အခန်း (၆၅၈)
Vol. 42 Ch. 658
"ငါတို့တွေ သေမင်းလျှောက်လမ်းထဲကနေထွက်ပြီးတော့ ပိုပြီးစကားပြောလို့ကောင်းတဲ့နေရာတစ်ခုကို သွားကြမလား..." ဖှေးတွင် အောက်လမ်းဆရာအား မေးချင်သည့် မေးခွန်းများစွာရှိနေ၏။
ဟေဇယ်-ဘန်ခ့်သည် ဖှေး၏စကားလုံးများ၏ ဆိုလိုရင်းကို နားလည်လိုက်သည်။ သူစဥ်းစားကြည့်ကာ ပြန်ဖြေလိုက်၏။ "အရှင်မင်းကြီး စိုးရိမ်စရာမလိုပါဘူး။ နေမူမမှန်ခြင်းတွေက အပြိုင်စကြ၀ဌာတွေဖြစ်လို့ အပြင်ကမ္ဘာမှ အမှတ်သားတွေရှိနေခဲ့မှာမဟုတ်ဘူး။ အဲ့တာကြောင့် ဘယ်သူမှ အောက်လမ်းစွမ်းအားကို အာရုံခံနိုင်မှာမဟုတ်ဘူး။ ကျွန်တော်က နေအဆင့်ကို ပြန်ရောက်ခါစဆိုပေမယ့် နေမူမမှန်ခြင်းကို ဆက်ထိန်းထားရတာက စွမ်းအားများများမလိုပါဘူး..."
"အေး ကောင်းသားပဲ..." ဖှေးခေါင်းငြိမ့်လိုက်သည်။
လယ်ဗယ်၃၆ဒေသအား ၀င်ရောက်လာခဲ့ပြီးသည့်နောက်တွင် ဖြစ်ပျက်ခဲ့သည့်ကိစ္စများကို ဖှေး ဟေဇယ်-ဘန်ခ့်အား ပြောပြလိုက်သည်။ သူသည် ကောင်းကင်မြို့တော်အကြောင်းအား လျို့၀ှက်ထားခဲ့ခြင်းမရှိပေ။ သို့သော် လျို့၀ှက်သည့် ကျောက်တိုင်ကြီးနှင့် ကမ္ဘာကျောက်တုံးအား သန့်စင်ခြင်းစသည်တို့ကို မပြောပဲချန်ထားခဲ့လိုက်သည်။ ကမ္ဘာကျောက်တုံးသည် ဖှေး၏ စွမ်းအားများရရှိခဲ့သည့် ဒိုင်ယာဘလိုကမ္ဘာနှင့် ဆက်စက်နေသည့်အတွက်ပင်။
လူတစ်ယောက်သည် တစ်ချို့လျို့၀ှက်ချက်များအား တစ်ယောက်ထဲသာ သိရှိသင့်သည့်အတွက်ပင်။
ထို့နောက်တွင် ဖှေးသည် အောက်လမ်းဆရာအား အလံနှစ်စုံမြို့ထဲတွင်ဖြစ်ပျက်ခဲ့သည့် ကိစ္စများကိုလည်း ပြောပြလိုက်သည်။
"အဲ့ အာသာဆိုတဲ့ကောင်ကတော့..." ဟေဇယ်-ဘန့်ခ်သည် သူ၏ခေါင်းကို ခါရမ်းလိုက်ပြီး ဒေါသဖြစ်စွာဖြင့် ပြောလိုက်သည်။ "လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်တုန်းကလည်း အာသာရဲ့ အရက်သောက်တတ်တဲ့အကျင့်ကြောင့် အမှားတွေအများကြီးရှိခဲ့ဖူးတယ်။ ဒီတစ်ခါလည်း သူ့ရဲ့မကောင်းတဲ့အကျင့်က အချိန်ကောင်းမှာဖြစ်သွားတာပဲံ..."
ဖှေးရယ်မောလိုက်သည်။ "ကိစ္စမရှိပါဘူး။ အဲ့လောက်လဲမဆိုးပါဘူး။ အာသာသာ ရောက်မလာခဲ့ဘူးဆိုရင် ဘယ်သူမှ နှင်းတောင်သိုင်းဆရာနဲ့ သူ့သား တိုနီကို ဖမ်းနိုင်မှာမဟုတ်ဘူးလေ..."
