← Chapters

လင်လုံနှင့် တွေ့ဆုံခြင်း

Vol. 62 Ch. 863

လင်လုံနှင့် တွေ့ဆုံခြင်း

Vol. 62 Ch. 863

အစစ်အမှန် သိုင်းပညာပြိုင်ပွဲ ပြီးဆုံးသွားသောအခါ အင်အားစုတိုင်းသည် ပါရမီရှင်များကို စုဆောင်းနိုင်ခဲ့ကြသည်။ ထိပ်တန်းမဟာမိတ်၏ ခွန်အားကြောင့် ရှစ်ဆယ်ရာခိုင်နှုန်းသော ပါရမီရှင်များ ဝင်ရောက်လာကြ၏။ ယဲ့ချန်သည် သွေးသစ်သီး၊ တိမ်နက်ချပ်ဝတ်နှင့် အခြားဆုလာဘ်များကို ရရှိခဲ့သော်လည်း သွေးသစ်သီးမှအပ အခြားရတနာများမှာ သူ့ကို မဆွဲဆောင်နိုင်ပေ။ လက်တစ်ဖက်တည်းဖြင့် ကိုင်ဆောင်ထားနိုင်ပြီး ကြည်လင်တောက်ပကာ သန့်စင်သော သွေးချီများ ပါဝင်နေသည့် သစ်သီးကို သူက ငုံ့ကြည့်လိုက်သည်။ စိတ်ကို လတ်ဆတ်လန်းဆန်းစေသော အနံ့တစ်ခု ထွက်ပေါ်နေသဖြင့် ရှူလိုက်မိရုံဖြင့် တစ်ကိုယ်လုံး ခွန်အားများ ပြည့်နှက်သွားစေနိုင်သည်။ ၎င်းကို သန့်စင်စုပ်ယူလိုက်လျှင် ကျင့်ကြံသူတစ်ယောက်က ကြယ်သခင်အဆင့်သို့ ရှင်းဟွမ်၏အကူအညီ မလိုအပ်ဘဲ တိုက်ရိုက်တက်ရောက်နိုင်သည်။ အသေအချာ တွက်ချက်ပြီးနောက် သူက ကြယ်သခင်အဆင့်သို့ ချက်ချင်းမတက်ရန် ဆုံးဖြတ်လိုက်သည်။

ယဲ့ချန်သည် အချိန်လေဟာနယ် အဆင့်ခုနစ်အထိ နားလည်ထားသော်လည်း နောက်ထပ်ချီနှစ်မျိုးကို မြင်ခဲ့ရသောကြောင့် အဆင့်မတက်ခင် ၎င်းတို့ကိုပါ နားလည်ဆင်ခြင်ရန် တွေးထားခဲ့၏။ သူက သွေးသစ်သီးကို ကျောက်စိမ်းသေတ္တာအတွင်း သိမ်းဆည်း၍ မိုးကြိုးလက်စွပ်အတွင်း ထည့်သွင်းလိုက်သည်။ အင်အားစုအသီးသီး၏ ခေါင်းဆောင်များသည် တပည့်များကို ခေါ်ဆောင်၍ ထွက်ခွာနေသဖြင့် မြင့်မြတ်နယ်မြေ၏ ကောင်းကင်ယံ၌ ယာဥ်ပျံများ ပြည့်နှက်နေသည်။

"ငါ့လင်းအာလေး ဒီည ရေချိုးသန့်စင်ပြီးရင် ငါ့အိပ်ခန်းကို လာဖို့ မမေ့နဲ့နော်"

ခြင်္သေ့ကြီးက ဆွဲဆောင်အားပြင်းသော တန်လင်းအာကို ကြည့်နေရင်း လျှာသပ်လိုက်သည်။

"ငါပြောတာက နင်က မီးတောက်နီနန်းတော်ရဲ့ တပည့်အားလုံးကို အနိုင်ယူနိုင်မှ အိပ်ပေးမယ်။ နင်က ရှောင်ရန်ကို မယှဥ်နိုင်ဘူးမလား။ ဂိုဏ်းတူအစ်ကိုချန်ကသာ သူ့ကို အနိုင်ယူခဲ့တယ်"

