လင်လုံ၏ညီမ
Vol. 62 Ch. 864
"သူ့စကားကို စိတ်ထဲ ထည့်စရာ မလိုဘူး။ တစ်ခုခုဆိုရင် ဆရာက မင်းဘက်မှာ အမြဲတမ်း ရှိတယ်။ မင်းက ခေါင်းဆောင်လောင်ပြောတာကို အလေးမထားနဲ့။ ဒီကိစ္စမှာ မင်း မှန်တယ်။ ရုန်ယွမ်က စတင်တိုက်ခိုက်တာဆိုတော့ ဘာမှမဖြစ်ဘူး။ ငါတို့က သူများကို ရန်သွားမစပေမယ့် ငါတို့ကို တိုက်ခိုက်လာရင်တော့ ပြန်လက်စားချေရမယ်"
ရှန်မူက ယဲ့ချန်ထံ အသံချင်းဆက်သွယ်၍ ပြောလာခြင်းဖြစ်သည်။ ဆရာဖြစ်သူ၏ စကားကို မမျှော်လင့်ထားသော်လည်း သူက အလွန်ရိုသေ လေးစားသွားရသည်။
"အဟမ်း ငါ မင်းကို တစ်ခုလောက် အကူအညီတောင်းချင်တယ်"
"ဘာများလဲ ဆရာ"
ယဲ့ချန်က စိတ်ထဲတွင် ထူးဆန်းသွားကာ အသံချင်းဆက်သွယ်ရင်း ပြန်မေးလိုက်သည်။
"နတ်ဆိုးတိုက်လှေကို မင်း ဘယ်လိုရထားတာလဲ။ ငါ့အတွက် တစ်စီးလောက် ရှာမပေးနိုင်ဘူးလား"
ရှန်မူသည် မိုးတိမ်နတ်လှေအကြောင်း မိတ်ဆက်ပေးခဲ့သည့်အကြောင်းကို ပြန်တွေးမိသောအခါ ရှက်ရွံ့နေခဲ့သည်။ ၎င်းနှင့်ယှဥ်လျှင် နတ်ဆိုးတိုက်လှေက အဆင့်ချင်း လုံးဝကွာခြားနေပြီး အဖိုးတန်ကျောက်စိမ်းနှင့် သာမန်ကျောက်တုံးကဲ့သို့ ကွာခြားပေသည်။ သူက ဤသို့အကူအညီတောင်းလာမည်ဟု ထင်မထားသောကြောင့် ယဲ့ချန်က မင်သက်နေသည်။
"မင်းရဲ့နတ်ဆိုးတိုက်လှေကို ငါက အလကားမယူပါဘူး။ တန်ရာတန်ကြေးအဖြစ် အဖိုးတန်ရတနာတွေ ပေးမှာပါ"
"ဆရာက အားနာလွန်းနေပါပြီ။ ကျုပ်က ဆရာ့အတွက် တစ်စီးရှာပေးနိုင်ပေမယ့် အချိန်တော့ လိုတယ်"
ယဲ့ချန်က သတိပြန်ဝင်လာပြီး ရှန်မူသည် နတ်ဆိုးတိုက်လှေကို အလွန်စိတ်ဝင်စားနေကြောင်း နားလည်လိုက်သည်။ သို့သော် ကောင်းကင်မြစ်ကြယ်အဖွဲ့အစည်းက အလွန်ကျယ်ဝန်းပြီး တစ်နေရာနှင့် တစ်နေရာ သွားလာရာ၌ မိုးတိမ်နတ်လှေက ခြောက်လအထိ ကြာမြင့်နိုင်ပြီး နတ်ဆိုးတိုက်လှေသည် တစ်လသာ လိုအပ်သောကြောင့် သူ၏လောဘက လက်ခံရနိုင်သည်။ ထို့အပြင် ကြယ်အဖွဲ့အစည်း အပြင်ဘက် အန္တရာယ်ရောပြွန်းနေသည့် စကြဝဠာအတွင်း ခရီးထွက်နေကျဖြစ်သော ခေါင်းဆောင်များအတွက် မိုးတိမ်နတ်လှေက မလုံလောက်ပေ။ ထိပ်တန်းမဟာမိတ်၌ လင်လုံသာ ၎င်းကို ပိုင်ဆိုင်ထားသော်လည်း တပည့်ဖြစ်သူက ပိုင်ဆိုင်နေသောအခါ ရှန်မူလည်း လိုချင်လာခြင်းက မထူးဆန်းပါချေ။
