အခန်း (၆၇၈)
Vol. 43 Ch. 678
“သူက အဆင့်မြင့်လပြည့်သိုင်းဆရာတစ်ယောက်ကို တစ်ချက်တည်းနဲ့အနိုင်ယူလိုက်တာလား...” ထိုကဲ့သို့ တွေးလိုက်မိသည့်အချိန်တွင် ကျန်ရှိနေသည့် လအဆင့်သိုင်းဆရာသုံးယောက်သည်လည်း တုန်ခါသွားကြ၏။
သူတို့သည် ချမ်းဘော့ဒ်ဘုရင်၏ တိုက်ခိုက်ခြင်းကိုခံလိုက်ရသည့် သူရဲကောင်းကို ကောင်းမွန်စွာသိရှိသည့်အတွက်ကြောင့်ပင်။
မြောက်ပိုင်းဒေသတွင် နာမည်ကြီးကျောင်းတော်တစ်ခုမှ နံပါတ်၁လအဆင့်သိုင်းဆရာတစ်ယောက်သည် သူ့ထက်များစွာပို၍ အားနည်းသည့်လူတစ်ယောက်နှင့်တိုက်ခိုက်ခြင်းကြောင့် ပြင်းထန်စွာဒဏ်ရာရရှိသွားလိမ့်မည်ဟု သူတို့ထင်ထားခဲ့ခြင်းမရှိပေ။ ဤလူသည် ရှီရဲကျောင်းတော်ထဲတွင် နေအဆင့်သို့ရောက်ခါနီးနေသည့် လအဆင့်သိုင်းဆရာတစ်ယောက်ဖြစ်သည့်အတွက်ပင်။
“အမြန်လုပ် ဘုရားကျောင်းတိုက်ပွဲအချုပ်နှောင်ကို သုံးပြီးတော့ သူ့ကို နှိပ်စက်လိုက်ကြတော့...”
သူ၏လက်နှစ်ဖက်လုံးပျက်စီးသွားသည့်အချိန်တွင် သူရဲကောင်းသည် သူ၏ ဆုံးဖြတ်ချက်မှားယွန်သွားခဲ့ကြောင်းကို သိလိုက်ရပြီးနောက်ဆုံးကျန်ရှိနေသည့် အသိစိတ်ဖြင့် အကောင်းဆုံးဆုံးဖြတ်ချက်ကို ချမှတ်လိုက်သည်။
အုပ်စုနှစ်ခုကြားတွင်ရှိသောစွမ်းအားခြင်းကွာခြားမှုသည် ပြောင်းလဲသွားပြီဖြစ်သည့်အတွက်ကြောင့် သူတို့တွင်ရှိနေသည့် တစ်ခုတည်းသောအခွင့်ရေးမှာ ဘုရားကျောင်းတိုက်ပွဲအချုပ်နှောင်ကိုအသုံးပြု၍ သူတို့ထင်ထားသည်ထက်များစွာပို၍ စွမ်းအားမြင့်မားနေသည့်ချမ်းဘော့ဒ်ဘုရင်ကို ရင်ဆိုင်တိုက်ခိုက်ရန်သာရှိနေတော့သည်။ သို့မဟုတ်ပါက ကျန်ရှိနေသော သူရဲကောင်းသုံးယောက်သည် ကျွမ်းကျင်သိုင်းဆရာများဖြစ်ကြသော်လည်း သူတို့သည် ချမ်းဘော့ဒ်ဘုရင်၏ တူချက်ကိုရင်ဆိုင်နိုင်မည်မဟုတ်သည့်အတွက်ပင်။
ခေါင်းဆောင်သူရဲကောင်းမှ ထိုကဲ့သို့ အမိန့်ပေးလိုက်သည့်အချိန်တွင် ကျန်ရှိနေသည့် သူရဲကောင်းသုံးယောက်သည်လည်း သူတို့၏ မြင့်မြတ်သန့်စင်သောအတွင်းအားစွမ်းအင်များကို ဘုရားကျောင်းတိုက်ပွဲအချုပ်နှောင်အတွင်းသို့ စီး၀င်စေလိုက်သည်။
သူတို့သည် အတူတကွတိုက်ခိုက်လာခဲ့သည်မှာ ကြာပြီဖြစ်သောကြောင့် တစ်ယောက်နှင့်တစ်ယောက်ကောင်းမွန်စွာပူးပေါင်းဆောင်ရွက်နိုင်ကြ၏။ သူတို့၏ မသိစိတ်များထဲတွင်ပင် စီး၀င်နေသည့်အတိုင်းပင်။
ငွေရောင်မြင့်မြတ်သန့်စင်သည့်စွမ်းအင်များသည် တစ်ခုနှင့်တစ်ခုရစ်နှောင်ကာ နွယ်ပင်များကဲ့သို့ပင်ဖြစ်သွား၏။ ထိုစွမ်းအင်များသည် အသက်၀င်နေသည့်အတိုင်းပင် မျက်ပင်များပေါ်မှ ကျော်ဖြတ်၍ ဖှေးထံသို့ ပြေးသွားကြတော့၏။
ထို့နောက်တွင် အချုပ်နှောင်ထဲတွင် မန္တန်ရွတ်ဖတ်သံများစွာထွက်ပေါ်လာတော့သည်။ နတ်ဘုရားများ ရေရွတ်နေ၍ နတ်သားများ သီချင်းဆိုနေသည့်အတိုင်းပင်။
