ကောင်းကင်မူလကြယ်၏ အခြေအနေ
Vol. 62 Ch. 866
လွန်ခဲ့သော လများအတွင်း ယဲ့ချန်သည် လက်ကျန်အဆင့်နှစ်ခုကို လေ့လာရာ၌ တိုးတက်မှုမရှိခဲ့ဘဲ ၎င်းတို့ကို ဖမ်းဆုပ်နိုင်ရန် ကြိုးစားလိုက်တိုင်း ပျောက်ကွယ်သွားခဲ့သည်။ သို့သော် ၎င်းတို့က နားလည်နိုင်ရန် မလွယ်ကူသောကြောင့် သူက အလျင်မလိုပေ။ သို့မဟုတ်လျှင် ၎င်းတို့အကြောင်း အခြားကျင့်ကြံသူများက မသိဘဲနေမည် မဟုတ်ပေ။ သူနှင့်ယှဥ်လျှင် ခြင်္သေ့ကြီးက များစွာတိုးတက်ခဲ့သည်ဟု ဆိုနိုင်ပြီး အချိန်လေဟာနယ် အဆင့်ငါးကို နားလည်သည်အထိ မြင့်တက်လာခဲ့၏။ ဤအဆင့်သို့ ရောက်သောအခါ ကြယ်သခင်ဖြစ်လာရန် နီးကပ်နေသော်လည်း သူက တုံ့ဆိုင်းနေပြီးနောက် ယဲ့ချန်ကဲ့သို့ အဆင့်ခုနစ်အထိ နားလည်ရန် ဆုံးဖြတ်လိုက်သည်။
ယဲ့ချန်သည် ခြင်္သေ့ကြီးက ဤသို့စွမ်းဆောင်နိုင်စွမ်းရှိမရှိဟု မသေချာသော်လည်း သူ၏ကာကွယ်ရေးသားရဲ ဖြစ်နေသောကြောင့် ဝိညာဥ်အသိစိတ်ချင်း ပဲ့တင်ထပ်ကာ အစွမ်းများ ရရှိထားသဖြင့် အဆင့်ခုနစ်အထိ နားလည်နိုင်ရန်က မဖြစ်နိုင်သည် မဟုတ်ပေ။ ထို့အပြင် ခြင်္သေ့ကြီးက အဆင့်ငါးအထိ နားလည်ထားသောကြောင့် နောက်ဆုံးတွင် နားမလည်နိုင်လျှင် သွေးနတ်သစ်သီးကိုစားကာ အချိန်မရွေး အဆင့်တက်နိုင်နေသည်။
မြင့်မြတ်နန်းတော်၏ နန်းဆောင်အတွင်း ယဲ့ချန်က တင်ပျဥ်ခွေထိုင်၍ တိတ်ဆိတ်စွာ ကျင့်ကြံနေပြီး အသိစိတ်က ဒန်တန်အတွင်း ရောက်ရှိသွားသည်။ ထိုနေရာရှိ လောကသည် အဆုံးအစမဲ့လောက်အောင် ကျယ်ဝန်းပြီး ဧရာမကြယ်ကြီးကိုးလုံးက အထူးလမ်းကြောင်းတစ်ခုဖြင့် ဖြည်းညှင်းစွာ လည်ပတ်နေကာ အချိန်လေဟာနယ်ချီများ ရစ်သိုင်းနေသည်။ ၎င်းတို့ထက်တွင် မရေမတွက်နိုင်သော ဝိညာဥ်ကောင်များရှိနေပြီး ချီများကို စုပ်ယူကာ စွမ်းအင်များ ပြည့်ဝနေသည့်အလား ခုနစ်ရောင် တောက်ပနေကြ၏။ သူက စိတ်ကို ပေါ့ပေါ့ပါးပါးထားကာ အချိန်လေဟာနယ်ကို ဆင်ခြင်လိုက်သဖြင့် ထူးဆန်းသော ဉာဏ်အလင်းပွင့်သည့် အခြေအနေသို့ ဖြည်းဖြည်းချင်း ဝင်ရောက်သွားသည်။ သူက ချီတစ်မျှင်အလား ပြောင်းလဲသွားကာ လောကကြီး၏ ချီများအတွင်း ပေါင်းစပ်ပျော်ဝင်သွားသကဲ့သို့ ဖြစ်သည်။
