အခန်း (၆၆၄)
Vol. 42 Ch. 664
ညအမှောင်သည် ကောင်းကင်အား လျှင်မြန်စွာပင် လွှမ်းခြုံသွားတော့၏။
နွေဦးရာသီဖြစ်သော်လည်း ညအခါတွင် ချမ်းအေးနေဆဲပင်။
သို့သော် သဲကန္ဒာရထဲမှ အအေးဓာတ်နှင့် နှိုင်းယှဥ်ကြည့်ပါက များစွာပို၍ တော်သေးသည်ဟူ၍ ဆိုနိုင်၏။
ရေကန်ပေါ်တွင် ရေခဲစများစီးဆင်းနေပြီး ရေကန်မျက်နှာပြင်သည် ဘေးပတ်ပတ်လည်တွင် ထွန်းထားသည့် မီးပုံများမှ အလင်းရောင်ကို ရောင်ပြန်ဟပ်နေလျှက်ရှိသည်။
သိပ်မ၀ေးသည့်နေရာတွင် ဘလတ်ကီနှင့် နဂါးသုံးကောင်တို့မှာ ရေကန်ထဲတွင် ဆင်းဆော့နေကြ၏။ သူတို့သည် ပျော်ရသည်အား မ၀သေးသည့်ပုံပင်။
"နင်ပင်ပန်းနေလောက်ရောပေါ့ ဂျက်စီကာ။ အရှင်မင်းကြီးက နင့်အတွက် အစားသောက်တွေယူလာပေးခိုင်းလိုက်တယ်..." မီးတောက်များတောက်ပနေရင်းဖြင့် အသားညိုညိုနှင့် ခပ်တောင့်တောင့်လူတစ်ယောက်သည် သူ၏လက်ထဲတွင် အစားသောက်များကို ကိုင်ကာ ရေကန်ဘေးတွင်ရှိသည့် အစိမ်းရောင်ကျောက်တုံးတစ်ခုနားသို့ လမ်းလျှောက်သွားလိုက်သည်။ ငယ်ရွယ်သည့် ကောင်မလေးတစ်ယောက်သည် ကျောက်တုံးပေါ်တွင်ထိုင်နေကာ တွေ၀ေနေသည့်ပုံပင်။
"ရပါတယ် အီမိုင်း။ ငါပင်ပန်းနေတာမဟုတ်ပါဘူး။ အရှင်မင်းကြီးကို င့ါအတွက် ကျေးဇူးတင်စကားပြောလိုက်ပါ..." သူမသည် အလွန်စျေးကြီးသည့် ကုတ်အင်္ကျီတစ်ထည်ကို ၀တ်ဆင်ထားသည်။ အဖြူရောင်ကုတ်အင်္ကျီနှင့် သူမ၏ လှပသည့် မျက်နှာတို့မှာ လိုက်ဖက်လွန်းလှသည်။ ရေပြင်အား သူမ၏ တလင်းကျောက်ကဲ့သို့သော မျက်လုံးများဖြင့် ငေးကြည့်နေရင်းဖြင့် သူမ၏ အမူယာသည်အနည်းငယ်၀မ်းနည်းဖွယ်ပင်။
သူမသည် အလံနှစ်စုံမြို့တော်ထဲတွင်ရှိသော ဆိုရိုကုန်သွယ်ရေးအဖွဲ့၏ တစ်ဦးတည်းသောအမျိုးသမီး မန်နေဂျာ ဂျက်စီကာပင်။
