← Chapters

အာကာသဓားပြများ

Vol. 62 Ch. 868

အာကာသဓားပြများ

Vol. 62 Ch. 868

အံ့သြတုန်လှုပ်နေသည်မှာ မီကွမ်တစ်ယောက်တည်း မဟုတ်ဘဲ လူတိုင်းဖြစ်ကာ သူတို့သည် ကျိုးလီနှင့် များစွာမပတ်သက်ဖူးသော်လည်း တစ်ဖက်လူ၏ ကျင့်ကြံဆင့်က ခန့်မှန်းမရလောက်အောင် မြင့်ကြောင်း နားလည်ထားကြသည်။ ဤသို့သော ကျင့်ကြံသူတစ်ယောက်က ယဲ့ချန်၏ နောက်လိုက် ဖြစ်နေသော အကြောင်းအရင်းကို ဦးနှောက်ပေါက်မတတ် စဥ်းစားသော်လည်း အဖြေရှာမရပေ။ ခြင်္သေ့ကြီးက မူလတွင် မင်သက်သွားသော်လည်း ရုတ်တရက် သတိပြန်ဝင်လာသောအခါ သူတော်စင်အရှင်ဆိုသည်မှာ ယဲ့ချန်ဖြစ်ကြောင်း ချက်ချင်းသိလိုက်သည်။

"ဒီကောင်က အစွမ်းထက် ကျင့်ကြံသူတစ်ယောက် ပြန်လည်ဝင်စားတာလား။ အံ့သြစရာကောင်းလိုက်တာကွာ။ ဒီကောင့်မှာ အစွမ်းထက်နောက်ခံရှိနေမယ်လို့ မထင်ထားဘူး။ ထိပ်တန်းမဟာမိတ်ကိုရောက်ရင် သူ့ပေါင်ကို တင်းတင်းကြပ်ကြပ် ဖက်ထားပြီး ကန်ထုတ်ရင်တောင် ထွက်မသွားဘူးကွာ"

ခြင်္သေ့ကြီးက ဤသို့တွေးနေရင်း ကြီးစိုးမှုပြင်းထန်သော အရှိန်အဝါတစ်မျိုး ထုတ်ဖော်ကာ ခေါင်းမော့ရင်ကော့၍ လည်ဆံမွေးများကို ကြီးကျယ်ခမ်းနားဟန်ဖြင့် ယမ်းခါလိုက်၏။ ခြင်္သေ့ကြီးမှအပ ကျန်လူများက ကျိုးလီ၏စကားကြောင့် မင်သက်နေပြီး သူက ထန်တိုက်လင်ထံမှ အဖြေကို စောင့်ဆိုင်းနေဟန်ဖြင့် တိတ်တဆိတ် ရပ်နေခဲ့သည်။ သူမက သတိပြန်ဝင်လာသောအခါ ကျိုးလီသည် သူမအား သခင်မလေးဟု ခေါ်ရသော အကြောင်းအရင်းကို မသိသော်လည်း မကောင်းသော ရည်ရွယ်ချက်မရှိကြောင်း နားလည်နေသည်။ ဤကိစ္စက ယဲ့ချန်နှင့် သေချာပေါက် ပတ်သက်နေမည် ဖြစ်သောကြောင့် ပြန်ရောက်လာလျှင် မေးမြန်းရန် မှတ်သားထားလိုက်သည်။ ထိပ်တန်းအဆင့် ကြယ်သခင်ခြောက်ယောက် ရောက်လာသော အကြောင်းအရင်းကလည်း ထူးဆန်းနေပြီး ကောင်းကင်မူလကြယ် မြင့်တက်လာချိန်၌ ဤအဆင့်ကျင့်ကြံသူမျိုး ရောက်မလာဖူးပေ။ မရဏအလင်းမျှော်စင်များ၏ ကာကွယ်မှုကြောင့် ၎င်းက ငြိမ်းချမ်းနေသော်လည်း ရောက်လာသူများက ရန်သူလား မိတ်ဆွေလား မသိရပေ။

"သူတို့က မကောင်းတဲ့ ရည်ရွယ်ချက် ရှိတယ်ဆိုရင် မောင်းထုတ်ပေးပါ"

