← Chapters

မျိုးနွယ်အသီးသီးမှ ကျင့်ကြံသူများ

Vol. 62 Ch. 871

မျိုးနွယ်အသီးသီးမှ ကျင့်ကြံသူများ

Vol. 62 Ch. 871

ယဲ့ချန်သည် ကျောက်စာပေါ်ရှိ စာလုံးများကို ကြည့်နေရင်း အတွေးပေါင်းစုံ ဖြစ်ပေါ်လာခဲ့သည်။ မူလတွင် သူ တွေးထားသည်မှာ ကျောက်စိမ်းနန်းတော်ကို ရေးသားခဲ့သူမှာ တန်းယွမ်ဟု ထင်ထားခဲ့သော်လည်း ဝိညာဥ်စွမ်းအား ကပ်ငြိနေရုံသာ ဖြစ်သည်။

"ဘယ်သူက ဒီစာလုံးတွေကို ရေးခဲ့တာလဲ။ ဒီလူနဲ့ ကောင်းကင်သခင်က ဘယ်လိုပတ်သက်နေတာလဲ။ ကျောက်စိမ်းနန်းတော်ကရော ဘယ်လိုအရာမျိုးလဲ။ ဒီလူကပဲ ကျောက်စိမ်းနန်းတော်ကို ဖန်တီးခဲ့တာများလား"

ဆန်းကျယ်သော မေးခွန်းများစွာ ရှိနေသော်လည်း သဲလွန်စနည်းပါးသောကြောင့် သူက အဖြေမရှာနိုင်ပေ။ သို့သော် တော်ဝင်သင်္ချိုင်းသို့ ရောက်လာခြင်းက မှန်ကန်သော ရွေးချယ်မှုဖြစ်ကာ ကျောက်စိမ်းနန်းတော်အကြောင်း တစ်ခုခု သိရပေလိမ့်မည်။

"ညီလေးယဲ့ သွားကြစို့"

စီတုနန်သည် ကျောက်စာကို အချိန်ကြာမြင့်စွာ မတုန်မလှုပ် စိုက်ကြည့်နေသော ယဲ့ချန်ကို သတိပေးလိုက်ခြင်းဖြစ်သည်။

"သြော် ဟုတ်ကဲ့"

ထိုအခါမှ သူက သတိပြန်ဝင်လာပြီး ထိုအုပ်စုနှင့်အတူ လိုက်ပါသွားခဲ့သည်။ ကြယ်ကြည့်စင်မြင့်က အလွန်ကျယ်ဝန်းပြီး ကောင်းကင်တာအိုကျောက်များဖြင့် ခင်းထားသည်။ ၎င်းတို့က အလွန်အဖိုးထိုက်တန်ပြီး ကောင်းကင်တာအိုများနှင့် ထိတွေ့ခဲ့သော ဝိညာဥ်ကျောက်များ ဖြစ်ကြသည်။ ၎င်းတို့အပေါ် ရပ်နေခြင်းက ကျင့်ကြံသူများကို ကောင်းကင်တာအိုနှင့် ပိုမိုနီးစပ်စေပြီး ဆင်ခြင်ရာ၌ အထောက်အကူပြုသည်။ စင်ကြီး၏အလယ်တွင် လှေကားများ မြင့်တက်သွားပြီး ထိပ်ဆုံး၌ ပုံရိပ်အနည်းငယ်က တင်ပျဥ်ခွေထိုင်ကာ ကြယ်များကို မော့ကြည့်နေသည့် စင်မြင်ငယ်တစ်ခု ရှိနေသည်။ ထိုအချိန်၌ ကောင်းကင်တွင် ကြယ်များက အချင်းချင်းဆက်သွယ်၍ အဆုံးမဲ့မြင့်မြတ်မှုများ ရှိနေသည့်အလား ထွန်းလင်းနေကြ၏။ ကြယ်များကို ကြည့်လိုက်သောအခါ ယဲ့ချန်၏ကိုယ်တွင်းရှိ ကြယ်ကိုးလုံးကလည်း လျင်မြန်စွာ လည်ပတ်လာကြသည်။