ကုန်သွယ်ရေးအဖွဲ့ထဲတွင် အရှိန်၀ါကြီးမားသည့်လူများထဲမှ တစ်ယောက်ဖြစ်လာခဲ့ပြီးသည့်နောက်တွင် ဤဆင်းရဲသည့် ပတ်၀န်းကျင်တွင် ကြီးပြင်းလာခဲ့ရသည့်ကောင်မလေးသည် အရုပ်ဆိုးသော ဘဲတစ်ကောင်အဖြစ်မှ ငွေငန်းတစ်ကောင်အဖြစ်သို့ပြောင်းလဲသွားခဲ့၏။ ပြောင်နေအောင်ပွတ်တိုက်ထားသည့် စိန်တစ်ပွင့်လိုပင် သူမ၏ ထက်မြတ်မှုမှာ မျက်စိကျလောက်ဖွယ်ပင်။ သူမသည် လှပသည်၊ ထက်မြတ်သည်၊ စွမ်းဆောင်နိုင်သည်။ ထို့အတွက်ကြောင့် သူမသည် အလံနှစ်စုံမြို့တော်အတွင်းတွင် ပေါ်ပျူလာအဖြစ်ဆုံးကောင်မလေးတစ်ယောက်ပင်။
တစ်ချို့ ခရီးသွားကဗျာဆရာများတင်စားကြသည့်မှာ အလံနှစ်စုံမြို့တော်ထဲတွင် ယောက်ျား၆၀၀၀၀ခန့်ရှိသည့်အနက် နို့စို့ကာစကလေးများမှ လွဲ၍ အနည်းငယ် ယောက်ျားလေးသောင်းခန့်၏ အိမ်မက်ထဲမှ ချစ်သူမှာ ဂျက်စီကာဖြစ်သည်ဆိုသည်ကိုပင်။
လွန်ခဲ့သည့်ကာလတစ်လျှောက်တွင် ဆွေကြီးမျိုးကြီးလူငယ်များနှင့် အောက်မြင်သည့် စစ်သည်တော်များသည် ဂျက်စီကာအား မျက်စိကျသည့်အတွက်ကြောင့် သူမအား ချစ်ရေးဆိုချင်ကြသည့်လူများသည် ဘုံဆိုင်ရှေ့တွင်ပင် ပြည့်နှက်သွားခဲ့ဖူးသည်။ ပို၍ အရှိန်၀ါကြီးမားသည့်လူများပင် မန်နေဂျာအေဘရာအား လစ်လျူရှုကာ ဂျက်စီကာအား အာဏာဇြင့်အပိုင်သိမ်းရန်ကြိုးစားခဲ့ဖူးသည်။
သို့သော် ထိုကဲ့သို့ကြိုးစားခဲ့သော်လည်း ဂျက်စီကာ၏ အကိုသည် ချမ်းဘော့ဒ်ဘုရင်၏ သက်တော်စောင့်တစ်ယောက်ဖြစ်ပြီး ဂျက်စီကာကိုလည်း ချမ်းဘော့ဒ်ဘုရင်မှ ဂရုစိုက်သည့်သတင်းထွက်လာသည့်အတွက်ကြောင့် လက်လျှော့လိုက်ကြရ၏။
ချက်ခြင်းလိုလိုပင် လူတိုင်းသည် သူတို့၏ အပြုမူများကိုရပ်လိုက်ကြရပြီး သူတို့၏ ဆန္ဒများကို ထိန်းချုပ်လိုက်ကြရသည်။ မည်သူမှ အမိန့်မနာခံသည့် ဆွေကြီးမျိုးကြီး၇ယောက်ကိုပင် သတ်ဖြတ်ခဲ့ဖူးသည့် ဘုရင်ငယ်အား ရန်စရဲခြင်းမရှိကြပေ။
တကယ်တန်းဆိုရပါက အလံနှစ်စုံမြို့တော်ထဲတွင်ရှိသည့် အရှိန်၀ါကြီးမားသောလူတော်တော်များများသည် ဂျက်စီကာအား ချမ်းဘော့ဒ်ဘုရင်၏ ကောင်မလေးဟူ၍ပင် မြင်နေကြ၏။
