← Chapters

ဖန်းရန်ကို အသုံးချခြင်း

Vol. 62 Ch. 865

ဖန်းရန်ကို အသုံးချခြင်း

Vol. 62 Ch. 865

"ဘာတွေဖြစ်နေတာလဲ။ ရွဲ့အာက လင်လုံရဲ့ ညီမအရင်း မဟုတ်ဘူးလား။ ရုပ်ချင်း ဒီလောက်ဆင်နေမှတော့ သွေးချင်း ဆက်စပ်လိမ့်မယ်"

လောကကြီးတွင် ပုန်းအောင်းနေသော ပါရမီရှင်များစွာရှိပြီး လင်ရွဲ့က အချိန်လေဟာနယ် အဆင့်ခြောက်အထိ နားလည်ထားမည်ဟု ယဲ့ချန်က မထင်ထားပေ။

"ရွဲ့အာကို စိတ်ညစ်အောင် မလုပ်နဲ့။ သူမသာ ဒေါသထွက်သွားရင် နင်က အခုထက်ပိုပြီး ဆယ်ဆသန်မာရင်တောင် မလုံလောက်ဘူး"

ရှောင်လင်းက ခြင်္သေ့ကြီး၏ခေါင်းကို တစ်ချက်ခေါက်၍ သတိပေးလိုက်သည်။

"နင်က ငါ့ကို နောက်နေတာလား။ ဒီဆယ်ကျော်သက်လေးက ဘာများလုပ်နိုင်မှာမို့လို့လဲ"

သူက မယုံကြည်ဟန်ဖြင့် ရေရွတ်လိုက်သော်လည်း အပြစ်ကင်းစင်ကာ ဝိုင်းစက်သော ရွဲ့အာ၏ မျက်လုံးများအတွင်း အလွန်ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါတစ်ခုကို အာရုံခံမိသဖြင့် တစ်ကိုယ်လုံး စိမ့်တက်သွားကာ ဦးခေါင်းခွံပင် ကျိန်းစပ်သွားခဲ့သည်။ လင်လုံ၏ညီမဖြစ်သူက သာမန်လူများနှင့် သေချာပေါက် ကွဲပြားနေသောကြောင့် ရှောင်လင်း၏စကားက မမှားနိုင်ပေ။ သူ၏အဖြစ်ကြောင့် ယဲ့ချန်က ခေါင်းတစ်ချက်ယမ်းကာ ရယ်မောလိုက်မိသည်။

"ငါလည်း သေချာမသိဘူး။ အဆင့်ခုနစ်က အခြေအနေအရ ဖြစ်ပေါ်လာတာ ထင်တယ်"

သူက ရိုးရိုးသားသား ဖြေလိုက်၏။

"ဒါပေမယ့် အမကြီးက ငါ့ကို တိုက်ပွဲတွေထဲ ဝင်မပါခိုင်းဘူး"

လင်ရွဲ့က နှုတ်ခမ်းဆူ၍ ရေရွတ်လိုက်သောကြောင့် လင်လုံသည် သူမကို မည်မျှအလေးထားကြောင်း သိသာသည်။ ဂိုဏ်းတူမောင်နှမများက သိုင်းပညာအကြောင်း ဆွေးနွေးရင်း အချိန်ကောင်းလေးများ ပိုင်ဆိုင်ခဲ့ပြီးနောက် ညနေတွင် ပြန်လည်ထွက်ခွာသွားကြသည်။

"ရှောင်လင်း ပြောသလောက် ရွဲ့အာက အစွမ်းထက်တာလား"