"ဒါဆိုရင် မင်းကို ကျေးဇူးတင်ပါတယ်"
သို့သော် သူက တပည့်ဖြစ်သူကို အကူအညီတောင်းရခြင်းအတွက် အနည်းငယ်ရှက်နေခဲ့သည်။ နတ်ဆိုးတိုက်လှေကို ပိုင်ဆိုင်ရမည်ဟူသော အတွေးကမူ သူ့ကို ဝမ်းမြောက်ဝမ်းသာ ဖြစ်စေသည်။
"ယဲ့ချန် မင်းက အချိန်လေဟာနယ် အဆင့်ခုနစ်အထိ နားလည်နိုင်ခဲ့တယ်။ ဒီနောက်ကွယ်မှာ ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေတာလဲ"
မူယဲ့ဆိုသော ခေါင်းဆောင်တစ်ယောက်က တောက်ပနေသော မျက်လုံးအစုံဖြင့် ယဲ့ချန်ကို စိုက်ကြည့်နေသည်။ သူ၏စကားကြောင့် တစ်ဖက်လူ၏ ရည်ရွယ်ချက်က မကောင်းနိုင်ကြောင်း သတိဝင်သွားသော ယဲ့ချန်က လီဆယ်လိုက်သည်။
"ကျုပ်လည်း မသိဘူး။ ရုတ်တရက် သဘောပေါက်သွားတာ ဖြစ်မယ်။ ကျုပ်ရဲ့ပါရမီနဲ့လည်း သက်ဆိုင်နေလိမ့်မယ်။ ကျုပ်က ငယ်ငယ်ထဲက ကောင်းကင်ချီကိုးမျိုးကို ကျင့်ကြံနိုင်ခဲ့တယ်"
အရှေ့ပိုင်းတိုက်ကြီးက ပျက်စီးသွားပြီး ယဲ့မျိုးနွယ်ကလည်း သူ၏လျှို့ဝှက်ချက်ကို ထုတ်ဖော်မည် မဟုတ်သောကြောင့် သူက အမှန်တရားကို အခြားလူများထံမှ ဖုံးကွယ်လိုက်သည်။ အဆင့်ခုနစ်အထိ နားလည်ထားသောကြောင့် ခံစားချက်များကိုလည်း လှုပ်ခတ်မှုမရှိအောင် ထိန်းသိမ်းထားနိုင်ခဲ့သည်။
"ဒါဆိုရင် ကောင်းကင်ဖျက်ဆီးရေး နတ်ခန္ဓာကိုရော ဘယ်လိုလုပ် ရထားတာလဲ"
မူယဲ့က သူ၏အဖြေကို မကျေနပ်ဟန်ဖြင့် မျက်မှောင်ကြုတ်ကာ ထပ်မေးလိုက်သည်။
"ကျုပ်နဲ့ ခြင်္သေ့ကြီးက ထာဝရကြယ်သင်္ချိုင်းထဲမှာ စွန့်စားခန်းထွက်နေရင်း နတ်သစ်သီးနှစ်လုံး ရခဲ့တယ်"
ယဲ့ချန်က ရိုးသားသော မျက်နှာထားဖြင့် ပြန်ဖြေလိုက်သည်။
"ဒီနေ့အတွက် လုံလောက်ပြီ။ မင်းတို့က ပြိုင်ပွဲကြောင့် ပင်ပန်းနေကြပြီ မဟုတ်လား။ အရင်ဆုံး အနားယူဖို့ ပြန်ကြပေတော့"
မူယဲ့က နောက်ထပ်မေးခွန်းထုတ်ရန် ပါးစပ်ပြင်နေစဥ် ရှန်မူက ဖြတ်ပြောလိုက်ရာ တပည့်နှစ်ယောက်ကို ကာကွယ်ပေးနေကြောင်း သိသာသည်။
"ကျေးဇူးတင်ပါတယ် ဆရာနဲ့ ခေါင်းဆောင်များ"
ခြင်္သေ့ကြီးနှင့် ယဲ့ချန်က ချက်ချင်းခေါင်းညိတ်၍ အရိုအသေပေးကာ ခန်းမအတွင်းမှ ထွက်ခွာသွားကြ၏။
"သူတို့က တစ်ခုခုကို ဖုံးကွယ်ထားတယ်"
မူယဲ့က မကျေမနပ် ရေရွတ်လိုက်ခြင်းဖြစ်သည်။