ဤအသားညိုညိုနှင့် ဗလတောင့််တောင်လူသည် ဖှေးခေါ်ယူထားခဲ့သည့် အီမိုင်းလ်ဖြစ်၏။
ချမ်းဘော့ဒ်တပ်ဖွဲ့အလံနှစ်စုံမြို့တော်မှ ပြန်လာသည့်အချိန်တွင် ဖှေးသည် ရိုးသားကြိုးစားသည့် အီမိုင်းလ်အား သူနှင့်အတူခေါ်လာခဲ့သည်။ သူ၏ ညီမဖြစ်သူ ဂျက်စီကာသည်လည်း မန်နေဂျာ အေဘရာ၏ အမိန့်အရ ချမ်းဘော့ဒ်တိုင်းပြည်ထဲတွင် ဆိုရိုကုန်သွယ်ရေးအဖွဲ့ ဌာနခွဲတစ်ခုတည်ဆောက်ရန်အတွက် ဖှေးတို့နှင့် အတူလိုက်ပါလာခဲ့သည်။
မန်နေဂျာအေဘရာထံတွင်လည်း ကိုယ်ပိုင်အစီစဥ်များရှိနေ၏။ ချမ်းဘော့ဒ်ဘုရင်နှင့် ခင်မင်ရင်းနှီးပြီးသားဖြစ်သည့် ဂျက်စီကာအား ချမ်းဘော့ဒ်တိုင်းပြည်အား ပို့လိုက်ခြင်းဖြင့် သူနှင့် ဖှေးတို့ကြားထဲတွင်ရှိသည့် ဆက်ဆံရေးအား ဆက်လက်ထိန်းထားနိုင်မည်ဖြစ်သည်။ ရေမြေခြားသည့်အတွက်ကြောင့် ၀ေးလှံလာရမည့်အစား သူသည် ချမ်းဘော့ဒ်တိုင်းပြည်၏ စီးပွားရေးအား ၀င်ရောက်ရင်းနှီးမြုပ်နှံကာကူညီပေးလိုက်ပြီး သူတို့၏ ဆက်ဆံရေးကို ပို၍ တင်းကြပ်ခိုင်မာစေလိုက်သည်။
ဤနည်းအားဖြင့် ဟူစကီနှင့် ဂျက်စီကာတို့သည်လည်း မောင်နှမများဖြစ်သည့်အတွက်ကြောင့် ခွဲခွာကာနေရတော့မည်မဟုတ်ပေ။
"အကို ဘာလို့တော်၀င်မိသားစုက အရှင်မင်းကြီးရဲ့ ၀ံပုလွေစွယ်တပ်ဖွဲ့စစ်ရေးခေါင်းဆောင်ရာထူးကို ရုတ်သိမ်းလိုက်တာလဲ။ အရှင်မင်းကြီးက စွမ်းဆောင်ပြနိုင်ခဲ့တာပဲမဟုတ်ဘူးလား။ သူတို့က အရှင်မင်းကြီးကို စစ်သည်အင်အား အများကြီးလည်း ထောက်ပံ့ပေးခဲ့တာမဟုတ်ဘူးလေ။ တကယ်လို့ အရှင်မင်းကြီးသာ ဂျက်အင်ပါယာက ကျူးကျော်သူတွေကို ခုခံမပေးခဲ့ဘူးဆိုရင် အလံနှစ်စုံမြို့တော် အသိမ်းပိုက်ခံလိုက်ရတော့မှာပေါ့။ အလံနှစ်စုံမြို့တော်ထဲမှာရှိတဲ့လူတိုင်းက အရှင်မင်းကြီးကို ကျေးဇူးတင်နေကြတာလေ။ တော်၀င်မိသားစုနဲ့ စစ်ရေးဌာနလုပ်လိုက်တဲ့အရာက အတော်လေးစိတ်ပျက်စရာပဲ...."