သူမက တစ်ချက်ရယ်မော၍ ခြင်္သေ့ကြီး၏ခေါင်းကို လက်သီးဖြင့် ထိုးလိုက်သည်။

"ဒါက အတူတူပဲ မဟုတ်ဘူးလား"

"ဘာမှမတူဘူး"

"မင်းက လိမ်ညာနေတာပဲ"

ခြင်္သေ့ကြီးမှာ ပြိုင်ပွဲဝင်ခဲ့ရသော်လည်း ဆုလာဘ် မရတော့သဖြင့် သနားစရာကောင်းနေသည်။

"ဒီလိုဆိုရင် ဘယ်လိုလဲ။ နင်က ငါ့ခွင့်ပြုချက်မရှိဘဲ ငါ့ကို လှဲချနိုင်တယ်ဆိုရင်တော့ စမ်းကြည့်ပေါ့"

ထိုအချိန်၌ တန်လင်းအာသည် မှော်ခြင်္သေ့များ ခြံရံလျက် ထွက်ခွာသွားပြီဖြစ်သည်။ သူမက တစ်ချက်ပြုံးပြသွားသဖြင့် လှပနေသောအခါ ခြင်္သေ့ကြီးက မင်သက်သွားခဲ့သည်။

"ဒီကောင်မလေးက ငါရဲ့သူရဲကောင်းအသွင်ကို လေးစားနေပြီ ထင်တယ်။ မင်းရော ဒီလိုမထင်ဘူးလား"

ခြင်္သေ့ကြီးက တန်လင်းအာ၏ နောက်ပိုင်းအလှကို ငေးမောနေရင်း ရယ်မောလိုက်သည်။ သူက အရှက်မဲ့စွာ ပြောဆိုနေသောကြောင့် ယဲ့ချန်က မကြားဟန်ဆောင်နေလိုက်သည်။

"ငါတို့ နောက်တစ်ကြိမ် တွေ့ကြပြန်ပြီ"

ယဲ့ချန်၏ရှေ့မှောက်တွင် ရှောင်လင်းက ထွက်ပေါ်လာခဲ့သည်။ ရှောင်လင်းသည် အစိမ်းရောင်ဝတ် ဝန်ထမ်းဖြစ်ကြောင်း အမှတ်ရလိုက်သဖြင့် ယဲ့ချန်က အံ့သြနေပြီး တစ်ဖက်လူ၏ အကြောင်းအရင်းကို သိချင်နေသည်။

"ငါ့ဆရာက မင်းတို့ကို တွေ့ချင်နေတယ်။ ကျေးဇူးပြုပြီး လိုက်ခဲ့ပေးပါ"

ရှောင်လင်းက ယဥ်ကျေးစွာ ဖိတ်ခေါ်လိုက်သည်။

"မင်းရဲ့ဆရာက ဘယ်သူလဲ"

ယဲ့ချန်က သံသယဖြင့် မေးခွန်းထုတ်လိုက်သည်။

"ခေါင်းဆောင်လင်လုံ"

ရှောင်လင်းက တစ်ချက်ပြုံးပြလိုက်သောအခါ ယောကျ်ားတစ်ယောက်ပမာ ဝတ်စားထားသော်လည်း အခြားလူများကို ဆွဲဆောင်နိုင်စွမ်းရှိနေသည်။ ထို့ကြောင့် ယဲ့ချန်သည် တစ်ဖက်လူက မိန်းကလေးတစ်ယောက်ဖြစ်ကြောင်း နားလည်သွားသည်။ အလွန်လှပသော မိန်းကလေးတစ်ယောက်က ယောကျ်ားလေးဟန်ဆောင်​နေခြင်းက ထူးဆန်းသော်လည်း သူမက မပြောလိုသဖြင့် သူက အလိုက်တသိ မသိဟန်ဆောင်လိုက်သည်။ သူမက လင်လုံ၏ တိုက်ရိုက်တပည့် ဖြစ်နေသောကြောင့် သေချာပေါက် ထူးခြားနေမည်ဖြစ်ရာ ကျင့်ကြံဆင့်ကို ထွင်းဖောက်မမြင်ရသည့် အကြောင်းအရင်းကို သူက နားလည်သွားသည်။ ခေါင်းဆောင်လင်လုံက သူနှင့် ခြင်္သေ့ကြီးကို တွေ့ချင်နေမည်ဟုလည်း မျှော်လင့်မထားပေ။

