအထန် ဖြစ်ပွားခဲ့ကြောင်းပင်။

ကြယ်သေက မှောင်မည်းနေပြီး အစွမ်းထက်အစီအရင်ဖြင့် ကာကွယ်ထားသောကြောင့် မည်သူမှ မဝင်ရောက်နိုင်ပေ။ စကြဝဠာအတွင်း ယာဥ်ပျံများ ဖြတ်သန်းသွားလာနေသော်လည်း ကြယ်သေကို လုံးဝမတွေ့ဟန်ဖြင့် ဖြတ်ကျော်နေကြသည်။ ၎င်း၏မျက်နှာပြင်ထက်တွင် ဧရာမအပေါက်ကြီးများဖြစ်နေပြီး အနီးအနားရှိ ကြယ်များအားလုံးလည်း တိုက်ပွဲ၏စွမ်းအားကြောင့် ပျက်စီးသွားခဲ့သည်။ ခန္ဓာကိုယ်အထက်ပိုင်း ဗလာကျင်းထားသော ကတုံးတစ်ယောက်က တိတ်တဆိတ်ထိုင်နေပြီး ခန္ဓာကိုယ်တစ်ခုလုံး ဆေးမင်ကြောင်များရှိနေ၍ ဆန်းကျယ်ပုံပေါ်သည်။ သူ၏မျက်လုံးများက ဖွင့်ထားသော်လည်း မျက်ဆံလုံးဝမရှိဘဲ ဟောက်ပက်ကြီးဖြစ်နေခဲ့သည်။ အကယ်၍ ယဲ့ချန်သာရှိနေလျှင် ဤလူက သူနှင့်တွေ့ဆုံဖူးသော မျက်ကန်းကြီးဖြစ်ကြောင်း တစ်ချက်ကြည့်ရုံနှင့် သိသွားပေလိမ့်မည်။ သူက ဒဏ်ရာရထားဟန်ဖြင့် နှုတ်ခမ်းထောင့်တွင် သွေးများစီးကျနေပြီး တင်ပျဥ်ခွေထိုင်၍ ကျင့်ကြံနေခဲ့သည်။

မျက်ကန်းကြီး၏ဘေးတွင် အလောင်းတစ်ခု တိတ်တဆိတ် လဲကျနေပြီး ရေဖြင့် ပြုလုပ်ထားသကဲ့သို့ ဖောက်ထွင်းမြင်နေရသည်။ ထိုအလောင်းက မည်သည့်မျိုးနွယ်ဝင်မှန်း မသိရသော်လည်း လူသားတစ်ယောက်နှင့် ဆင်တူနေသည်။ အကယ်၍ ဗဟုသုတများသူတစ်ယောက်သာ ရှိနေလျှင် ဤအလောင်းမှာ အဆင့်နှစ်မျိုးနွယ်၊ ကောင်းကင်သူတော်တစ်ယောက် ဖြစ်နေသောကြောင့် ကြောက်လန့်သွားပေလိမ့်မည်။ ကောင်းကင်သူတော်မျိုးနွယ်ဝင်တိုင်းသည် အနိမ့်ဆုံး ကြယ်သခင်ဖြစ်ကြပြီး ပြင်ပလောကသို့ ထွက်ခွာလာသူများမှာ ကြယ်သခင်အဆင့်ထက်ပင် ကျော်လွန်တတ်ကြသည်။ သို့သော် ကောင်းကင်သူတော်တစ်ယောက်က မျက်ကန်းကြီး၏လက်ထဲတွင် အသတ်ခံခဲ့ရပြီး မျက်လုံးကန်းနေသူတစ်ယောက်တွင် ဤသို့သော ခွန်အားမျိုး ပိုင်ဆိုင်ထားကြောင်း တွေးကြည့်ရန်ပင် မလွယ်ပေ။

ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်း၊ ထိပ်တန်းမဟာမိတ်၏ သိုင်းပြိုင်ပွဲသို့ ကြည့်ရှုရန် လာရောက်ခဲ့သော ကောင်းကင်သူတော်မှာ လူမသိသူမသိ အသတ်ခံခဲ့ရ၏။ မျက်ကန်းကြီးက မျက်လုံးဟောက်ပက်ဖြင့် ကောင်းကင်သူတော်ကို စိုက်ကြည့်လိုက်ပြီး အလင်းတန်းတစ်ခုအဖြစ် လှစ်ခနဲ ပျောက်ကွယ်သွားကာ စကြဝဠာအတွင်း ထွက်ခွာသွားခဲ့သည်။ အချိန်ခဏအကြာတွင် ကောင်းကင်သူတော်၏ အလောင်းက မည်သည်မှမကျန်တော့သည်အထိ ပြာကျသွားခဲ့ပြီး ကြယ်သေကို ဖုံးကွယ်ထားသော အစီအရင်လည်း လျင်မြန်စွာ ပျောက်ကွယ်သွားလေသည်။

ထိပ်တန်းမဟာမိတ်၏ နယ်မြေတွင် ခေါင်းဆောင်များသည် ကောင်းကင်သူတော်က အလာလမ်းတွင် သတ်ဖြတ်ခံခဲ့ရကြောင်း မသိသဖြင့် ပြိုင်ပွဲကို ဆက်လက်ကျင်းပနေသည်။ အချိန်တိုင်းတွင် စင်မြင့်များဆီမှ အော်ဟစ်အားပေးသံများ ကျယ်လောင်စွာ ထွက်ပေါ်နေပြီး မီးတောက်နီနန်းတော်သည် ထိပ်တန်းမဟာမိတ်ကို အဆင့်တိုင်း၌ စိန်ခေါ်ခဲ့ပြီး အဆင့်နိမ့် ကြယ်သခင်နှင့် အလယ်အဆင့် ကြယ်သခင်ပြိုင်ပွဲများမှလွဲလျှင် အားလုံး ရှုံးနိမ့်ခဲ့သည်။ အရေအတွက်များပြားလှသော မီးတောက်နီနန်းတော်၏ တပည့်များက ခေါင်းဆောင်တိုင်းကို အံ့သြစေခဲ့သော်လည်း ထိပ်တန်းမဟာမိတ်၏အင်အားက ထင်ထားသည်ထက် ကျော်လွန်နေသည်။ နတ်အစေခံ အဆင့်တစ်ဆယ်ပြိုင်ပွဲတွင် ယဲ့ချန် ထွက်ပေါ်လာသကဲ့သို့ အခြားအဆင့်များတွင်လည်း ပုန်းကွယ်နေသူများ ထွက်ပေါ်လာခဲ့သည်။ မီးတောက်နီနန်းတော်သည် ထိပ်တန်းမဟာမိတ်ကို စိန်ခေါ်ခဲ့သော်လည်း တစ်ဖက်မှ အခြေခံအုတ်မြစ် ခိုင်မာလွန်းသောကြောင့် ပါရမီရှင်များစွာ ပိုင်ဆိုင်ထားသည်။

"ရှန်းရန် ကြည့်ရတာ ဒီတစ်ခေါက်လည်း မီးတောက်နီနန်းတော်က ရှုံးပြန်ပြီ"

လင်လုံသည် ရလဒ်ကို ကြိုသိနေသည့်အလား တည်တည်ငြိမ်ငြိမ် သတိပေးလိုက်သည်။

"ဒီပြိုင်ပွဲတွေက အရေးမပါဘူး။ လင်လုံ မင်းကို ငါ စိန်ခေါ်တယ်။ အခု တိုက်ခိုက်ရဲသလား"

ရှန်းရန်က ဒေါသတကြီးဖြင့် ဝုန်းခနဲ ထရပ်လိုက်ကာ မိုးချုန်းသံပမာ ကျယ်လောင်စွာ မေးလိုက်သည်။

"ဘာလို့ မတိုက်ခိုက်ရဲရမှာလဲ"

