အခန်း (၆၅၉)
Vol. 42 Ch. 659
ဖှေးနှင့် ဟေဇယ်-ဘန့်ခ်တို့ လယ်ဗယ်၃၆ဒေသသို့ ပြန်ရောက်ပြီးသည့်အချိန်တွင် ဤကမ္ဘာငယ်ထဲတွင် ဖိအားများစွာဖြစ်ပေါ်နေကြောင်းကို ခံစားလိုက်မိ၏။ ရှင်းလင်းတည်ငြိမ်နေသည့် လောကနိယာများသည် စတင်ကာ ကစဥ့်ကလျားဖြစ်လာကြပြီး နေရာတစ်ခုလုံးသည် အစာအိမ်တစ်ခုကဲ့သို့ပင်ဖြစ်လာပြီး မကြိုဆိုသည့်လူများအားလုံးကို တွန်းထုတ်နေ၏။
ဟေဇယ်-ဘန့်ခ်သည် အလွန်စွမ်းအားမြင့်မားသည့် နေအဆ့်သခင်တစ်ယောက်ဖြစ်သော်လည်း သူသည် ဤသဘာ၀ဖိအားဒဏ်ကို ခံနိုင်ခြင်းမရှိပေ။
သို့သော် ဖှေးသည် အေးဆေးဖြစ်နေ၏။ ကစဥ့်ကလျားခြင်းပုလ္လင်သည် ဤဖိအားအား တိုက်ခိုက်နိုင်သည့်အတွက်ပင်။ ဟေဇယ်-ဘန့်ခ်ပင်မခံနိုင်သည့် ဖိအားသည် ဖှေးအား တွန်းထုတ်ရန်အတွက် ကြိုးစားလိုက်သည့်အချိန်တိုင်းတွင် ပုလ္လင်သည် ငွေရောင်စွမ်းအင်တစ်ခုကိုထုတ်လွှတ်လိုက်ပြီး ဖိအားအား လေးမီတာခန့်အကွာ၀ေး ဖှေးကို မထိခင်မှာပင် ခြေဖျက်လိုက်သည်။
"အချိန်ပြည့်ပြီ ဒီကမ္ဘာငယ်က ကျွန်တော်တို့ကို မကြိုဆိုတော့ဘူး။ ကျွန်တော်တို့ ပြန်လာချင်တယ်ဆိုရင် နောက်ထပ်နှစ်နှစ်ဆယ်ထပ်စောင့်မှရလိမ့်မယ်..." ဟေဇယ်-ဘန်ခ့်ပြောနေရင်းဖြင့် ကောင်းကင်ပေါ်တွင် ငွေရောင်ပေါ်တယ်တစ်ခုပေါ်လာပြီး ဖိအားသည် သူ့အား ထိုပေါ်တယ်ထံသို့ တွန်းပို့နေလျှက်ရှိသည်။
ငွေရောင်အလင်းတန်းတစ်ခုတောက်ပသွားသည့်အချိန်တွင် သူသည် ဤကမ္ဘာအတွင်းမှ ပျောက်ကွယ်သွားတော့၏။
ဖှေးသည်လည်း နေခဲ့ခြင်းမရှိပေ။ ကစဥ့်ကလျားခြင်းပုလ္လင်ဖြင့် ဟေဇယ်-ဘန့်ခ်၀င်ရောက်သွားသည့် ပေါ််တယ်အတွင်းသို့ လိုက်၀င်လိုက်သည်။
တစ်ချိန်တည်းမှာပင် တစ်ခြားပေါ်တယ်များသည်လည်း ကမ္ဘာငယ်ထဲတွင်ပေါ်လာပြီး အထဲတွင်ရှိနေသည့် တစ်ခြားသိုင်းဆရာများသည်လည်း ထိုပေါ်တယ်များအတွင်းသို့ တွန်းပို့ခြင်းခံလိုက်ရတော့၏။ သူတို့၏ရည်မှန်းချက်ပြည့်သွားသည့်လူများသည် အပြင်သို့ ပြန်ရန်အတွက် စိတ်အားထက်သန်နေကြပြီး မပြည့်သေးသည့်လူများသည် ပြန်လိုခြင်းမရှိကြသေးပေ။ သို့သော်လည်း ဘာမှမတတ်နိုင်ကြပေ။ မည်သူမှ နေခဲ့နိုင်ခြင်းမရှိပေ။
