အခန်း (၆၇၆)
Vol. 43 Ch. 676
“မင်းတို့ကောင်တွေကလည်း မဟာဘုရားကျောင်းကပဲလား။ မင်းတို့ကောင်တွေက ဘာလို့ ချမ်းဘော့ဒ်ဘုရင်ကို သတ်ချင်နေကြတာလဲ...”
ဂျက်စီသည် မြေပေါ်သို့ ပြန်ကျလာသည့်အချိန်တွင် သူ၏ အရှိန်ကိုထိန်းလိုက်သည်။ သူ၏ ခြေထောက်အောက်တွင်ရှိနေသည့် မြက်ပင်များအားလုံး ကြေမွကုန်၏။ ဤကဲ့သို့ဖြစ်ရခြင်းသည် ဂျက်စီသည် သူ၏ခန္ဓာကုယ်အတွင်းသို့ ၀င်ရောက်လာသည့် ရန်သူ၏ အတွင်းအားစွမ်းအင်များကို မြေထဲသို့ စီး၀င်စေလိုက်သည့်အတွက်ပင်။
ထိုလူသည် သူ၏ စွမ်းအင်များကို အတတ်နိုင်ဆုံး ဖုံးကွယ်ထားရန်အတွက် ကြိုးစားသော်လည်း ဂျက်စီသည် ကျွမ်းကျင်သည့် သူတော်စင်တစ်ယောက်ဖြစ်သည့်အတွက်ကြောင့် ချက်ချင်းပင် မြင့်မြတ်သောစွမ်းအင်များကို သတိထားမိလိုက်၏။ သူသည် မြင့်မြတ်သန့်စင်သည့်စွမ်းအင်များကို ကောင်းမွန်စွာအာရုံခံနိုင်၏။
“ဟားဟား မင်းက သိသွားပြီဆိုတော့ မင်းကိုလည်း သွားခွင့်ပေးလိ့ရမှာမဟုတ်တော့ဘူး...” ထိုလူသည် ကျယ်လောင်စွာရယ်မောလိုက်ပြီး သူ၏ ခန္ဓာကိုယ်ပေါ်တွင် ခြုံထားသည့် ၀တ်ရုံကို ဖြဲလိုက်သည်။ မဟာဘုရားကျောင်း သင်္ကေတပါရှိသည့် ချပ်၀တ်တစ်ခုကို ၀တ်ဆင်ထား၏။
ဤမြင့်မြတ်သောသူရဲကောင်းသည် အသက်လေးဆယ်အရွယ်ခန့်ရှိသေးသည့်ပုံပင်။ သို့သော် သူ၏ နက်ရှိုင်းကာ ၀မ်းနည်းဖွယ်ကောင်းနေသည့် မျက်လုံးများသည် ပို၍ အသက်ကြီးသည့်လူတစ်ယောက်ဖြစ်ကြောင်းကို ဖော်ပြနေ၏။ သူ၏ ခန္ဓာကိုယ်သည် ကြီးမားပြီး မျက်နှာသည် လေးထောင့်စက်စက်ဖြစ်နေ၏။ သူ့တွင် ထူထဲသည့် မုတ်ဆိတ်များရှိနေပြီး သူ၏ မျက်နှာအသွင်ပြင်များကြောင့် သူသည် အမှန်တရားဘက်မှ ရပ်တည်သည့်လူတစ်ယောက်လိုပင်။ သို့သော် သူ၏မျက်လုံးများထဲတွင်ရှိနေသည့်အရိပ်ယောင်များကြောင့် သူသည် ယုံကြည်ရသည့်လူတစ်ယောက်မဟုတ်သည်ကို ဖှေးခန့်မှန်းလိုက်မိ၏။
“မင်းက ငယ်ပါသေးတယ်။ အဲ့တာတောင် မင်းက အဆင့်မြင့်လခြမ်းသိုင်းဆရာတစ်ယောက်ဖြစ်နေပြီပဲ။ နောက်ပြီးတော့ မင်းက ခက်ခဲတဲ့သိုင်းကွက်တစ်ခုဖြစ်တဲ့ ကောင်းချီးပေးခြင်းအတောင်ပံကိုတောင် ကျွမ်းကျင်တတ်မြောက်ထားတာပဲ။ မင်းက တကယ်ပါရမီရှင်ကောင်းတစ်ယောက်ပဲ။ ဒါပေမယ့် မင်းကဒီကိစ္စထဲကို ၀င်ပါနေတာဆိုတော့ မင်းကို ငါလွှတ်ပေးမှာမဟုတ်တော့ဘူး...” ထိုလူသည် ဂျက်စီအား စိုက်ကြည့်လိုက်ပြီး ကိုယ်ခြင်းစာသည့်ပုံဖြင့်ပြောလိုက်၏။ “ကောင်လေး မင်းက ဘယ်ကျောင်းတော်ကလည်းဆိုတာကို ပြော။ မင်းသေသွားရင် မင်းကျောင်းတော်ကို မင်းရဲ့အလောင်းပြန်ပို့ပေးလိုက်မယ်။ မင်းရဲ့မိသားစုကိုလည်း မဟာဘုရားကျောင်းကဆက်လက်ပြီးတော့ အကာကွယ်ပေးထားလိမ့်မယ်...”
