ကျိုးလီ၏အစွမ်း
Vol. 62 Ch. 869
ကောင်းကင်မူလကြယ်၏ ပတ်ဝန်းကျင် ကြယ်များတွင် စောင့်ကြပ်နေသော အဆင့်မြင့် ကြယ်သခင်များမှာ ဦးခေါင်းခွံများ ကျိန်းစပ်နေကြသည်။ ဖန်းယွမ်က ကောင်းကင်မူလကြယ်ကို ကာကွယ်ရန် သူတို့အား စေလွှတ်ထားခြင်း ဖြစ်သည်။ သူတို့၏အမြင်တွင် ဤကြယ်သည် အဆင့်နိမ့်နှင့် အလယ်အဆင့် ကြယ်သခင်များကို ရန်စထားခြင်းသာ ဖြစ်သော်လည်း ထိပ်တန်းအဆင့် ကြယ်သခင်ငါးယောက် ရုတ်တရက် ရောက်လာမည်ဟု ထင်မထားပေ။ သို့သော် ဖန်းယွမ်သည် ကြီးကြပ်ရေးမှူးတစ်ယောက် ဖြစ်သောကြောင့် အာဏာများစွာ ပိုင်ဆိုင်ထားကာ ပြန်ရောက်သွားလျှင် မေးခွန်းထုတ်ခံရပေလိမ့်မည်။
"စီနီယာတို့ ကျုပ်က ထိပ်တန်းမဟာမိတ်ရဲ့ ကြီးကြပ်သူတစ်ယောက်ဖြစ်ပြီး ကောင်းကင်မူလကြယ်ကို ကာကွယ်ဖို့ အမိန့်ပေးခံထားရတယ်။ ကျေးဇူးပြုပြီး ညှာတာပေးပါ"
အဆင့်မြင့် ကြယ်သခင်တစ်ယောက်က သတ္တိမွေးကာ ရှေ့ထွက်ပြောလိုက်ခြင်းဖြစ်ပြီး တစ်ဖက်မှ ထိပ်တန်းမဟာမိတ်ကို ကြောက်လန့်သွားစေရန် မျှော်လင့်ထားသည်။
"ငါတို့က လူမသတ်ဘူး။ ငါတို့ကိစ္စကို ဝင်မရှုပ်ရင် အသက်ချမ်းသာပေးမယ်။ ဘာကကောင်းတယ်ဆိုတာ သိရင် ထွက်သွားစမ်း"
ဓားပြတစ်ယောက်က အေးစက်စက် ငေါက်ငမ်းလိုက်၏။ ကောင်းကင်မူလကြယ်၏ ကြီးကြပ်သူက ထိုစကားကို ကြားသောအခါ စိတ်အေးသွားပြီး သူ့ကို ခဏအတွင်း သတ်ပစ်နိုင်သော ဓားပြများအနီးမှ ချက်ချင်းဆုတ်ခွာလိုက်သည်။
"ဝမ်လုံ ငါတို့ဘာလုပ်သင့်လဲ"
ကျန်ကြယ်သခင်များက ထိုလူကို စိုက်ကြည့်၍ ကူကယ်ရာမဲ့စွာဖြင့် မေးလိုက်သည်။
"သူတို့က လူမသတ်ဘူးဆိုမှတော့ ဘေးထွက်ရပ်နေကြတာပေါ့။ တကယ်လို့ ငါတို့တိုက်ခိုက်မယ်ဆိုရင် မနိုင်ဘဲနဲ့ လောင်စာကို မီးထည့်ပေးသလို ဖြစ်သွားနိုင်တယ်။ ဒီလိုဆိုရင် ခေါင်းဆောင်ဖန်းကို ရှင်းပြလို့ရပါတယ်"