"ဟားဟား နောက်ဆုံးမှာတော့ ငါအဆင့်တက်သွားပြီကွ။ လသစ်ထိပ်တန်းအဆင့်မှာ နှစ်ငါးဆယ်လောက် တစ်နေခဲ့တာ။ အခုအချိန်မှာတော့ ငါက လခြမ်းအဆင့်ကို ရောက်သွားပြီးတော့ နောက်ထပ်နှစ်ပေါင်းတစ်ရာလောက် ဆက်နေလို့ရပြီကွ။ ဟားဟား ငါစုဆောင်းထားတာတွေနဲ့ဆို ကျင့်ကြံခြင်းလမ်းစဥ်က ချောမွေ့နေတော့မှာပဲ..." တစ်ယောက်ယောက်မှ ၀မ်းသာအားရဖြင့် အော်ဟစ်လိုက်သည်။
"သေစမ်း ခနလေးပါပဲ။ သေစမ်း ငါမပြန်ချင်သေးဘူး...အား..." တစ်စုံတစ်ယောက်မှ ဒေါသဖြင့်အော်ဟစ်လိုက်သည်။
"အား ငါတော့ ဒီလိုစွမ်းအားအဆင့်ကို ခံစားဖူးသွားပြီ။ ဒီ ဒဏာရီလာနန်းတော်ကို လာခဲ့တဲ့ခရီးက အတော်လေးတန်သွားတာပဲ...."
"မြွေမြက်ပင်၊ ပင့်ကူသင်္ကေတအမှုန့်၊ နှင်းသံမဏိ၊ ရွှေမျက်ရည်စက်...ဟားဟား ငါအခုတော့ ချမ်းသာသွားပြီကွ။ ငါက သဘာ၀သယံဇာတတွေအများကြီးကို စုဆောင်းလိုက်မိတာပဲ။ ဒါတွေနဲ့ဆို ငါတို့ ဂျစ်ဆိုမိသားစုက နောက်ထပ်နှစ်ပေါင်း၁၀၀၀လောက် ချမ်းသာနေတော့မှာ။ ဒီအခွင့်ရေးအတွက် ငါချမ်းဘော့ဒ်ဘုရင်ကို ကျေးဇူးတင်မှရမယ်။ ငါတို့ ဂျက်ဆိုမိသားစုက ဒီကျေးဇူးကို တစ်သက်လုံးမေ့မှာမဟုတ်ဘူး..."
"ဖာရင်တန်အချိန်ပြည့်ပြီ မင်းလအဆင့်ကို တက်နိုင်သွားပြီပဲ။ တော်တယ်..."
"ငါတို့ အခုထွက်မှရတော့မှာ ငါဒီမှာဆက်ပြီးတော့ နေချင်လိုက်တာ။ တကယ်လို့ ငါသာဒီနေရာမှာ နောက်ထပ်ဆယ်နှစ်လောက်ကျင့်ကြံခွင့်ရမယ်ဆိုရင် တိုက်ပေါ်မှာ စွမ်းအားအမြင့်မားဆုံးသိုင်းဆရာတစ်ယောက်တောင်ဖြစ်လာနိုင်တယ်...အတော်ဆိုးတာပဲ..."
မတူညီသည့်အတွေးများနှင့် လူများသည် ပေါ်တယ်များစီသို့ တွန်းပို့ခြင်းခံလိုက်ရပြီး ဤကမ္ဘာထဲမှ ပျောက်ကွယ်ကုန်တော့၏။
နောက်ဆုံးကျန်နေသည့်လူအား ကန်ထုတ်ပြီးလိုက်သည့်အချိန်တွင် ဤကမ္ဘာငယ်လေးသည် ပြန်လည်တည်ငြိမ်ကာ ငြိမ်းချမ်းသွားတော့၏။
လာမည့် နှစ်နှစ်ဆယ်တွင်ရောက်ရှိလာမည့် ကံကောင်းသောသိုင်းဆရာများကို စောင့်ဆိုင်းနေတော့သည်။
"ဒှီ..ဒှီ..ဒှီ.."