"ခြင်္သေ့ကြီး ကျုပ်တို့ ခေါင်းဆောင်လင်ကို သွားတွေ့ရမယ်"

ထို့နောက် ရှောင်လင်း၏ ဦးဆောင်မှုဖြင့် ယဲ့ချန်နှင့် ခြင်္သေ့ကြီးက ပျံသန်းလိုက်ပါလာကြသည်။

"ဒီကောင်က ယောကျ်ားလေးတစ်ယောက်ဖြစ်ဖို့ ချောမောလွန်းနေတယ်။ မိန်းကလေးတစ်ယောက် ဖြစ်ရမယ်"

ခြင်္သေ့ကြီးက ရှောင်လင်း၏ နောက်ပိုင်းကို တစ်ချက်ခိုးကြည့်ကာ ယဲ့ချန်အား တီးတိုးပြောလိုက်သည်။ ရှောင်လင်းက ကြားသွားဟန်ဖြင့် နောက်လှည့်ကာ တစ်ချက်ကြည့်လာခဲ့သည်။

"တွေ့လား မင်းရဲ့အပြုအမူတွေက မိန်းကလေးအတိုင်းပဲ။ ငါပြောတာ မှန်တယ်"

တစ်ဖက်လူ၌ ယောက်ျားလေးအဖြစ် ဟန်ဆောင်ထားရသော အကြောင်းအရင်း ရှိနေနိုင်သဖြင့် ယဲ့ချန်က သူ့ကို ရပ်တန့်ရန် အချက်ပြလိုက်သည်။

"မင်းက ငါ့ကို မယုံဘူးလား။ ဒါဆိုရင် သူ့ကို မြေပေါ် လှဲသိပ်ပေးမယ်။ မင်းက အဝတ်အစားတွေ ချွတ်ကြည့်လိုက်"

ယဲ့ချန်က မယုံဟု အထင်မှားသွားသောကြောင့် ခြင်္သေ့ကြီးက ရဲတင်းစွာ ပြောလိုက်သည်။

"ဘန်း"

သို့သော် သူ၏ခေါင်းက ရုတ်တရက် အရိုက်ခံလိုက်ရသည်။

"ဘယ်သူလဲကွ ငါ့ကို ရိုက်တာ။ မင်းမှာ သတ္တိရှိရင် ထွက်လာစမ်း။ အရှင်လတ်လတ် အရေခွံခွာပစ်မယ်"

သူက ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သော်လည်း မည်သူ့ကိုမှမတွေ့ရသဖြင့် ဒေါသထွက်နေသည်။ သို့သော် ထိုအချိန်၌ နောက်တစ်ကြိမ် အရိုက်ခံလိုက်ရပြန်သည်။ ရှောင်လင်း၏ အနောက်တွင် ရှိနေသော ယဲ့ချန်သည် သူမ လှုပ်ရှားလိုက်သည်ကို မမြင်ရသော်လည်း ခြင်္သေ့​ကြီးကို ရိုက်နှက်နေသူဖြစ်ကြောင်း သေချာနေခဲ့သည်။ ပတ်ဝန်းကျင်၌ လှုပ်ရှားသွားသော အချိန်လေဟာနယ်ချီများတွင် သူမ၏အရှိန်အဝါများ ထင်ဟပ်နေကာ တိုက်ခိုက်မှုက မြန်ဆန်လွန်းနေသည်။ ထင်ထားသည့်အတိုင်းပင် စွမ်းအားရှင်တစ်ယောက်၏ တပည့်ကို ပေါ့သေးသေးသတ်မှတ်၍ မရပေ။ သူမသည်လည်း အဆင့်တစ်ဆယ် နတ်အစေခံတစ်ယောက် ဖြစ်သောကြောင့် ထိပ်တန်းမဟာမိတ်၌ ဝှက်ဖဲများရှိကြောင်း သူက နားလည်လိုက်ရသည်။ ရှောင်လင်း၏ ခွန်အားဖြင့်ဆိုလျှင် ရှောင်ရန်ကို အနိုင်ယူရန် ဖြစ်နိုင်သည်။