မျိုးနွယ်တိုင်းမှ ကျင့်ကြံသူတိုင်းက ဤနေရာသို့ လာရောက်လေ့ကျင့်သည့် အကြောင်းအရင်းမှာ အမှန်တကယ် ထူးခြားနေသောကြောင့်ဖြစ်သည်။ သူတို့က စင်မြင့်၏အလယ်သို့ ဦးတည်သွားနေစဥ် အခြားမျိုးနွယ်ဝင်များစွာကို တွေ့ခဲ့ရပြီး အချို့၏ အသွင်သဏ္ဍာန်က စိတ်ကူးမရလောက်အောင် ဆန်းကျယ်နေသည်။ ဧရာမဆင်ကြီးများနှင့် ဆင်တူသော အဆင့်နှစ် တန်းကျီမျိုးနွယ်၊ ပုံသဏ္ဍာန်အမျိုးမျိုး ပြောင်းလဲနေသော မြူခိုးသဏ္ဍာန် ခန္ဓာပိုင်ရှင် ပိုင်ကျီမျိုးနွယ်၊ ဧရာမငှက်ကြီးများနှင့် ဆင်တူသော ပိုဖန်းမျိုးနွယ် စသဖြင့် စုံလင်လှသောကြောင့် ယဲ့ချန်၏ အသိအမြင်တို့ ကျယ်ပြန့်ခဲ့ရသည်။ ထိုမျိုးနွယ်များမှ ကျင့်ကြံသူများက ကိုယ်ပိုင်အသွင်ကို မစွန့်ပစ်သော်လည်း လူအသွင်ပြောင်းနိုင်ရန် ကျင့်ကြံရသည်။

ဒဏ္ဍာရီများအရ ခြေနှစ်ချောင်းဖြင့် မတ်မတ်ရပ်ခြင်းသည် စကြဝဠာ၏ အမြင့်ဆုံးအသွင် ဖြစ်သောကြောင့် ရှင်းဟွမ်များက အတုယူကာ လူသားမျိုးနွယ်ကို ဖန်တီးခဲ့သည်။ အဆင့်နှစ် မျိုးနွယ်ဝင်တစ်ယောက်က ယဲ့ချန်တို့အနီး ဖြတ်သန်းသွားသောအခါ မျက်လုံး၌ အထင်သေးမှုများ ထင်ဟပ်နေသည်။ ထိုအကြည့်နှင့် အမူအရာကြောင့် ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်သော်လည်း အခြားမျိုးနွယ်ဝင်တိုင်းက သူတို့ကို မြင်သောအခါ အထင်သေးနေကြသည်။ သူ့ကို စီတုနန်က ကြိုတင်သတိပေးထားသဖြင့် စိတ်ကို ပြင်ဆင်ထားပြီး လူသားမျိုးနွယ်နှင့် အခြားမျိုးနွယ်များ အဆင်မပြေဟု သိထားသော်လည်း အခြေအနေက အတူတကွ ယှဥ်တွဲနေထိုင်မရသည်လောက် မရိုးရှင်းပေ။

"ဘာတွေဖြစ်နေတာလဲ"

လှပသော မိန်းကလေး ပါရမီရှင်များ၏ မျက်နှာများပင် တင်းမာနေကြသော်လည်း တိတ်ဆိတ်နေကြသဖြင့် ယဲ့ချန်က အကျိုးအကြောင်း မေးလိုက်သည်။

"စကြဝဠာထဲက မျိုးနွယ်တိုင်းမှာ စည်းမျဥ်းစည်းကမ်းတွေ ရှိပေမယ့် သူတို့ရဲ့အမြင်မှာ ငါတို့က နိမ့်ကျပြီး ရှင်းဟွမ်မျိုးနွယ်ရဲ့ အသုံးချခံသက်သက် ဖြစ်တယ်"