ပေါ်တယ်အား ဖြတ်ကျော်လာခဲ့ပြီးသည့်နောက်တွင် ဖှေး၏အမြင်အာရုံများလင်းလက်သွားပြီး သူသည် လယ်ဗယ်၃၆ဒေသထဲတွင်ရှိသည့် နတ်စင်ပေါ်သို့ ရောက်ရှိနေ၏။
ဖှေးသည် ကစဥ့်ကလျားခြင်းပုလ္လင်၏ ကိုယ်ယောက်ဖျောက်စွမ်းအားကို အပြင်သို့ရောက်လျှင်ရောက်ခြင်းပင် ထုတ်သုံးလိုက်သည့်အတွက်ကြောင့် မည်သူမှ သူ့အား သတိထားလိုက်မိခြင်းမရှိပေ။
ဤအခိုက်တန့်တွင် လူအနည်းငယ်သည် နတ်စင်ပေါ်တွင်ရှိနေ၏။
အင်ပါယာအရှင်သခင်ယရှင်းနှင့် သူ၏သက်တော်စောင့်များ၊ ဂျက်အင်ပါယာ၏ တော်၀င်သိုင်းဆရာနှင့် အဖွဲ့၊ မင်းသားဂါရာနိုနှင့် အစေခံကောင်မလေးများ...သူတို့အားလုံးသည် လယ်ဗယ်၃၆ဒေသသို့ ၀င်ရောက်ခွင့်ရခဲ့ကြသည့် ကံကောင်းသည့်လူများပင်။
သို့သော် သူတို့၏ အမူယာများသည် စိုးရိမ်နေသည့် ပုံပင်။
"ဘာတွေဖြစ်နေတာလဲ..." ဖှေးသည် နတ်စင်အောက်သို့ ငုံ့ကြည့်လိုက်ကာ အနည်းငယ်အံ့သြသွားမိသည်။
လူတစ်ရာကျော်သည် နတ်စင်အား ၀ိုင်းထားပြီး သူတို့၏ အတွင်းအားစွမ်းအင်များ မှော်စွမ်းအင်များကို ထုတ်ထားကြသည်။ သူတို့သည် နတ်စင်ပေါ်တွင်ရှိနေသည့် လူများကို တိတ်ဆိတ်စွာစိုက်ကြည့်နေကြပြီး သူတို့၏မျက်လုံးများထဲတွင် လောဘများ၊ မနာလိုမှုများနှင့် သတ်ဖြတ်လိုသည့်ရည်ရွယ်ချက်များသည် အတိုင်းသားထွက်ပေါ်နေ၏။
ဤလူများသည် လယ်ဗယ်၃၆ဒေသသို့ ၀င်ရောက်နိုင်ခြင်းမရှိခဲ့သည့်လူများပင်။
တစ်ချို့မှာ သန်မာခြင်းမရှိသည့်အတွက်ကြောင့် ဓာတ်ဂိတ်တံခါးအား မရခဲ့သူများဖြစ်ပြီး တစ်ချို့မှာ စွမ်းအားမြင့်မားသော်လည်း ရောက်လာသည့်အချိန်နောက်ကျသွားခဲ့သည့်အတွက်ပင်။
သူတို့အားလုံးသည် နတ်စင်အား ၀ိုင်းထားကြ၏။
ဖှေးဖြစ်တော့မည့်အရာကို သိလိုက်မိသည့်အတွက်ကြောင့် မျက်မှောင်ကြုံ့လိုက်မိသည်။
လူသတ်မှုများ၊ လုယက်မှုများပင်။
ဗဟိုချက်ဒေသတွင် ရတနာများစွာရှိနေ၏။ မျက်စိမှိတ်၍ လက်ကို ဆန့်တန်းလိုက်စေကာမူ ရတနာများ၊ ရှားပါးသည့် ဆေးပင်များစွာလက်ထဲတွင် ပါလာမည်ဖြစ်သည်။ ဗဟိုချက်ဒေသထဲသို့ ရက်ပေါင်းများစွာရောက်ရှိခဲ့သည့်လူများတွင် ရတနာများစွာရှိနေမည်မှာ အသေချာပင်။
နတ်စင်ပတ်ပတ်လည်တွင်ရှိနေသည့်လူများသည် လယ်ဗယ်၃၆ဒေသသို့ ၀င်ရောက်ရန်ကံကောင်းခဲ့ခြင်းမရှိသော်လည်း သူတို့သည် ၀င်ရောက်နိုင်ခဲ့သည့်လူများကို သတ်ဖြတ်လုယက်နိုင်၏။
ဤနိုင်ရာစားလောကထဲတွင် စွမ်းအားအမြင့်မားဆုံးလူကသာလျှင် ရတနာပစ္စည်းများကို သုံးဆောင်ခွင့်ရှိ၏။
ခွန်အားသည် လေးစားမှုရရှိရန်အတွက်တစ်ခုတည်းသောနည်းလမ်းပင်။
"၀ှစ် ၀ှစ် ၀ှစ်..."