ထိုအချိန်၌ ခြင်္သေ့ကြီးက ယဲ့ချန်အနား ရောက်ရှိလာကာ သူ၏သံသယကို မေးမြန်းလိုက်သည်။

"ရှောင်လင်းက အသံချင်းဆက်သွယ်ပြီး ရှင်းပြခဲ့တယ်။ လင်လုံနဲ့ လင်ရွဲ့က ခေတ်တစ်ခုတည်းမှာ မွေးဖွားခဲ့ပေမယ့် အကြောင်းအရင်းတစ်ခုကြောင့် ရွဲ့အာက အေးခဲခံခဲ့ရတယ်။ သူမကို လွန်ခဲ့တဲ့ဆယ်နှစ်မှာ လင်လုံက ကယ်တင်နိုင်ခဲ့ပေမယ့် အချိန်အကြာကြီး အေးခဲနေတဲ့အတွက် ရုပ်ခန္ဓာ ​ပြောင်းလဲသွားခဲ့တယ်။ နတ်အစေခံတစ်ယောက်ဆိုပေမယ့် အခြားကျင့်ကြံသူတွေထက် အများကြီးသန်မာပြီး လင်လုံရဲ့ မျိုးဆက်သွေးကိုလည်း ပိုင်ဆိုင်ထားတယ်"

ယဲ့ချန်၏ စကားကြောင့် ခြင်္သေ့ကြီးက အံ့သြ၍ တိတ်ဆိတ်သွားခဲ့သည်။

"ရှောင်လင်းကလည်း မရိုးရှင်းဘူး။ သူမက ကောင်းကင်ယင်ခန္ဓာကို ပိုင်ဆိုင်ပြီး အသက်ကိုးနှစ်ထက် ပိုမရှင်သင့်ပေမယ့် လင်လုံက ကောင်းကင်ယန်ကျောက်စိမ်းနဲ့ ကယ်တင်ပေးခဲ့တယ်။ မိန်းမတွေက ယင်ကို ကိုယ်စားပြုတာဖြစ်ပြီး ယောကျ်ားတွေက ယန်ကို ကိုယ်စားပြုတယ်။ သူမရဲ့ ယင်ချီတွေ ပိုလျှံမလာအောင် ယောက်ျားအဝတ်အစားတွေ ဝတ်ဆင်ထားရတယ်။ ခင်ဗျားက သူမကိုလည်း ရန်သွားမစရင် ကောင်းမယ်နော်။ လောလောဆယ်မှာ ကျုပ်တို့ရဲ့နတ်ခန္ဓာက အပြည့်အဝ ဖြစ်တည်မလာသေးဘူး"

ယဲ့ချန်က လေးနက်စွာ သတိပေးလိုက်သောအခါ ခြင်္သေ့ကြီးက တံတွေးတစ်လုတ် မျိုချလိုက်မိသည်။ ထိပ်တန်းမဟာမိတ်၌ ကြောက်စရာပါရမီရှင်များ အမှန်တကယ် ပုန်းအောင်းနေကြသည်။ အချိန်ခဏအတွင်း တစ်လ ကုန်ဆုံးသွားကာ ယဲ့ချန်နှင့် ခြင်္သေ့ကြီးက ကျင့်ကြံခြင်းကို အာရုံစိုက်ထားသည်။ ယဲ့ချန်က အဆင့်ရှစ်နှင့် ကိုးကို နားမလည်သေးသောကြောင့် သွေးသစ်သီးကို အသုံးမပြုခဲ့ပေ။ ခြင်္သေ့ကြီးသည်လည်း နောက်ထပ်အချိန်လေဟာနယ်ချီများကို နားလည်လိုသဖြင့် ကြယ်သခင်အဆင့် မတက်သေးပေ။ နေ့စဥ်နေ့တိုင်း သိုင်းပညာအကြောင်း ဆွေးနွေးရန် ဂိုဏ်းတူမောင်နှမများ ရောက်ရှိလာတတ်သဖြင့် သူတို့နှင့် ပိုမိုရင်းနှီးလာခဲ့သည်။ ရှန်မူသည်လည်း မကြာမကြာ ရောက်လာတတ်ပြီး ကျင့်ကြံခြင်းနှင့် ပတ်သက်၍ သူသိထားသမျှကို အိတ်သွန်ဖာမှောက် သင်ကြားပေးသောကြောင့် သူတို့က အလွန်ကျေးဇူးတင်နေမိသည်။ နတ်ဆိုးတိုက်လှေအတွက် သူက မီကွမ်ကို ညွှန်ကြားထားပြီး ကောင်းကင်မူလကြယ်သို့ စေလွှတ်လိုက်သောကြောင့် အချိန်အနည်းငယ်ကြာလျှင် ပြန်ရောက်လာပေလိမ့်မည်။ မီကွမ်ကို ယဲ့ချန်နှင့် ခြင်္သေ့ကြီးက ယုံကြည်ပြီး သူကိုယ်တိုင်ကလည်း လိုလားသောကြောင့် နဂါးပြာခန်းမသခင်သည် မီကွမ်ကို ယဲ့ချန်နောက် လိုက်ခွင့်ပြုထားသည်။ သူက ယုံကြည်ရသူဖြစ်ပြီး အခြားနောက်လိုက်များ မရှိနေသဖြင့် ယဲ့ချန်က ကောင်းကင်မူလကြယ်သို့ စေလွှတ်လိုက်ခြင်း ဖြစ်သည်။