သူသည် လူသေတစ်ယောက်အားကြည့်နေသကဲ့သို့ပင် ဂျက်စီအား ကြည့်ကာ ပြောလိုက်သည်။
“၀တ်ရုံနက်ကျောင်းတော်က သူတော်စင်ဂျက်စီပဲ...” ဂျက်စီသည် သူ၏ မြင့်မြတ်သောစွမ်းအင်များအားလုံးကို ထုတ်လွှတ်လိုက်ရာ သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင်ရှိနေသည့်နေရာသည် နေ့ခင်းကဲ့သို့ပင် လင်းထိန်သွားတော့၏။ သူ၏ ငွေရောင်အတောင်ပံများသည် ကောင်းကင်ပေါ်တွင် ပျံသန်းနေရင်းဖြင့် ကြောက်လန့်သည့်အရိပ်ယောင်တစ်စုံတစ်ရာကို ပြသခြင်းမရှိပေ။
“ဟမ် မင်းဘာပြောလိုက်တာ။ ၀တ်ရုံနက်ကျောင်းတော်ဟုတ်လား...” ထိုလူသည် ရယ်မောလိုက်၏။ “၀တ်ရုံနက်ကျောင်းတော်မှာ ဒီလိုအရည်ခြင်းရှိတဲ့ပါရမီရှင်လူငယ်တစ်ယောက်ရှိနေတာလား။ ဟားဟား ကောင်းတယ်။ ငါက မင်းလိုပါရမီရှင်တစ်ယောက်ကို သတ်ရတော့မှာမို့လို စိတ်မကောင်းဖြစ်နေတာ။ အခုဆိုရင်တော့ နောင်တရစရာမရှိတော့ပါဘူး။ ၀တ်ရုံနက်ကျောင်းတော် ပျော်ကွယ်သွားသင့်တာ ကြာလှနေပြီ။ ဟားဟား ငါမင်းကို သတ်ပြီးသွားရင်ခေါင်းဖြတ်ပြီးတော့ အဖိုးကြီးဘတ်စတီစီကို ပို့ပေးလိုက်တာပေါ့။ သူ့ကျောင်းတော်ထဲက အရည်ချင်းအရှိဆုံး လူငယ်တစ်ယောက်သေတာကိုမြင်သွားရရင် အဲ့အဖိုးကြီးမျက်နှာဘယ်လိုဖြစ်သွားမလဲဆိုတာကို ငါမြင်ချင်နေပြီ...”