ဝမ်လုံက မျက်မှောက်ကြုတ်၍ ခေါင်းယမ်းပြလိုက်သည်။ သူ၏စကားကို ကျန်ကြယ်သခင်များကလည်း သဘောတူလိုက်ကြပြီး ကောင်းကင်မူလကြယ်ကို ခပ်ဝေးဝေးမှ စောင့်ကြည့်ရန်သာ ဆုံးဖြတ်လိုက်သည်။ အာကာသဓားပြငါးယောက်တွင် ခေါင်းတုံးပြောင်ပြောင်နှင့် ဆံပင်အနီရောင်များရှိသူက ခေါင်းဆောင်ဖြစ်ပြီး ဆံပင်နီမျောက်ဝံကြီးတစ်ကောင်ပမာ ထွားကျိုင်းလှသည်။ သူ၏သွားများက ချွန်ထက်လွန်းနေပြီး မျက်လုံးများက သွေးဆာရက်စက်ပုံပေါ်ကာ မရေမတွက်နိုင်သူများကို သတ်ဖြတ်ဖူးသော ဟူမေ့ဆိုသည့် ဓားပြ ဖြစ်သည်။ ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းတွင် အာကာသဓားပြများစွာရှိပြီး ထိပ်တန်းမဟာမိတ်ကဲ့သို့ အင်အားစုများက လိုက်လံသတ်ဖြတ်ခဲ့သော်လည်း သူက ကောင်းစွာရှင်သန်နိုင်ခဲ့သည်။ အင်အားစုများစွာတွင် သူ၏သူလျှိုများရှိသကဲ့သို့ ခွန်အားကလည်း စွမ်းအားရှင်များနောက်တွင် ဒုတိယလိုက်သူ ဖြစ်သည်။
"ဒီနေ့ ငါ စိတ်ကောင်းဝင်နေတယ်။ မင်းတို့က လိမ်လိမ်မာမာနဲ့ ပိုက်ဆံတွေ ထုတ်ပေးမယ်ဆိုရင် မသတ်ဘူး။ တစ်ယောက်ယောက်က ခုခံရဲရင် ချက်ချင်းသတ်ပစ်မယ်။ ငါက မရေမတွက်နိုင်အောင် လူသတ်ဖူးပြီး ကြယ်တွေ မရေမတွက်နိုင်အောင် ဖျက်ဆီးတယ်"
ဟူမေ့၏ ရက်စက်ကြမ်းတမ်းသော အသံက ကောင်းကင်မူလကြယ်တစ်ခွင် မြည်ဟီးသွားသည်။ စကြဝဠာအတွင်းမှ ရောက်လာသော ကုန်သည်များမှာ ဓားပြများက လူမသတ်ဟု ဆိုသောကြောင့် စိတ်အေးသွားပြီး စည်းစိမ်းအချို့ ဆုံးရှုံးသွားရုံသာ ဖြစ်သည်။
"ငါတို့ကို မသတ်ပါနဲ့။ မင်းတို့စိတ်ကြိုက် ယူသွားပါ"
သူတို့အားလုံးက ကုန်ပစ္စည်းများကို လက်လွှဲပေးရန် အသင့်ဖြစ်နေကြသည်။
"မင်းတို့ငါးယောက် အခုထွက်သွားရင် ဒီအဘိုးကြီးက ဗွေမယူတော့ဘူး။ မဟုတ်ရင် တစ်သက်လုံး ထွက်သွားရမှာ မဟုတ်ဘူး"
ထိုအချိန်၌ ကျိုးလီက ထမင်းစားရေသောက်ဟန်ဖြင့် စကားပြောလိုက်ပြီး ထိပ်တန်းအဆင့် ကြယ်သခင်ငါးယောက်ကို မျက်စိထဲ မထည့်ထားကြောင်း သိသာနေသည်။
"ငါက ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းမှာ နှစ်ပေါင်းထောင်ချီ လှည့်လည်သွားလာခဲ့ပြီး ဘယ်သူမှ ငါ့ကို ပြန်မပြောရဲဘူး။ ဟမ့် ဒီလိုကြယ်သေးသေးလေးကများ မောက်မာရဲတယ်ပေါ့။ ကောင်းတယ် အရမ်းကောင်းတယ်"