"ဘယ်သူကရော လျှို့ဝှက်ချက်ကို လူတိုင်း လိုက်ပြောပြနေမှာလဲ"
ရှန်မူက တပည့်နှစ်ယောက်ကို အဆုံးထိ ကာကွယ်ရန် ဆုံးဖြတ်ထားသည်။
"ရှန်မူ မင်း ငါ့ကို အထင်လွဲနေတာလား။ တကယ်လို့ ယဲ့ချန်သာ ဒီနည်းလမ်းကို ပြောပြရင် ထိပ်တန်းမဟာမိတ်အတွက် အစွမ်းထက်ကျင့်ကြံသူတွေ အများကြီး မွေးထုတ်ပေးနိုင်လိမ့်မယ်။ အချိန်က မရှိတော့ဘူး"
မူယဲ့က ခေါင်းယမ်း၍ သက်ပြင်းချလိုက်သည်။
"လူတိုင်း လေ့ကျင့်နိုင်ရင် ဘယ်လိုလုပ် လျှို့ဝှက်ကျင့်စဥ်လို့ ခေါ်နိုင်တော့မှာလဲ"
ထိုအချိန်၌ လင်လုံ၏စကားသံ ထွက်ပေါ်လာသောကြောင့် သူက မကျေနပ်သော်လည်း နှုတ်ဆိတ်သွားခဲ့ရသည်။ လင်လုံသည် ထွက်ခွာသွားသော ယဲ့ချန်ကို ကြည့်နေရင်း အချိန်လေဟာနယ် အဆင့်ခုနစ်အထိ မည်သို့ကျင့်ကြံလိုက်ကြောင်း အတွေးနက်နေခဲ့လေသည်။
ခန်းမအတွင်းမှ ထွက်ခွာလာပြီးနောက် ရှောင်လင်းသည် ယဲ့ချန်တို့ကို မြင့်မြတ်နန်းတော်သို့ ခေါ်ဆောင်လာခဲ့သည်။ ဤနေရာက အလွန်ကျယ်ဝန်းပြီး ရာချီသော နန်းဆောင်များဖြင့် တည်ထောင်ထားကာ ဆေးပင်မျိုးစုံ ပေါက်ရောက်နေသော သစ်တောများနှင့် ရေတံခွန်များလည်း ရှိနေသည်။ လည်ပတ်နေသော အချိန်လေဟာနယ်ချီများက သိပ်သည်းနေပြီး ကြယ်အလင်းနယ်မြေထက် ပို၍မြင့်မားသော ကျင့်ကြံရေးနယ်မြေတစ်ခု ဖြစ်သည်။ သူတို့က နီးကပ်စွာ တည်ရှိသော ကိုယ်ပိုင်နန်းဆောင်များ ရရှိခဲ့သော်လည်း ခြင်္သေ့ကြီးက ယဲ့ချန်နှင့်အတူ နေထိုင်ခဲ့သည်။ အချိန်ခဏအကြာတွင် လူနှစ်ဆယ်ကျော် ရောက်ရှိလာပြီး ခေါင်းဆောင်လာသူမှာ ထိပ်တန်းအဆင့် ကြယ်သခင်တစ်ယောက် ဖြစ်သည်။ အားအနည်းဆုံး နှစ်ယောက်မှာ နတ်အစေခံအဆင့်တစ်ဆယ် ရှောင်လင်းနှင့် ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ယောက် ဖြစ်၏။ စုစုပေါင်း ၂၆ယောက်ဖြစ်ကာ ထိပ်တန်းမဟာမိတ်မှ အလေးအနက်ထား ပျိုးထောင်ပေးနေသော ပါရမီရှင်များ ဖြစ်ကြသည်။ အားလုံးက ငယ်ရွယ်ကြပြီး အသက်အကြီးဆုံးတစ်ယောက်ပင် အသက်ငါးရာမကျော်ဘဲ ထိပ်တန်းအဆင့် ကြယ်သခင်တစ်ယောက် ဖြစ်နေခဲ့သည်။
"ဒါက ငါတို့ရဲ့ အစ်ကိုကြီး စီတုနန်ပါ"
ရှောင်လင်းက ထိုအုပ်စု၏ ခေါင်းဆောင် လူငယ်အကြောင်း မိတ်ဆက်ပေးလိုက်သည်။ စီတုနန်က အပြာရောင်ဝတ်ဆင်ထားပြီး ကြင်နာသော မျက်နှာကို ပိုင်ဆိုင်ထားသည်။