ထိုလူသည် ရယ်မောလိုက်ပြီး ငွေရောင်အလင်းတန်းများသည် နေရာတစ်၀ိုက်သို့ ပြန့်နှံ့သွားတော့သည်။
ဤစွမ်းအားမြင့်မားသည့် ခေါင်းဆောင်သာမဟုတ်ပဲ သူ၏ဘေးတွင်ရှိနေသည်လူများသည်လည်း သူတို့၏ ၀တ်ရုံများကို ချွတ်လိုက်ကြပြီး မဟာဘုရားကျောင်းအမှတ်သားပါသည့် ငွေရောင်ချပ်၀တ်များကို ပြသလိုက်ကြသည်။ ထို့နောက်တွင် သူတို့၏ခြေထောက်မှနေ၍ စွမ်းအင်များသည် ပတ်၀န်းကျင်သို့ ဖြာထွက်ကုန်တော့သည်။
အဖြူရောင်စွမ်းအင်အလင်းတန်းများသည် မြက်ခင်းများကို ဖြတ်ကျော်ကာပျံသန်းနေသည့်အတွက် အဆိပ်ပြင်းသည့် မြွေဖြူများလိုပင်။
တ်စချိန်တည်းမှာပင် သူတို့သည် မြေပြင်ပေါ်တွင်လည်း အရာများကို ချန်ထားခဲ့ကြ၏။
မြင်ကွင်းသည် အလွန်ပင်ထူးဆန်းနေတော့သည်။
“ဒါက ဘုရားကျောင်းတိုက်ပွဲအချုပ်နောင်ပဲ။ ကျွန်တော်တို့ ဒီကနေထွက်သွားမှဖြစ်မယ်။ ဒီစွမ်းအင်တွေသာ ပေါင်းစပ်သွားမယ်ဆိုရင် ကျွန်တော်တို့ ဒီထဲမှာပဲ ထာ၀ရပိတ်မိနေတော့မယ်။” ဂျက်စီသည် ချက်ချင်းပင် အော်ဟစ်လိုက်၏။ လအဆင့်သိုင်းဆရာလေးယောက်ပူးပေါင်းစီရင်လိုက်သည့် ဘုရားကျောင်းတိုက်ပွဲအချုပ်နှောင်သည် မည်မျှကြောက်စရာကောင်းမည်ကို သူသိသည့်အတွက်ပင်။
သို့သော် ဖှေးသည် လှုပ်ရှားခြင်းမရှိပေ။ သူသည် ခက်ခဲ့သည့်မေးခွန်းတစ်ခုအားစဥ်းစားနေသလိုပင်။
ထိုစက္ကန့်ပိုင်းတွင် ငွေရောင်စွမ်းအင်အုပ်စုလေးခုသည် ပို၍ပင် တောင်ပစွာလင်လာပြီး ငွေရောင်စွမ်းအင်စက်လုံးတစ်ခုထွက်ပေါ်လာတော့သည်။ စက်လုံးခြမ်းတစ်ခုလိုပင် နေရာတစ်ခုလုံးအား လွှမ်းခြုံသွားတော့၏။ အလွန်ခိုင်မာမြဲမြံနေပြီးကြောက်မက်ဖွယ်ကောင်းသည့်အရှိန်၀ါတစ်ခုကို ပေးနေလျှက်ရှိသည်။
“ဟားဟားဟား နောက်ကျသွားပြီ။ ဘုရားကျောင်းတိုက်ပွဲအချုပ်နှောင်ကို စီရင်ပြီးသွားပြီဆိုရင် နေအဆင့်သခင်တွေပဲ ထွက်သွားနိုင်လိမ့်မယ်...” ထိုမြင့်မြတ်သောသူရဲကောင်းသည် ရယ်မောလိုက်ပြီးအနားသို့ လမ်းလျှောက်လာ၏။ သူ၏မျက်လုံးများထဲတွင် အေးစက်သည့် အလင်းရောင်များပေါ်လာကာ သူဆက်ပြောလိုက်သည်။ “မဟုတ်မှလွဲရော ချမ်းဘော့ဒ်ဘုရင်က အဲ့ကျောင်းတော်အစုတ်ပလုတ်ရဲ့ ဘုရားသခင်အနှစ်သက်ဆုံးကလေးငယ်များလား။ သေစမ်း သူက အတော်လေးလျို့၀ှက်နိုင်တဲ့ကောင်ပဲ။ ကံမကောင်းစွာနဲ့ ငါတို့ က သိသွားလိုက်တာပဲ။ သူ့ကို မသတ်ခင် ၀တ်ရုံနက်ကျောင်းတော်က သူတော်စင်ငယ်လေးကို အရင်သတ်ကြတာပေါ့...”