ချီခုနစ်မျိုးအကြားတွင် ယဲ့ချန်သည် နွေးထွေး၍ တောက်ပသော ချီ နှင့် အေးစက်မည်းမှောင်သော ချီ နှစ်မျိုးကို ထပ်မံရှာတွေ့ခဲ့သည်။ ၎င်းတို့က အချိန်တိုင်း ပေါ်လိုက်ပျောက်လိုက်ဖြစ်နေကာ ဖမ်းဆုပ်ရန် ခက်ခဲပြီး ရည်ရွယ်ချက်ဖြင့် ချဥ်းကပ်မိလျှင် ချက်ချင်းပျောက်ကွယ်သွားပေလိမ့်မည်။ ဤတစ်ကြိမ်တွင် သူက ဖမ်းဆုပ်ရန် ကြိုးစားမနေခဲ့ဘဲ စိတ်ကို လုံးဝလျှော့ထားကာ အချိန်လေဟာနယ်ချီများအကြား နစ်ဝင်နေခဲ့သည်။ အချိန်ကြာမြင့်လာသောအခါ နောက်ဆုံးချီနှစ်မျိုးသည် ဖြည်းဖြည်းချင်း ကြည်လင်လာသော်လည်း အောင်အောင်မြင်မြင် ထိန်းချုပ်နိုင်ရန်အတွက် အချိန်ကြာရှည်စွာ လိုအပ်ပေလိမ့်မည်။ သူ ကျင့်ကြံနေစဥ် ပတ်ဝန်းကျင်မှ ခုနစ်ရောင်ခြယ်ချီများ စုဝေးလာပြီး တိမ်တိုက်ပမာ သိပ်သည်းနေကြသည်။ ပုံရိပ်ယောင်ပုလဲသည်လည်း အလင်းများတောက်ပ၍ ထိုချီများကို စုပ်ယူကာ ကျင့်ကြံရင်း နေ့ရက်တိုင်းကို အတူတကွ ကျော်ဖြတ်လာရာ အချိန်နှစ်လ ကုန်ဆုံးသွားခဲ့သည်။
မီကွမ်သည် နတ်ဆိုးတိုက်လှေကို ယူဆောင်၍ ကောင်းကင်မူလကြယ်မှ ပြန်ရောက်လာသောအခါ ယဲ့ချန်က ရှန်မူထံ ပို့ဆောင်စေလိုက်သည်။ ရှန်မူက ၎င်းကို လက်ခံရရှိသောအခါ ဝမ်းသာလုံးဆို့နေပြီး ကြယ်အလင်းနယ်မြေသို့ ထိုနေ့က သင်ခန်းစာပို့ချရန် သွားရောက်ခဲ့မိခြင်းကို ကျေနပ်နေသည်။ ထို့အပြင် ယဲ့ချန်ကို တပည့်အဖြစ် ရလိုက်သည့်အတွက်လည်း အလွန်ဂုဏ်ယူနေခဲ့သည်။ သူ၏တပည့်က အချိန်လေဟာနယ် အဆင့်ခုနစ်အထိ နားလည်နိုင်သော ပါရမီရှင်ဖြစ်သကဲ့သို့ နတ်ဆိုးတိုက်လှေကဲ့သို့ ရတနာမျိုးကိုလည်း ယူဆောင်နိုင်စွမ်းရှိနေသည်။ စွမ်းအားရှင်တစ်ယောက်ပင် ၎င်းကို အလွယ်တကူ မရယူနိုင်သောကြောင့် သူက တန်ရာတန်ကြေးအဖြစ် ဆေးပင်များ၊ ရတနာများ၊ အဖိုးတန်သတ္တုရိုင်းများနှင့် ကြယ်အဆီအနှစ် တန်ပေါင်းသန်းချီကို ပေးချေခဲ့သည်။ စွမ်းအားရှင်တစ်ယောက်အတွက် ကြယ်များကို ခွဲချေရခြင်းက မခက်ခဲသောကြောင့် စကြဝဠာအတွင်း ခရီးထွက်ရာတွင် လူလေးပါးကင်းမဲ့သည့် ကြယ်များကို ဖြိုခွဲရာမှ ကြယ်ကျောက်တုံးများ၊ ကြယ်အမြုတေများနှင့် ကြယ်အဆီအနှစ်များကို အရေအတွက် သိန်းသန်းချီအောင် စုဆောင်းထားနိုင်ကြသည်။ နှစ်ထောင်ပေါင်းများစွာ ကြာသောအခါ စွမ်းအားရှင်တစ်ယောက်၏ ကြွယ်ဝချမ်းသာမှုက စိတ်ကူးမရလောက်အောင် များပြားလာပြီဖြစ်သည်။
ကောင်းကင်မြစ်ကြယ် အဖွဲ့အစည်းအတွင်း ဝယ်ယူနိုင်သော ရတနာမျိုးဆိုလျှင် ရှန်မူက ဝယ်နိုင်စွမ်းရှိနေသည်။ ဥပမာအားဖြင့် သွေးပြည်ထောင်၌ ပေါများသော်လည်း ထာဝရပြည်ထောင်တွင် ရှားပါးသော နတ်ဆိုးတိုက်လှေကဲ့သို့ ကန့်သတ်ရတနာများကိုမူ မပိုင်ဆိုင်နိုင်ခဲ့ပေ။ ကျန်တစ်ဖက်တွင် ကြယ်ရတနာများမှာ သွေးပြည်ထောင်၌ အလွန်ရှားပါးပြီး ၎င်း၏ ပန်းပဲလက်ရာအများစုကို မောင်းနှင်အသက်သွင်းရန်အတွက် လိုအပ်ချက် မြင့်မားသောကြောင့် ဖြစ်သည်။ ပြည်ထောင်နှစ်ခုက တရားဝင်ဆက်ဆံခြင်း မရှိသောကြောင့် ထာဝရပြည်ထောင်ရှိ နတ်ဆိုးတိုက်လှေ အရေအတွက်က လက်ချိုးရေတွက်နိုင်သည်။ ထို့အပြင် အင်အားစုတိုင်းက ကောင်းကင်သူတော်ကို လုက်ဆောင်ပဏ္ဏာများ ဆက်သရပြီး သူတို့က နတ်ဆိုးတိုက်လှေကို နှစ်ခြိုက်သောကြောင့် ထိပ်တန်းမဟာမိတ်၌ပင် တစ်စီးသာ ရှိနေခြင်းဖြစ်သည်။ စွမ်းအားရှင်စာရင်းဝင် ကျင့်ကြံသူတစ်ယောက်ပင် နတ်ဆိုးတိုက်လှေကို ပိုင်ဆိုင်ရသည့်အတွက် အလွန်အမင်း ဂုဏ်ယူတတ်ကြသည်။
ယဲ့ချန်သည် ရှန်မူပေးလိုက်သော ရတနာများကို ရေတွက်ပြီးသောအခါ သွေးပြည်ထောင်ဘက်တွင် နတ်ဆိုးတိုက်လှေ အစီးနှစ်ဆယ်ကျော် ဝယ်ယူရန် လုံလောက်ကြောင်း သိခဲ့ရသည်။ စွမ်းအားရှင်များက အလွန်ချမ်းသာသောကြောင့် ယာဥ်တစ်စီး ဝယ်ယူရန်အတွက် မတန်တဆစျေးကိုပင် ပေးချေနိုင်ကြသည်။ သူက ခဏတာစဥ်းစားပြီးနောက် ခြင်္သေ့ကြီးနှင့် မီကွမ်ကို ကောင်းကင်မူလကြယ်သို့ ပြန်လည်စေလွှတ်ကာ နောက်ထပ်နတ်ဆိုးတိုက်လှေများ ဝယ်ယူရန် ညွှန်ကြားခဲ့သည်။