ထိုအကြောင်းကို ပြောပြီးသည့်နောက်တွင် သူသည် တစ်စုံတစ်ခုကို စဥ်းစားလိုက်မိပြီး ရက်ကွန်းကောင်လေးသည် လိမ္မော်ရောင်မီးစွမ်းအင်ဓားသွား၏ မီးစွမ်းအင်အား ခုခံနိုင်သည့်အကြောင်းကို ပြောလိုက်၏။
သူမေးလိုက်၏။ "ဘာလို့လဲသိလား။ ဒီကောင်လေးက ဘာလို့ နည်းနည်းထူးဆန်းသလိုဖြစ်နေရတာလဲ..."
"အမ် ကျွန်တော်ထင်တာမမှားဆိုရင်တော့ ဒီနတ်ဆိုးသားရဲက ရှားပါးသတ္တ၀ါတစ်ကောင်ပဲ။ သူက စွမ်းအင်ရင်းမြစ်တွေကို စားသုံးနိုင်ပြီးတော့ သူ့ရဲ့စွမ်းအားကို မြှင့်တင်နိုင်တာပဲ။ သူ၏ ဒိုမိန်းရဲ့ စွမ်းအင်ရင်းမြစ်ကို စားခဲ့တယ်လို့ အရှင်မင်းကြီးပြောတဲ့ပုံအရ သူက အဲ့တာကို စားပြီးလို့ မီးစွမ်းအင်ဒဏ်ကို ခံနိုင်သွားတာပဲ..."
ဟေဇယ်-ဘန့်ခ်ထိုကဲ့သို့ ပြောနေရင်းဖြင့် ရက်ကွန်းကောင်လေး၏ ခန္ဓာကိုယ်အနှံ့အား ပွတ်သပ်ကြည့်နေ၏။ ရက်ကွန်းကောင်လေး၏ ကိုယ်ရေးကိုယ်တာနေရာများကိုပင် ထိကိုင်ကြည့်နေသော်လည်း သူ၏ သီအိုရီအား ဆန့်ကျင်သည့်အရာကို တွေ့ရခြင်းမရှိပေ။
လက်နှစ်ဖက်ဖြင့် သူ၏ ကိုယ်ပိုင်နေရာများကို အုပ်ထားရင်းဖြင့် ရက်ကွန်းကောင်လေးသည် အော်ဟစ်ကာ ဖှေး၏အနောက်တွင် ၀င်ပုန်းလိုက်သည်။ သူ၏မျက်လုံးများထဲတွင် မျက်ရည်စများနှင့် အစွယ်များဖြဲကာ အောက်လမ်းဆရာအား သူ၏လက်များဖြင့် ရွယ်ပြနေလျှက်ရှိသည်။
"တကယ်လား..." ဖှေးအတော်တန်ပင် အံ့သြသွားသည်။ "ကျွန်တော် စွမ်းအားမြင့်မားတဲ့ နတ်ဆိုးသားရဲတစ်ကောင်ကိုများ ကောက်ရခဲ့တာလား။ ဒီကောင်လေးက ဒီလောက်တောင် အစွမ်းထက်တာပဲ..."
ဖှေးပြောသည်ကို ကြားသည့်အချိန်တွင် ရက်ကွန်းလေးသည် ဖှေး၏ ပခုံးပေါ်ကို ခုန်တက်၍ သူ၏ကြွက်သားများကို ပြသလိုက်၏။
"ကျွန်တော့ရဲ့ သီအိုရီကို ရိုးရိုးရှင်းရှင်းနဲ့ စမ်းသပ်လို့ရပါတယ်..."