စိတ်ဓာတ်ကျနေပုံရသော စီတုနန်က သက်ပြင်းတစ်ချက်ချ၍ ရှင်းပြလိုက်သည်။

"ကောင်းကင်သူတော်မျိုးနွယ်နဲ့ ပိုင်နက်သားရဲတွေကလည်း အညံ့ခံထားပေမယ့် ထာဝရပြည်ထောင်ထဲမှာ အာဏာအချို့ ပိုင်ဆိုင်ထားတယ်။ လူသားတွေကိုတော့ ရှင်းဟွမ်ရဲ့ ကျွန်တွေလို့ သတ်မှတ်ကြတယ်။ လူသားကျင့်ကြံသူတွေက ထိပ်တန်းကြယ်သခင်အဆင့်ကိုသာ ရောက်နိုင်ပေမယ့် အဆင့်နှစ်မျိုးနွယ်တွေမှာ ဒီအဆင့်ထက် သာလွန်တဲ့ ကျင့်ကြံသူတွေ ပိုင်ဆိုင်ထားတယ်။ ရှင်းဟွမ်တွေသာ အကာအကွယ်အဖြစ် ရှိမနေရင် ငါတို့လူသားမျိုးနွယ်က သုတ်သင်ခံရတာ အရိုးဆွေးနေလောက်ပြီ"

နောက်ဆုံးတွင် သန်မာသူသာ အနိုင်ရသည်ဟူသော စည်းမျဥ်းအကြောင်း ယဲ့ချန်က ပို၍နားလည်လာခဲ့သည်။ ရှင်းဟွမ်၏ ကျွန်အဖြစ် မှတ်ယူခံထားရသော အဆင့်နိမ့်မျိုးနွယ်တစ်ခုကို မည်သူမှလေးစားမည် မဟုတ်ပေ။ လူသားများက အဆင့်အမြင့်ဆုံး သဏ္ဍာန်ကို ပိုင်ဆိုင်ထားသော်လည်း တစ်ဖက်တွင် အဆင့်နိမ့်မျိုးနွယ်တစ်ခု ဖြစ်နေသည်။

"ညီလေးယဲ့ ကျေးဇူးပြုပြီး စိတ်ထိန်းပါကွာ။ ကောင်းကင်ကြယ်သခင်ကိုသာ ကြောက်လန့်မနေရင် ဒီကောင်တွေက ငါတို့ကို တိုက်ခိုက်မှာ သေချာတယ်"

စီတုနန်က မပျော်မရွှင်ဖြစ်နေသော ယဲ့ချန်ကို ဖြောင်းဖြလိုက်သည်။

"ကောင်းကင်သခင်ကလည်း လူသားတစ်ယောက် မဟုတ်ဘူးလား။ ဒီမျိုးနွယ်တွေက လူသားမျိုးနွယ်ကို အထင်သေးတယ်ဆိုရင် သူ့ကို ဘာကြောင့် ကြောက်လန့်နေကြတာလဲ"

"သူက ရှေးဦးလူသားမျိုးနွယ်ဖြစ်ပြီး သူ သေဆုံးသွားတဲ့နောက်မှာ လူသားမျိုးနွယ်ရဲ့ အောင်မြင်မှုတွေ ဆိတ်သုဥ်းသွားခဲ့တယ်။ သူ့မျိုးဆက်တွေခေတ်မှာ လူသားတွေက ကျွန်လိုမျိုး နိမ့်ကျခဲ့ရပြီး ရှင်းဟွမ်တွေက ကောင်းကင်နတ်ဆိုးကို ရင်ဆိုင်ဖို့ အသုံးချတဲ့ စစ်တုရင်ရုပ်ကလေးတွေ ဖြစ်လာခဲ့တယ်"

စီတုနန်၏ မျက်လုံးများက မီးဝင်းဝင်းတောက်နေပြီး မကျေနပ်စိတ်ကြောင့် အံကြိတ်ထားမိသည်။ အကယ်၍ လူသားမျိုးနွယ်၌သာ ကြယ်သခင်အဆင့်ကို ကျော်လွန်သော ကျင့်ကြံသူမျိုး ထွက်ပေါ်လာလျှင် ဤမျှအနိုင်ကျင့်ခံနေရမည် မဟုတ်ပေ။ ဤအခြေအနေကြောင့် ကျန်ပါရမီရှင်များကလည်း ဒေါသထွက်နေကြပြီး အနိုင်ကျင့်ခံရမှုကြောင့် သိမ်ငယ်သွားရမည့်အစား တိုက်ခိုက်လိုစိတ်များ ပိုမိုပြင်းထန်လာခဲ့သည်။ သူတို့၏ကိုယ်ထဲတွင် လူသားမျိုးနွယ်၏ သွေးများ စီးဆင်းနေကာ မျိုးနွယ်၏ အထူးပါရမီရှင်များ ဖြစ်ကြသည်။