သူ၏စကားကြောင့် ဟူမေ့က ခဏတာ မင်သက်သွားသော်လည်း သတိပြန်ဝင်လာသောအခါ ဒေါသပေါက်ကွဲခဲ့သည်။ လီယွမ်၏စကားကြောင့် သူက လူမသတ်ရန် ဆုံးဖြတ်ထားသော်လည်း တစ်ယောက်ယောက်က မောက်မာစွာဖြင့် ရန်စနေခဲ့သည်။ အကယ်၍ ထိုလူကိုသာ သင်ခန်းစာမပေးလျှင် ဤကြယ်အဖွဲ့အစည်းအတွင်း၌ မည်သူမှ သူ့ကို ကြောက်ရွံ့တော့မည် မဟုတ်ပေ။
"ဘယ်သူလဲကွ။ ဒီကောင် မျက်စိကန်းနေတာလား"
"ဓားပြတွေက လူမသတ်ဘူး ပြောနေတာတောင် မကျေနပ်နိုင်ဘူးလား"
"သူက တစ်ဖက်လူကို ဒေါသထွက်အောင် ရန်စပြီး တိုက်ခိုက်စေချင်နေတာလား"
"ဒီဓားပြတွေသာ တိုက်ခိုက်ရင် ကြယ်တစ်ခုလုံးက သက်ရှိတွေ တစ်ကောင်တလေတောင် ကျန်မှာ မဟုတ်ဘူး"
"မင်းဘာသာ သေချင်ရင်လည်း တစ်ယောက်တည်း သေပါလား။ ဘာကြောင့် ငါတို့ကို ဆွဲထည့်ရတာလဲ"
ရုတ်ချည်းပြောင်းလဲသွားသော အခြေအနေကြောင့် ကုန်သည်များက အကြောက်လွန်သွားကာ အော်သံများ ထွက်ပေါ်လာ၏။
"ငါက စကြဝဠာထဲမှာ နှစ်ပေါင်းသန်းချီ နေထိုင်ခဲ့ပေမယ့် ဘယ်သူမှ ငါ့ကို ဒီလိုပြန်မပြောရဲဘူး"
ကျိုးလီ၏အသံက ဒေါသထွက်နေပုံ ပေါ်သော်လည်း အလွန်တည်ငြိမ်နေဆဲပင် ဖြစ်သည်။
"ဟား ဟား မင်းက မောက်မာလှချည်လား။ စွမ်းအားရှင်တစ်ယောက်တောင် အသက်တစ်သောင်းထက် ပိုမရှည်နိုင်ဘူး။ နှစ်ပေါင်းသန်းချီဆိုတော့ မင်းကိုယ်မင်း ကောင်းကင်သခင် ထင်နေတာလား"
သူ၏စကားကို ဟူမေ့က လှောင်ရယ်လိုက်သည်။ ကောင်းကင်သခင်၏ သွေးတစ်စက်ကပင် ကြယ်သခင်အဆင့် သက်ရှိကို ဖြစ်ပေါ်လာစေနိုင်ပြီး တိုက်ရိုက်စုပ်ယူမိလျှင် စွမ်းအားရှင်တစ်ယောက်ကိုပင် ပေါက်ကွဲသေဆုံးသွားစေနိုင်သည်။ ကောင်းကင်သခင်၏ အသက်ကို မည်သူမှ အတိအကျမသိဘဲ သန်းချီဟု ခန့်မှန်းထားသော်လည်း ရှေးခေတ်ဟောင်းမှ နတ်ဘုရားများမှာ အချိန်ကြာမြင့်စွာ ပျောက်ကွယ်နေခဲ့သည်။
"မင်းကိုယ်မင်း ဘယ်သူထင်နေတာလဲ။ ငါ့ကို အရူးလုပ်ချင်နေတာလား။ နောက်ထပ်ပြောရဲရင် ငါ ဒေါသထွက်တာနဲ့ ကောင်းကင်မူလကြယ်တစ်ခုလုံး သတ်ပစ်မယ်"
ဟူမေ့က ဒေါသတကြီး နှာခေါင်းရှုံ့လိုက်သည်။
"မောက်မာတယ်။ မင်းတို့က သတိမဝင်ဘူးဆိုမှတော့ ငါလည်း ရွေးစရာ မရှိဘူး"