ဟေဇယ်-ဘန့်ခ်သည် သူ၏ လက်ဖ၀ါးကို ဖြန့်လိုက်ပြီး လက်ဖ၀ါးထဲတွင် မီးခိုးရောက်မြူခိုးများသည် လေဗွေကဲ့သို့ လည်ပတ်နေတော့၏။ မီးခိုးရောက်မြူခိုးများကို ဆက်လက်၍ ဖိသိပ်ကာ အငွေ့များအဖြစ်မှ အရည်အသွင်သို့ ပြောင်းလဲသွားသည်။ ထို့နောက်တွင် ပဲစေ့ခန့်အရွယ်စားရှိသည့် ဂျယ်လီကဲ့သို့သော စွမ်းအင်အစိုင်ခဲတစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့၏။
ထိုအရာသည် အောက်လမ်းဆရာ၏ နေအဆင့်စွမ်းအင်ရင်းမြစ်ပင်။
ရက်ကွန်းကောင်လေး ဤစွမ်းအင်ရင်းမြစ်အား စားသုံးပြီးပါက အောက်လမ်းမှော်အစွမ်းများနှင့် စမ်းသပ်ကြည့်နိုင်မည်ဖြစ်သည်။ ထို့နောက်တွင် ဤအကောင်လေးသည် ဟေဇယ်-ဘန့်ခ်ပြောသည့် ခံနိုင်ရည်စွမ်းရှိမရှိကို သိနိုင်မည်ဖြစ်သည်။
ဖှေး၏ အကြည့်ရောက်တွင် ရက်ကွန်းလေးသည် နှာခေါင်းပိတ်ကာ စိတ်မပါစွာဖြင့် နေအဆင့်စွမ်းအင်ရင်းမြစ်အား စားလိုက်၏။
ဤစွမ်းအင်ရင်းမြစ်သည် ဒိုမိန်း၏ စွမ်းအင်အရင်းမြစ်ကဲ့သို့ အရသာရှိသည့်ပုံမပေါ်ပေ။ အကောင်လေးသည် သူ၏လျှာများကို ထုတ်၍ အလွန်အရသာဆိုး၀ါးသည့်အရာတစ်ခုအား စားလိုက်မိသလိုပင်။
မကြာမှီတွင် သူ၏မျက်နှာပေါ်တွင် အရက်မူးသည့်အရိပ်ယောင်များ ထွက်ပေါ်လာတော့သည်။
'ဘုန်း..." ရက်ကွန်းကောင်သည် ပုလ္လင်ပေါ်သို့ ပြုတ်ကျသွားပြီး သွားရေများကျကာ အိပ်ပျော်သွားတော့သည်။
ဖှေး အနည်းငယ်စိုးရိမ်သွား၏။
ခန္ဓာကိုယ်အား စစ်ဆေးကြည့်လိုက်ပြီး ပုံမှန်လည်ပတ်နေကြောင်းသိမှ သူစိတ်အေးသွားတော့၏။
အရက်မူးနေသည့် လူတစ်ယောက်သည် သူ၏ခန္ဓာကိုယ်ထဲတွင်ရှိသည့် အယ်လ်ကိုဟောအား ချေဖြတ်ရန်အတွက် အချိန်လိုသကဲ့သို့ ရက်ကွန်းကောင်လေးသည်လည်း နေအဆင့်စွမ်းအင်ရင်းမြစ်အား ချေဖြတ်နိုင်ရန်အတွက် အချိန်လိုနေသေးသည်။
ဤအချိန်အတွင်းတွင် ဖှေးနှင့် ဟေဇယ်-ဘန်ခ့်တို့သည် တစ်ခြားအကြောင်းရာများကို ပြောဖြစ်ကြ၏။ အောက်လမ်းဆရာသည် ကောင်းကင်နန်းတော်နှင့် ပတ်သက်၍ အလွန်စိတ်၀င်စားနေလျှက်ရှိသည်။ ယခုအချိန်တွင် တိုက်ပေါ်၌စွမ်းအားအမြင့်မားဆုံးဖြစ်သည့် သိုင်းဆရာကြီး မာရာဒိုနာသည်လည်း ငယ်စဥ်က ကောင်းကင်နန်းတော်ထဲသို့ ရောက်ခဲ့ဖူးသည်ဟု ဆိုကြသည်။ တစ်ခြားသော ကောလဟာလများအရ ကောင်းကင်နန်းတော်သည် နတ္တိလောကထဲတွင် လှည့်ပတ်နေနိုင်သည်ဟုဆိုကြ၏။ တစ်ခြားသော ဒဏာရီလာရှေးဟောင်းမြေများနှင့် တားမြစ်ထားသည့်နေရာများတွင်လည်း ထွက်ပေါ်လာခဲ့ဖူးသည်ဟုဆိုကြ၏။