ထန်တိုက်လင်က ခဏတာစဥ်းစားပြီးနောက် အဖြေပေးလိုက်သည်။ သူမ၏အမြင်၌ ထိပ်တန်းကြယ်သခင်များကို သတ်လိုက်လျှင် မလိုလားအပ်သော ပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။ သူမ၏စကားအရ ကျိုးလီအပေါ် လုံးဝယုံကြည်ပြီး သူသာ ရှိမနေလျှင် ကြယ်တစ်ခုလုံးက ထိုကြယ်သခင်များကို ခယနေရပေလိမ့်မည်။ သို့သော် ကျိုးလီ၏အစွမ်းကို မျက်မြင်တွေ့ရသောအခါ သူမ၏စိတ်ထဲတွင် အားကိုးထိုက်ကြောင်း ခံစားနေရသည်။

"သခင်မလေးက သနားတတ်လွန်းတယ်"

ကျိုးလီသည် ကြယ်သခင်ခြောက်ယောက်ကို မောင်းထုတ်ရန် အလွန်လွယ်ကူဟန်ဖြင့် ပြောလိုက်ခြင်းဖြစ်သည်။ သူ၏စကားကြောင့် လူတိုင်းက နောက်တစ်ဖန် မင်သက်သွားကာ ကျိုးလီအတွက် ထိပ်တန်းကြယ်သခင်များကိုသတ်ရန် အလွန်လွယ်ကူနေသည်လားဟု တွေးမိလိုက်ကြသည်။

"ဒါနဲ့ အဘိုး ယဲ့ချန် သေမလိုဖြစ်နေတုန်းက ခင်ဗျား ဘယ်ရောက်နေလို့ ထွက်မလာတာလဲ"

ခြင်္သေ့ကြီးသည် ကျိုးလီက သူ့ကို နောက်ထပ်မချုပ်နှောင်တော့ကြောင်း သိလိုက်ရသောအခါ ကြောက်စိတ်များ ပျောက်ကွယ်သွားသော်လည်း မလေးမစား မလုပ်ဝံ့ပေ။

"အချိန်မကျသေးလို့"

ကျိုးလီက အဝေးသို့ နက်ရှိုင်းသော မျက်လုံးများနှင့် ငေးကြည့်ရင်း ဖြေလိုက်၏။

"ယဲ့ချန် သေသွားရင်ရော"

"ဒီလောကကြီးမှာ ကံတရားကို ရှောင်လွှဲမရနိုင်တာတွေ အများကြီးရှိတယ်။ သူတော်စင်ဘုရင်က အချိန်မတိုင်ခင် သေသွားရင် ကောင်းကင်တာအိုအလိုအရ ဖြစ်တာမို့ မပြောင်းလဲနိုင်ဘူး"

ကျိုးလီ၏ စကားကြောင့် ခြင်္သေ့ကြီးက နားလည်သွားခဲ့သည်။ ယဲ့ချန်က ကံဆိုးစွာဖြင့် အသတ်ခံလိုက်ရလျှင်လည်း ကောင်းကင်အလိုအရ ဖြစ်နိုင်သောကြောင့် သူက ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။ ကျိုးလီက လက်နှစ်ဖက်နောက်ပစ်၍ ကောင်းကင်သို့ မော့ကြည့်နေစဥ် တိမ်များက ရုတ်တရက် လွင့်စင်သွားကာ လက်နက်ချင်းထိခတ်သံများနှင့် ထောင်ချီသော မြင်းဟီသံများ ကြားလိုက်ရသည်။ ကြောက်မက်ဖွယ် စစ်ပွဲကြီးတစ်ခု ဖြစ်ပွားနေပုံရပြီး ပြင်းထန်သော သတ်ဖြတ်လိုစိတ်က စိတ်နှလုံးကို တုန်ယင်စေသည်။ ကောင်းကင်အထက် စကြဝဠာအတွင်း ဘီလီယံချီသော သက်ရှိများ တိုက်ခိုက်နေသယောင် ထင်မှတ်ရကာ လူတိုင်းမှာ စစ်ပွဲအလယ်ရောက်သွားသကဲ့သို့ သွေးများ ဆူပွက်လာကြ၏။ သို့သော် သတ်ဖြတ်လိုစိတ်က ဖြတ်ခနဲ ပျောက်ကွယ်သွားကာ ကောင်းကင်က ပြန်လည်ငြိမ်းချမ်းသွား၍ သူတို့က သတိပြန်ဝင်လာချိန်၌ ကျိုးလီကို တရိုတသေ ကြည့်လိုက်မိကြသည်။

