နတ်အရိုး
Vol. 62 Ch. 861
ယဲ့ချန်သည် ကောင်းကင်သို့ မော့ကြည့်လိုက်သောအခါ စကြဝဠာအတွင်း၌ ပြိုင်ဘက်ကင်းအရှိန်အဝါကို ထုတ်ဖော်၍ မျက်နှာချင်းဆိုင်နေသော ပုံရိပ်ကြီးနှစ်ခုကို မြင်တွေ့နေရသည်။
"ယဲ့ချန် ခေါင်းဆောင်လင် အနိုင်ရမယ်လို့ ထင်လား"
ခြင်္သေ့ကြီးက မေးလိုက်ခြင်းဖြစ်ပြီး လင်လုံနှင့် မရင်းနှီးသောကြောင့် စိုးရိမ်မနေခဲ့ပေ။ သူမက လှပသော်လည်း သူ့အကြိုက်မျိုးမဟုတ်ဘဲ တန်လင်းအာကဲ့သို့ ဆွဲဆောင်အားပြင်းထန်သော မိန်းမငယ်လေးများကိုသာ စိတ်ဝင်စားသည်။
"ကျုပ်လည်း မသိဘူး။ ခေါင်းဆောင်လင် ရှုံးမယ်လို့တော့ မထင်ဘူး"
ယဲ့ချန်က ခေါင်းယမ်းပြလိုက်၏။
"ဒီလိုပဲမျှော်လင့်ရတာပဲ။ မဟုတ်ရင် ငါတို့နှစ်ယောက် ထွက်ပြေးနေရဦးမယ်။ မီးတောက်နီနန်းတော်က ငါတို့ကို အလွတ်ပေးမှာ မဟုတ်ဘူး"
ခြင်္သေ့ကြီးက ရေရွတ်လိုက်သည်။ ယဲ့ချန်သည် ချန်းယွမ်ပြောခဲ့သော စကားကို ပြန်အမှတ်ရသွားသောကြောင့် ရှန်းရန်ကို ကြည့်နေရင်း မျက်မှောင်ကြုတ်နေခဲ့သည်။ ပြဿနာမှာ ချန်းယွမ်ကို ကယ်တင်သွားသည့် နတ်သခင်ဆိုသည်က ရှန်းရန် ဖြစ်နိုင်သော်လည်း သူက လုံးဝမဟုတ်ဟု ခံစားနေရ၏။ အကယ်၍ ရှန်းရန်သာဆိုလျှင် မည်သည့်အတွက်ကြောင့် ယုလုကို ကောင်းကင်မူလကြယ်သို့ စေလွှတ်ခဲ့ရသနည်း။ သူ၏စိတ်ထဲတွင် နတ်သခင်သည် ရှန်းရန်ထက် ပို၍အစွမ်းထက်ကာ လောကကို ဖျက်ဆီးနိုင်သည်ဟု ခံစားနေရသည်။ ထို့အပြင် နတ်သခင်က ကျောက်စိမ်းနန်းတော်သခင် အကြီးအကဲကျိုးလီနှင့် အဆင့်တူချင်းပင် ဖြစ်နိုင်သည်။ သူ၏စိတ်ထဲတွင် သံသယများရှိနေပြီး အကယ်၍ ရှန်းရန်တွင် ကြောက်စရာ နောက်ခံတစ်ခုရှိနေလျှင် လင်လုံနှင့် တိုက်ပွဲရလဒ်ကို ခန့်မှန်းရန် ခက်ခဲနေပေလိမ့်မည်။