ဂျက်စီကာမှ မကျေမနပ်ဖြင့် ပြောလိုက်သည်။ သူမသည် ရေကန်အတွင်းသို့ ကျောက်တုံးလေးများ ပစ်လိုက်သည့်အတွက်ကြောင့် လှိုင်းဂဟက်လေးများထသွား၏။
ဟူစကီသည် သူ၏ခေါင်းကို ကုတ်ကာ ရယ်မောလိုက်သည်။
သူသည် ဖှေးနှင့် အချိန်အတန်ကြာအတူရှိနေခဲ့သော်လည်း သူသည် ဖှေး၏ လုံခြုံရေးမှလွဲ၍ ကျန်ရှိနေသည့်အရာများကို ဂရုစိုက်ခြင်းမရှိခဲ့ပေ။ ဖှေး၏ စကားအတိုင်းဆိုရပါက သူ၏ခေါင်းထဲတွင် ကြွက်သားများသာများနေပြီး ဦးနှောက်အနည်းငယ်သာရှိနေ၏။ သူသည် ရှုပ်ထွေးသည့် ကိစ္စများအကြောင်းကို တွေးရန်အတွက် ရိုးရှင်းလွန်းနေသည်။
"ငါကြားတာကတော့ မင်းသား အာရှဗင်နဲ့ အရှင်မင်းကြီးတို့က မတည့်ကြဘူးပြောတယ်။ အဲ့တာကြောင့် သူက စစ်ဘက်ဆိုင်ရာဌာနကို အရှင်မင်းကြီးကို ဖြုတ်ဖို့အမိန့်ပေးလိုက်တာဆိုပဲ...." ဟူစကီသည်လည်း သူကြားခဲ့ရသမျှကို ကြံဆကာပြောလိုက်သည်။
"အရှင့်သား အာရှဗင်လား။ တကယ်တန်းဆို မင်းသားအာရှဗင်လို့ ပါရမီရှင်တစ်ယောက် မစ်စတာ အလတ်ဇန္ဒားလိုလူမျိုးကို နှစ်သက်သင့်တယ်လေ မဟုတ်ဘူးလား။ သူတို့နှစ်ယောက်က ဇီးနစ်အင်ပါယာထဲမှာ ပါရမီအရှိဆုံးလူငယ်နှစ်ယောက်ပဲ။ အင်ပါယာအရှင်သခင်ယရှင်းကလည်း နေမကောင်းဘူးဆိုတော့ ဇီးနစ်က သူတို့နှစ်ယောက်ကို ရထားတာ ကံကောင်းတယ်ပြောရမှာပေါ့။ တကယ်လို့ အရှင့်သားအာရှဗင်သာ အင်ပါယာအရှင်သခင်တစ်ယောက်ဖြစ်လာပြီးရင် မစ်စတာ အလတ်ဇန္ဒားကလည်း အင်ပါယာရဲ့နံပါတ်၁စစ်သည်တော်တစ်ယောက်ဖြစ်လာပြီး တစ်ယောက်နဲ့တစ်ယောက် ကူညီသွားရမှာလေ..." ဂျက်စီကာသည် သူမ၏ အကိုကိုကြည့်ပါမေးလိုက်သည်။ "အကိုများ နားကြားလွဲသွားတာများလား..."
