← Chapters

အစေခံလော

Vol. 62 Ch. 867

အစေခံလော

Vol. 62 Ch. 867

ထန်တိုက်လင်၊ ယဲ့ကျန့်ထန်း စသူတို့သည် ခြင်္သေ့ကြီးက ကျိုးလီကို အလွန်တရာ ကြောက်လန့်နေသောကြောင့် မူမမှန်​ကြောင်း ခံစားလိုက်ရသည်။

"ဒီအကြီးအကဲက တန်းအာကို ဘယ်လိုကျင့်ကြံရမယ်ဆိုတာ သင်ပေးနေတာလေ။ ခြင်္သေ့ကြီးက သူ့ကို သိလို့လား"

ကျိုးလီက စ​ကားပြောလေ့မရှိသောကြောင့် သူမက ခြင်္သေ့ကြီးအား မေးလိုက်ခြင်းဖြစ်သည်။

"သူက ဘာလို့ တန်းအာကို သိုင်းပညာ သင်ပေးနေရတာလဲ"

ဤစကားကြောင့် သူက စိတ်ရှုပ်ထွေးပြီး မင်သက်သွားခဲ့သည်။ ယဲ့ချန်သည် ကျောက်စိမ်းနန်းတော်အတွင်း အစွမ်းထက်ကျင့်ကြံသူတစ်ဦး ရှိ​ကြောင်း ပြောဖူးခဲ့သော်လည်း သူက အရေးမစိုက်မိပေ။ ထိုအကြောင်းကို ရုတ်တရက် သတိရလိုက်သောအခါ ထိုကျင့်ကြံသူသည် သူ့ကို တံဆိပ်အတွင်း ပိတ်လှောင်ထားသူနှင့် အတူတူပင် ဖြစ်နေခဲ့သည်။ ယဲ့ချန်က ကျိုးလီအကြောင်း မပြောပါဟု ကတိပေးထားသဖြင့် ခြင်္သေ့ကြီးကိုပင် ဝေဝေဝါးဝါးသာ ပြောပြကာ ကျန်လူများကို လုံးဝမပြောထားသဖြင့် မည်သူမှမသိခြင်းက မထူးဆန်းပေ။

"ဒီအဘိုးကြီး တန်းအာကိုသင်ပေးနေတာက ယဲ့ချန်နဲ့များ ပတ်သက်နေမလား"

အကြောင်းအရင်းများကို ဆက်စပ်လိုက်သောအခါ ခြင်္သေ့ကြီး၏စိတ်အတွင်း ဖြစ်နိုင်ချေတစ်ခုကို တွေးမိလိုက်သည်။ ယဲ့ချန်က ကျိုးလီအကြောင်း သိထားသော်လည်း စိုးရိမ်ရသည်ဟု သတိမပေးထားသဖြင့် တန်းအာကို အန္တရာယ် မဖြစ်စေနိုင်ပေ။ ကျိုးလီက သူ့ကို စိုက်ကြည့်နေသောအခါ ချက်ချင်းခေါင်းငုံ့၍ အရမ်းကာရော မခန့်မှန်းရဲတော့ပေ။ တစ်ဖက်လူက သူတင်မက ထိပ်တန်းမဟာမိတ်၏ ခေါင်းဆောင် လင်လုံကိုယ်တိုင်ပင် ယှဥ်နိုင်သူမျိုး မဟုတ်ချေ။

"ခြင်္သေ့ကြီး အကြီးအကဲရဲ့ နောက်ခံကို သိထားလား"

ထန်တိုက်လင်က အသံချင်းဆက်သွယ်၍ အသေးစိတ် မေးလိုက်သည်။

"ငါလည်း သေချာမသိဘူး"