လင်လုံ၏တုံ့ပြန်စကားက များစွာမကျယ်လောင်သော်လည်း လူတိုင်း၏ စိတ်နှလုံးကို တုန်ယင်သွားစေခဲ့သည်။ သူမက လက်တစ်ဖက် ယမ်းလိုက်သောအခါ စကြဝဠာထဲတွင် အက်ကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။ သူမ၏ကျင့်ကြံဆင့်တွင် ဟင်းလင်းပြင်ကို ထိုးဖောက်ပြီး မိုင်သန်းရာချီအဝေးသို့ ချက်ချင်းသွားလာနိုင်သည်။ ကျင့်ကြံသူအားလုံးမှာ ဤစွမ်းအားကို ရရှိရန်အတွက် မျှော်လင့်နေကြပြီး စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြ၏။ ရှန်းရန်က နှာခေါင်းတစ်ချက်ရှုံ့၍ လှည့်ထွက်သွားကာ ထိုအက်ကြောင်းအတွင်း ဦးစွာဝင်ရောက်သွားသည်။ လင်လုံကလည်း ပျံသန်းလိုက်ပါသွားသောကြောင့် အဖြူရောင်အဝတ်များ တဖြတ်ဖြတ်လွင့်ပျံနေကာ အင်မော်တယ်တစ်ပါးပမာ ထင်မှတ်ရသည်။ အက်ကြောင်းအတွင်းမှ လောကသည် အလွန်အမင်း ကျယ်ဝန်းပြီး ပတ်ဝန်းကျင်၌ ကြယ်သေများစွာ မျောလွင့်နေ၏။ ကြယ်သေများပေါ်တွင် အကြောင်းအရင်းတစ်ခုကြောင့် မီးများလောင်ကျွမ်းနေပြီး နှစ်သန်းပေါင်းများစွာ တောက်လောင်နေသကဲ့သို့ ငြိမ်းသွားမည့်ပုံ မပေါ်ချေ။ စွမ်းအားရှင်နှစ်ယောက်လုံး ဝင်ရောက်သွားသော်လည်း အက်ကြောင်းက ပျောက်ကွယ်မသွားဘဲ လူတိုင်း တိုက်ပွဲကို မြင်နိုင်စေရန်အတွက် ပြသပေးနေသည်။

လင်လုံနှင့် ရှန်းရန်က မျက်နှာချင်းဆိုင်ရပ်နေပြီး အရှိန်အဝါများ ဆက်တိုက်မြင့်တက်လာကာ ကြယ်သေများအပေါ် တက်နင်းထားကြသည်။ လူတိုင်းက ကောင်းကင်သို့ မော့ကြည့်၍ ထိပ်တန်းမဟာမိတ်နှင့် မီးတောက်နီနန်းတော်၊ ခေါင်းဆောင်နှစ်ယောက်ကြားမှ တိုက်ပွဲကို မျက်တောင်မခတ်ဘဲ ကြည့်နေကြသည်။ နှစ်ပေါင်းထောင်ချီအတွင်း သူတို့က ထိပ်တန်းအဆင့် ကျင့်ကြံသူများဖြစ်ကာ ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်း၏ခွန်အားကို ကိုယ်စားပြုနိုင်ကြသည်။ ဤသို့သော တိုက်ပွဲမျိုးကို ကြည့်ရုံဖြင့် အနည်းငယ်မျှ ဉာဏ်အလင်းရလျှင်ပင် အကျိုးအမြတ် ကြီးမားစွာ ရပေလိမ့်မည်။

နှစ်ပေါင်းများစွာအကြာတွင် ရှန်းရန်က လင်လုံကို နောက်တစ်ကြိမ် စိန်ခေါ်ခဲ့ပြီး ရလဒ်ကို လူတိုင်း စိတ်ဝင်စားနေကြသည်။ ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းတွင် လင်လုံကို ပြိုင်ဘက်ကင်းဟု သတ်မှတ်ထားသော်လည်း ဤတစ်ကြိမ်၌ ရှန်းရန်က ပြင်ဆင်လာပုံရသည်။ လူတိုင်းက အနိုင်နှင့် အရှုံးကို သိချင်သောကြောင့် အာရုံစိုက်ကာ ကြည့်နေကြလေသည်။

All Chapters