“၀ုန်း...”
သူ၏ စကားမဆုံးသေးခင်မှာပင် စတင်၍ လှုပ်ရှားလိုက်သည်။ လေဆာအလင်းတန်းတစ်ခုလိုပင် သူသည် ဂျက်စီအနားသို့ ရုတ်တရက်ရောက်ရှိသွားတော့သည်။
သူသည် အလွန်ပင်စွမ်းအားမြင့်မားလှ၏။ သူ၏ခန္ဓာကိုယ်သည် လေခွင်းသံများကို ဖန်တီးလိုက်ပြီး သိုင်းကွက်များကို အသုံးပြုလိုက်သည်။
“၀ုန်း...”
ဂျက်စီသည်လည်း သူ၏အတောင်ပံများကို ခတ်လိုက်ပြီး တိုက်ပွဲ၀င်ရန်အတွက် ပျံသန်းသွားတော့၏။
သူတို့၏ တိုက်ပွဲသည် အမြင့်၁၀မီတာခန့်တွင်ဖြစ်ပွားပြီး သူတို့၏ခန္ဓာကိုယ်များသည် နေရာအဆက်မပြတ်ရွေ့လျားနေကာ ခုခံတိုက်ခိုက်နေကြ၏။
သူတို့၏ အမြန်နှုန်းသည် အလင်းကဲ့သို့ပင် မြန်ဆန်လှသည့်အတွက် သာမန်မျက်လုံးဖြင့် လိုက်လံကြည့်ရှုရန်မှာ ခဲယဥ်းလှ၏။ အထူးသဖြင့် ကြည့်နေသည့်လူများသည် လူး၀စ်၊ ပါတိုနှင့် ဘရန်တို့ကဲ့သို့ အားနည်းသေးသည့်လူများဖြစ်နေသည့်အချိန်တွင်ဖြစ်သည်။
သူတို့၏မျက်လုံးများထဲတွင် ပုံရိပ်ယောင်များစွာကိုမြင်နေရပြီး မည်သည့်အရာက ပုံရိပ်အစစ်များရှိသည်ကိုပင် ၀ေခွဲ၍ မရနိုင်တော့ပေ။
ကလေးသုံးယောက်သည်အဆင့်မြင့်သိုင်းဆရာများတိုက်ခိုက်ကြသည်ကို မြင်ဖူးခြင်းမရှိသေးသည့်အတွက်ကြောင့် ဤတိုက်ပွဲအားကြည့်ရသည်မှာ သူတို့အတွက် စိတ်လှုပ်ရှားကြောက်ရွံ့ဖွယ်ကောင်းနေ၏။
“ဘုန်း ဘုန်း ဘုန်း...”
ပေါက်ကွဲသံများစွာ ထွက်ပေါ်လာ၏။
တစ်ယောက်နှ့င်တစ်ယောက်တိုက်ခိုက်နေခဲ့ကြသည့်လူနှစ်ယောက်သည် ယခုအချိန်တွင် လူစုခွဲလိုက်ကြတော့သည်။
ငွေရောင်မြင့်မြတ်သည့်စွမ်းအင်များသည်လည်း ပတ်၀န်းကျင်သို့ ပြန့်နှံ့သွား၏။
ဂျက်စီ၏ ကောင်းချီးပေးခြင်းအတောင်ပံများသည် ပျက်စီးလုနီးနီးဖြစ်နေပြီး သူ၏နှုတ်ခမ်းများပေါ်တွင်လည်း သွေးများစီးကျနေကာ သူ၏ အမဲရောင်၀တ်ရုံသည်လည်း စုတ်ပြဲသွား၏။ အောက်တွင်ရှိနေသည့် ငွေရောင်ချပ်၀တ်ကို မြင်နေရသည်။
ထိုချပ်၀တ်ပေါ်တွင် နက်ရှိုင်းသည့်လက်ဖ၀ါးရာတစ်ခုရှိနေ၏။
ဂျက်စီရှုံးနိမ့်သွားပြီးဖြစ်သည်။
အဆင့်မြင့်လခြမ်းသိုင်းဆရာတစ်ယောက်သည် တစ်မိနစ်ခန့်သာ တောင်ခံနိုင်လိုက်၏။
ကြည့်ရသည့်ပုံအရ ဤမြင့်မြတ်သည့်သူရဲကောင်းသည် အနည်းဆုံးအဆင့်မြင့် လပြည့်သိုင်းဆရာတစ်ယောက်ဖြစ်သည့်ပုံပင်။ သူသည် နောက်ဆုံးလအဆင့်သို့ရောက်ရှိရန်အတွက် ခြေတစ်လှမ်းခန့်သာ လိုတော့သည်ဖြစ်သည်။
“ကောင်လေး မင်းရဲ့ပြပွဲတော့ ပြီးသွားပြီ။ သေပေတော့....”