"မဟုတ်ဘူး မဟုတ်ဘူး..." ဟူစကီသည် သူ၏ခေါင်းကို လျှင်မြန်စွာပင် ခါရမ်းလိုက်သည်။ ဘေးပတ်၀န်းကျင်အား သေချာအောင်လှည့်ကြည့်လိုက်ပြီး မည်သူမှမရှိတော့သည် သေချာမှ သူသည် အနားသို့ ကပ်ကာ တိုးတိုးလေးပြောလိုက်သည်။ "လွန်ခဲ့တဲ့သုံးရက်လောက်က စစ်ဌာနကလွှတ်လိုက်တဲ့ သံတမန်တစ်ယောက်အလံနှစ်စုံမြို့တော်ထဲကို ရောက်လာခဲ့တယ်လေ။ ငါကလည်း အရှင်မင်းကြီးနဲ့ ရှိနေခဲ့တာဆိုတော့ အကုန်လုံးကို မြင်လိုက်ရတယ်။ အဲ့သောက်သံတမန်က အတော်လေးရိုင်းတယ်။ စစ်ဘက်ဆိုင်ရာဌာနက ဂျက်အင်ပါယာမှာရှိတဲ့တိုက်ပွဲနဲ့ပတ်သက်ပြီး စိတ်ကျေနပ်မှုမရှိဘူးတဲ့။ အဲ့တာကို လေသံမာမာနဲ့ ကြေငြာသွားတယ်။ အရှင်မင်းကြီးရဲ့ ရာထူးတွေကိုဖြုတ်ပြီးတော့ တစ်ခြားလူတွေကိုလည်း အင်ပါယာအရှင်သခင်ယရှင်းက အရှင်မင်းကြီးကို တန်ဖိုးမထားတော့ဘူးဆိုတဲ့အကြောင်းပြောသွားတယ်။ နောက်ပြီးတော့ အရှင်မင်းကြီးကို ထောက်ခံပေးတဲ့ ဒုတိယမင်းသားဒိုမင်ဂူကလည်း ပုလ္လင်လုပွဲမှာ ရှုံးနိမ့်သွားပြီလေ။ မင်သားအာရှဗင်ကလွဲပြီးတော့ ဆွေကြီးမျိုးကြီးမိသားစုတစ်ချို့နဲ့ စတုတ္ထမင်းသား ခရစ်စတယ်တို့က အရှင်မင်းကြီးကို ဒုက္ခပေးဖို့ကြံနေကြတယ်။ အရှင်မင်းကြီးသာ စွပ်စွဲခံလိုက်ရပြီဆိုရင် အကျိုးဆက်တွေကတော့ ဖြတ်ကျော်နိုင်ဖို့အတော်လေးပြင်းထန်လိမ့်မယ်..."
"ဘာ အဲ့လောက်တောင်လား..." ဂျက်စီကာ တုန်လှုပ်သွားသည်။ သူမသည် ထခုန်ခါ စိုးရိမ်စွာဖြင့် ပြောလိုက်၏။ "အရှင်မင်းကြီးရော ဒီအကြောင်းကို သိရဲ့လား ငါသူ့ကို ပြောမှဖြစ်မယ်..."
စကားမဆုံးသေးခင်မှာပင် သူမသည် ဘုရင်၏ တဲထံသို့ ပြေးသွားလိုက်သည်။
ဟူစကီအံ့သြသွား၏။ သူ့ညီမ၏လက်ကို လှမ်းဆွဲကာ ပြောလိုက်သည်။ "နေပါဦး ဂျက်စီကာ အရှင်မင်းကြီးက သိပြီးသားပါ။ နင်ပဲတွေးကြည့်လေ ငါတောင်သိနေတဲ့ကိစ္စကို အရှင်မင်းကြီးက မသိပဲနေပါ့မလား..."
ဂျက်စီကာတွေးကြည့်လိုက်ကာ သူမ၏ မျက်နှာနီရဲသွား၏။
သူမသည် ထက်မြတ်သည့် ကောင်မလေးတစ်ယောက်ပင်။ သူမသည် ကုန်သွယ်မှုလောကထဲသို့ ရောက်ရှိခဲ့သည်မှာ သိပ်မကြာသေးသော်လည်း သူမသည် အမြင်သည် များစွာပို၍ ကျယ်ပြန့်လာခဲ့ပြီဖြစ်သည်။ မန်နေဂျာ အေဘရာသည်လည်း သူမအားကောင်မွန်စွာသင်ကြားပေးခဲ့သည့်အတွက်ကြောင့် သူမသည် အရာအားလုံးကို အချိန်တိုအတွင်းတွင် ကောင်းမွန်စွာတွေးခေါ်ကြည့်နိုင်၏။
အကြောင်းပြချက်တစ်ချို့ကြောင့် ဖှေးအန္တရာယ်ရှိနေသည်ဟု ကြားလိုက်လျှင်ကြားလိုက်ခြင်းပင် သူမ၏ တွေးခေါ်နိုင်စွမ်းများပျောက်ဆုံးသွားသလိုပင်။ သူမ၏ နှလုံးခုန်နှုန်းများမြန်ဆန်လာပြီး အလွန်စိုးရိမ်လာမိ၏။ သူမသည် ဖှေးအား အမြန်ဆုံးသွားရောက်သတိပေးရန်ကိုသာ တွေးနေခဲ့မိသည်။
သူမ၏ ပူလောင်နေသော ပါးများကိုင်ကြည့်ရင်းဖြင့် သူမ၏ အကိုဖြစ်သူကိုချောင်းကြည့်လိုက်သည်။ သူမအကိုသည် မည်သည်ကိုမ သတိမထားလိုက်မိသည်ကို တွေ့လိုက်မှ သူမစိတ်အေးသွားတော့၏။ သူမမေးလိုက်သည်။ "အရှင်မင်းကြီးမှာရော ဒီကိစ္စကို ဖြေရှင်းဖို့နည်းလမ်းတွေရှိလား...တကယ်လို့များ..တကယ်လို့..."