"ဘယ်အချိန်မှ လူသားမျိုးနွယ်က စကြဝဠာထဲမှာ နေရာတစ်နေရာ ပိုင်ဆိုင်နိုင်မှာလဲ"

နောက်ဆုံးတွင် ယဲ့ချန်သည် ရွှမ်လင်းပြောခဲ့သော စကားများ၏အဓိပ္ပါယ်ကို နားလည်နိုင်ခဲ့သည်။ အခြားမျိုးနွယ်များ၏ နှိမ့်ချမှုကို ခံနေရသော်လည်း လူသားများက မျိုးနွယ်၏အနာဂတ် ထွန်းတောက်စေရန်အတွက် ကြိုးစားနေကြသည်။ လင်လုံကဲ့သို့ ကိုယ်ပိုင်အင်အားစုများ တည်ထောင်သူများ ရှိသကဲ့သို့ ရွှမ်လင်းကဲ့သို့ ကောင်းကင်နတ်ဆိုးများကို ပူးပေါင်းသွားသူများလည်း ရှိသည်။ ဤနည်းလမ်းနှစ်မျိုးတွင် သူက လင်လုံ၏ နည်းလမ်းကိုသာ လက်ခံနိုင်ပြီး စကြဝဠာအတွင်းရှိ မျိုးနွယ်တိုင်းက အခြားမျိုးနွယ်တစ်ခုကို ကိုယ်ကျိုးစွန့်ကူညီမည် မဟုတ်ပေ။ ထာဝရပြည်ထောင်ကို ကောင်းကင်နတ်ဆိုးများ သိမ်းပိုက်နိုင်လျှင်လည်း လူသားမျိုးနွယ်က ကျွန်ပြုခံရပေလိမ့်မည်။ မျိုးနွယ်တစ်ခုလုံး ပိုမိုသန်မာလာကာ ကြယ်သခင်အဆင့်ထက် ကျော်လွန်အောင် ကျင့်ကြံနိုင်မှသာလျှင် စကြဝဠာအတွင်း နေရာတစ်ခု ခြေကုပ်ရယူနိုင်ပေလိမ့်မည်။

ယဲ့ချန်သည် ကျောက်စိမ်းနန်းတော်အတွင်းမှ လက်နက်သိုလှောင်ရုံအကြောင်း တွေးမိလိုက်ပြီး ၎င်းတို့မှာ လူသားမျိုးနွယ် မြင့်တက်လာစေရန်အတွက် ဘိုးဘေးများက ပြင်ဆင်ပေးထားခဲ့ခြင်း ဖြစ်သည်။ ကျောက်စိမ်းနန်းတော်၏ ပိုင်ရှင်က သူ့ကို ဤတာဝန် လက်လွှဲပေးခဲ့သော အကြောင်းအရင်းကို မတွေးတတ်ပေ။ သူက ကောင်းကင်သို့ မော့ကြည့်နေပြီး ထိုအချိန်၌ သူ၏စိတ်အခြေအနေက ပြင်းပြင်းထန်ထန် ပြောင်းလဲသွားလေသည်။

"လူသားတွေ ထွက်သွားစမ်း။ ကြယ်ကြည့်စင်မြင့်မှာ မင်းတို့လို အမှိုက်တွေအတွက် နေရာ မရှိဘူး"