သိုင်းကွက်တစ်ကွက်အောင်မြင်သွားပြီးသည့်နောက်တွင် ထိုမြင့်မြတ်သောသူရဲကောင်း၏မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်သည့် အရိပ်ယောင်များပေါ်လာတော့၏။ သူသည် အောက်သို့ သိမ်းငှက်တစ်ကောင်ကဲ့သို့ပင် ထိုးဆင်းသွားပြီး လက်ရှိအချိန်တွင် သူ၏သိုင်းကွက်သည် ဂျက်စီ၏ နဖူးအား ချိန်ရွယ်ထား၏။
ဒဏ်ရာပြင်းထန်စွာရရှိသွားလိုက်သည့် ဂျက်စီသည် ထိုသိုင်းကွက်အား ခုခံနိုင်ခြင်းမရှိတော့ပေ။
သေမင်းသည် နှာခေါင်းရှုံ့နေ၏။
ဤအခိုက်တန့်သည် တစ်စုံတစ်ခုအကြောင်းကို တိတ်ဆိတ်စွာဖြင့် စဥ်းစားနေခဲ့သည့်ဖှေးသည် ရုတ်တရက် စတင်၍ လှုပ်ရှားတော့၏။
ငွေရောင်လက်သီးရာတစ်ခုသည် ကောင်းကင်ပေါ်သို့ ပျံသန်းသွားတော့သည်။
“ဖုန်း...”
ထိုလက်သီးရာသည် မြင့်မြတ်သောသူရဲကောင်းအား ထိမှန်သွားပြီး ဂျက်စီအား သတ်ဖြတ်တော့မည်ကို တားဆီးလိုက်သည်။
ထို့နောက်တွင် အလန်သည်ပြေးသွားပြီး ဂျက်စီအား ထူပေးလိုက်၏။
မြင့်မြတ်သောသူရဲကောင်းသည် အနောက်သို့လွှတ်ထွက်သွားပြီး သူတို့နှင့် မီတာ၂၀ခန့်၀ေးသည့်နေရာတွင် ပြုတ်ကျသွား၏။
သူသည် ဖှေးအားကြည့်ကာ ရယ်မောလိုက်သည်။ “ချမ်းဘော့ဒ်ဘုရင် မင်းရဲ့အစွမ်းတွေက တက်လာပြန်ပြီပဲ။ မင်းအစွမ်းက စာတမ်းတွေထဲမှာပါတာထက်မြင့်မားနေပေမယ့် မင်းက င့ါကို ယှဥ်နိုင်ဦးမှာမဟုတ်ပါဘူး...”
သို့သော် ဖှေးသည် ထိုစွမ်းအားမြင့်မားသည့်သိုင်းဆရာအား လုံး၀ပင်လျစ်လျူရှုလိုက်သည်။ ထိုအစား ဖှေး၏မျက်လုံးများသည် အနောက်တွင်ရှိနေသည့် နေမကောင်းကာ မတည်ငြိမ်သည့်စွမ်းအင်များရှိနေသော လူထံသို့ ရောက်ရှိသွား၏။
“ခင်ဗျားဘယ်သူလဲဆိုတာကို ကျွန်တော်သိပြီထင်တယ်။ သေစမ်း ထင်မထားစရာပဲ။ ဘာလို့လဲဗျ ခင်ဗျားက ဘယ်သူလဲဆိုတာကို ဆက်ပြီးတော့ ဖုံးကွယ်ထားချင်နေသေးတာလား...” ဖှေးမေးလိုက်သည်။
“ဟမ်...”