ဟင်းလင်းပြင်အက်ကြောင်းမှတဆင့် မိုင်ပေါင်းများစွာ ဝေးကွာသော နေရာမှ ပုံရိပ်များ ထင်ဟပ်နေသည်။ ရှန်းရန်၏မျက်နှာက အေးစက်နေပြီး ပတ်ဝန်းကျင်၌ မီးတောက်ပိုင်နက်တစ်ခု အသက်သွင်းလိုက်ကာ အနက်ရောင် ကျောက်စာနှစ်ချပ်လည်း ထွက်ပေါ်လာသည်။ ၎င်းတို့က ကြီးသွားလိုက်၊ ငယ်သွားလိုက်ဖြင့် ကျပန်းပြောင်းလဲနေကာ တိုက်ခိုက်ရေးစွမ်းအားရော ခုခံရေးစွမ်းအားပါ ပိုင်ဆိုင်ထားသည်။ ၎င်းတို့က အနန္တရှေးဟောင်းကျောက်စာများဖြစ်ကြောင်း ချက်ချင်းအမှတ်ရသွားသောကြောင့် ယဲ့ချန်က အနည်းငယ် အံ့သြသွားခဲ့သည်။ သူက ၎င်း၏အသုံးဝင်ပုံကို ရှာမတွေ့သေးသော်လည်း ရှန်းရန်၏ လက်အတွင်း၌ ၎င်းတို့က ကြောက်စရာကောင်းအောင် အစွမ်းထက်နေပုံပေါ်သည်။ ၎င်းတွင် ပြိုင်ဘက်ကင်းနတ်ဆိုးကျင့်စဥ်များ မှတ်တမ်းတင်ထားသောကြောင့် ရှန်းရန်က သင်ယူထားခြင်း ဖြစ်နိုင်သည်။
ရှန်းရန်က တစ်ခုခုကို ရေရွတ်လိုက်သောအခါ ခန္ဓာကိုယ်ထက်၌ ကျိန်စာရုန်းများ တဖြတ်ဖြတ် ထွက်ပေါ်လာ၏။ လင်လုံသည် အကွာအဝေးတစ်ခုတွင် မျက်နှာချင်းဆိုင်ရပ်နေခဲ့ပြီး မျက်နှာထားတည်ငြိမ်နေကာ လှုပ်ရှားမှု မရှိပေ။ သူမက တည်ငြိမ်မြဲအတိုင်း တည်ငြိမ်နေသော်လည်း အရှိန်အဝါဖြင့် တစ်ဖက်လူကို ဖိနှိပ်ထားသည်။
"လင်လုံ ဒီတိုက်ပွဲကို ငါ အနိုင်ရလိမ့်မယ်"
ရှန်းရန်၏မျက်လုံးများက အနက်ရောင်တောက်ပနေပြီး လင်လုံကို အနိုင်ယူကာ အရှက်ရမှုကို ဆေးကြောရန်အတွက် နတ်ဆိုးလမ်းစဥ်အတွင်း ကျရောက်နေပြီဖြစ်သည်။
"မင်းက မောက်မာပြီး ဒေါသကြီးလွန်းတဲ့အတွက် သိုင်းပညာရဲ့ အနှစ်သာရကို နားလည်ဖို့ အလွန်ခက်တယ်။ ငါ့ကိုအနိုင်ယူဖို့ မဖြစ်နိုင်ဘူး"
လင်လုံက တည်တည်ငြိမ်ငြိမ် ပြောလိုက်ပြီး သူမ၏ပတ်ဝန်းကျင်တွင် အလင်းရောင်များ လည်ပတ်နေကာ လေထဲ၌ ကြာပန်းများ ပွင့်လန်းလာသည်။
"ငါ့ကို ဆရာလာလုပ်မနေနဲ့။ ဒီကျောက်စာနှစ်ချပ်နဲ့ဆိုရင် မင်းကို အနိုင်ယူနိုင်လိမ့်မယ်"
ရှန်းရန်က အေးစက်စက် နှာခေါင်းရှုံ့လိုက်သောအခါ ကျောက်စာနှစ်ချပ်သည် လျင်မြန်စွာ လည်ပတ်လာသည်။
"မင်းမှာ ဒီကျောက်စာတွေရှိရင်တောင် အသုံးမဝင်ဘူး"
လင်လုံက ခေါင်းမော့၍ ပြောလိုက်သောအခါ ပြိုင်ဘက်ကင်း တည်ငြိမ်သော အလှတစ်မျိုး ထွက်ပေါ်လာ၏။
"ဟမ့် ကိုယ့်ကိုကိုယ် အထင်ကြီးနေပါလား။ တိုက်ခိုက်ပြီးရင် ငါ့အကြောင်း သိရလိမ့်မယ်"
