ကြယ်ကြည့်စင်မြင့်
Vol. 62 Ch. 870
ခြင်္သေ့ကြီးသည် အတိတ်ကို ပြန်လည်သတိရသွားပြီး ကျိုးလီက သူ့ကို အချိန်တစ်ခုကြာ တရားထိုင်ရန် မှာကြားခဲ့သော်လည်း ထိုအချိန်တစ်ခုက နှစ်ထောင်ပေါင်းသောင်းချီ ကြာသောကြောင့် ပြန်မတွေးချင်လောက်အောင် ဆိုးရွားလှသည်။ သူက တွေးမိလိုက်တိုင်း တုန်လှုပ်ဝမ်းနည်းနေရပြီး ကျိုးလီ၏လက်အတွင်းရှိ ကျောက်တုံးတံဆိပ်ကို မြင်သောအခါ ထိုကြယ်သခင်ငါးယောက်ကိုပင် သနားမိခဲ့သည်။ ထိုအချိန်၌ ယဲ့မျိုးနွယ်ဝင်များသည် ကျိုးလီက အစွမ်းထက်ကြောင်း သိထားသော်လည်း အထင်သေးမိနေဆဲဖြစ်ကြောင်း နားလည်သွားသဖြင့် အံ့သြတုန်လှုပ်နေကြ၏။
"ကောင်းကင်မူလကြယ်ကို ကပ်ဘေးကနေ ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ။ ဒီလိုတံဆိပ်မျိုးကို ကျွန်မယောကျ်ားဆီမှာ မြင်ဖူးတယ်"
ပထမဆုံး သတိပြန်ဝင်လာသူက ထန်တိုက်လင်ဖြစ်ပြီး ကျိုးလီကို စိုက်ကြည့်ကာ ကျေးဇူးတင်လိုက်သည်။
"ဒါက နတ်ဆိုးစည်းခတ်ကျင့်စဥ်လို့ခေါ်ပြီး သခင်မလေး သင်ချင်တယ်ဆိုရင် ကျုပ် သင်ကြားပေးနိုင်ပါတယ်။ ဒီမှာလည်း နတ်မိုးကြိုးခန္ဓာနဲ့ ကျောက်စိမ်းကိုးသွယ်နတ်ခန္ဓာ ဆိုတဲ့ ကျင့်စဥ်နှစ်ခုလည်း ရှိတယ်"
ကျိုးလီက တည်ငြိမ်စွာ ဖြေလိုက်ပြီး ရှေးဟောင်းကျင့်စဥ်နှစ်အုပ်အား ထန်တိုက်လင်ထံ ကမ်းပေးလိုက်သည်။
"ကျေးဇူးအများကြီးတင်ပါတယ် အကြီးအကဲ"
ကျင့်စဥ်သုံးခုလုံးက လောကကို ကိုင်လှုပ်နိုင်သော ကျင့်စဥ်များဖြစ်သောကြောင့် သူမက ချက်ချင်းကျေးဇူးတင်လိုက်၏။ ကျိုးလီက သူ့ကိုယ်သူ နောက်လိုက်တစ်ဦးပမာ ပြုမူနေသော်လည်း သူမက ယဥ်ကျေးစွာ ဆက်ဆံခဲ့သည်။ နတ်မိုးကြိုးခန္ဓာကျင့်စဥ်က ပိုလင်းအတွက် သင့်တော်ပြီး ကျောက်စိမ်းကိုးသွယ် နတ်ခန္ဓာကျင့်စဥ်ကို ထန်တိုက်လင်နှင့် ယဲ့လော့ နှစ်ယောက်လုံး ကျင့်ကြံနိုင်သည်။ အရာရာက ထင်ထားသည်ထက် ကျော်လွန်နေပြီး မီကွမ်က သတိပြန်ဝင်လာသောအခါ ကောင်းကင်မူလကြယ်သည် ပို၍ဆန်းကျယ်လာကြောင်း ခံစားနေရသည်။ သို့သော်လည်း သူက မသိသင့်သည်များကို မသိထားခြင်းသာ အကောင်းဆုံးဖြစ်သောကြောင့် စပ်စုရန် ရည်ရွယ်ချက် မရှိချေ။ ကောင်းကင်မူလကြယ်တွင် ရက်အနည်းငယ် နေထိုင်ပြီးနောက် ခြင်္သေ့ကြီးနှင့် မီကွမ်သည် နတ်ဆိုးတိုက်လှေတစ်စီးစီ ပါဝင်သော မိုးကြိုးလက်စွပ်နှစ်ဆယ်ကို သယ်ဆောင်ကာ နှုတ်ဆက်၍ ထိပ်တန်းမဟာမိတ်သို့ ပြန်လာခဲ့ကြသည်။
ထိပ်တန်းမဟာမိတ်တွင် ရှန်မူ၊ လောင်ရင်နှင့် ယုချန်တို့က ခြံဝန်းတစ်ခုအတွင်း တာအိုအကြောင်း ဆွေးနွေးနေကြသည်။
"ခေါင်းဆောင်တို့ အရှင်လင်လုံက သားရဲတစ်ထောင်ကြယ်ဒေသကို ထွက်ခွာသွားပါတယ်"
ထိုအချိန်၌ အစေခံတစ်ယောက်က အူယားဖားယား ပြေးဝင်လာကာ အလျင်အမြန် သတင်းပို့လိုက်၏။ သူ၏စကားကြောင့် ခေါင်းဆောင်သုံးယောက်လုံး မျက်နှာထားများ ပြောင်းလဲသွားကာ သာမန်အခြေအနေမျိုးတွင် ပိုင်နက်သားရဲနယ်မြေအတွင်းသို့ ဘုရင်မသုံးကောင်၏ ခွင့်ပြုချက်မရလျှင် စွမ်းအားရှင်တစ်ယောက်ပင် ဝင်ရောက်ခွင့်မရှိသောကြောင့် ဖြစ်သည်။
"သားရဲတစ်ထောင် ကြယ်ဒေသကို ချက်ချင်းသွားရမယ်"
လောင်ရင်က မတ်တပ်ထရပ်လိုက်သကဲ့သို့ ရှန်မူနှင့် ယုချင်က ခေါင်းညိတ်၍ သဘောတူလိုက်ကြသည်။ လင်လုံက အမြဲတမ်း အေးစက်စက် ဖြစ်နေသောကြောင့် ပိုင်နက်သားရဲဘုရင်မနှင့် ပြဿနာဖြစ်လျှင် ဆိုးကျိုးများ ဖြစ်ပေါ်လာပေလိမ့်မည်။ သူတို့သာရှိနေလျှင် အခြေအနေကို ဝင်ရောက် ညှိနှိုင်းပေးနိုင်မည်ဖြစ်သည်။ လောင်ရင်နှင့် ယုချန်က သက်ဆိုင်ရာယာဥ်များကို ဆင့်ခေါ်လိုက်သောအခါ မိုးတိမ်နတ်လှေနှစ်စီး ထွက်ပေါ်လာ၏။ သူတို့က ယာဥ်များအတွင်း ဝင်ရောက်မည်ပြုစဥ် ရှန်မူက ညာလက်ကို ယမ်းလိုက်သောအခါ နတ်ဆိုးတိုက်လှေတစ်စီး ထွက်ပေါ်လာ၍ အခြားယာဥ်များကို ဘေးသို့ တွန်းထုတ်လိုက်၏။ ၎င်း၏အရွယ်အစားက မိုးတိမ်နတ်လှေထက် ငါးဆခြောက်ဆ ပို၍ကြီးမားနေသည်။