ကျိုးလီက ပြောဆိုဆုံးမမရဟန်ဖြင့် ခေါင်းယမ်းလိုက်ပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။ သူက အဝေးရှိ ကျောက်တုံးငယ်တစ်ခုကို ထိန်းချုပ်ကာ ကြည့်ပင်မကြည့်ဘဲ လက်ချောင်းဖြင့် တောက်ထုတ်လိုက်သည်။ ထိုကျောက်တုံးက စည်းတံဆိပ်တစ်ခုအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ရှိ ပုံရိပ်ကြီးများထံ လွင့်ပျံသွား၏။ ဤမြင်ကွင်းက အလွန်ရင်းနှီးနေသောကြောင့် ခြင်္သေ့ကြီးမှာ တစ်ကိုယ်လုံး အေးစိမ့်သွားသည်။ သူ့ကိုလည်း ကျိုးလီက ဤနည်းအတိုင်း ကောင်းကင်မူလကြယ်အတွင်း ချုပ်နှောင်ထားခဲ့ခြင်း ဖြစ်သည်။ ကောင်းကင်ကြယ်တာရာ လက်ထောက်တံဆိပ်က သာမန်ကျောက်တုံးတစ်ခုသာ ဖြစ်သော်လည်း သူ့ကို နှစ်ထောင်ချီ ဖမ်းချုပ်ထားနိုင်ခဲ့သည်။ ကျိုးလီသည် စကြဝဠာအတွင်း နှစ်ပေါင်းသန်းချီ ပြိုင်ဘက်ကင်းဖြစ်သည်ဟု ပြောခဲ့ခြင်းကို သူက သံသယမရှိ လုံးဝယုံကြည်သွားသည်။ ဤမျှကြောက်စရာကောင်းလွန်းသော ဖြစ်တည်မှုတစ်ခုက ယဲ့ချန်၏ နောက်လိုက် ဖြစ်နေခြင်းမှာ အံ့သြနိုင်သည့် အတိုင်းအတာထက်ပင် ကျော်လွန်နေပြီဖြစ်သည်။
ကုန်သည်များမှာ ကျိုးလီက ဟူမေ့ကို မောက်မာစွာ ပြောနေသောကြောင့် အကြောက်လွန်ပြီး နှလုံးသွေးရပ်မတတ် တုန်လှုပ်နေကြသည်။ ထိုအချိန်၌ စည်းတံဆိပ်တစ်ခုက ကောင်းကင်ရှိ ကြယ်သခင်ပုံရိပ်များထံ အလွန်လျင်မြန်စွာ မြင့်တက်လာပြီး အရှိန်မြန်လွန်းသဖြင့် လေထုက လောင်ကျွမ်းခံရ၍ မိုးချုန်းသံများ တဝုန်းဝုန်း ထွက်ပေါ်လာသည်။ ထို့အပြင် ၎င်းက ကျယ်ပြန့်လာပုံရပြီး မျက်စိတစ်မှိတ်အတွင်း ပုံရိပ်ကြီးငါးခုကို အုပ်မိုးသွားခဲ့သည်။
"သေချင်နေတာလား"
ဟူမေ့က အေးစက်စက် အော်ဟစ်ကာ လက်ဝါးချက်တစ်ခု ထုတ်ဖော်လိုက်၏။ လက်ဝါးချက်က ဘုန်းခနဲ ထိမှန်သွားသော်လည်း စည်းထက်တွင် လှိုင်းတွန့်များသာ ဖြစ်ပေါ်လာပြီး အထိအခိုက် မရှိပေ။
"ဒါက ဘာကြီးလဲ"