"ဂိုဏ်းတူညီလေးတို့ အနာဂတ်မှာ ကျုပ်ကို ဂရုစိုက်ပေးကြပါဦး"
စီတုနန်က မောက်မာခြင်းမရှိဘဲ ဖော်ရွေစွာ ပြုံးပြလိုက်သည်။
"ကျုပ်တို့ကိုလည်း အနာဂတ်မှာ ဂရုစိုက်ပေးပါ အစ်ကိုကြီး"
ယဲ့ချန်ကလည်း ယဥ်ကျေးစွာ မိတ်ဆက်လိုက်၏။ ကျန်ပါရမီရှင်များကလည်း သူနှင့် ခြင်္သေ့ကြီးကို နွေးနွေးထွေးထွေး လာရောက်မိတ်ဆက်ခဲ့ကြသည်။ လင်လုံနှင့် ခေါင်းဆောင်များက တပည့်ရွေးချယ်ရာတွင် ကိုယ်ကျင့်စရိုက် ကောင်းမွန်သူများချည်း လက်ခံခဲ့ကြသည်။ ရုန်ယွမ်က မောက်မာသော်လည်း ထိပ်တန်းမဟာမိတ်အပေါ် သစ္စာရှိသောကြောင့် လောင်ရင်၏တပည့် ဖြစ်လာခဲ့သည်။ ကိုယ်ကျင့်တရား ချို့ယွင်းချက်ရှိသော လင်ချိုးက ရှန်မူ၏တပည့် ဖြစ်မလာသော အကြောင်းအရင်းပင် ဖြစ်သည်။
"မင်းက အချိန်လေဟာနယ် အဆင့်ခုနစ်အထိ နားလည်ထားတယ်ဆိုတော့ ငါတို့ထဲမှာ အထူးချွန်ဆုံးဖြစ်ပြီး အနာဂတ်က အကန့်အသတ်မဲ့တယ်။ အခုကစလို့ ငါတို့က မိသားစုတွေ ဖြစ်သွားပြီဆိုတော့ ဒီလောက်ယဥ်ကျေးနေစရာ မလိုပါဘူးကွာ"
စီတုနန်က ကျေနပ်စွာ ရယ်မောနေခဲ့သည်။ သို့သော် ဤအုပ်စုက သိုင်းပညာအကြောင်း ဆွေးနွေးကြသောအခါ မျက်နှာများ နီရဲလာသည်အထိ အငြင်းအခုန် ဖြစ်ခဲ့ကြသည်။ ထို့ကြောင့် ယဲ့ချန်သည် သူတို့က သိုင်းပညာနှင့် ပတ်သက်လျှင် အရူးအမူးဖြစ်ကြောင်းနှင့် သိုင်းပညာလမ်းစဥ်၏ ထိပ်ဆုံးသို့ လျှောက်လှမ်းနေကြောင်း နားလည်လိုက်ရသည်။ ဤအချက်ကြောင့် သူတို့က ငယ်ငယ်ရွယ်ရွယ်နှင့် လက်ရှိအဆင့်သို့ ရောက်နေခြင်း ဖြစ်ပေလိမ့်မည်။
"အစ်ကိုယဲ့ နင်က အဆင့်ခုနစ်ကို ဘယ်လိုလုပ် နားလည်နိုင်ခဲ့တာလဲ။ ညီမလေးက နည်းလမ်းပေါင်းစုံ အသုံးပြုခဲ့ပေမယ့် နောက်ဆုံး ခရမ်းရောင်ချီကို မထိန်းချုပ်နိုင်သေးဘူး"
ငြင်းခုံနေသော စကားသံများအကြားမှ ငယ်ရွယ်သော အသံလေးတစ်ခုက စိတ်ပျက်နေဟန်ဖြင့် ထွက်ပေါ်လာသည်။ မေးလိုက်သူမှာ ဆယ်ကျော်သက်အရွယ် မိန်းမငယ်လေးဖြစ်ပြီး အနက်ရောင်ဆံပင်များကို နှစ်ဖက်ခွဲစည်းထားကာ ပခုံးပေါ် ဖြန့်ချထားသည်။ သူမ၏အသားအရေက ဖြူဖွေးနေပြီး မျက်လုံးဝိုင်းဝိုင်းလေးများနှင့် အနီရောင် နှုတ်ခမ်းနှစ်လွှာက ကြည်လင်တောက်ပနေသောကြောင့် ချစ်စဖွယ်အလွန်ကောင်းသည်။ သူမ၏ပါးပြင်နှစ်ဖက်တွင် ပါးချိုင့်နှစ်ခု ပိုင်ဆိုင်ထားပြီး ပြုံးလိုက်တိုင်း လှပကာ ချစ်စရာကောင်းသော နတ်သမီးငယ်လေးပမာ လူတိုင်း၏ အချစ်များကို ရယူနိုင်စွမ်းရှိနေသည်။ သူမက အသက်ငယ်သော်လည်း တည်ငြိမ်သော အမူအရာကို ပိုင်ဆိုင်ထားကာ ကြီးပြင်းလာလျှင် ခေါင်းဆောင်လင်လုံကဲ့သို့ ဖြစ်ပေါ်လာပေလိမ့်မည်။ ဤအတွေးကြောင့် ယဲ့ချန်က အလေးအနက် အကဲခတ်လိုက်သောအခါ လင်လုံနှင့် သူမက မျက်နှာချင်း ခပ်ဆင်ဆင်ဖြစ်ကြောင်း သတိထားမိလိုက်သဖြင့် ဆွေမျိုးများ ဖြစ်နိုင်ကြောင်း နားလည်လိုက်သည်။
"ယဲ့ချန် ဒီကလေးက ခေါင်းဆောင်လင်ရဲ့ သမီးများ ဖြစ်နေမလား။ ဒါပေမယ့် ခေါင်းဆောင်လင်က အသက်နှစ်ထောင်ကျော်နေပြီဆိုတော့ အသက်ကွာလွန်းနေတယ်။ ဆွေမျိုးတစ်ယောက်ယောက်များ ဖြစ်နေမလား"
ခြင်္သေ့ကြီးကလည်း အသံချင်းဆက်သွယ်၍ စပ်စုနေခဲ့သည်။
"မင်းနာမည် ဘယ်လိုခေါ်လဲ"
ယဲ့ချန်က သူ့ကို လျစ်လျူရှုထားပြီး မိန်းကလေးကို တစ်ချက်ပြုံးပြလိုက်သည်။
"ညီမလေးက လင်ရွဲ့လို့ ခေါ်ပါတယ်။ အစ်ကိုကြီးက ရွဲ့အာလို့ ခေါ်လို့ရတယ်"
ရွဲ့အာက ပါးချိုင့်လေးများ ပေါ်လွင်အောင် ပြုံးပြလိုက်သောအခါ အလွန်ချစ်စရာကောင်းနေသည်။
"ရွဲ့အာ ခြင်္သေ့ကြီးက မင်းကို အဆင့်ခုနစ် ဘယ်လိုနားလည်အောင် လုပ်ရမယ်ဆိုတဲ့ နည်းလမ်း သင်ပေးရမလား"
ခြင်္သေ့ကြီးက ဝင်ရောက်စနောက်လိုက်သည်။
"ဒါပေမယ့် နင်က အခုမှ အဆင့်သုံးကို နားလည်ထားတာလေ"
သို့သော် သူမက တစ်ချက်ကြည့်ရုံဖြင့် ခြင်္သေ့ကြီး၏အဆင့်ကို သိရှိသွားခဲ့သည်။ ခြင်္သေ့ကြီးက အရှက်ပြေရယ်မောကာ မိန်းကလေးတစ်ယောက်၏ အကြည့်တစ်ချက်တွင် ရှုံးနိမ့်သွားရသောကြောင့် တိတ်ဆိတ်သွားခဲ့သည်။
"ရွဲ့အာက ခေါင်းဆောင်လင်ရဲ့ ညီမလေးပါ။ သူမက ငါတို့အထဲမှာ အဆင့်ခြောက်အထိ နားလည်ထားနိုင်တဲ့ တစ်ဦးတည်းသော ပါရမီရှင်လည်း ဖြစ်တယ်"
ရှောင်လင်းက မိတ်ဆက်ပေးလိုက်ခြင်း ဖြစ်သည်။
"ခေါင်းဆောင်လင်ရဲ့ ညီမလား။ အသက်ချင်း ဒီလောက်ကွာနေတာ ဖြစ်နိုင်ပါ့မလား"
ခြင်္သေ့ကြီးက မေးခွန်းထုတ်လိုက်၏။
"ဒီအကြောင်းကိုတော့ မရှင်းပြနိုင်ဘူး။ မင်းတို့ သိထားရင် လုံလောက်ပြီ"
ရှောင်လင်းက ခြင်္သေ့ကြီးကို တစ်ချက်ကြည့်ပြီးနောက် ခေါင်းယမ်းပြလိုက်လေသည်။