"မင်းတို့ရဲ့ယာဥ်နဲ့ဆိုရင် သားရဲတစ်ထောင်ကြယ်ဒေသကို ရောက်ဖို့အတွက် ဆယ်ရက်ကျော် လိုအပ်လိမ့်မယ်။ မင်းတို့နှစ်ယောက်က ငါ့နတ်ဆိုးတိုက်လှေနဲ့အတူ လိုက်ခဲ့ကြပါလား"
ရှန်မူက တစ်ချက်ပြုံး၍ ဖိတ်ခေါ်လိုက်၏။ လောင်ရင်သည် ရှန်မူနှင့် ဆက်ဆံရေး တင်းမာသောကြောင့် တစ်ဖက်လူက တမင်သက်သက် ကြွားဝါနေသောအခါ အောင့်သက်သက် ဖြစ်သွားခဲ့သည်။ နတ်ဆိုးတိုက်လှေသည် စွမ်းအားရှင်တစ်ယောက်ပင် လိုချင်သော်လည်း ဝယ်ယူရနိုင်သည် မဟုတ်ပေ။
"ခေါင်းဆောင်ရှန်က ဒီယာဥ်ကို ဘယ်လိုရထားတာလဲ သိချင်မိပါတယ်။ ဒီလိုဆိုမှတော့ ရှင့်ကို ဒုက္ခပေးရတော့မှာပဲ"
ယုချန်က အံ့သြစွာ ရေရွတ်လိုက်ပြီး ပြည်ပျက်လောက်သော အပြုံးတစ်ခု ထုတ်ဖော်လိုက်၏။
"မင်းရော ဘယ်လိုသဘောရလဲ"
သူမက မိုးတိမ်နတ်လှေကို သိမ်းဆည်း၍ နတ်ဆိုးတိုက်လှေအတွင်း ဝင်သွားသောအခါ ရှန်မူက လောင်ရင်ဘက်လှည့်ကာ မေးလိုက်သည်။ သူ၏ ခပ်ကြွားကြွား မျက်နှာထားကြောင့် လောင်ရင်က ပို၍မကျေမနပ်ဖြစ်လာပြီး ခေါင်းမော့ကာ နတ်ဆိုးတိုက်လှေကို ကြည့်လိုက်မိသည်။ ၎င်း၏ကိုယ်ထည်ထက်တွင် ရှုပ်ထွေးသော ရုန်းများ ပြည့်နှက်နေပြီး ပြင်းထန်သော အရှိန်အဝါတစ်ခု ထွက်ပေါ်နေသည်။
"မလိုအပ်ဘူး။ ငါက မိုးတိမ်နတ်လှေနဲ့ ခရီးသွားမယ်"
လောင်ရင်က အေးစက်စက် နှာခေါင်းရှုံ့၍ ငြင်းပယ်လိုက်၏။
"ကောင်းပြီ။ ဒါဆိုရင် သားရဲတစ်ထောင် ကြယ်ဒေသ ဝင်ပေါက်မှာ တွေ့ကြတာပေါ့"
ရှန်မူက တမင်သက်သက် ပြုံးပြကာ လောင်ရင်ကို နှုတ်ဆက်ပြီး နတ်ဆိုးလှေအတွင်း ဝင်ရောက်သွားခဲ့သည်။ လောင်ရင်က ဒေါသတကြီးဖြင့် မိုးတိမ်နတ်လှေအတွင်း ဝင်ရောက်သွားပြီး ၎င်းက စကြဝဠာအတွင်း မြင့်တက်သွားကာ နတ်ဆိုးတိုက်လှေအရင် ထွက်ခွာသွားခဲ့၏။ ခေါင်းဆောင်နှစ်ယောက်က အသက်သာ ကြီးလာသော်လည်း ကလေးငယ်များပမာ ရန်ဖြစ်နေသောကြောင့် ယုချန်က တခစ်ခစ် ရယ်မောလိုက်မိသည်။ နတ်ဆိုးတိုက်လှေကို ရှန်မူက အသက်သွင်းလိုက်သောအခါ အလင်းတန်းတစ်ခုပမာ ပြေးထွက်သွားကာ မိုးတိမ်နတ်လှေကို ကျော်ဖြတ်၍ စကြဝဠာအတွင်း ရောက်သွားခဲ့သည်။ ၎င်း၏ပတ်ဝန်းကျင်၌ ဖြစ်ပေါ်လာသော အချိန်လေဟာနယ် ချီလှိုင်းများကြောင့် မိုးတိမ်နတ်လှေမှာ မှောက်လုမတတ် ဖြစ်သွားကာ ကွာခြားမှုချင်း ကြီးမားနေသည်။