ရှန်းရန်က အော်ဟစ်၍ ညာလက်ကို ယမ်းလိုက်သောအခါ ကျိန်စာရုန်းများက လေထဲ ပြေးထွက်လာကာ လင်လုံထံ မိုးရွာသကဲ့သို့ ကျဆင်းလာသည်။ လင်လုံ၏လက်များက ကြာပန်းသဏ္ဍာန် လက်ဟန်တစ်ခု ဖန်တီးလိုက်သောအခါ ပတ်ဝန်းကျင်ရှိ ပွင့်ချပ်များသည် ဖြည်းညှင်းစွာ ပွင့်လန်းလာ၍ တဖိတ်ဖိတ်တောက်နေသော အလင်းတန်းများကို ထုတ်ဖော်လိုက်၏။ ကျိန်စာရုန်းများက နတ်အလင်းတန်းနှင့် တွေ့သောအခါ တဘန်းဘန်းပေါက်ကွဲသွားပြီး လင်လုံကို လုံးဝ အန္တရာယ်မပေးနိုင်ခဲ့ချေ။ ၎င်းတို့က အချင်းချင်းပြိုင်ဆိုင်နေပြီး ပေါက်ကွဲမှုမှာ မျက်စိကျိန်းစပ်လောက်အောင် တောက်ပနေသဖြင့် သာမန်ကျင့်ကြံသူများအနေဖြင့် တိုက်ပွဲအခြေအနေကို မမြင်နိုင်ပေ။ ရုန်းအချို့က ပတ်ဝန်းကျင်ရှိ ကြယ်သေများကို ထိမှန်သွားသောအခါ ဘုန်းခနဲ မြည်ဟီး၍ အပိုင်းပိုင်းအစစ ပေါက်ကွဲကုန်သည်။ စွမ်းအားရှင်နှစ်ယောက်၏ တိုက်ပွဲသည် ကမ္ဘာတုန်လောက်သည်ဟု ဆိုနိုင်ပြီး ကျိန်စာရုန်းများနှင့် ကြာပန်းများ ထိမှန်နေကြသည်။ ကြယ်အပိုင်းအစများသည် ဘက်ပေါင်းစုံသို့ ပြန့်ထွက်သွားကာ ခဏအတွင်း ကြယ်ပေါင်းရာချီ ဖျက်ဆီးခံလိုက်ရသည်။
"သေစမ်း"
ရှန်းရန်သည် ဝိညာဥ်အသိစိတ်ဖြင့် ပုံရိပ်ကြီးတစ်ခု ဖန်တီးကာ လင်လုံထံ လက်သီးတစ်ချက် ထိုးလိုက်သောအခါ လမ်းတလျှောက်ရှိ ကြယ်များ ပေါက်ကွဲကုန်သည်။ သူ၏ပုံရိပ်က ပေတစ်သောင်းကျော် မြင့်မားပြီး ကြယ်များကိုပင် လက်ဖြင့် ကောက်ယူနိုင်လောက်သဖြင့် လောကကြီးကို ငုံ့ကြည့်နေသည့် နတ်ဘုရားပမာ ထင်မှတ်ရသည်။ လူတိုင်းက သူ၏လက်သီးချက်ကို မြင်သောအခါ မင်သက်နေကြပြီး ပြိုင်ဘက်ကင်လက်သီးချက်ဟု ထင်မှတ်ရကာ ဟင်းလင်းပြင်ပင် တုန်ခါနေခဲ့သည်။ လင်လုံကမူ မျက်နှာတစ်ချက်ပင်မပျက်ဘဲ ကျောက်စိမ်းပမာ ဖြူဖွေးသော လက်ကလေးကို ဆန့်ထုတ်၍ ပေါ့ပေါ့ပါးပါး ရိုက်ထုတ်လိုက်၏။ ရိုးရှင်းလှသော ဤရိုက်ချက်က ဆန်းကျယ်မြင့်မြတ်နေကာ များစွာသော တာအိုနိယာမများ ပေါင်းစပ်ပါဝင်နေသည်။
"ဘန်း"