တစ်နေ့တွင် ယဲ့ချန်နှင့် ခြင်္သေ့ကြီးကျင့်ကြံနေစဥ် အစေခံတစ်ယောက် ရောက်လာကာ ဖန်းရန်က တွေ့ခွင့်တောင်းလာကြောင်း သတင်းပို့ခဲ့သည်။ ယဲ့ချန်သည် ထိပ်တန်းမဟာမိတ်သို့ ရောက်ရောက်ချင်း သူ တွေ့ဆုံဖူးခဲ့သူကို အမှတ်ရလိုက်သော်လည်း ဆက်လက်ပတ်သက်ရန် အကြောင်းအရင်းမရှိသဖြင့် လာရင်းအကြောင်းကို သိလိုနေသည်။ သူက ခွင့်ပြုလိုက်သောအခါ အစေခံက ဖန်းရန်ကို မြင့်မြတ်နန်းတော်အတွင်းရှိ သူ၏နန်းဆောင်သို့ ဦးဆောင်ခေါ်လာခဲ့သည်။

ဖန်းရန်က ခေါင်းကို ငုံ့ထားပြီး အလွန်ရိုကျိုးစွာ လိုက်ပါလာခြင်းဖြစ်သည်။ သူကိုယ်တိုင်က ကြယ်ဒေသတစ်ခု၏ အရှင်သခင်ဖြစ်ပြီး ဖခင်က ကြီးကြပ်သူတစ်ယောက် ဖြစ်သော်လည်း ဗဟိုကြယ်၌ သူ့ကို လက်တစ်ချောင်းတည်းဖြင့် သတ်နိုင်သူများ ရှိနေသဖြင့် မမောက်မာရဲပေ။

"အစ်ကိုချန် နောက်ဆုံးတော့ ပြန်ဆုံရပြီ။ ကျုပ်က ခင်ဗျားကို သတိရနေတာ"

ယဲ့ချန်ကို မြင်သောအခါ ဖန်းရန်က လက်နှစ်ဖက်ဆုပ်၍ ချက်ချင်း အရိုအသေပေးလိုက်သည်။ သူတို့နှစ်ယောက်က မတော်တဆ တွေ့ဆုံခဲ့ခြင်းသာ ဖြစ်သောကြောင့် သတိရနေစရာ အကြောင်း မရှိပေ။

"မင်းရော အဆင်ပြေရဲ့လား"

"အစ်ကိုချန်က လအနည်းငယ်အတွင်း ကြယ်အလင်းနယ်မြေရဲ့ တပည့်တစ်ယောက် ဖြစ်လာမယ်လို့ မထင်ထားမိဘူး။ အခုကတော့ မင်းက မြင့်မြတ်နန်းတော်ကိုတောင် ဝင်ခွင့်ရနေပြီ။ သိုင်းပညာပြိုင်ပွဲမှာ ကျုပ်က ကံကောင်းစွာနဲ့ အစ်ကိုချန်ရဲ့ အစွမ်းကို မြင်တွေ့ခွင့်ရခဲ့တယ်။ ကျုပ်အဖေကတောင် ခင်ဗျားကို ဆက်တိုက်ချီးကျူးနေပါတယ်"