ခနတာတိတ်ဆိတ်သွားပြီးနောက်တွင် သူ၏ သရုပ်မှန်ကိုမပြရသေးသည့်လူသည် ၀တ်ရုံအား ဆွဲချွတ်လိုက်တော့သည်။
သူ၏ဆံပင်များသည် ဖြူဖွေးနေ၏။ သူ၏ ၀တ်ရုံသည် အိုဟောင်းနေသော်လည်း ကောင်းမွန်စွာချုပ်ထား၏။ သူသည် အ၀တ်စများ၊ ကောက်ရိုးများဖြင့်ပြုလုပ်ထားသည့် ဖိနပ်တစ်ရံကိုစီးထား၏။
ရင်းနှီးသည့်မျက်နှာသည် ပို၍ အိုမင်းနေ၏။ နှစ်၀က်အတွင်းမှာပင် သူသည် ဆယ်နှစ်လောက်အိုမင်းသွားသကဲ့သို့ပင်။ သူ၏မျက်နှာသည် အိုမင်းရွတ်တွေနေ၏။
ယခင်က ဉာဏ်ပညာများဖြင့် ပြည့်နှက်နေသည့် မျက်လုံးများသည် ယခုအချိန်တွင် ရက်စက်ကြမ်းကြုတ်မှုများ၊ ဒေါသများဖြင့် ပြည့်နှက်နေတော့၏။ သူ၏ ဘယ်ဘက်ရင်အုံသည် တစ်စုံတစ်ယောက်မှ ထိုးထားသည့်အတိုင်း ကြောက်မက်ဖွယ်ကောင်းလောက်အောင်ပင် ချိုင့်၀င်နေ၏။
သေပြီဟုယူဆထားသည့်လူသည် ဖှေး၏အရှေ့တွင်ရောက်ရှိနေခြင်းပင်။
ဖှေး အောက်လမ်းဆရာဇာတ်ကောင်၏ အစွမ်းများဖြင့် တိုက်ခိုက်ခံခဲ့ရသော်လည်း အသေပဲကျန်ခဲ့သည့် သူတော်စင်ဘေးလ်ပင်။
“ဟားဟား ချမ်းဘော့ဒ်ဘုရင် မင်း မအံ့သြသွားဘူးလား။ မင်းရဲ့မကောင်းတဲ့အစွမ်းတွေနဲ့ င့ါရဲ့ ဘယ်ရင်ဘက်ကို ထိုးဖောက်ခဲ့တာလေ။ ငါဘာလို့ မသေသေးတာလဲဆိုတာကို အံ့သြနေတာမလား...” ဘေးလ်သည် သူရဲကောင်းနားသို့ လမ်းလျှောက်သွားလိုက်ပြီးဖှေးအား သူ၏မျက်လုံးများထဲတွင်အမုန်းတရားများဖြင့် ပြောလိုက်သည်။ “ဒီလိုဖြစ်လာမယ်လို့ ထင်မထားဘူးမလား...”
ဖှေးရယ်မောလိုက်သည်။
“ခင်ဗျားဘာတွေပြောနေတာလဲ။ ခင်ဗျားထင်ယောင်ထင်မားဖြစ်နေတာလား...” ဖှေးပြန်ဖြေလိုက်၏။
“ငါက မင်းကို လုပ်ကြံခဲ့တဲ့ အောက်လမ်းဆရာဆိုတာကို ငါက ၀န်ခံရမှာလား...” ဖှေးတွေးလိုက်မိသည်။ ဘေးလ်အား မသေပဲတွေ့လိုက်သဖြင့် သူ အံ့သြသွားမိသော်လည်း ဖြစ်ခဲ့သမျှကို ၀န်ခံမည်မဟုတ်ပေ။