ဟူစကီသည် အကျင့်အတိုင်းပင် သူ၏ခေါင်းကို ကုတ်ကာ ရယ်မောလိုက်သည်။ "အရှင်မင်းကြီးဘယ်လိုလုပ်မလဲဆိုတာကိုတော့ ငါမသိပါဘူး။ ဒါပေမယ့် အရှင်မင်းကြီးကတော့ သိပ်ပြီးမစိုးရိမ်တဲ့ပုံပဲ...ဆင်တစ်ကောင်က ပုရွတ်ဆိတ်တွေရန်စနေတာကို မစိုးရိမ်နေသလိုလေ။ အရှင်မင်းကြီးက သူတို့အတွက် သာလွန်းနေတယ်။ ဆင်တစ်ကောင်သာ အလိုရှိမယ်ဆိုရင် ပုရွတ်ဆိတ်တွေလောက်ကတော့ လွယ်လွယ်လေးနင်းသတ်လိုက်လို့ ရတယ်လေ။ ဟီးဟီး ငါတင်စားတာက မှန်မမှန်တော့မသိဘူး ငါကတော့ အဲ့လိုပဲထင်တယ်..."
ဂျက်စီကာသည် အကိုဖြစ်သူ၏ ရိုးရှင်းသောအမူယာကို မြင်ပြီးသည့်အချိန်တွင် ရယ်မောလိုက်သည်။
ဟူစကီသည် ချဲ့ကားပြောနေသလိုဖြစ်သော်လည်း သူမလုံခြုံသွားသလိုခံစားလိုက်ရ၏။
သူမသည် အစိုးရိမ်လွန်နေသလိုပင်။ "အရှင်မင်းကြီး အလတ်ဇန္ဒားက အတော်လေးအရည်ချင်းရှိတဲ့ လူတစ်ယောက်လေ။ သူ့ကို အကျင့်ပျက်ခြစားနေတဲ့ ဆွေကြီးမျိုးကြီးတစ်သိုက်က ဘယ်လိုဖြစ်ပြီးတော့ ဒုက္ခပေးနိုင်မှာမို့လဲ..." သူမတွေးလိုက်မိသည်။
သူမသည် ရေကန်အားငေးကြည့်နေရင်းဖြင့် အတွေးပင်လယ်ထဲတွင် ပြန်လည်ကာ နစ်မျောသွားပြန်တော့သည်။
သူမကိုယ်တိုင်ပင်မသိသည့်အကြောင်းတစ်ချို့ကြောင့် အနည်းငယ်၀မ်းနည်းသလိုခံစားနေရ၏။
"ဂျက်စီကာ အစာကို အရင်ကုန်အောင်စားလိုက်လေ နို့မို့ဆိုရင်အေးကုန်လိမ့်မယ်..." ဟူစကီသည် ညီမဖြစ်သူ၏ စိတ်ကို မသိသောကြောင့် ခြင်းထောင်းထဲမှ ပန်းကန်ပြားများကို ထုတ်ယူကာ ဂျက်စီကာ၏အရှေ့တွင် ချပေးလိုက်သည်။
......