ခြင်္သေ့ကြီးက ကျိုးလီ၏လျှို့ဝှက်ချက်များကို ထုတ်မ​ပြောရဲသဖြင့် ခေါင်းယမ်းလိုက်သည်။ သူ၏အမူအရာကြောင့် ထန်တိုက်လင်က နောက်ထပ်မမေးတော့ဘဲ ကျိုးလီက တန်းအာအပေါ် စိတ်ရောကိုယ်ပါနှစ်၍ သင်ကြားပေးနေသဖြင့် ​လူဆိုးတစ်ဦးမဟုတ်နိုင်ရာ နောက်ခံက အရေးမပါချေ။ ခြင်္သေ့ကြီး၏နောက်တွင် ရပ်နေသော မီကွမ်သည် ကျိုးလီထံမှ အရှိန်အဝါကို လုံးဝအာရုံမခံမိသောကြောင့် အလွန်တုန်လှုပ်နေမိသည်။ တစ်ဖက်လူက ထိုနေရာ၌ ရပ်နေသော်လည်း လုံးဝမတည်ရှိဟု ထင်မှတ်ရပြီး ဤသို့သော ကျင့်ကြံသူမျိုးမှာ ကြောက်စရာအကောင်းဆုံး ဖြစ်သည်။ ယခင်တစ်ကြိမ် ကောင်းကင်မူလကြယ်သို့ သူ ရောက်လာခဲ့စဥ်က ဤအဘိုးအို ရှိမနေခဲ့သောကြောင့် အစွမ်းထက်သူတစ်ဦးကို တွေ့မြင်ရမည်ဟု မျှော်လင့်မထားချေ။

"နတ်ဆိုးတိုက်လှေ အစီးနှစ်ဆယ် ရောက်လာရင် ငါက ချက်ချင်းပြန်မှဖြစ်မယ်"

ခြင်္သေ့ကြီးက ကျိုးလီကို တတ်နိုင်သမျှ ရှောင်ရှားလိုသောကြောင့် အလျင်စလို ပြောလိုက်သည်။ ထိုအချိန်၌ တစ်ချိန်လုံး တိတ်ဆိတ်နေသော ကျိုးလီက ရုတ်တရက် လှုပ်ရှားလာပြီး ညာလက်ကို ဖြန့်လိုက်သောအခါ သူ၏ခန္ဓာကိုယ်ကြီးက ဒရွတ်တိုက် ဆွဲခေါ်ခံလိုက်ရ၏။

"ခင်ဗျား ဘာလုပ်ချင်နေတာလဲ။ ကျုပ်ကို မြန်မြန်ချပေးစမ်း။ မီကွမ် ငါ့ကို ကယ်ပါဦး"

ဤခံစားချက်သည် ကြယ်တာရာတံဆိပ်အတွင်း ချုပ်နှောင်ခံခဲ့ရသည့် အချိန်ကို ပြန်လည်သတိရစေသဖြင့် သူက ကြောက်လန့်တကြား အော်ဟစ်နေခဲ့သည်။ သူက မုဒိန်းကျင့်ခံရကာနီး မိန်းမငယ်တစ်ယောက်ပမာ ငိုကြွေးနေသောကြောင့် မျက်ရည်နှင့် နှပ်များ စီးထွက်လာ၏။ ထိုအဖြစ်ဆိုး တစ်ကျော့ပြန်လည်လာမည်ကို သူက သေမတတ် ကြောက်လန့်နေခြင်း ဖြစ်သည်။

"ကောင်းကင်ဖျက်ဆီးရေး နတ်ခန္ဓာနဲ့ အချိန်လေဟာနယ် အဆင့်ငါးအထိ ပိုင်ဆိုင်ထားတဲ့ မင်းတောင် ဘာမှပြန်မလုပ်နိုင်တာကို ငါက ဘယ်လိုကယ်ပေးရမှာလဲ။ ဒီအကြီးအကဲကို ငါက ယှဥ်နိုင်မှာ မဟုတ်ဘူး"

ခြင်္သေ့ကြီးက အကူအညီတောင်းနေသော်လည်း မီကွမ်က တစ်ကိုယ်လုံး ချွေးစို့နေကာ တုတ်တုတ်မျှမလှုပ်ရဲပေ။ ယဲ့ချန်၏မိသားစုဝင်များ၏ အမြင်တွင် ခြင်္သေ့ကြီးက ကျိုးလီကို စော်ကားထားသည်ဟု ထင်နေသောကြောင့် တစ်ခုခုပြောရန် ရှေ့ထွက်လာကြသည်။ သို့သော် ကျိုးလီက ဒေါသထွက်နေပုံမရဘဲ မျက်ရိပ်ပြ၍ ခေါင်းတစ်ချက် ယမ်းခဲ့သောကြောင့် သူတို့က နေရာ၌ တိတ်တဆိတ် စောင့်ကြည့်လိုက်ကြသည်။ ခြင်္သေ့ကြီးမှာ အော်ဟစ်ငိုယိုနေသော်လည်း မည်သူမှ ကယ်တင်ရန် ထွက်မလာသောကြောင့် ခြင်္သေ့တစ်ကောင်၏ ရဲစွမ်းသတ္တိမျိုး ပျောက်ကွယ်နေသည်။