ထိုအချိန်၌ ယဲ့မျိုးနွယ်ပိုင်နက်နှင့် မနီးမဝေးရှိ တောင်ကုန်းတစ်ခုမှ ပုံရိပ်တစ်ခု ပျံသန်းထွက်ပေါ်လာသည်။ ၎င်းက ဝဝကစ်ကစ် ဝက်တစ်ကောင်ဖြစ်ကာ တစ်ကိုယ်လုံး ပန်းရောင်သန်းနေပြီး ချစ်စရာကောင်းနေသော်လည်း လေလုံးထွားလျက်ရှိသည်။

"ဟမ့် ငါ ကျူကုန်းကုန်းက အစွမ်းထက်ကျင့်ကြံသူတစ်ယောက် ပြန်လည်ဝင်စားတာ ဖြစ်တယ်။ ဘာသူတော်စင်ဘုရင်မှ ငါ့ကို မယှဥ်နိုင်ဘူး။ ငါက ရုပ်ချောချော ကျင့်ကြံသူကြီးကွ"

ကျူကုန်းကုန်းက တင်ပါးကို လှုပ်ယမ်းနေသဖြင့် အမြှီးက စက်ဝိုင်းသဏ္ဍာန် လှည့်ပတ်နေသည်။ သူက ယဲ့ချန်နှင့် အကြိမ်အနည်းငယ် တိုက်ခိုက်ဖူးသော်လည်း ကျင့်ကြံဆင့်က စစ်ဧကရာဇ် အဆင့်တစ်ဆယ်၌သာ ကျန်ရစ်နေသည်။ ဝိညာဥ်သားရဲများ ထွက်ပေါ်လာသောအခါ သူက ကောင်းကင်မူလတိုက်ကြီးသို့ လိုက်ပါမလာခဲ့သော်လည်း နည်းလမ်းတစ်မျိုးမျိုးဖြင့် ရှင်သန်နိုင်ခဲ့ပုံပေါ်သည်။ ကျိုးလီက သူရှိရာအရပ်သို့ တစ်ချက်ကြည့်လိုက်ရင်း တစ်ခုခုကို အာရုံခံမိဟန်ဖြင့် ပြုံးလိုက်သည်။ ကောင်းကင်မူလကြယ်၏ တည်နေရာ ကို သူက ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားခဲ့သောကြောင့် စွမ်းအားရှင်အဆင့်များမှာ ရှာမတွေ့နိုင်ခဲ့ပေ။ သို့သော် အစွမ်းထက်သူအချို့က ရှာဖွေနိုင်ခဲ့ပြီး ပြန်လည်ဝင်စားရန်အတွက် ရောက်ရှိလာကာ ကျူကုန်းကုန်းသည်လည်း တစ်ယောက်အပါအဝင် ဖြစ်သည်။ သူက သူတော်စင်အရှင်နှင့် ကျူကုန်းကုန်းသည် အနာဂတ်၌ မည်သို့သော ဆက်ဆံရေးရှိမည်ကို မခန့်မှန်းနိုင်သောကြောင့် ကောင်းကင်အလိုအရသာ လွှတ်ထားပေး၍ ဝင်ရောက်စွက်ဖက်မည် မဟုတ်ချေ။

ကောင်းကင်မူလကြယ်သို့ ယာဥ်တစ်စီး ရောက်ရှိလာပြီး လူခြောက်ယောက် ထွက်ပေါ်လာကာ တစ်ယောက်က လီယွမ် ဖြစ်နေခဲ့သည်။

"ဒီကိစ္စကို မင်းတို့ငါးယောက်လက်ထဲ လွှဲပေးလိုက်မယ်။ ရတနာတွေကို အကုန်ယူလာခဲ့ကြ။ သဲလွန်စ မကျန်စေနဲ့။ ဒါပေမယ့် လူသတ်စရာတော့ မလိုဘူး"

သူက အမိန့်ပေးလိုက်ခြင်းဖြစ်သည်။

"လီယွမ် မင်းက ဘာတွေကြောက်နေတာလဲ။ အခြားကြယ်တွေမှာဆိုရင် ငါတို့က စိတ်ကြိုက်သတ်ဖြတ်ပြီး အသက်ရှင်သူမကျန်အောင် လုပ်ခဲ့ကြတာပဲ"