ပိုဖန်းမျိုးနွယ်ဝင်တစ်ယောက်က သူ၏လမ်းတွင် ရပ်နေသော စီတုနန်နှင့်အဖွဲ့ကို မြင်သောအခါ အထင်သေးစွာဖြင့် ငေါက်ငမ်းလိုက်သည်။ သူက ဧရာမငှက်ကြီးတစ်ကောင်နှင့် ဆင်တူပြီး လူနှစ်ယောက်အရပ်မျှ မြင့်မားကာ အပေါ်မှ ငုံ့ကြည့်နေခဲ့သည်။ သူက အဆင့်မြင့် ကြယ်သခင်တစ်ယောက်သာ ဖြစ်သော်လည်း ထိပ်တန်းကြယ်သခင်ဖြစ်သည့် စီတုနန်ကို အထင်သေးနေသည်။

"ညီလေးယဲ့ ပြဿနာမရှာနဲ့"

ယဲ့ချန်၏ တိုက်ခိုက်လိုစိတ် မြင့်မားလာသည်ကို မြင်သောအခါ စီတုနန်က အသံချင်းဆက်သွယ်၍ ဖြေလိုက်သည်။ ထိပ်တန်းမဟာမိတ်၏ လက်ရှိခွန်အားဖြင့် အဆင့်နှစ်မျိုးနွယ်တစ်ခုကို ရန်စမိလျှင် ကပ်ဘေးကြီး ဖြစ်လာနိုင်သည်။ လက်ရှိတွင် လင်လုံက ရှင်းဟွမ်၏ အကာအကွယ်ပေးမှုအောက်မှ ဖောက်ထွက်ရန် ကြံစည်နေသောကြောင့် အနာဂတ်လမ်းကြောင်းက ပိုမိုခက်ခဲလာပြီ ဖြစ်သောအခါ ရန်သူထပ်တိုး၍ မဖြစ်ချေ။

သို့သော် ယဲ့ချန်က ပိုဖန်းမျိုးနွယ်ဝင်ကို အေးစက်စက်စိုက်ကြည့်၍ အချိန်လေဟာနယ် အဆင့်ခုနစ် ချီများကို ထုတ်ဖော်ကာ ပြင်းထန်သော စွမ်းအားကို စုစည်းလိုက်သည်။

"အဆင့်ခုနစ်"

တစ်ဖက်လူက ဤမြင်ကွင်းကြောင့် ရင်ထိတ်သွားကာ ခဏတာ တုံ့ဆိုင်းပြီးနောက် ရိုကျိုးစွာဖြင့် နောက်ဆုတ်သွားခဲ့၏။ လူသားမျိုးနွယ်ဖြစ်နေလျှင်ပင် အဆင့်ခုနစ်အထိ နားလည်နိုင်သူက အနာဂတ်၌ ပြိုင်ဘက်ကင်း ဖြစ်လာနိုင်သည်။ စကြဝဠာအတွင်း၌ သန်မာသူက အခရာဖြစ်ပြီး အရေးမပါသော ကိစ္စများအတွက် ရန်သူဖြစ်ရန် မလိုအပ်ပေ။ ပိုဖန်းမျိုးနွယ်က အဆင့်နှစ်မျိုးနွယ်ဖြစ်သော်လည်း ပုံမှန်ထက် အားနည်းသောကြောင့် နောက်ဆုတ်သွားခြင်း ဖြစ်သည်။ ဤမြင်ကွင်းကို မျှော်လင့်မထားသောကြောင့် လူသားပါရမီရှင်များမှာ မင်သက်သွားကြပြီး သွေးများ ဆူပွက်လာသည်။ ဤကိစ္စက အရေးမပါလှသော်လည်း သူတို့ သည်းခံခဲ့ရသည်မှာ အချိန်ကြာမြင့်နေပြီ ဖြစ်သည်။