ကောင်းကင်မူလကြယ်သည် ယဲ့ချန် ထွက်ခွာသွားသော အချိန်နှင့် လုံးဝကွဲပြားနေပြီး တိုးတက်နေခဲ့သည်။ အနီးအနားရှိ ရှင်းဟွမ်မရှိသော ကြယ်နှစ်ဆယ်ကျော်တွင် တည်နေရာပြောင်းအစီအရင်များ၊ အာကာသဆိပ်ကမ်းများနှင့် မရဏအလင်းမျှော်စင်များ တပ်ဆင်ထားသောကြောင့် ခံစစ်က အလွန်ကျစ်လစ်နေသည်။ မရေမတွက်နိုင်သော ယာဥ်များက နေ့စဥ် ဝင်ထွက်သွားလာနေကာ ကုန်သည်များက အခြားကြယ်ဒေသများတွင် ရောင်းချနိုင်သော ကုန်စည်များကို လာရောက်ဝယ်ယူနေကြသည်။ ကောင်းကင်မူလကြယ်သည် ယဲ့ချန်စဥ်းစားနိုင်သည်ထက် ကျော်လွန်အောင် ကြွယ်ဝချမ်းသာနေပြီဖြစ်သည်။ ယဲ့မျိုးနွယ်သည်လည်း ဧရာမကုန်သည် မျိုးနွယ်ကြီးတစ်ခုဖြစ်လာပြီး ကြယ်ဒေသများစွာသို့ ရောင်းဝယ်ဖောက်ကားနိုင်ပြီဖြစ်သည်။ ကြယ်သခင်မရှိသော ပတ်ဝန်းကျင်များပေါ်တွင် ဖန်းယွမ် ပို့ဆောင်လိုက်သော အဆင့်မြင့် ကြယ်သခင်များ ရောက်ရှိကာကွယ်ပေးနေကြသည်။
မူလတွင် ဖန်းယွမ်သည် ထိပ်တန်းမဟာမိတ်၌ သာမန်ကြီးကြပ်သူတစ်ယောက်သာ ဖြစ်သော်လည်း ယဲ့ချန်က ရှန်မူထံ သတင်းပို့ပေးခဲ့သောကြောင့် ရာထူးသုံးဆင့် မြင့်တက်သွားကာ ကြီးကြပ်ရေးမှူးသုံးယောက်အနက် တစ်ယောက် ချက်ချင်းဖြစ်လာခဲ့သည်။ ထို့ကြောင့် သူက ယဲ့ချန်ကို ကျေးဇူးဆပ်ရန်အတွက် အစွမ်းကုန်ကြိုးစားနေသည်။ အချိန်လေဟာနယ် အဆင့်ခုနစ်အထိ နားလည်ထားသော ယဲ့ချန်က အနာဂတ်၌ ပြိုင်ဘက်ကင်း ဖြစ်တည်မှုတစ်ခု ဖြစ်လာရန် သေချာနေသောအခါ နောက်လိုက်အဖြစ် မည်သို့ပြုမူရမည်ကို သူက ရှင်းရှင်းလင်းလင်း နားလည်နေခဲ့သည်။