"ရှန်မူ မင်းကို ငါ လုံးဝမကြေဘူးကွ"
လောင်ရင်၏ ဒေါသတကြီးအော်သံက ပတ်ဝန်းကျင်၌ ပဲ့တင်ထပ်သွားကာ တည်ငြိမ်သော ကျင့်ကြံရေးစိတ်ထား ပျက်စီးသွားရသည်။ သူက မိုးတိမ်နတ်လှေကို ထိန်းသိမ်း၍ အရှိန်တင်လိုက်သော်လည်း နတ်ဆိုးတိုက်လှေက မြင်ပင်မမြင်ရလောက်အောင် ပျောက်ကွယ်သွားပြီ ဖြစ်သည်။ သူက ဒေါသထွက်လွန်းသဖြင့် အဆုတ် ကွဲထွက်မတတ် ခံစားနေရသည်။
ထိပ်တန်းမဟာမိတ်၏ ဗဟိုကြယ်ထက်ရှိ ယဲ့ချန်၏ နန်းဆောင်အတွင်း စီတုနန်၊ ရှောင်လင်း၊ လင်ရွဲ့စသော ပါရမီရှင်များ ရောက်ရှိနေကြသည်။
"ညီလေးချန် ဆရာက မင်းကို တော်ဝင်သင်္ချိုင်းရဲ့ ကြယ်ကြည့်စင်မြင့်ကို လိုက်ပို့ခိုင်းထားတယ်။ ဒီနေရာက မင်းရဲ့ကျင့်ကြံခြင်းအတွက် အထောက်အကူ ဖြစ်နိုင်တယ်"
စီတုနန်က ပြောလိုက်ခြင်းဖြစ်သည်။
"ကြယ်ကြည့်စင်မြင့်"
ထိုအရာက မည်သို့သော နေရာမျိုးဖြစ်ကြောင်း မသိသော်လည်း တော်ဝင်သင်္ချိုင်းသို့ ယဲ့ချန်က သွားချင်နေသည်မှာ ကြာမြင့်နေပြီ ဖြစ်၏။
"ကြယ်ကြည့်စင်မြင့်ဟာ ကြယ်အဖွဲ့အစည်းတစ်ခုလုံးက သန်မာသူတွေ စုဝေးကြတဲ့ နေရာ ဖြစ်တယ်။ ကောင်းကင်သခင်က ရှေးနတ်ဘုရားတစ်ပါးဖြစ်ပြီး ဒီနေရာမှာ တာအိုရုန်းပေါင်းစုံ ချန်ထားရစ်ခဲ့တယ်။ တစ်ယောက်ယောက်က ဒါကို ဆင်ခြင်နားလည်သွားရင် အဆင့်သစ်တစ်ခုကို ရောက်သွားလိမ့်မယ်။ သူ့ကို လေးစားတဲ့အနေနဲ့ ကြယ်ကြည့်စင်မြင့်မှာ တိုက်ခိုက်ခြင်းကို တားမြစ်ထားတဲ့အတွက် အန္တရာယ် မရှိဘူး"
လင်ရွဲ့က ရှင်းပြရင်း ပါးချိုင့်လေးများပေါ်အောင် ပြုံးလိုက်သောကြောင့် အလွန်ချစ်စရာကောင်းနေသည်။
"ကောင်းပြီ။ ဒါဆိုရင် သွားကြတာပေါ့"