မရေမတွက်နိုင်သော အချိန်လေဟာနယ်ချီများမှာ မီးတောင်ပေါက်ကွဲသကဲ့သို့ တောက်ပစွာ ထွက်ပေါ်လာကြသည်။ ဧရာမလက်သီးအလင်းကြီးက လေထဲတွင် တန့်သွားပြီး ရှေ့ဆက်မတိုးနိုင်ခဲ့ပေ။ လင်လုံသည် ရှန်းရန်၏ ကြမ်းတမ်းပြင်းထန်သော လက်သီးချက်ကို သာမန်လက်ဝါးတစ်ချက်ဖြင့် အလွယ်တကူ တားမြစ်လိုက်သည်။ ပို၍အံ့သြစရာကောင်းသည်မှာ လက်သီးထက်တွင် အက်ကြောင်းများ ဖြစ်ပေါ်လာပြီးနောက် ပုံရိပ်တစ်ခုလုံးသို့ ပြန့်ထွက်သွားကာ အချိန်မရွေး ပေါက်ကွဲသွားနိုင်ချေရှိ၏။ သူ၏ဝိညာဥ်ပုံရိပ် အက်ကြောင်းထင်သွားသည်ကို ရှန်းရန်က အံ့သြမနေခဲ့ပေ။ အကယ်၍ သူသာ လက်သီးတစ်ချက်တည်းဖြင့် အနိုင်ယူနိုင်လျှင် လင်လုံသည် ကြယ်အဖွဲ့အစည်းတစ်ခုလုံး၌ နံပတ်တစ် ဖြစ်နေမည် မဟုတ်ပေ။
"လင်လုံ ကြည့်ရတာ မင်းရဲ့ကြာပန်းစည်းက ပိုပြီးတိုးတက်လာပုံရတယ်"
ရှန်းရန်က စမ်းသပ်ရန်အတွက် တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။ သို့သော် လင်လုံက တစ်ချက်ပြုံးလိုက်သောအခါ အက်ကြောင်းထင်နေသော ပုံရိပ်ကြီးထံမှ ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာပြီး လေထဲတွင် ချက်ချင်းပြိုကျသွားခဲ့သည်။ ထို့ကြောင့် သူက မျက်နှာပျက်သွားပြီး အက်ကြောင်းထင်ရုံသာဆိုလျှင် ပြဿနာမရှိသော်လည်း တစ်ဖက်လူ၏တိုက်ကွက်က ပိုမိုသန်မာနေခဲ့သည်။ အစွမ်းအထက်ဆုံး ကောင်းကင်တာအိုသည်သာ သူ၏ဝိညာဥ်ပုံရိပ်ကို အလွယ်တကူ ဖြိုခွဲပစ်နိုင်ပေလိမ့်မည်။ သူက ကျင့်ကြံဆင့်မြင့်မားလာတိုင်း သူမကို ယှဥ်နိုင်ပြီဟု ထင်မှတ်ခဲ့သော်လည်း တစ်ဖက်လူက သူ့ထက် ပိုမြန်နေကာ နောက်ဆုံးတွင် ရှုံးနိမ့်ခဲ့ရလေသည်။ သူက အံကြိတ်၍ လက်သီးဆုပ်ထားလိုက်ပြီး မျက်လုံးများမှာ မူမမှန်လောက်အောင် မည်းနက်နေသည်။
"ရှန်းရန် မင်း ငါ့ကို မနိုင်ဘူး"
လင်လုံ၏ပတ်ဝန်းကျင်၌ ကြာပန်းများ မျောလွင့်နေကာ အလင်းတန်းများ လှည့်ပတ်နေကြသည်။ သူမသည် အညစ်အကြေး မြူတစ်မှုန်ပင်မရှိသော အဖြူရောင်ဝတ်ရုံကို ဆင်မြန်းထားကာ ဤလောကကြီးနှင့် မသက်ဆိုင်သော အလှမျိုး ထွက်ပေါ်နေသည်။