ဖန်းရန်က ချီးကျူးလိုက်သော်လည်း မြင့်မြတ်နန်းတော်၏ တပည့်များသည် ကြယ်အလင်းနယ်မြေ၏ တပည့်များထက် ပို၍အရေးပါကြောင်း မသိထားပေ။ သူသိထားသည်မှာ အခေါ်အဝေါ်တစ်ခုသာ ဖြစ်သည်။ ဖန်းရန်၏စကားကြောင့် ယဲ့ချန်က မျက်ခုံးပင့်လိုက်ပြီး တစ်ဖက်လူမှာ ဖခင်ဖြစ်သူ၏ ညွှန်ကြားချက်ကြောင့် ရောက်လာခြင်းဖြစ်ကြောင်း သိလိုက်သည်။ သူက များစွာအသုံးမဝင်သော၊ သစ္စာမရှိသူတစ်ယောက် ဖြစ်သော်လည်း အလယ်အဆင့် ကြယ်သခင်တစ်ယောက်ဖြစ်ကာ ဖခင်က ထိပ်တန်းမဟာမိတ်တွင် ကြီးကြပ်သူတစ်ယောက် ဖြစ်သောကြောင့် အသုံးချတတ်လျှင် အကျိုးရှိပေသည်။ မီကွမ်ကဲ့သို့ လူမျိုးကို သူက ယုံကြည်စွာ ဆက်ဆံသော်လည်း ဖန်းရန်ကဲ့သို့ လူမျိုးကို အကျိုးအမြတ် သို့မဟုတ် အကြောက်တရားဖြင့်သာ ထိန်းချုပ်ရပေလိမ့်မည်။

"ငါက မင်းကို အကူအညီတောင်းစရာ ရှိတယ်။ ကူညီပေးနိုင်မလား သိချင်တယ်"

ယဲ့ချန်က တိုက်ရိုက် ထုတ်ပြောလိုက်သည်။ ဖန်းရန်၏ ကျင့်ကြံဆင့်က ပိုမြင့်သော်လည်း လက်ရှိတွင် သူ၏စကားလုံးတိုင်းက တစ်ဖက်လူအတွက် ဖိအားကြီးကြီးမားမား ဖြစ်စေသည်။

"အစ်ကိုချန် ပြောသာပြောလိုက်ပါ။ ကျုပ်က ဓားတောင်ကို ကျော်ပြီး မီးပင်လယ်ဖြတ်ရလည်း မငြင်းပယ်ပါဘူး"

ဖခင်ဖြစ်သူ၏ အမှာစကားကြောင့် ဖန်းရန်က ချက်ချင်းခေါင်းညိတ်ပြလိုက်သည်။

"ဒီလောက်ကြီး မလိုအပ်ပါဘူး။ ငါ့အတွက် မင်းက ကျင့်ကြံသူနည်းနည်းလောက် ရှာပေးဖို့ပါပဲ"

"ဒီလောက်ကတော့ ပြဿနာ မရှိပါဘူး။ အစ်ကိုချန်က ဘယ်လိုလူမျိုးတွေကို လိုချင်တာလဲ"

"ငါက ကောင်းကင်မူလကြယ်လို့ ခေါ်တဲ့ နေရာတစ်ခုက ရောက်လာတာ ဖြစ်တယ်။ အဲ့ဒီကြယ်မှာ ကြယ်သခင်မရှိဘူးဆိုတော့ အဆင့်မြင့် ကြယ်သခင်နည်းနည်းလောက်ကို အစောင့်အရှောက်အဖြစ် ပို့ချင်တယ်။ ဆုလာဘ်ကလည်း သူတို့အတွက် ကျေနပ်စေရမယ်"

ယဲ့ချန်က ဖန်းရန်ကို လေးနက်စွာ စိုက်ကြည့်ပြီး တစ်လုံးချင်း ပြောလိုက်သည်။

"ဒီကိစ္စလောက်ကတော့ ကျုပ်တာဝန် ထားလိုက်ပါ။ ကောင်းကင်မူလကြယ်ကို အနာဂတ်မှာ ကာကွယ်ဖို့အတွက် ကျုပ် တာဝန်ယူတယ်"

ယဲ့ချန်၏ တောင်းဆိုချက်ကို ကြားလိုက်ရသောအခါ ဖန်းရန်က စိတ်အေးသွားကာ ချက်ချင်းသဘောတူလိုက်သည်။ ယခုထက် ပို၍မြင့်မားသူများကို ရှာဖွေခိုင်းမည်ဆိုလျှင် သူက တတ်စွမ်းနိုင်တော့မည် မဟုတ်ပေ။