......
စခန်းထဲတွင် မီးရောင်များသည် ကောင်းကင်ကိုပင်ထွန်းလင်းစေနေလျှက်ရှိသည်။
ချမ်းဘော့ဒ်တိုင်းပြည်မှစစ်သည်များသည် မီးပုံအား ၀ိုင်းထိုင်နေကြရင်းဖြင့် သူတို့၏ ရယ်မောသံများသည် နေရာတစ်၀ိုက်တွင် ပြန့်နှံ့နေလျှက်ရှိ၏။
၀တ်ရုံနက်ကျောင်းတော်၏ အရည်ချင်းအရှိဆုံးလူငယ်တစ်ယောက်ဖြစ်သည့် သူတော်စင်ဂျက်စီသည် ရေကန်နှင့်အနီးဆုံးမီးပုံတစ်ခု၏ဘေးတွင် ထိုင်နေလျှက်ရှိသည်။
ဤဆံပင်အညိုရောင်လူငယ်သည် သစ်ကိုင်းတစ်ခုဖြင့် မီးတောက်အား ဆော့ကစားနေလျှက်ရှိသည် မီးတောက်တောက်ပသွားသည့်အချိန်တွင် သူ၏မျက်နှာသည်လည်း မတူညီသည့် ခံစားချက်များကို အကြိမ်တိုင်းတွင် ပြသနေလျှက်ရှိသည်။
သူသည် အလွန်ခက်ခဲသည့် ပြသနာတစ်ခုအကြောင်းကို တွေးနေသည့်ပုံပင်။
သူ၏ ဘေးတွင် မြင့်မြတ်သောသူရဲကောင်းအလန်မှာ သက်တောင့်သက်သာဖြင့် ရှိနေ၏။ သူသည် ငါးကင်စတစ်ကောင်ကို စားနေလျှက်ရှိပြီး ငါးကင်၏ အနံ့သက်သည့် စွဲမက်ဖွယ်ပင်။
ဂျက်စီနှင့် အလန်တို့နှစ်ယောက်လုံးသည် ကံကောင်းခဲ့သလိုကံလဲဆိုးခဲ့၏။
သူတို့နှစ်ယောက်လုံးသည် ဒဏာရီလာနန်းတော်၏ ဗဟိုချက်အား ၀င်ရောက်ခွင့်ရခဲ့သော်လည်း ရတနာများကို မယူနိုင်သေးခင်မှာပင် ဒိုမိန်းကြောင့် ဒဏ်ရာပြင်းထန်စွာရရှိသွားခဲ့သည်။
လွန်ခဲ့သည့် သုံးရက်ခန့်က ဖှေးသည် ဘတ်စတီနှင့် တွေ့ခဲ့ပြီး ၀တ်ရုံနက်ကျောင်းတော်အတွင်းသို့ ၀င်ရောက်ရန်အတွက် သဘောတူခဲ့သည်။ ထို့ကြောင့်ဘုရင်သည် လက်ရှိအချိန်တွင် တစ်ချိုန်က စွမ်းအားမြင့်မားကာ အရှိန်၀ါကြီးမားခဲ့သည် ၀တ်ရုံနက်ကျောင်းတော်၏ ဂိုဏ်းချုပ်တစ်ယောက်လဲဖြစ်သွားပြီဖြစ်သည်။ ဘတ်စတီသည် ၀တ်ရုံနက်ကျောင်းတော်၏ ဌာနချုပ်သို့ပြန်ကာ တရား၀င်တင်မြှောက်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများမပြုလုပ်မှီတွင် ဂျက်စီနှင့်အလန်တို့ကို ဖှေးနှင့်အတူနေခဲ့ကာ ဂိုဏ်းချုပ်အတွက် အစေခံများအဖြစ် တာ၀န်ထမ်းဆောင်ရန်အတွက် အမိန့်ပေးခဲ့သည်။