"မင်းက ယုံကြည်မှု လွန်ကဲနေပြီ။ ငါက မင်းကို အကြိမ်အနည်းငယ် ရှုံးနိမ့်ခဲ့ရပေမယ့် ဒီတစ်ခေါက်က မတူဘူး။ ဒီလောကကြီးမှာ လမ်းမှန်ကျင့်စဥ်နဲ့ နတ်ဆိုးကျင့်စဥ်ကို ပေါင်းစပ်နိုင်သူရှိရင် ငါဆိုတဲ့ ရှန်းရန်တစ်ယောက်တည်း ရှိလိမ့်မယ်"
ရှန်းရန်၏အသံက ကျယ်လောင်စွာ ထွက်ပေါ်လာပြီး လူနှစ်ယောက်အဖြစ် ခွဲထွက်သွားကာ တစ်ယောက်မှာ ရွှေရောင်တောက်ပနေသည့် ချပ်ဝတ်ကို ဝတ်ဆင်ထား၍ ကျန်တစ်ယောက်ထံမှ နတ်ဆိုးအရှိန်အဝါများ ထွက်ပေါ်နေသည်။ နှစ်ယောက်လုံးက ပြိင်တူအော်ဟစ်လိုက်ကြပြီး လေထဲတွင် အသံက ပဲ့တင်ထပ်နေသည်။ ရှန်းရန်နှစ်ယောက်တွင် တစ်ယောက်က ကြီးကျယ်ခမ်းနားပုံပေါ်ပြီး ကျန်တစ်ယောက်က ရက်စက်ကြမ်းကြုတ်နေသော်လည်း နှစ်ယောက်လုံး စကားပြောလိုက်သောအခါ မောက်မာမှုများ ထင်ဟပ်နေသည်။
"လမ်းစဥ်နှစ်ခုကို ပေါင်းစပ်ချင်ရင် ကျင့်ကြံသူက ကြင်နာတတ်တဲ့ နှလုံးသား ရှိရမယ်။ မဟုတ်ရင် နတ်ဆိုးတာအိုကြောင့် အသိစိတ် လွတ်သွားနိုင်တယ်"
"ဟား ဟား ကြင်နာတတ်ရမယ် ဟုတ်လား။ ငါ့စိတ်ကို ငါ ပိုင်ပြီး ငါလုပ်ချင်တာ လုပ်မယ်။ လောကကြီးရဲ့ အကောင်းနဲ့ အဆိုးကို ငါကိုယ်တိုင် ဆုံးဖြတ်မယ်။ ငါ ရှန်းရန်က နတ်ခန္ဓာကို အောင်မြင်တော့မယ်။ လင်လုံ မင်း ဒီအဆင့်ကို မရောက်သေးဘူးမလား"
နတ်ဆိုးရှန်းရန်က မောက်မာစွာ ရယ်မောလိုက်ပြီး လင်လုံကို အထင်သေးစွာ ရှုံ့ချလိုက်သည်။ သူ၏ကိုယ်ပွားနှစ်ယောက်အတွင်း တဖိတ်ဖိတ်တောက်ပနေသော အရာတစ်ခု ရှိနေသည်ကို မြင်တွေ့နိုင်သည်။
"နတ်အရိုး"
လင်လုံ၏မျက်နှာက အနည်းငယ် ပြောင်းလဲသွားပြီး တစ်ဖက်လူသည် နတ်အရိုးနှင့် စွန့်စား ပေါင်းစပ်ထားခဲ့သည်။ အဆင့်သုံးမျိုးနွယ်ဝင် တစ်ယောက်အနေဖြင့် ထိပ်တန်းကြယ်သခင်အဆင့် အထက်သို့ကျော်ဖြတ်ရန် အလွန်တရာခက်ခဲလှပြီး သူမကိုယ်တိုင်ပင် ဤအဆင့်သို့ မတက်လှမ်းနိုင်သေးပေ။ စကြဝဠာ၏ သမိုင်းကြောင်းအတွင်း ထွက်ပေါ်ခဲ့သော အစွမ်းထက်တည်ရှိမှုများက နတ်အရိုး၊ နတ်သွေးစက်၊ ဝိညာဥ်အဆီအနှစ်ကဲ့သို့ အဖိုးတန်ရတနာများကို ချန်ထားရစ်တတ်ကြသည်။ သူမတွင် ဤရတနာအချို့ ပိုင်ဆိုင်ထားသော်လည်း အလျင်စလို မပေါင်းစပ်ဝံ့ချေ။ သူမ၏ ရှာဖွေတွေ့ရှိမှုများအရ ၎င်းတို့တွင် အမျိုးမျိုးသော ဂုဏ်သတ္တိများ ပိုင်ဆိုင်ထားကာ အဆုံးမဲ့ဆန်းကျယ်မှုများ ပါဝင်နေသဖြင့် ခန္ဓာကိုယ်အတွင်း ပေါ့ပေါ့ဆဆ ပေါင်းစပ်မိလျှင် ပေါက်ကွဲသေဆုံးသွားနိုင်သည်။ သို့သော် ရှန်းရန်က နတ်အရိုးကို ကိုယ်တွင်းသို့ အမှန်တကယ် ပေါင်းစပ်ခဲ့သောကြောင့် အံ့သြစရာကောင်းလွန်းနေသည်။
"ရှန်းရန် နတ်မိုးကြိုးကပ်ဘေးကို မကြောက်ဘူးလား"
လင်လုံက ခဏအတွင်း ချက်ချင်းပြန်လည် တည်ငြိမ်သွားခဲ့သည်။
"ဘာကို ကြောက်ရမှာလဲ။ ငါက အကြောက်အလန့်ကင်းပြီး ကောင်းကင်ကတောင် ငါ့ကို ကြောက်ရမယ်"
ရှန်းရန်၏ ရယ်မောသံက စကြဝဠာတစ်ခွင် ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည်။ ဤတိုက်ပွဲနှင့် စကားများကို ကြည့်ရှုနေသူအားလုံး ကြားနေရသဖြင့် သာမန်တပည့်များက စိတ်ရှုပ်သွားကာ နတ်အရိုးအကြောင်း မကြားဖူးကြပေ။ ကျန်တစ်ဖက်တွင် စွမ်းအားရှင်အုပ်စုက စိုးရိမ်နေကြပြီး နတ်အရိုး၏ အစွမ်းထက်ပုံကို သိထားကြသည်။ မဟာလမ်းစဥ် တော်ဝင်သင်္ချိုင်းနှင့် ရှေးဟောင်းနယ်မြေများတွင် သူတို့သည်လည်း ဘိုးဘေးများ ချန်ထားရစ်ခဲ့သော နတ်အရိုး၊ နတ်သွေးစက်နှင့် ဝိညာဥ်အဆီအနှစ်များ ရရှိခဲ့ကြသည်။ လွန်ခဲ့သော နှစ်တစ်ထောင်အကြာက စွမ်းအားရှင်တစ်ယောက်သည် နတ်သွေးတစ်စက်ကို ဝါးမျိုခဲ့သော်လည်း နောက်ဆုံးတွင် ပေါက်ကွဲသေဆုံးခဲ့ရသည်။ ဤရတနာများတွင် အချို့က အားနည်းသော်လည်း အချို့မှာ ကောင်းကင်ကို ဆန့်ကျင်နိုင်လောက်အောင် အစွမ်းထက်၏။
ယဲ့ချန်သည် မျက်မှောင်ကြုတ်၍ လက်မောင်းကာအတွင်း ရှိနေသော နတ်သွေးစက်ပုလင်းကို အမှတ်ရလိုက်မိသည်။ ၎င်းက သူ၏ကျင့်ကြံဆင့်ကို မြင့်တက်လာစေရန် ကူညီနိုင်မည်လားဟု သိချင်နေမိသည်။ ထို့အပြင် ခြင်္သေ့ကြီးက လက်နက်အဖြစ် ရထားသော အရိုးကြီးကလည်း နတ်အရိုး ဖြစ်နိုင်လေသည်။