"ငါ ဒေါသထွက်နေပြီ။ ဟိုကောင်မလေး နင် လုပ်လိုက်တာမလား။ ငါသာ ပြန်မတိုက်ခိုက်ရင် အစွယ်မရှိတဲ့ ကြောင်တစ်ကောင်လို့ ထင်နေဦးမယ်"

ခြင်္သေ့ကြီးက အစွယ်များထုတ်ပြ၍ မာန်ဖီကာ ရှောင်လင်းကို ခုန်အုပ်ချင်နေသဖြင့် ယဲ့ချန်သည် အလျင်အမြန် တားမြစ်လိုက်ရ၏။

"ငါ့ကို ဘာလို့ ဆွဲထားတာတုံးဟ"

"ခင်ဗျား ရှောင်လင်းကို မယှဥ်နိုင်ဘူး"

ယဲ့ချန်က ခေါင်းယမ်းပြလိုက်သည်။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ငါသာ တိုက်ခိုက်ရင် သူမကို တစ်ချက်တည်းနဲ့ အမှောက်သိပ်နိုင်တယ်။ ဒါပေမယ့် ငါက မိန်းမတစ်ယောက်နဲ့ ရန်ဖြစ်မနေတော့ပါဘူး"

ခြင်္သေ့ကြီး၏လေသံက တိုးညှင်းသွားကာ ယဲ့ချန်ကို အကာအကွယ်ယူ၍ ပုန်းအောင်းလိုက်သောကြောင့် ယဲ့ချန်က ရယ်မောလိုက်မိသည်။ လက်ရှိအဆင့်သို့ ရောက်လာသောအခါ ခြင်္သေ့ကြီးသည် သူ တိုက်ခိုက်ချင်လျှင်ပင် မနိုင်သူများရှိကြောင်း နားလည်နေပြီဖြစ်သည့်အပြင် ယဲ့ချန်ကိုလည်း ယုံကြည်ပေသည်။ ရှောင်လင်းက နောက်ထပ်မလှုပ်ရှားတော့ဘဲ သူတို့ကို ဗဟိုကြယ်သို့ ဦးဆောင်ခေါ်လာခဲ့သည်။

ကြီးကျယ်ခမ်းနားသော ခန်းမကြီးတစ်ခုအတွင်း ခေါင်းဆောင်ခြောက်ယောက်လုံး ရှိနေပြီး နတ်အလင်းများ ခြံရံနေသဖြင့် အစွမ်းထက်ကြောင်း သိသာသည်။ ထိပ်ဆုံးနေရာတွင် အဖြူရောင်ကို ဝတ်ဆင်ထားပြီး ဆံပင်ရှည်များကို စီးနှောင်ထားသဖြင့် ကြာပန်းတစ်ပွင့်ပမာ လှပနေပြီး မြင်ရသူတိုင်းကို နိမ့်ကျစေနိုင်သော လင်လုံက တင်ပျဥ်ခွေ ထိုင်နေခဲ့သည်။ သူမက အရှိန်အဝါကို ရုတ်သိမ်းထားသော်လည်း မွန်းကြပ်စေနိုင်သော ဖိအားတစ်မျိုး ထွက်ပေါ်နေကာ လေထွားတတ်သော ခြင်္သေ့ကြီးပင် ဟောင်ဖွာဖွာ မလုပ်ရဲတော့ပေ။ ယဲ့ချန်က ရှန်မူကို လှမ်းကြည့်လိုက်သောအခါ ပြုံးပြနေသဖြင့် လင်လုံ၏ဖိတ်ခေါ်ခြင်းသည် မကောင်းသော ရည်ရွယ်ချက်မရှိကြောင်း နားလည်လိုက်သည်။