ကျိုးလီသည် ခြင်္သေ့ကြီးက ရှေ့သို့ ရောက်လာသောအခါ လက်ဟန်များပြုလုပ်၍ တာအိုရုန်းများဖန်တီးကာ ရုပ်ခန္ဓာအတွင်း ပေါင်းစပ်ပေးလိုက်သည်။ ၎င်းတို့က တဖိတ်ဖိတ်တောက်ပနေပြီး ဆက်တိုက်ထိမှန်နေသော်လည်း နာကျင်ရမည့်အစား ပျောက်ကွယ်သွားကြသည်။

"သရဲအိုကြီး ကျုပ်ကို သတ်မှာဆိုရင် သတ်ပစ်လိုက်စမ်းပါ။ နောက်တစ်ခေါက် မကစားပါနဲ့တော့"

သူက အဆုတ်ကွဲမတတ် အော်ဟစ်နေသော်လည်း အဘိုးအိုက မရပ်သောကြောင့် လေသံ ပျော့ပြောင်းသွားခဲ့သည်။

"အဘိုးရယ် ကျုပ် တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး လွှတ်ပေးပါဗျာ။ ကောင်းကင်ကြယ်တာရာ တံဆိပ်ထဲကို နောက်တစ်ခါ မပို့ပါနဲ့တော့"

တစ်ဖက်လူ၏ စွမ်းအားကြောင့် သူက ခွန်အားကင်းမဲ့နေကာ အဆင့်ချင်းမတူသဖြင့် မည်မျှကြိုးစားရုန်းကန်ပါစေ၊ မလွတ်မြောက်နိုင်ခဲ့ပေ။ ကျိုးလီက စကားတစ်ခွန်းမှမပြောဘဲ ရုန်းများ ဆက်တိုက်ပေါင်းစပ်ပေးပြီးနောက် ဆေးတစ်လုံးကို ထုတ်ယူကာ သူ၏ပါးစပ်အတွင်း ပစ်ထည့်လိုက်သည်။ အစွမ်းကုန် အော်ဟစ်နေသော ခြင်္သေ့ကြီးသည် ပါးစပ်အတွင်း ဆေးတစ်လုံး ရုတ်တရက် ရောက်လာသောကြောင့် မသိစိတ်မှ မျိုချလိုက်မိသည်။

"အဘိုးကြီး ကျုပ်ကို ဘာတွေကျွေးလိုက်တာလဲ"

သူက သတိပြန်ဝင်လာသောအခါ လက်ထိုးအန်နေသော်လည်း ဆေးလုံးမှာ အစာအိမ်အတွင်း လျင်​မြန်စွာ ရောက်သွားခဲ့၏။ ထိုအချိန်တွင် နွေးထွေးသော စွမ်းအင်စီးကြောင်းတစ်ခုသည် ခန္ဓာကိုယ်တစ်ခုလုံးသို့ ပြန့်ထွက်လာကာ ပိုမိုသန်မာလာပြီး တာအိုရုန်းများဖြင့် သန့်စင်ခံလိုက်ရသည်။ နွေးထွေးသော စွမ်းအင်များကြောင့် ခွန်အားက လျင်မြန်စွာ တိုးတက်လာကာ ငါးရောင်ခြယ်ချီများအတွင်း နောက်ထပ်တစ်ရောင် ဖြစ်တည်လာခဲ့သည်။ ခန္ဓာကိုယ်တစ်ခုလုံး စွမ်းအင်များ ပြည့်နှက်နေသည့် ခံစားချက်က သူ့ကို မင်သက်သွားစေကာ တစ်ချိန်တည်းမှာပင် အဆင့်ခုနစ် အချိန်လေဟာနယ်ချီသည် စတင်ဖြစ်ပေါ်လာကြောင်း တွေ့ရှိလိုက်ရသည်။