လူသားမျိုးနွယ်၏ ပါရမီရှင်များက အထင်သေးခံနေရသော်လည်း ဒေါသကို မျိုသိပ်ခဲ့ရပြီး လူသားမျိုးနွယ်အတွက် အသက်စွန့်ရမည်ဆိုလျှင် တုံ့ဆိုင်းနေမည် မဟုတ်ပေ။ သို့သော် သူတို့၏လုပ်ရပ်က လူသားမျိုးနွယ်အတွက် ကပ်ဘေးတစ်ခု ယူဆောင်လာမည်ကို စိုးရိမ်သောကြောင့် သည်းခံခဲ့ရသည်။ သို့သော် ယဲ့ချန်က အခြားမျိုးနွယ်များကို သည်းခံနေရသည်ထက် ပိုမိုကောင်းမွန်သော နည်းလမ်းတစ်ခုကို ပြသပေးခဲ့သည်။ လင်ရွဲ့ဖြစ်စေ၊ ရှောင်လင်းဖြစ်စေ၊ စီတုနန်ဖြစ်စေ အားလုံးက သူ၏ပတ်ဝန်းကျင်၌ နေရာယူလိုက်ကြပြီး လူသားမျိုးနွယ်၏ အောင်ပွဲအတွက် တိုက်ခိုက်ရာတွင် လိုအပ်နေသော ခေါင်းဆောင်တစ်ယောက်အဖြစ် မှတ်ယူလိုက်ကြသည်။ သူက အပြုအမူလေးတစ်ခုတည်းဖြင့် ဤပါရမီရှင်များ၏ စိတ်နှလုံးကို သိမ်းသွင်းဆွဲဆောင်နိုင်ခဲ့သည်။

ကြယ်ကြည့်စင်မြင့်၏ အလယ်တွင် အထက်သို့တက်သွားသော လှေကားထစ်များ ရှိနေပြီး အထစ်တိုင်းတွင် မျိုးနွယ်ပေါင်းစုံမှ ကျင့်ကြံသူများထိုင်၍ တစ်ခုခုကို နားလည်ရန် ကြိုးစားနေဟန်ဖြင့် ကောင်းကင်ကို မော့ကြည့်နေကြသည်။ လှေကားထစ်များ၏အဆုံးတွင် တစ်ဆယ်မီတာကျော် အချင်းဝက်ရှိသည့် စင်မြင့်ငယ်တစ်ခုရှိပြီး ကျင့်ကြံသူအနည်းငယ်သာ ရှိသောကြောင့် ဗလာဖြစ်နေသယောင် ထင်မှတ်ရသည်။ ထိုကျင့်ကြံသူများက လောကကြီး၏ အထက်စီးတွင်ရှိသော အရှိန်အဝါကိုယ်စီ ပိုင်ဆိုင်ထားရာ ပါရမီရှင်များအတွင်းမှ ပါရမီရှင်များ ဖြစ်ကြသည်။ ထိုနေရာက စင်ကြီးတစ်ခုလုံး၏ အကောင်းဆုံးနေရာဖြစ်ကာ အထူးချွန်ဆုံးနှင့် အစွမ်းအထက်ဆုံး ကျင့်ကြံသူများသာ တက်ရောက်ခွင့်ရှိသည်။ ကျန်ကျင့်ကြံသူများက ထိုနေရာကို တပ်မက်သော်လည်း အထက်တက်ရန် သတ္တိမရှိသောကြောင့် အောက်ခြေ၌သာ ထိုင်နေကြသည်။ အားနည်းသော အဆင့်နှစ်မျိုးနွယ်များပင် အောက်ခြေ၌ထိုင်နေရပြီး ထိပ်ဆုံးရှိ စင်မြင့်ငယ်မှာ ကြယ်အဖွဲ့အစည်းတစ်ခုလုံးရှိ အသန်မာဆုံးသော မျိုးနွယ်ဝင်များကိုသာ ကျင့်ကြံခွင့်ပြုထားသည်။ ထိုနေရာသို့ တက်ရောက်နိုင်လျှင် ကြယ်အဖွဲ့အစည်းတစ်ခုလုံးကို အထင်သေးနိုင်၍ ကြယ်စင်မြင့်၏ အမိန့်ကို လက်ခံရနိုင်ပေလိမ့်မည်။

သို့သော် ကြယ်ကြည့်စင်မြင့်သည် ကျင့်ကြံသူတိုင်း၏ ခွန်အားကို မတိုးတက်စေနိုင်သောကြောင့် ကောင်းကင်အဆင့်နှင့်အောက် ကြယ်သခင်များသာ လာရောက်ကြပြီး ထိပ်တန်းအဆင့် ကြယ်သခင်များ မလာရောက်တတ်ကြပေ။

All Chapters