"ယဲ့ချန် မင်းက အချိန်လေဟာနယ် အဆင့်ခုနစ်အထိ နားလည်ထားပြီး ထိပ်တန်းမဟာမိတ်ကို ဂုဏ်ဆောင်ခဲ့တယ်။ ဘယ်လိုဆုလာဘ်မျိုးကို လိုချင်လဲ။ မင်းမှာ နတ်ဆိုးတိုက်လှေလိုမျိုး ရတနာရှိနေတော့ သာမန်ရတနာတွေကိုတော့ လိုချင်မယ် မထင်ဘူး"

လင်လုံသည် ယဲ့ချန်နှင့် ခြင်္သေ့ကြီး၏ နောက်ကြောင်းကို တစ်နည်းနည်းဖြင့် စုံစမ်းထားသဖြင့် ကောင်းကင်မူလကြယ်၏ အခြေအနေကို သိထားသည်။ သို့သော် သူမ၏အဆင့်အတန်းဖြင့် ချောင်ကျသော ကြယ်တစ်လုံးကို တိုက်ခိုက်ရန် အကြောင်းမရှိသဖြင့် ယဲ့ချန်က မစိုးရိမ်ပေ။ သူမ၏စကားကြောင့် ခေါင်းဆောင်ငါးယောက်လုံး အံ့သြသွားကာ ယဲ့ချန်ကို ပြိုင်တူကြည့်လိုက်မိသည်။ ထိပ်တန်းမဟာမိတ်တစ်ခုလုံးတွင် နတ်ဆိုးတိုက်လှေကို လင်လုံတစ်ယောက်တည်းသာ ပိုင်ဆိုင်ပြီး ပိုက်ဆံရှိတိုင်း ဝယ်ယူနိုင်သော ရတနာမျိုး မဟုတ်ချေ။

"မင်းတို့က ခေါင်းဆောင်ရှန်ရဲ့ တပည့်တွေဖြစ်နေမှတော့ ငါက မလုယူချင်ပါဘူး။ အခုအချိန်ကစလို့ မင်းတို့နှစ်ယောက်လုံးဟာ ငါ့တပည့်တွေနဲ့ အဆင့်အတန်း တူတူဖြစ်သွားပြီ။ ကန့်သတ်နယ်မြေ အနည်းငယ်ကလွဲရင် စာကြည့်တိုက်၊ နတ်လက်နက်ခန်းဆောင်လို နေရာမျိုးတွေကို မင်းတို့စိတ်ကြိုက် သွားလာနိုင်တယ်"

လင်လုံ၏စကားကြောင့် ရှန်မူက ယဲ့ချန်ကို ခေါင်းညိတ်ပြလိုက်သည်။

"ကျေးဇူးတင်ပါတယ် ခေါင်းဆောင်လင်"

ရှန်မူ၏အမူအရာမှတဆင့် စာကြည့်တိုက်နှင့် လက်နက်ခန်းဆောင်များက အရေးကြီးကြောင်း သိလိုက်ရသော ယဲ့ချန်က လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပေးလိုက်သည်။

"ရှောင်လင်းက မင်းတို့ကို ဂိုဏ်းတူအစ်ကိုအစ်မတွေနဲ့ မိတ်ဆက်ပေးပါလိမ့်မယ်။ ကြယ်အလင်းနယ်မြေကို ပြန်စရာ မလိုတော့ဘူး။ ဗဟိုကြယ်ရဲ့ မြင့်မြတ်နန်းတော်မှာ မင်းတို့ နေထိုင်ရမယ်"