မကြာမှီတွင် ဗဟိုချက်ဒေသထဲသို့ ၀င်ရောက်ခွင့်ရခဲ့ကြသည်လူများအားလုံးသည် နတ်စင်ပေါ်သို့ ရောက်ရှိလာကြတော့သည်။
လေထုသည် တင်းမာသည်ထက်တင်းမာလာတော့သည်။
နတ်စင်အား၀ိုင်ထားသည့် သိုင်းဆရာများသည် နတ်စင်ပေါ်တွင်ရှိနေသည်လူများအား လောဘများဖြင့်ကြည့်နေကြ၏။ သူတို့သည် သားကောင်များကို မစားခင်ကြည့်နေသည့် သားရိုင်းတိရစ္ဆာန်များလိုပင်။ နတ်စင်ပေါ်တွင် ပို၍အားနည်းသည့် သိုင်းဆရာတစ်ချို့ကို တွေ့လိုက်ရသည့်အချိန်တွင် သူတို့၏အကြည့်များသည် ပို၍ပင် စူးရှလာတော့၏။
ဖှေးသည် ကိုယ်ယောက်ဖျောက်ထားသည့်အတွက်ကြောင့် မည်သူမှ သူ့အား သတိထားမိခြင်းမရှိပေ။
အစပိုင်းတွင် ကစဥ့်ကလျားခြင်းပုလ္လင်သည် အင်ပါယာအရှင်သခင်ယရှင်းကဲ့သို့သောစွမ်းအားမြင့်မားသည့်လူများ၏ အာရုံခံနိုင်ခြင်းမှ ကာကွယ်မပေးနိုင်မည်ကို ဖှေးစိုးရိမ်နေခဲ့သည်။ ထို့ကြောင့် သူအလွန်သတိထားနေခဲ့သည် ရက်ကွန်းကောင်လေးပင် သူ၏ပါးစပ်ကို အသံမထွက်စေရန်အတွက် လက်များဖြင့် အုပ်ထား၏။
ဖှေး ဂရုတစိုက်ဖြင့် စမ်းသပ်ကြည့်ပြီးသည့်အချိန်တွင် ကစဥ့်ကလျားပုလ္လင်၏ ကိုယ်ယောက်ဖျောက်နိုင်ခြင်းစွမ်းရည်သည် သူစိတ်ကူးထားသည်ထက်များစွာပင် ကျော်လွန်နေကြောင်းသိလာရ၏။ သူမည်မျှပင် အော်ဟစ်သီချင်းများဆိုနေစေကာမူ မည်သည့်သိုင်းဆရာမှ သူ့အား အာရုံခံနိုင်ခြင်းမရှိပေ။
ထို့ကြောင့် ဖှေးသည် စိတ်ချလက်ချဖြင့် ပတ်၀န်းကျင်အား လှည့်ပတ်ကြည့်ရှုကာ အကဲခတ်လိုက်သည်။
သူသည် အင်ပါယာအရှင်သခင်ယရှင်းအား ခန့်မှန်းနိုင်ခြင်းမရှိသေးပေ။
အဆုံးမဲ့သည့် တွင်းနက်ကြီးတစ်ခုလိုပင် ဤအင်ပါယာအရှင်သခင်မည်မျှစွမ်းအားကြီးမားကြောင်းကို မည်သူမှ ပြောနိုင်ခြင်းမရှိပေ။ သူသည် တစ်ခြားအဆင့်တစ်ခုတွင်ရောက်ရှိနေ၏။ သို့သော် သူ၏ ကိုယ်ရံတော်နှစ်ယောက်မှာမူ အဆင့်တက်သွားခဲ့သည်။ ယခုအချိန်တွင် သူတို့နှစ်ယောက်လုံးသည် လယ်ဗယ်၉အလယ်လတ်အဆင့်လခြမ်းသိုင်းဆရာများဖြစ်နေပြီဖြစ်သည်။