"ဒါပေမယ့် လောလောဆယ်တော့ ကောင်းကင်မူလအကြောင်း လူတွေအများကြီး မသိစေချင်ဘူး"

ယဲ့ချန်က သတိပေးလိုက်၏။

"မစိုးရိမ်ပါနဲ့ အစ်ကိုချန်။ ကျုပ်က သူတို့ကို အနီးအနားက ကြယ်တွေပေါ်မှာ နေခိုင်းလိုက်မယ်။ သူတို့က ခင်ဗျားမမြင်စေချင်တာကို မြင်မှာမဟုတ်သလို မကြားစေချင်တာကိုလည်း နားထောင်မှာ မဟုတ်ဘူး"

ဖန်းရန်က အဓိပ္ပါယ်ကို နားလည်သဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"ဒါဆိုရင် မင်းကို အလုပ်ရှုပ်စေမိပြီ။ ငါ့ဆရာ ရှန်မူက ငါတို့ကို နတ်သစ်သီးနည်းနည်း ပေးထားတယ်။ ဒါကို လက်ဆောင်အဖြစ် မှတ်ယူလိုက်ပါ"

ဖန်းရန်သည် ယဲ့ချန်ကို ရှန်မူ၏တပည့်အဖြစ် မသိထားသောကြောင့် ဤစကားကို ကြားလိုက်ရသောအခါ ရင်တဒိန်းဒိန်း ခုန်သွားခဲ့သည်။ တစ်ဖက်လူက အချိန်လေဟာနယ် အဆင့်ခုနစ်အထိ နားလည်ထားသောကြောင့် နှစ်သန်းပေါင်းများစွာအတွင်း ရှားပါးပါရမီရှင်တစ်ယောက် ဖြစ်သောအခါ ခေါင်းဆောင်တစ်ယောက်ကို ဆရာတင်နိုင်ခြင်းက အဓိပ္ပါယ်ရှိပေသည်။ အဆင့်ငါးအထိ နားလည်နိုင်လျှင် အနာဂတ်၌ စွမ်းအားရှင်အဆင့် ရောက်နိုင်ပြီး အဆင့်ခုနစ်အထိ နားလည်ထားသူမှာ ယဲ့ချန်တစ်ယောက်တည်းသာ ရှိနိုင်သည်။ သူ့ကို လင်လုံက တပည့်အဖြစ် လက်ခံလျှင်ပင် မထူးဆန်းကြောင်း ဖခင်ဖြစ်သူထံမှ ကြားသိခဲ့သော အချိန်၌ ဖန်းရန်က မျက်လုံးပြူးခဲ့ရသည်။ ဤမျှတုတ်ခိုင်ကြီးမားသော ပေါင်ကြီးကို အခွင့်အရေးရှိချိန်တွင် တင်းတင်းကြပ်ကြပ် ဖက်ထားရန် သူက ဆုံးဖြတ်လိုက်သည်။

ဖန်းရန်၏ဖခင်က ကောင်းကင်ကြယ်သခင်တစ်ယောက်ဖြစ်ပြီး ကြီးကြပ်သူရာထူးကိုသာ ပိုင်ဆိုင်ထားသော်လည်း ထိပ်တန်းမဟာမိတ်၌ အလုပ်လုပ်နေသောကြောင့် အာဏာအနည်းငယ် ပိုင်ဆိုင်ထားသည်။ ထိပ်တန်းမဟာမိတ်က ကြယ်အဖွဲ့အစည်းတစ်ခုလုံးတွင် လွှမ်းမိုးနိုင်စွမ်း ကြီးမားသောကြောင့် သူ့အတွက် အဆင့်မြင့်ကြယ်သခင်အနည်းငယ်ကို ခိုင်းစေရန်အတွက် မခက်ခဲပေ။

"ငါက ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ။ အစ်ကိုချန်ကို ကူညီရတာကိုက ငါ့အတွက် ဂုဏ်ယူစရာ ဖြစ်နေပါပြီ။ လက်မခံပါရစေနဲ့"