ကျိုးလီ၏ တာအိုရုန်းများ ထိမှန်ခံလိုက်ရရုံဖြင့် အချိန်လေဟာနယ် အဆင့်ခြောက်ကို အောင်မြင်သွားသော ခြင်္သေ့ကြီးကြောင့် မီကွမ်၏မျက်လုံးများ ပြူးကျယ်လာ၏။ ထိပ်တန်းမဟာမိတ်မှ ခေါင်းဆောင်များပင် ဤသို့မစွမ်းဆောင်နိုင်သောကြောင့် တစ်ဖက်လူသည် လောကကို ဆွဲကိုင်လှုပ်ယမ်းနိုင်သော အဆင့်မျိုး ဖြစ်ပေလိမ့်မည်။ သူက အဘိုးအိုကို အထင်သေးခဲ့မိပြီး စွမ်အားရှင်အဆင့်ထက်ပင် ကျော်လွန်နေသော ခွန်အားကို ပိုင်ဆိုင်ထားသူ ဖြစ်နေခဲ့သည်။ စွမ်းအားရှင်အဆင့်ကို ကျော်လွန်နေသော တည်ရှိမှုဆိုသည့် အတွေးက သူ၏စိတ်ကို နေရာတွင် ရပ်တန့်သွားစေခဲ့သည်။

"ပြင်ပအကူအညီတွေက မင်းကို အဆင့်ခုနစ်အထိ နားလည်စေနိုင်ပေမယ့် ကိုယ့်ဘာသာ နားလည်တာနဲ့ယှဥ်ရင် လုံးဝကွာခြားတယ်။ ဒါကြောင့် သူတော်စင်အရှင်မင်းမြတ်နဲ့ယှဥ်ရင် မင်းက နည်းနည်းတော့ နိမ့်ကျတယ်"

နောက်ဆုံးတွင် ကျိုးလီထံမှ စကားသံ ထွက်ပေါ်လာပြီး ခြင်္သေ့ကြီးက တည်ငြိမ်နေပြီဖြစ်သည်။ ဤအဘိုးအိုက သူ့အား အချိန်လေဟာနယ် အဆင့်ခြောက်နှင့် အဆင့်ခုနစ်ကို နားလည်အောင် လုပ်ဆောင်ပေးခဲ့သော အကြောင်းအရင်းကို သိချင်နေမိသည်။

"အတိတ်တုန်းက မင်းရဲ့အဆုံးသတ် ရောက်လာတဲ့အတွက် ငါက ရှောင်လွှဲနိုင်ဖို့အတွက် ကောင်းကင်ကြယ်တာရာ တံဆိပ်ထဲမှာ ပိတ်လှောင်ထားပေးခဲ့တယ်။ အခု မင်းက သူတော်စင်ဘုရင်နောက်ကို လိုက်ဖို့ အခွင့်အရေးရနေတုန်း ယူထားပါ"

ကျိုးလီက ခြင်္သေ့ကြီးကို အဓိပ္ပါယ်ပါပါစိုက်ကြည့်၍ လေးနက်စွာ ပြောလိုက်သည်။ အကယ်၍ ဤအချက်ကသာ မှန်ကန်နေလျှင် တံဆိပ်အတွင်း ဖမ်းချုပ်ထားခဲ့သည့်အတွက် ခြင်္သေ့ကြီးက ကျေးဇူးတင်နေရပေလိမ့်မည်။

"သူတော်စင်အရှင်မင်းမြတ် သူတော်စင်ဘုရင် ဟုတ်လား။ အဲ့တာက ဘယ်သူ့ကို ပြောနေတာလဲ"

သူက ကျိုးလီ၏စကားအတွင်းမှ လူအကြောင်း သိချင်စိတ်များ ဖြစ်ပေါ်နေစဥ် ကျိုးလီက မီကွမ်အား တစ်ချက်ကြည့်လိုက်သည်။ ထိုအချိန်တွင် မီကွမ်က အလွန်ရိုသေစွာ ဦးညွှတ်လိုက်ပြီး တစ်ဖက်လူသည် ခေါင်းဆောင်ခြောက်ယောက်ထက် သာလွန်နေသဖြင့် မစော်ကားရဲပေ။

"မင်းက ငါနဲ့ လာတွေ့ရတယ်ဆိုတော့ ကံတရားအရ ဖြစ်ပါလိမ့်မယ်။ မင်းကိုလည်း နည်းနည်း ဆုချလိုက်မယ်"