ဟူမေ့မှာ တုန်လှုပ်သွားပြီး အလုံးစုံသော ခွန်အားဖြင့် သာမန်ကျောက်တုံးတစ်ခုကို မဖျက်ဆီးနိုင်ခဲ့ပေ။ ထိုအချိန်၌ သူတို့၏ပုံရိပ်များကိုလည်း ထိန်းချုပ်မရတော့ဘဲ အဝေးရှိ အစစ်အမှန် ရုပ်ခန္ဓာများလည်း မလှုပ်ရှားနိုင်တော့ပေ။
"မင်းတို့ ဘာဖြစ်နေကြတာလဲ"
ထိုအဖြစ်ကြောင့် လီယွမ်က အလန့်တကြား ဖြစ်သွားခဲ့၏။ ထို့နောက် စည်းတံဆိပ်အတွင်း ပုံရိပ်ကြီးငါးခုက စုပ်ယူခံလိုက်ရပြီး ကျောက်တုံးစည်းက စကြဝဠာကို ဖြတ်သန်း၍ သူတို့ထံ ပျံသန်းလာခဲ့သည်။ ထိုအချိန်၌ ၎င်းက မီတာထောင်ချီမြင့်မားသော ဧရာမအရာကြီးတစ်ခု ဖြစ်နေသည်။
"ချမ်းသာပေးပါ"
ဟူမေ့သည် ရန်မစသင့်သော ဖြစ်တည်မှုတစ်ခုကို ရန်စမိပြီဟု နားလည်လိုက်သောကြောင့် အော်ဟစ်တောင်းပန်လိုက်သည်။ နေရာ၌ အေးခဲနေသော ဓားပြများကြောင့် လီယွမ်၏မျက်နှာက ကြောက်စိတ်ကြောင့် ဖြူဖပ်ဖြူရော်ဖြစ်သွားခဲ့ကာ ထွက်ပြေးရန် ယာဥ်ထံ ဦးတည်လိုက်သည်။
"ဘုန်း"
သို့သော် ကျောက်တုံးစည်းက ၎င်းကို အလွယ်တကူ ဝင်တိုက်ဖျက်ဆီး၍ အော်ဟစ်နေသော ဟူမေ့နှင့် အပေါင်းအပါများကို စုပ်ယူသွားခဲ့သည်။ အချိန်ခဏအကြာတွင် ၎င်းက ကောင်းကင်မူလကြယ်ပေါ် ပြန်ရောက်လာပြီး သာမန်ကျောက်တုံးတစ်ခုဖြင့် ထိပ်တန်းကြယ်သခင်ငါးယောက်ကို ဖမ်းဆီးသွားသောကြောင့် လီယွမ်မှာ ကြောက်လွန်းသဖြင့် လိပ်ပြာလွင့်သွားခဲ့သည်။
"မင်းကို အသက်ချမ်းသာပေးလိုက်မယ်။ နောက်ထပ်ကောင်းကင်မူလကြယ်ကို ပြဿနာလာရှာရင် မင်းလည်း သူတို့လို အဆုံးသတ်ရမယ်"
အမိန့်သံတစ်ခုက လီယွမ်၏နားအတွင်း မိုးချုန်းသံပမာ မြည်ဟီးသွားခဲ့သည်။
"ကျုပ်တို့က မျက်စိကန်းပြီး စီနီယာကို နှောင့်ယှက်မိပါတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ အခုအချိန်ကစလို့ ကျုပ်ရော ကျုပ်ရဲ့နောက်လိုက်တွေပါ ကောင်းကင်မူလကြယ်ပေါ်ကို ခြေမချတော့ပါဘူး"