ဖှေးသည်လည်း စွမ်းအားမြင့်မားသည့် သိုင်းဆရာနှစ်ယောက်အား ထက်မံရရှိလိုက်သည့်အတွက်ကြောင့် ပျော်နေလျှက်ရှိသည်။
ဂျက်စီသည် ယခုအချိန်တွင် အလယ်လတ်လခြမ်းသိုင်းဆရာတစ်ယောက်ဖြစ်သောကြောင့် သူချမ်းဘော့ဒ်တိုင်းပြည်ထဲသို့ ရောက်ရှိလာခဲ့ခြင်းသည် ကောင်းမွန်သည့်အရာတစ်ခုပင်။
"မျက်မှောင်ပဲ ကြုံ့မနေပါနဲ့ဂျက်စီရာ မင်းတစ်ခုခုစားစမ်းပါ။ မင်းတစ်နေ့လုံးဘာမှလဲ မစားရသေးဘူး..." အလန်သည်လည်း ပီးရာ့စ်ကဲ့သို့ပင် အဖြူရောင်ဆံပင်များရှိနေသည်။ ဆံပင်တိုများသည် သူ၏ခေါင်းပေါ်မှ သံချောင်းများကဲ့သို့ပင် ထိုးထိုးထောင်ထောင်ဖြစ်နေ၏။ သူသည် တက်ကြွနေသည့်ပုံရှိနေပြီး ဂျက်စီအား အသားကင်တစ်ချောင်းပေးလိုက်ကာ ပြုံးပြလိုက်သည်။
"အရှင်မင်းကြီး အလတ်ဇန္ဒားကို တရား၀င်ဂိုဏ်းချုပ်ခန့်ပြီးသွားပြီဆိုရင် ၀တ်ရုံနက်ကျောင်းတော်ရဲ့ ဌာနချုပ်က ချမ်းဘော့ဒ်တိုင်းပြည်ထဲကို ရွေ့တော့မယ်ထင်တယ်။ အဲ့အချိန်ကျရင် မြောက်ပိုင်းဒေသမှာရှိတဲ့ ကျန်တဲ့ကျောင်းတော်တွေကလည်း ငါတို့ကျောင်းတော်ကို အတော်လေးအာရုံစိုက်နေတော့မှာ....ပြသနာတွေအခက်ခဲတွေအများကြီးလာလိမ့်မယ်...နောက်ပြီးတော့ မြောက်ပိုင်းဒေသဂိုဏ်းအုပ် ပလတ်တီလက်ခံမှ တရား၀င်တင်မြှောက်လို့ရမယ်လေ...ငါတို့အရှေ့မှာ ပြသနာတွေအများကြီးပဲကွာ..."
ဂျက်စီသည် ငါးကင်အား တစ်ကိုက်ကိုက်လိုက်သည်။ သို့သော် သူစားချင်စိတ်မရှိပေ ။
"မင်းက အတွေးလွန်နေတာပါ ဂျက်စီရာ။ ဒီကိစ္စတွေအားလုံးကို မစ်စတာဘတ်စတီနဲ့ အကြီးကဲတွေက ကြည့်ကြပ်ပြီးတော့ ကိုင်တွယ်ပါလိမ့်မယ်။ နောက်ပြီးတော့ ဘုရင်အလတ်ဇန္ဒားကလည်း ခပ်တုံးတုံးလူတစ်ယောက်တော့မဟုတ်ဘူးလေ..." အလန်သည်အသံနှိမ့်ကာပြောလိုက်သည်။ "ငါထင်တဲ့အတိုင်းဆို မင်းကငါတို့ရဲ့ ဂိုဏ်းချုပ်အသစ်အပေါ်မှာ အယုံကြည်မရှိသေးဘူးထင်တယ်..."
ဂျက်စီ၏ မျက်နှာပေါ်တွင် ခါးသက်သည့်အပြုံးတစ်ခုထွက်ပေါ်လာ၏ အလန်ပြောသည်မှာ မှန်သည့်အတွက်ပင်။