ကျိုးလီက ညာလက်ဖြင့် တာအိုရုန်းအချို့ဖန်တီးကာ မီကွမ်၏ခန္ဓာကိုယ်အတွင်း ပေါင်းစပ်ပေးလိုက်၏။ မီကွမ်သည် သူ၏သားရဲဝိညာဥ်အတွင်း ၎င်းရုန်းများ ပေါင်းစပ်ခံလိုက်ရသောအခါ ၎င်းဝိညာဥ်က ဟိန်းဟောက်နေပြီး ခဏအတွင်း ခွန်အားအဆပေါင်းများစွာ မြင့်တက်လာသည်။ အချိန်လေဟာနယ်ချီများလည်း သူ၏ပတ်ဝန်းကျင်၌ စုဝေးလာပြီး အဆင့်ငါးအထိ ဆက်တိုက်ထိန်းချုပ်နိုင်သွားခဲ့သည်။ ဤဖြစ်ရပ်ကြောင့် သူက ကိုယ့်ကိုကိုယ် မထိန်းချုပ်နိုင်လောက်အောင် ပျော်ရွှင်နေသည်။ သူက နှစ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း အဆင့်လေးကို လုံးဝနားမလည်နိုင်ခဲ့ပေ။ သို့သော် ဤအဘိုးအိုက သူ့အား အဆင့်ငါးအထိပင် ထိန်းချုပ်နိုင်သည်အထိ အလွယ်တကူ ပြုလုပ်ပေးနိုင်ခဲ့သည်။

"ဒီအဘိုးအိုက ဘယ်လိုကျင့်ကြံသူမျိုးလဲ"

လူတိုင်းက တုန်လှုပ်အံ့သြနေစဥ် ကျိုးလီက ရုတ်တရက် ခေါင်းမော့လိုက်ပြီး စကြဝဠာအတွင်း စိုက်ကြည့်လိုက်သည်။

"ကောင်းကင်မူလကြယ်ကို ကျင့်ကြံသူတွေ ဦးတည်လာနေကြတယ်။ ခြောက်ယောက်က ထိပ်တန်းအဆင့် ကြယ်သခင်တွေ ဖြစ်တယ်။ ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကို သခင်မလေး ပြောပါ"

ထို့နောက် သူက ထန်တိုက်လင်ဘက်လှည့်ကာ ရိုသေနှိမ့်ချဟန်ဖြင့် မေးလိုက်သည်။ သူက တန်းအာကို ပညာသင်ပေးသည်မှလွဲ၍ အပိုစကားများ မ​ပြောတတ်သော်လည်း လက်ရှိတွင် လူတိုင်း မင်သက်နေကြသည်။ သူက ထန်တိုက်လင်ကို သခင်မလေးဟု သုံးနှုန်းခဲ့သောကြောင့် အားလုံးမှာ ကိုယ့်နားကိုယ် မယုံနိုင်အောင် ဖြစ်သွားကြသည်။ သို့သော် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိသောအခါ ထိုနည်းတူ အံ့သြနေသောကြောင့် နားကြားမမှားကြောင်း သေချာသွားခဲ့သည်။

"ဒီအကြီးအကဲက ယဲ့ချန်ရဲ့ နောက်လိုက်တစ်ယောက်လား။ ဒီလိုအစွမ်းထက်သူတစ်ယောက်က ဘယ်လိုလုပ် နောက်လိုက် ဖြစ်နိုင်မှာလဲ။ ယဲ့ချန်ရဲ့ နောက်ခံက ဘာကြီးလဲ"

မီကွမ်သည် ခေါင်းပေါက်မတတ် စဥ်းစားနေသော်လည်း အဖြေမထွက်ခဲ့ပေ။ သူက အဘိုးအို၏အစွမ်းကို လက်တွေ့ကြုံခဲ့ရသောကြောင့် မျက်လုံးအပြူးသားနှင့် စိုက်ကြည့်နေမိသည်။

"ဒီအကြီးအကဲက ဘယ်သူများလဲ။ ယဲ့ချန်က သူ့ကို ဘယ်လိုသိနေတာလဲ။ ဘာကြောင့် သူ့ကိုယ်သူ အစေခံတစ်ယောက်လို ပြောဆိုနေရတာလဲ"

ထိုအချိန်၌ ထန်တိုက်လင်သည်ပင် အံ့အားသင့်နေပြီး တန်းအာကို ပညာသင်ကြားရာ၌ပင် ကျိုးလီက စကားပြောခဲ၏။ သူက ထန်တိုက်လင်ကို ပထမဆုံးအကြိမ် စကားပြောဖူးခြင်းဖြစ်သော်လည်း သခင်မလေးဟု ခေါ်ဝေါ်ခဲ့လေသည်။

All Chapters