ဖန်းရန်က အကင်းပါးစွာဖြင့် ယဲ့ချန်၏ လက်ဆောင်ကို ငြင်းဆန်လိုက်သည်။

"ဒါဆိုရင် မင်းရဲ့ဖခင်က ဘယ်နေရာမှာ အလုပ်လုပ်တာလဲ သိပါရစေ"

ယဲ့ချန်က သစ်သီးများကို ပြန်လည်သိမ်းဆည်း၍ စုံစမ်းလိုက်သည်။

"ကျုပ်အဖေက ဖန်းယွမ်လို့ခေါ်ပြီး ထိပ်တန်းမြင့်မြတ်နယ်မြေရဲ့ နယ်ခြားဆက်ဆံရေးဌာနမှာ ကြီးကြပ်သူတစ်ယောက် ဖြစ်ပါတယ်"

ယဲ့ချန်၏ အမေးကြောင့် ဖန်းရန်၏ မျက်နှာက တောက်ပသွားကာ အလျင်အမြန် ဖြေကြားလိုက်သည်။

"ဒီလိုလိုလုပ်ရအောင်။ ငါက ဆရာ့ကို အကူအညီတောင်းပြီး မင်းရဲ့အဖေကို ရာထူးတိုးပေးဖို့ ပြောကြည့်မယ်။ အလုပ်ဖြစ်မဖြစ်ကတော့ အာမမခံနိုင်ဘူး"

ယဲ့ချန်က တစ်ချက်ပြုံး၍ ပြောလိုက်သည်။

"မစိုးရိမ်ပါနဲ့ အစ်ကိုချန်။ ဒီကိစ္စမအောင်မြင်ရင်လည်း ကျုပ် အကူအညီလိုအပ်ရင် အကောင်းဆုံး ကူညီပေးမှာပါ"

ဖန်းရန်က အပျော်လွန်သွားပြီး ယဲ့ချန်ကို ထိုင်ရှိခိုးမတတ် ကျေးဇူးတင်နေခဲ့သည်။ သူက များစွာအရေးမပါသော်လည်း ယဲ့ချန်ကိုယ်တိုင်လုပ်ရန် မသင့်တော်သော အရာများကို ခိုင်းစေရန်အတွက် အသုံးဝင်နေခဲ့သည်။ ဖန်းရန် ထွက်ခွာသွားသောအခါ ခြင်္သေ့ကြီးရောက်လာပြီး စိုးရိမ်တကြီး မေးလာခဲ့သည်။

"ယဲ့ချန် ဒီကောင့်ကို ကောင်းကင်မူလကြယ်အကြောင်း ပြောပြလိုက်တာက အဆင်ပြေပါ့မလား"

"ကျုပ်က ဒီကောင့်ကို မထိန်းချုပ်နိုင်ပေမယ့် ဒီလိုလူစားမျိုးကို အသုံးချတတ်ရင် အကျိုးရှိပါတယ်။ ကျုပ်က သန်မာနေရင် သူက သေချာပေါက် ဆန့်ကျင်ရဲမှာမဟုတ်ဘဲ အကောင်းဆုံး အမှုထမ်းလိမ့်မယ်။ တခြားတစ်ယောက်ကို စေလွှတ်မယ်ဆိုရင် ကောင်းကင်မူလကြယ်အကြောင်း စုံစမ်းတာမျိုးတွေ ဖြစ်လာလိမ့်မယ်။ ဖန်းယွမ်ကတော့ ဒီလောက်သတ္တိမရှိတဲ့အတွက် ပြဿနာ မရှိဘူး"

ယဲ့ချန်က ရှင်းပြလိုက်သော်လည်း ခြင်္သေ့ကြီးအတွက် ရှုပ်ထွေးသော ကိစ္စများက ပျင်းရိစရာ ဖြစ်နေသည်။ သူက ယဲ့ချန်သာ ပြဿနာမရှိဟုဆိုလျှင် အဆင်ပြေသူ ဖြစ်သည်။

"ကောင်းကင်မူလကြယ်မှာ ဘယ်လိုနေထိုင်နေကြလဲ"

ယဲ့ချန်သည် ကောင်းကင်ကို မော့ကြည့်နေရင်း စိတ်ထဲတွင် အတွေးတစ်ခု ဖြစ်ပေါ်လာလေသည်။

All Chapters