လင်လုံ၏ အမိန့်ကြောင့် ယဲ့ချန်သည် အစစ်အမှန်ပါရမီရှင်များက မြင့်မြတ်နန်းတော်တွင် နေထိုင်ကြောင်း နားလည်လိုက်သည်။ ကြယ်အလင်းနယ်မြေက အပြင်လူများ၏ အမြင်၌ ပါရမီရှင်များအတွက် အထူးနယ်မြေဖြစ်သော်လည်း လောင်ရင်၏ တပည့်ဖြစ်သော ရုန်ယွမ်ပင် မြင့်မြတ်နန်းတော်၌ နေထိုင်ခွင့် မရှိပေ။ အချိန်လေဟာနယ် အဆင့်ငါးအထက် နားလည်ထားသူများသာ နေထိုင်ခွင့်ရှိသော်လည်း ကောင်းကင်ဖျက်ဆီးရေး နတ်ခန္ဓာပိုင်ရှင် ခြင်္သေ့ကြီးက ချွင်းချက် ဖြစ်သွားခဲ့သည်။ မြင့်မြတ်နန်းတော်တွင် ခေါင်းဆောင်များ၏ ကိုယ်ပိုင်တပည့်များနှင့် အစစ်အမှန်ပါရမီရှင်များသာ နေထိုင်ခွင့်ရပြီး အချို့မှာ စကြဝဠာအတွင်း ခေါင်းဆောင်များ ခရီးသွားစဥ် ခေါ်ဆောင်လာကြသူများ ဖြစ်၏။ သိုင်းပြိုင်ပွဲတွင် လင်လုံနှင့် ရှန်းရန်၏ စကားများကြောင့် ယဲ့ချန်၌ မေးခွန်းများစွာ ရှိနေသော်လည်း သင့်တော်သော အချိန်အခါ မဟုတ်ပေ။

"အခုကစလို့ နှစ်တစ်ရာအတွင်း ထိပ်တန်းမဟာမိတ်က ကပ်ဘေးကြီးတစ်ခုကို ရင်ဆိုင်ရလိမ့်မယ်။ ရန်သူကို ရင်ဆိုင်ဖို့အတွက် မင်းတို့ ကြိုးကြိုးစားစား ကျင့်ကြံဖို့ မျှော်လင့်တယ်"

လင်လုံက သက်ပြင်းတစ်ချက်ချ၍ ကောင်းကင်သို့ မော့ကြည့်နေခဲ့သည်။

"နှစ်တစ်ရာအတွင်း ကပ်ဘေး ရောက်လာမှာလား။ ဒါဆိုရင် ငါက နောက်ထပ်နှစ်တစ်ရာနေရင် အသက်ရှင်ဖို့ ထွက်ပြေးရဦးမှာလား"

ခြင်္သေ့ကြီးက စိတ်ထဲမှ ရေရွတ်လိုက်သော်လည်း လင်လုံက သိနေဟန်ဖြင့် တစ်ချက်ပြုံးကာ စိုက်ကြည့်လာခဲ့သည်။ သူက မည်သည်မှမပြောခဲ့ဟန်ဖြင့် ခပ်တည်တည် မျက်နှာထားနှင့် မသိကျိုးကျွံ ပြုလိုက်ရ၏။

"ယဲ့ချန် မင်းကြောင့် ရုန်ယွမ် ဒဏ်ရာရသွားပေမယ့် ငါက ဒီကိစ္စကို စုံစမ်းထားတယ်။ ရုန်ယွမ်က အရင်ဆုံး တိုက်ခိုက်ခဲ့တဲ့အတွက် အပြင်းအထန် အပြစ်ပေးပြီးပြီ။ မင်းက ပြန်တိုက်ခိုက်ခဲ့တယ် ဆိုပေမယ့် ထိပ်တန်းမဟာမိတ်ကို ဂုဏ်ဆောင်ပေးခဲ့တဲ့အတွက် ပြဿနာမ ရှာတော့ဘူး။ ဒါပေမယ့် ထိပ်တန်းမဟာမိတ်ရဲ့ တပည့်တွေအချင်းချင်း သတ်ဖြတ်ခွင့် မရှိတာကို မမေ့နဲ့"

ထိုအချိန်၌ ခေါင်းဆောင်လောင်ရင်၏ စကားသံက ကြီးစိုးမှုရှိစွာ ထွက်ပေါ်လာသည်။ သူက အပြောကြမ်းသော်လည်း တရားမျှတသူ ဖြစ်နေသောကြောင့် ယဲ့ချန်အတွက် စိတ်ကွက်စရာ မရှိချေ။ အကယ်၍ ရုန်ယွမ်ကသာ စတင်တိုက်ခိုက်ခြင်းမရှိလျှင် သူကလည်း ပြန်လည်တိုက်ခဲ့မည် မဟုတ်ပေ။ တစ်ယောက်ယောက်က သူ့ကို ရန်စလာလျှင် အနာဂတ်၌ သေချာပေါက် အလွတ်ပေးမည် မဟုတ်ချေ။

All Chapters