ဖှေးအား ရင်းရင်းနှီးနှီးဆက်ဆံသည့် ဂျက်အင်ပါယာ၏ တော်၀င်သိုင်းဆရာသည်လည်းစွမ်းအားမြင့်တက်သွားခဲ့သည်။ ဤလူသည် အဆင့်မြင့်လပြည့်အဆင့်တွင်ရှိနေလိမ့်မည်ဟု ခန့်မှန်းလိုက်မိသည်။ သူ၏ဘေးတွင် စကားနည်းသည့် ကိုယ်ရံတော်သည်လည်း ယခုအချိန်တွင် လခြမ်းအလယ်လတ်အဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။
ရောက်လာခါစက ကြယ်ရှစ်လုံးအဆင့်စစ်သည်တစ်ယောက်သာဖြစ်သည့် မင်းသားဖာရင်တန်သည် ယခုအချိန်တွင် လယ်ဗယ်၃အဆင့်နိမ့်လသစ်စစ်သည်တစ်ယောက်ဖြစ်သွားပြီဖြစ်သည်။ ကြီးမားစွာ ခုန်တက်သွားခြင်းပင်။ သူ၏ဘေးတွင်ရပ်နေသည့် မိုဒေါ့တ်၏ စွမ်းအားများသည်လည်း မြင့်တက်လာခဲ့ပြီး ယခုအချိန်တွင် လယ်ဗယ်၇အလယ်လတ်လသစ်သို့ ရောက်ရှိသွားပြီဖြစ်သည်။ နတ်စင်၏ အစွန်းတွင် ဂါရာနိုနှင့် သူ၏ အစေခံကောင်မလေးလေးယောက်တို့ ရပ်နေကြ၏။
ဂါရာနိုသည် လယ်ဗယ်၇အလယ်လတ်လသစ်မှ လယ်ဗယ်၅အဆင့်နိမ့်လခြမ်းသို့ ခုန်တက်သွားခဲ့ပြီး သူ၏ အစေခံကောင်မလေးများသည်လည်း ယခုအချိန်တွင် လသစ်အအဆင့်သို့ ပင်ရောက်ရှိနေပြီဖြစ်သည်။ သူတို့ငါးယောက်သည် အမြန်ဆုံးအဆင့်တက်နိုင်သူများဖြစ်ကြပြီး အတော်လေးအံ့သြဖွယ်ပင်။
ဂါရာနိုတွင်လည်း လျို့၀ှက်ချက်များရှိနေလိမ့်မည်ဟု ဖှေးသုံးသပ်လိုက်မိသည်။
လယ်ဗယ်၃၆ဒေသအတွင်းသို့ ဖှေးခေါ်သွားခဲ့သည့်အဖိုးကြီးများသည်လည်း အကျိုးမြတ်များရရှိကာ အဆင့်တက်သွားခဲ့ကြသည်။ သို့သော် သူတို့အဆင့်တက်သွားသည့် နှုန်းများသည် ဂါရာနိုကဲ့သို့သောလူများလောက်မြန်ဆန်ခြင်းမရှိပေ။
ထိုအဖိုးကြီးများသည် နတ်စင်ပေါ်တွင် အားအနည်းဆုံးဖြစ်နေသဖြင့် နတ်စင်အောက်တွင်ရှိနေသည့် သိုင်းဆရာများ၏ အဓိကပစ်မှတ်များဖြစ်နေတော့သည်။
"သတ်ပစ်ကွာ သူတို့ကို သတ်ပစ်ကြ စလိုက်ကြစို့...သူတို့မှာ ရတနာတွေအများကြီးပါလာလိမ့်မယ်....တန်ဖိုးကြီးဆေးပင်နံ့တွေကိုတောင် ရနေသလိုပဲဟားဟား...ငါတို့က လူအင်အားပိုများတယ်ကွ ဘာမှ ကြောက်မနေကြနဲ့..."
နတ်စင်အောက်တွင်ရှိနေသည့်လူများထဲမှ တစ်ယောက်သည် အော်ဟစ်လိုက်၏။ ထိုအော်ဟစ်လိုက်သည် မီးလောင်ပေါက်ကွဲခြင်းအား စတင်ပေးလိုက်သည့် မီးစတစ်ခုကဲ့သို့ပင်။