ကြယ်သခင်တစ်ယောက်က သွေးဆာရက်စက်စွာ ပြောလိုက်သည်။

"ဒီနေရာမှာတော့ လုပ်လို့မဖြစ်ဘူး။ ဒီခွေးကောင်က ရှန်မူရဲ့ တပည့်တစ်ယောက် ဖြစ်နေတယ်။ ပိုက်ဆံဆုံးရှုံးသွားတယ်ဆိုရင် သူက ထွက်လာမှာ မဟုတ်ပေမယ့် တပည့်ရဲ့မိသားစု အသတ်ခံလိုက်ရရင် သေချာပေါက် ထွက်လာလိမ့်မယ်။ ငါတို့က သူ လိုက်သတ်တာကို ထွက်ပြေးနိုင်မယ် ထင်လို့လား"

လီယွမ်က ချက်ချင်း ခေါင်းယမ်းပြလိုက်သည်။ ရောင်လီသည် သူအချစ်ဆုံး တပည့်ဖြစ်သောကြောင့် ယဲ့ချန်က သတ်လိုက်ကြောင်း သိခဲ့ရသော်လည်း ကိုယ့်ကိုကိုယ် ထိန်းချုပ်ခဲ့ရ၏။ တပည့်တစ်ယောက် ဆုံးရှုံးလိုက်ရုံဖြင့် ကိုယ့်သေတွင်းကိုယ်တူးရန်အထိ မတုံးအပေ။ တစ်ဖက်လူက အနာဂတ်တွင် အစွမ်းအထက်ဆုံး ဖြစ်လာနိုင်သောကြောင့် လက်စားချေရာတွင် လွန်လွန်ကဲကဲ မပြုမူဝံ့ချေ။ ကောင်းကင်မူလကြယ်ကလည်း ချမ်းသာလွန်းနေသောအခါ ယဲ့ချန် အစွမ်းထက်မလာခင် ရတနာများကို ခိုးယူသွားလျှင် နှစ်အနည်းငယ်ကြာသောအခါ မေ့သွားပေလိမ့်မည်။ ကျန်ကြယ်သခင်ငါးယောက်ကလည်း သူ၏အကြံကို သဘောတူ၍ လိုက်ပါလာကြ၏။ ကောင်းကင်မူလကြယ် ဓားပြတိုက်ခံရလျှင် အသေးအမွှားကိစ္စသာ ဖြစ်သောကြောင့် ခေါင်းဆောင်တစ်ယောက်ဖြစ်သည့် ရှန်မူက ထွက်လာမည် မဟုတ်ပေ။ သို့သော် တပည့်ဖြစ်သူ၏ မျိုးနွယ် အသတ်ခံလိုက်ရလျှင် ဒေါသတကြီးဖြင့် လိုက်သတ်ရန် သေချာပြီး မျက်နှာအပျက်ခံမည် မဟုတ်ပေ။ သူနှင့်အတူ လိုက်ပါလာသူများမှာ မရေမတွက်နိုင်အောင် လူသတ်ဖူးသည့်အာ ကာသဓားပြများဖြစ်ကာ လက်ရှိအချိန်အထိ အသက်ရှင်နေရခြင်းမှာ မစော်ကားသင့်သူကို မထိပါးသောကြောင့် ဖြစ်သည်။

"ဒါဆိုရင်လည်း လူမသတ်ဘူး။ စလိုက်ကြရအောင်"

သူတို့၏ ဝိညာဥ်အသိစိတ်များက ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာကာ စကြဝဠာကို ဖြတ်သန်း၍ ကောင်းကင်မူလကြယ်သို့ ရောက်ရှိလာသောအခါ ကောင်းကင်တစ်ခွင် မည်းမှောင်သွားသည်။ ဧရာမပုံရိပ်ကြီးများက သားရဲများကဲ့သို့ ကြမ်းကြုတ်ရက်စက်သော မျက်နှာပေးမျိုးနှင့် ထွက်ပေါ်လာ၏။

"ဘာတွေဖြစ်ကုန်တာလဲ"

"လေဟာနယ်က ချိတ်ပိတ်ခံလိုက်ရပြီ"

"ကောင်းကင်လှေတွေ အလုပ်မလုပ်တော့ဘူး"

"အာကာသဓားပြတွေ ရောက်လာတာလား"

"ထိပ်တန်း ကြယ်သခင်ငါးယောက်တောင်ဆိုတော့ ငါတို့ သေပြီ"