မကြာမှီတွင် ရက်ကွန်းလေးသည် အရက်မှူးနေရာမှ နိုးလာပြီး သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။
ဟေဇယ်-ဘန့်ခ် လက်ညိုးထိုးလိုက်သည့်အချိန်တွင် သိပ်မထက်သည့် အရိုးဓားလေးတစ်ချောင်းသည် ရက်ကွန်းကောင်လေး၏ ဖင်အား ထိုးလိုက်၏။ အောက်လမ်းဆရာသည် သူ၏စွမ်းအားကိုလည်း ကောင်းမွန်စွာထိန်းချုပ်ထားသည့်အတွက်ကြောင့် ဓားသွားသည် ရက်ကွန်းလေးအား အသာယာသာထိသွား၏။
အကယ်၍ သာမန်သတ္တ၀ါတစ်ကောင်သာ အရိုးဓားဖြင့်ထိလိုက်မိပါက သူ၏အသားများပုပ်သွားမည်ဖြစ်ပြီး အရိုးစုများသာ ကျန်ခဲ့တော့မည်ဖြစ်သည်။
သို့သော် ရက်ကွန်းကောင်လေးအား ထိခိုက်စေနိုင်ခြင်းမရှိပေ။ များပြားလှသည့် အောက်လမ်းစွမ်းအင်များကပင် သူ့အား ထိခိုက်အောင်လုပ်နိုင်ခြင်းမရှိတော့ပေ။
သူ၏တင်ပါးကို အရိုက်ခံလိုက်ရသဖြင့် အကောင်လေးသည် ကျေနပ်ခြင်းမရှိပေ။ ဟေဇယ်-ဘန်ခ့်အား ထက်မံ၍ အစွယ်ဖြဲပြကာ သူ၏လက်များကို ၀ှေ့ရမ်းပြနေတော့၏။
"ကျွန်တော်ထင်တာမမှားတဲ့ပုံပဲ...ဒါက ရှားပါးတဲ့စွမ်းအင်တစ်မျိုးပဲ..." ဟေဇယ်-ဘန်ခ့်သည် ရက်ကွန်းကောင်လေးအား အဓိပ္ပါယ်ပါသည့်အကြည့်တစ်ခုဖြင့် ကြည့်လိုက်သည်။ အကောင်လေးပင် ကြောက်လန့်သွားသဖြင့် သူ၏ ကိုယ်ပိုင်နေရာများကို လက်ဖြင့် အုပ်ကာ ဖှေး၏အနောက်သို့ ၀င်ပုန်းသွားတော့၏။
"အမ် ကျွန်တော်တို့သာ နေအဆင့်စွမ်းအင်ရင်းမြစ်တွေကို စုဆောင်းနိုင်မယ်ဆိုရင် မှော်စွမ်းအင်အားလုံးကို ခံနိုင်ရ့ည်ရှိတဲ့ မကောင်းဆိုး၀ါးလေးတစ်ကောင်ကို ဖန်တီးနိုင်လိမ့်မယ်ထင်တယ်။ ဒီကောင်လေးက အားနည်းတယ်ဆိုပေမယ့် အနာဂတ်မှာ စွမ်းအင်အားလုံးကို ခံနိုင်စွမ်းရှိလာနိုင်တဲ့ စွမ်းရည်တစ်ခုတည်းကတင် အတော်လေး ကောင်းနေတယ်။ အနာဂတ်မှာ အခြေအနေတစ်ချို့အတွက် အတော်လေးအသုံး၀င်လာနိုင်လိမ့်မယ်..." ဟေဇယ်-ဘန့်ခ်ပြောလိုက်၏။
ဖှေးလည်း ထိုကဲ့သို့ တွေးလိုက်မိသည်။