ကောင်းကင်မူလကြယ်၏ ကြယ်သခင်ဖြစ်သော တန်းအာသည် အံ့သြစရာကောင်းလောက်အောင် ကြီးပြင်းလာနေခဲ့သည်။ သူ ကျင့်ကြံရန်အတွက် ယဲ့မျိုးနွယ်က ငွေကြေးများစွာ အကုန်အကျခံ၍ အရင်းအမြစ်များ ဝယ်ယူပေးခဲ့ပြီး နေထိုင်သောနေရာ၌ပင် ဆေးပင်များစွာ စိုက်ပျိုးပေးခဲ့သည်။ သူက အဖိုးတန်ဆေးပင်များစွာကို စားသောက်ရင်း ကြီးပြင်းလာကာ ရေချိုးရာ၌ပင် ဆေးရည်များကို အသုံးပြုခဲ့သည်။ ပါရမီကလည်း အလွန်မြင့်မားသောကြောင့် အသက်တစ်နှစ်၌ပင် နတ်အစေခံအဆင့်သို့ ရောက်ခဲ့ပြီး ကောင်းကင်ဖျက်ဆီးရေး နတ်သစ်သီးသုံးလုံးကို စားသောက်ကာ နတ်ခန္ဓာကို ပိုင်ဆိုင်နိုင်ခဲ့သောကြောင့် ကောင်းကင်ကိုပင် ဆန့်ကျင်နေသည်။ အနောက်အရပ်သို့ နေဝင်သော ညနေခင်းတစ်ခုတွင် ဆန်းကျယ်သော အညိုရောင်ဝတ် အဘိုးအိုတစ်ယောက် ရောက်ရှိလာကာ သူ့ကို ကျင့်ကြံရေးပညာများ သင်ကြားပေးခဲ့သည်။ မူလတွင် ယဲ့မျိုးနွယ်ဝင်များက စိုးရိမ်ခဲ့ကြသော်လည်း အဘိုးအိုရှေ့မှောက်တွင် သူတို့၏အင်အားက ပမွှားသာဖြစ်ပြီး တန်းအာအပေါ် မကောင်းသော ရည်ရွယ်ချက်မရှိသဖြင့် ခွင့်ပြုပေးခဲ့ကြသည်။ မည်သို့ပင်ဆိုစေကာမူ တန်းအာအတွက် စွမ်းအားရှင်အဆင့် ဆရာတစ်ယောက်ရှိနေခြင်းက အကျိုးရှိသည် မဟုတ်ပါလော။
ခြင်္သေ့ကြီးသည် မီကွမ်နှင့်အတူ ကောင်းကင်မူလကြယ်သို့ ပြန်ရောက်လာခဲ့ပြီး အရာရာကို မြင်လိုက်ရသောအခါ နှစ်ဝက်အတွင်း တိုးတက်ပြောင်းလဲမှုများကြောင့် မင်သက်သွားရသည်။ သူ့ကို မီကွမ်က ကြိုတင်ပြောပြထားသော်လည်း ကိုယ်တိုင်မြင်ရသောအခါတွင် ပို၍အံ့သြစရာကောင်းနေသည်။ ယဲ့မျိုးနွယ်ဝင်များက ငတုံးမဟုတ်သောကြောင့် အထောက်အပံ့ကောင်းကောင်း ရလိုက်သောအခါ ကြယ်တစ်ခုလုံးကို ဤမျှတိုးတက်လာအောင် စွမ်းဆောင်နိုင်ခဲ့သည်။ နတ်ဆိုးတိုက်လှေက ကောင်းကင်မူလကြယ်၏ ဆိပ်ကမ်းတွင် ဆိုက်ကပ်လိုက်သောအခါ ပတ်ဝန်းကျင်မှ ကုန်သည်များကို တုန်လှုပ်သွားစေခဲ့သည်။ ထန်တိုက်လင်သည် ခြင်္သေ့ကြီးထံမှ ယဲ့ချန်က နောက်ထပ်နတ်ဆိုးတိုက်လှေများ ဝယ်ယူလိုနေကြောင်း သိလိုက်ရသောအခါ သွေးပြည်ထောင်ရှိ ကျိရန်ရွယ်ထံ ချက်ချင်းလူလွှတ် အကြောင်းကြားလိုက်သည်။
"ချန်အာ အဆင်ပြေရဲ့လား"