ကြယ်ပေါ်သို့ စီးပွားရေးလုပ်ရန် ရောက်ရှိနေကြသော ကုန်သည်များသည် ထိုပြောင်းလဲမှုကြောင့် ကြောက်လန့်ကုန်သည်။ လူတိုင်း မျက်နှာပျက်နေကြပြီး လူသတ်ပက်စက်လှသော အာကာသဓားပြများအကြောင်း သိထားသဖြင့် သေချာပေါက် အဆုံးသတ်ပြီဟု ထင်မှတ်နေကြသည်။ ဖန်းယွမ် ပို့ဆောင်ထားသော အဆင့်မြင့် ကြယ်သခင်များမှာလည်း အရေအတွက်ငါးယောက်သာ ရှိသည့်အပြင် ဓားပြများအောက် အားနည်းနေသည်။ ကြယ်တစ်ခုလုံး ဗြောင်းဆန်နေပြီး ကုန်သည်များက မည်သို့ထွက်ပြေးရမည်ကို စဥ်းစားနေကြသည်။ ကြယ်ပေါ်တွင် အဆင့်သုံး မရဏမျှော်စင်များရှိသော်လည်း ထိပ်တန်းကြယ်သခင်ငါးယောက်ကို မယှဥ်နိုင်သည့်အပြင် မြေအောက်၌ ပုန်းအောင်းနေလျှင်လည်း ဝိညာဥ်အသိစိတ်တစ်ချက်ဖြင့် ရှာတွေ့သွားနိုင်သည်။

"ဘာလုပ်ရမလဲ"

ကုန်သည်များစွာက ခေါင်းမပါသော ယင်ကောင်များပမာ လျှောက်ပြေးနေကြပြီး ဤနေရာသို့ လာခဲ့မိခြင်းအပေါ် နောင်တရနေကြသည်။

"ဒီကြယ်သခင်တွေက ဘာလိုချင်တာလဲ။ အကြီးအကဲက သူတို့ငါးယောက်ကို ယှဥ်နိုင်ပါ့မလား"

ယဲ့မျိုးနွယ်ဝင်များက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိပြီး ကောင်းကင်ရှိ ဧရာမပုံရိပ်များကြောင့် သံသယအတွေးများ ဖြစ်ပေါ်လာသည်။ သူတို့၏ကျင့်ကြံဆင့်က ယခင်ထက် များစွာမြင့်တက်လာသော်လည်း ကြယ်သခင်အဆင့်နှင့် အလှမ်းကွာဝေးနေသောကြောင့် နားလည်မှု နည်းပါးနေ၏။ သူတို့၏အမြင်၌ ကောင်းကင်တွင် ဧရာမပုံရိပ်ကြီး ထုတ်ဖော်နိုင်သူမှာ လောကကြီးကို ဖျက်ဆီးနိုင်သော ကျင့်ကြံသူမျိုးဟု အထင်ရောက်နေသည်။ ထန်တိုက်လင်ကမူ ကျိုးလီ၏အစွမ်းကို ယုံကြည်သောကြောင့် ထူးထူးခြားခြား တည်ငြိမ်နေကာ လုံးဝမစိုးရိမ်ချေ။

ခြင်္သေ့ကြီးနှင့် မီကွမ်သည်လည်း ပေါ့ပါးစွာဖြင့် အေးဆေးတည်ငြိမ်နေကြ၏။ သူတို့က ကျိုးလီ၏ အစွမ်းအတိအကျကို မသိသော်လည်း ထိပ်တန်းကြယ်သခင်များကို သတ်ရန်အတွက် ရေသောက်ရသကဲ့သို့ လွယ်ကူကြောင်း နားလည်ကြသည်။

"ပုရွက်ဆိတ်တွေက ကောင်းကင်မူလကြယ်ပေါ်မှာလာပြီး မောက်မာချင်နေတာလား။ အသက်ရှင်ရတာ ပင်ပန်းနေပြီ ထင်တယ်။ မင်းတို့ကို သတ်ဖို့အတွက် ငါ့လူတစ်​ယောက်တည်း လွှတ်လိုက်မယ်ဟေ့"

ခြင်္သေ့ကြီးက ထိပ်တန်းကြယ်သခင်များရှေ့မှောက်တွင် မောက်မာပြချင်သော်လည်း တိတ်တဆိတ်ရပ်နေသည့် ကျိုးလီကြောင့် ထိုစကားများကို ထုတ်မပြောရဲဘဲ တိတ်ဆိတ်နေခဲ့ရလေသည်။

All Chapters