ယဲ့ချန်က ခေါင်းညိတ်လိုက်၏။ သူ၏ နတ်ဆိုးတိုက်လှေကို မီကွမ်နှင့် ခြင်္သေ့ကြီးက ယူဆောင်သွားသောကြောင့် စီတုနန်၏ မိုးတိမ်နတ်လှေကိုသာ အသုံးပြုရသည်။ ၎င်းက ရှန်မူ၏ မိုးတိမ်နတ်လှေအောက် အနည်းငယ်သာနိမ့်ကျ၍ အလွန်ကောင်းမွန်သည်။
"ကြယ်ကြည့်စင်မြင့်ကိုရောက်ရင် စိတ်ရှည်ပါ ညီလေးချန်။ ဒီနေရာမှာ မျိုးနွယ်ပေါင်းစုံက ပါရမီရှင်တွေ ရောက်နေပြီး မျိုးနွယ်အချို့က ငါတို့လူသားတွေကို အထင်သေးတတ်တယ်"
မိုးတိမ်နတ်လှေက စကြဝဠာအတွင်း လျင်မြန်စွာ ထွက်ခွာလာသောအခါ စီတုနန်က ယဲ့ချန်ကို သတိပေးလိုက်ခြင်းဖြစ်သည်။ သူက ဤသို့သော ကိစ္စမျိုးနှင့် ပတ်သက်၍ အတွေ့အကြုံရှိပုံရသည်။ ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းတွင် သားရဲတစ်ထောင်ဒေသ၊ ကြယ်ပင်လယ်ဒေသ၊ မြင့်မြတ်နယ်မြေစသော ဒေသများစွာရှိပြီး မရေမတွက်နိုင်သော အဆင့်နှစ်မျိုးနွယ်များနှင့် အဆင့်တစ်မျိုးနွယ်များပင် နေထိုင်ကြသည်။ ၎င်းတို့၏အရေအတွက်က လူသားမျိုးနွယ်လောက် မများသော်လည်း ပါရမီရှင်များ ပြည့်နှက်နေကာ သာမန်လူသားများ ရန်စနိုင်မည် မဟုတ်ပေ။
"နားလည်ပြီ"
ယဲ့ချန်က မျက်မှောင်ကြုတ်၍ ခေါင်းညိတ်ပြလိုက်သည်။ ဖြစ်နိုင်သည်မှာ လူသားမျိုးနွယ်နှင့် အခြားမျိုးနွယ်များကြားတွင် ဆက်ဆံရေး ကောင်းမွန်ပုံမရချေ။ ဆယ်ရက်အကြာတွင် မိုးတိမ်နတ်လှေသည် ကြယ်ကြည့်စင်မြင့်သို့ ရောက်ရှိလာပြီး လူတိုင်း အပြင်ထွက်လိုက်ကြ၏။ ၎င်းက ဟင်းလင်းပြင်အတွင်း မျောလွင့်နေသော ဧရာမစင်မြင့်ကြီးဖြစ်ကာ မီတာသောင်းချီမြင့်မား၍ သိန်းချီကျယ်ဝန်း၏။ ၎င်းနှင့် မနီးမဝေးတွင် အဆောက်အအုံများရှိနေပြီး ဂရုတစိုက်ကြည့်မိလျှင် ဧရာမသင်္ချိုင်းတစ်ခုနှင့် သစ်တောတစ်ခုကို မြင်တွေ့ရပေလိမ့်မည်။ သင်္ချိုင်းက အလွန်ကြီးမားပြီး အထောက်အပံ့မရှိဘဲ မျောလွင့်နေကာ သစ်တောကြီးများ ပေါက်ရောက်နေသည်။ ၎င်းထက်တွင် မြူခိုးများဖြစ်ပေါ်နေပြီး သစ်တောအနက်ပိုင်းသို့ ရောက်လေလေ၊ ပို၍ထူထပ်လာလေလေဖြစ်ကာ သွေးရောင်အလင်းများ တဖြတ်ဖြတ်လက်၍ ထူးဆန်းကြောက်စရာကောင်းသည့် ချီများ ဖြစ်ပေါ်နေသည်။ မြူခိုးများအတွင်း အစိမ်းရောင်အလင်းများ ဖြတ်ခနဲ ထွက်ပေါ်လာတတ်သည့်အပြင် ထူးဆန်းသော သက်ရှိများကိုလည်း ဝေဝေဝါးဝါး မြင်တွေ့နိုင်သည်။ ၎င်းတို့မှာ ကောင်းကင်သခင်၏ သွေးစက်မှ မွေးဖွားလာခြင်းဖြစ်ကာ ရှေးနတ်ဘုရားတစ်ပါးဖြစ်သောကြောင့် သွေးတစ်စက်မှ သက်ရှိများ ဖြစ်ပေါ်လာတတ်၏။ ဤနေရာက ယဲ့ချန်ကို မျက်ကန်းကြီး ညွှန်ပြခဲ့သော နေရာ ဖြစ်နေခဲ့သည်။
"ကောင်းကင်သခင်က ဘယ်လိုဖြစ်တည်မှုမျိုးလဲ"
ကြယ်ကြည့်စင်မြင့်သို့ ရောက်လျှင် ကျင့်ကြံသူတစ်ယောက်က တော်ဝင်သင်္ချိုင်း၏ ဝင်ပေါက်၌ ကျောက်စာတစ်ချပ်ကို မြင်တွေ့နိုင်သည်။ ၎င်းထက်တွင် စာလုံးများ ပြည့်နှက်နေကာ အလွန်ရှုပ်ထွေးသော်လည်း နဂါးနှင့် ဖီးနစ်များကဲ့သို့ အစွမ်းထက်အရှိန်အဝါများ ပိုင်ဆိုင်ထားကြသည်။
"ဒီလောကကြီးရဲ့ အစွမ်းထက်သက်ရှိတွေက တာအိုကို ရှာဖွေရင်း သေဆုံးကြတယ်"
ယဲ့ချန်က ထိုစကားလုံးများ၏ အဓိပ္ပါယ်ကို နားလည်နိုင်ခဲ့သည်။
"လူသာ သေပေမယ့် တာအိုက ကျန်ရစ်နေမယ်"
သူက ခပ်တိုးတိုး ရေရွတ်လိုက်ပြီး စိတ်ထဲတွင် ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။ အမြဲတမ်းပြုံးနေတတ်သော လင်ရွဲ့သည် ကောင်းကင်သခင်၏ အုတ်ဂူကို ကြည့်နေရင်း မျက်ဝန်းများအတွင်း ဝမ်းနည်းစိတ်တို့ ထင်ဟပ်နေသည်။ ယဲ့ချန်က ထိုအချက်ကို သတိထားမိလိုက်သောအခါ သူမ၏အမူအရာက ချက်ချင်းပြောင်းလဲသွားခဲ့သည်။ ဖြစ်နိုင်သည်မှာ သူမက ကောင်းကင်ကြယ်သခင်နှင့် တစ်နည်းတဖုံ ပတ်သက်နေရပေလိမ့်မည်။
ကျောက်စာပေါ်ရှိ စာလုံးများက ရင်းနှီးနေပုံရသောကြောင့် ယဲ့ချန်သည် လေးနက်စွာ စဥ်းစားလိုက်သောအခါ ကျောက်စိမ်းနန်းတော်ဟူသော စကားလုံးများကို ရေးသူနှင့် တစ်ယောက်တည်းဖြစ်ကြောင်း ရုတ်တရက် သတိရလိုက်လေသည်။