ရက်ကွန်းကောင်လေး၏ ထူးခြားသည့်စွမ်းအင်အား အတည်ပြုပြီးသည့်နောက်တွင် ဖှေးသည် ဟေဇယ်-ဘန့်ခ်အား သူတွေးနေခဲ့သည့်အရာတစ်ခုကို ပြောရန်အတွက် ပြင်လိုက်သည်။
သို့သော် ဤအခိုက်တန့်တွင် ဤကမ္ဘာတစ်ခုလုံးတွင် စတင်၍ တုန်ခါလာတော့၏။ ကြီးမားသည့် စွမ်းအင်တစ်ခုသည် သေမင်း လျှောက်လမ်းအား ဖျက်ဆီးရန်အတွက် ကြိုးစားနေပြီး ဟေဇယ်-ဘန့်ခ်၏ နေမူမမှန်ခြင်းသည်လည်း ဆက်လက်ထိန်းထားနိုင်ခြင်းမရှိတော့ပေ။ စတင်ကာ ပြိုလဲလာတော့မည်ဖြစ်သည်။
"ဘာတွေဖြစ်ကုန်တာလဲ..." ဖှေးမျက်မှောင်ကြုံ့ကာမေးလိုက်သည်။ "တစ်ယောက်ယောက်ကများ သေမင်းလျှောက်လမ်းကို တိုက်ခိုက်နေတာလား..."
"အဲ့လိုဟုတ်တဲ့ပုံမပေါ်ဘူး..." အောက်လမ်းဆရာသည် ကောင်းကင်ပေါ်တွင်ရှိနေသည့် အက်ကွဲကြောင်းများကို ကြည့်ကာ ပြောလိုက်သည်။ နေမူမမှန်ခြင်း၏ အပြင်တွင်ရှိနေသည့် အရာများကိုအာရုံခံလိုက်မိပြီးသည့်နောက်တွင် သေမင်းလျှောက်လမ်းအား ဆက်လက်ထိန်းထားရန်အတွက် ကြိုးစားနေခြင်းကို ရပ်တန့်လိုက်သည်။ "ကြည့်ရတဲ့ ပုံအရ အချိန်ပြည့်သွားပြီထင်တယ်..."
မကြာမှီတွင် ဤကမ္ဘာကြီးတစ်ခုလုံး စတင်ကာ ပြိုလဲလာပြီး မီးခိုးရောင်မြူခိုးများအဖြစ် ပြန်လည်ကာ ပြောင်းလဲသွားတော့၏။ သေမင်းလျှောက်လမ်းသည် ဖှေး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားတော့၏။
အစိမ်းရောင်မြက်ပင်များနှင့် အပြာရောင်ကောင်းကင်ကြီးပြန်လည်ကာ ထွက်ပေါ်လာသည်။ ဟေဇယ်-ဘန်ခ့်၏ နေမူမမှန်ခြင်းထဲတွင်ရှိနေသည့် မှောင်မိုက်အေးစက်သည့် အရှိန်၀ါများသည်လည်း ပျောက်ကွယ်သွားကာ လေထုသည် လန်းဆန်းအေးမြနေ၏။
ပတ်၀န်းကျင်တွင် ဖှေးနှင့် ဒိုမိန်းတို့၏ တိုက်ပွဲအမှတ်သားများရှိနေဆဲပင်။
မြက်ပင်များပေါ်တွင် ဓားရာများရှိနေပြီး မြက်ပင်များမှ ထွက်လာသည့် အစိမ်းရောင်အရည်များသည် မြေကြီး၏ သွေးစက်များလိုပင်။ ဥက္ကာခဲများကြောင့် ဖြစ်ပေါ်လာခဲ့သည့် ကျင်းနက်ကြီးများထဲတွင်လည်း မီးများတောက်လောင်နေဆဲပင်ဖြစ်ပြီး တောင်တန်းများသည် ကျိုးပဲ့အက်ကွဲနေကြ၏။ ဤအရာများအားလုံးသည် တိုက်ပွဲမည်မျှ ပြင်းထန်ခဲ့ကြောင်းကို ဖော်ပြနေသည်။