လီယွမ်မှာ ကြောက်လွန်းသဖြင့် ချက်ချင်းဒူးထောက်ချလိုက်ပြီး နဖူးတွင် ချွေးစို့နေကာ ချက်ချင်းကတိပေးလိုက်သည်။ သူက ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းအတွင်း နှစ်ထောင်ပေါင်းများစွာ သောင်းကျန်းခဲ့သော်လည်း ဤအဘိုးအိုရှေ့မှောက်၌ ပုရွက်ဆိတ်တစ်ကောင် ဖြစ်နေခဲ့သည်။ တစ်ဖက်လူ၏ စကားများကို ပြန်လည်အမှတ်ရလိုက်သောအခါ စကြဝဠာအတွင်း နှစ်သန်းချီနေထိုင်ခြင်းက ဖြစ်နိုင်ပြီး အမှန်တရားဖြစ်နေခဲ့လျှင် သူ၏သက်တမ်းက တစ်ဖက်လူ၏ ဆယ်ပုံတစ်ပုံပင် မရှိချေ။ အဘိုးအို၏စကားက မှန်ကန်သည်ဟု ခံစားလိုက်ရပြီး ကောင်းကင်မူလကြယ်တွင် အစွမ်းထက်ဖြစ်တည်မှုတစ်ခု ရှိနေသောအခါ သူက အကြိမ်အနည်းငယ် ဦးညွှတ်၍ ချက်ချင်းထွက်ပြေးသွားခဲ့သည်။
ကောင်းကင်မူလကြယ်သို့ ပြန်ရောက်လာသော ကျောက်တုံးစည်းက သေးငယ်လာပြီး နောက်ဆုံး၌ လက်မအရွယ်ဖြစ်သွားကာ ကျိုးလီ၏ လက်ဖဝါးအတွင်း ကျဆင်းလာခဲ့သည်။ ထိပ်တန်းအဆင့် ကြယ်သခင်ငါးယောက်ကို သာမန်ကျောက်တုံးတစ်ခုဖြင့် ဖမ်းဆီးပြလိုက်ခြင်းက အလွန်တရာ အံ့သြစရာကောင်းသဖြင့် ကုန်သည်များက ပါးစပ်အဟောင်းသား ဖြစ်နေသည်။ သူတို့၏အမြင်၌ ထိပ်တန်းကြယ်သခင်များက ပြိုင်ဘက်ကင်းသော်လည်း တစ်ဖက်လူရှေ့မှောက်၌ ပမွှားသာဖြစ်နေသောကြောင့် ကျိုးလီအား ကျိန်ဆဲမိသူများမှာ ကိုယ့်ပါးကိုယ် ပြန်ရိုက်ချင်စိတ် ပေါက်နေကြသည်။
အခြေအနေကို စောင့်ကြည့်နေသော အဆင့်မြင့် ကြယ်သခင်များသည်လည်း ကြောင်အအဖြစ်နေပြီး တစ်ယောက်ကိုတစ်ယောက် မယုံနိုင်ဟန်ဖြင့် ကြည့်နေကြသည်။ ကောင်းကင်မူလကြယ်၌ အစွမ်းထက်သူတစ်ယောက်က ပုန်းအောင်းနေပြီး ကောင်းကင်ကိုပင် ဆန့်ကျင်နိုင်လောက်သဖြင့် လင်လုံထက်ပင် ပို၍အစွမ်းထက်ပေလိမ့်မည်။
"သန်မာလွန်းတယ်"
လူတိုင်းက နေရာ၌ တောင့်တောင့်ကြီးဖြစ်နေကာ အချိန်ကြာမြင့်သည်အထိ တစ်ချက်မျှ မလှုပ်ရဲပေ။
"မင်းတို့ငါးယောက်က ရန်လိုစိတ်များနေတယ်။ အရင်ဆုံး ဒီစည်းတံဆိပ်ထဲမှာ အချိန်တစ်ခုနေထိုင်ပြီး ကိုယ့်ကိုကိုယ် တည်ငြိမ်စေရမယ်။ မင်းတို့ကိုယ်ထဲက အမှောင်ချီတွေကို သန့်စင်ဆေးကြောပြီးရင် နောက်ထပ်အခွင့်အရေးတစ်ခု ပေးမယ်"
ကျိုးလီသည် သူ၏လက်အတွင်းရှိ ကောင်းကင်ကြယ်တာရာ လက်ထောက်တံဆိပ်နှင့် သဏ္ဍာန်တူသော ကျောက်တုံးတံဆိပ်ကို ငုံ့ကြည့်ကာ ပြောလိုက်ခြင်း ဖြစ်လေသည်။