ယဲ့ကျန့်ထန်းက ဤသို့မေးလိုက်သောအခါ ထန်တိုက်လင်၊ ယဲ့လော့နှင့် ပိုလင်းတို့က ခြင်္သေ့ကြီးကို မျှော်လင့်တကြီး ကြည့်မိလိုက်သည်။ သူတို့အားလုံးကလည်း ယဲ့ချန်အကြောင်း သိချင်နေကြသည်။
"ဖေဖေ"
တန်းအာသည်လည်း ငယ်စဥ်ထဲက အရာရာကို မှတ်သားထားနိုင်သောကြောင့် စကြဝဠာအတွင်း ထွက်ခွာသွားသည့် ဖခင်ဖြစ်သူကို သတိရနေခဲ့သည်။
"ယဲ့ချန်က အဆင်ပြေပါတယ်။ သူက အချိန်လေဟာနယ် အဆင့်ခုနစ်အထိ နားလည်နိုင်ခဲ့ပြီး ခေါင်းဆောင်ရှန်မူရဲ့ တပည့် ဖြစ်နေပြီ ဟား ဟား"
ခြင်္သေ့ကြီးက တန်းအာကို စနောက်ရန်အတွက် ရှေ့တိုးလိုက်သောအခါ ထန်တိုက်လင်အနောက်ရှိ အဘိုးအိုကို မြင်လိုက်ရ၍ မျက်နှာပျက်သွားပြီး အလန့်တကြား ထအော်လိုက်မိသည်။
"ခင်ဗျား"
ထန်တိုက်လင်၏နောက်တွင် အဘိုးအိုတစ်ယောက်က တိတ်ဆိတ်စွာ ရပ်နေပြီး ထိုနေရာ၌ မရှိနေသယောင်ပင် ထင်မှတ်ရသည်။ ခြင်္သေ့ကြီးက လုံးဝသတိမထားမိဘဲ အနားရောက်သောအခါတွင်မှ မြင်လိုက်ရသောအခါ အကြောက်ကြီးနေခဲ့သည်။ တစ်ဖက်လူက သူ့ကို ဖမ်းဆီးပြီး ကောင်းကင်ကြယ်တာရာ တံဆိပ်အတွင်း နှစ်ထောင်ပေါင်းများစွာ ချုပ်နှောင်ခဲ့သူ ဖြစ်သောကြောင့် တစ်ရက်မှ မမေ့ပေ။ သူက နောက်ထပ်ဖမ်းဆီးချုပ်နှောင်ခံရမည်ကို ကြောက်လန့်နေသောကြောင့် အဘိုးအိုရှိနေရသည့် အကြောင်းအရင်းကို သိချင်နေမိသည်။ သူက အကြောက်လွန်နေပြီး မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော်ဖြစ်နေကာ နေရာမှ တစ်လက်မပင် မလှုပ်ရဲချေ။ အညိုရောင်ဝတ် အဘိုးအိုမှာ ကျောက်စိမ်းနန်းတော်အတွင်းမှ အကြီးအကဲ ကျိုးလီ ဖြစ်သည်။
ယဲ့ချန်သည် ကျောက်စိမ်းနန်းတော်အတွင်း ဝင်ရောက်စဥ်က ခြင်္သေ့ကြီးက အတူလိုက်ပါမလာခဲ့ပေ။ ယဲ့ချန်က ကျိုးလီ၏ ညွှန်ကြားချက်အတိုင်း မည်သူ့ကိုမှ မပြောပြခဲ့သဖြင့် သူက အလွန်တုန်လှုပ်နေရခြင်း ဖြစ်သည်။ သို့သော် အကြီးအကဲကျိုးလီက ခြင်္သေ့ကြီး၏ စကားများကို မကြားရသည့်အလား လျစ်လျူရှုထားကာ တိတ်တဆိတ် ရပ်နေခဲ့လေသည်။