ဤအသံထဲတွင် ထူးခြားသည့်စွမ်းအားတစ်ခုပါရှိနေပြီး လူများ၏ ၀ိဉာဥ်များအပေါ်တွင် သက်ရောက်မှုရှိနေ၏။ သားချော့တေးတစ်ပုဒ်လိုပင် ရန်သူများ၏ တိုက်ပွဲဆာလောင်မှု၊ သတိတရားနှင့် ခုခံနိုင်စွမ်းတို့ကို လျှော့ကျစေပြီး သူရဲကောင်းများကို အခွင့်ရေးပို၍ ပေးနေလျှက်ရှိသည်။
မန္တန်ရွတ်ဖတ်သံများသည် မှော်ဆန်နေသည့်အတိုင်းပင် တစ်ခြားလူများကိုလျစ်လျူရှုကာ ဖှေး၏ နားများအတွင်းသို့သာ စီး၀င်သွားကြ၏။
မကြာမှီတွင် ဖှေးသည် ရပ်တန့်သွားပြီး သူ၏မျက်လုံးများကို မှိတ်လိုက်သည်။ သူသည် တေးသံကြော့င် မင်သက်နေသည့်ပုံပင်။
ထို့နောက်တွင် သူ၏လက်ထဲတွင်ကိုင်ထားသည့် တူကြီးသည်လည်း တဖြည်းဖြည်းခြင်းဖြင့် မြေပြင်ပေါ်သို့ နှိမ့်ကျလာနေတော့သည်။
ငွေရောင်မီးတောက်များသည် ဖှေး၏ခန္ဓာကိုယ်ပေါ်သို့ တွယ်တတ်ကာ လှုပ်မရနိုင်အောင်ရစ်ပတ်နေလျှက်ရှိသည်။ နောက်ဆုံးတွင် ဖှေး၏ခေါင်းမှ လွဲ၍ တစ်ကိုယ်လုံးကို ထိုစွမ်းအင်မီးတောက်များဖြင့် ချည်နှောင်ပြီးသားဖြစ်သွားတော့၏။ သူသည် အဖြူရောင်မီးတောက်များ၏ လွှမ်းခြုံခြင်းကို ခံလိုက်ရပြီး သူသည် ပင့်ကူတစ်ကောင်၏ ချုပ်နှောင်ခြင်းကိုခံလိုက်ရသည့် ပိုးကောင်တစ်ကောင်ကဲ့သို့ပင်။
“ဟားဟားဟား မင်းကို ငါကိုယ်တိုင်နှိပ်စက်ပြမယ်...ဟားဟားချမ်းဘော့ဒ်ဘုရင် မင်းတော့ သေပြီလေ။ မင်းက ဒီအချုပ်နှောင်ထဲမှာ မိသွားပြီဆိုတာနဲ့ မင်းသေဖို့က သေချာနေပြီ။ မင်းစွမ်းအားက ငါတို့ထင်ထားတာထက်အများကြီးပိုမြင့်မားနေတယ်ဆိုပေမယ့် မင်းသေမှာကတော့ သေမှာပါပဲ...” သူရဲကောင်းခေါင်းဆောင်မှ အော်ဟစ်လိုက်သည်။ ယခုအချိန်တွင် သူ၏လက်များသည် ပျော့ပျောင်းနေလျှက် ပခုံးမှ အောက်သို့ တွဲကျနေလျှက်ရှိသည်။
သူ၏ဘေးတွင် သူတော်စင်ဘေးလ်သည် သူ့အား ကုသပေးရန်အတွက် ကြိုးစားလိုက်ပြီး မန္တန်တစ်ခုကို ရွတ်ဆိုလိုက်ပြီး သူ၏မြင့်မြတ်သန့်စင်သောစွမ်းအင်များကို ထုတ်လွှတ်လိုက်သည်။
“အရှင်မင်းကြီး...” လူး၀စ်၊ ပါတိုနှင့် ဘရန်တို့ ထိတ်လန့်သွားကြသည်။
အပြောင်းလဲများသည် လျှင်မြန်စွာဖြစ်ပေါ်သွားသည့်အတွက်ကြောင့် ကလေးများသည် ဘုရင်အတွက် စိတ်ပူလာကြတော့သည်။ သူတို့၏နှလုံးသားများသည် လည်ချောင်းတွင်ပိတ်ဆို့နေသည့်အတိုင်းပင်။ ထို့အပြင် သူတို့သည်အလွန်စိတ်လှုပ်ရှားနေကြသဖြင့် အသက်ရှူရန်ကိုပင် မေ့နေကြ၏။
တိုက်ပွဲ၏ အနိုင်ရရှိနိုင်ချေသည် မြင့်မြတ်သောသူရဲကောင်းများနှင့် သူတော်စင်ဘေးလ်တို့ထံသို့ ပြန်လည်ကာ ဦးတည်လျှက်ရှိနေသည့်အတွက်ပင်။
“ဟီးဟီး မင်းတော့သေပြီ...” ဖှေးအား မုန်းတီးခြင်းများနှင့် စိုက်ကြည့်နေရင်းဖြင့် ဘေးလ်၏ ရက်စက်သည့်ရယ်မောသံထွက်ပေါ်လာတော့သည်။
“သူ့ကို ဖမ်းလိုက်ကြစမ်းကွာ။ ငါသူ့ရဲ့လက်နှစ်ဖက်လုံးကို တစ်ဖက်ခြင်း ဖြတ်ပစ်မယ်။ သေချင်နေပေမယ့် မသေနိုင်တဲ့ခံစားချက်မျိုးကို သူ့ကို မြည်းခိုင်းရတာပေါ့....”
သူ၏လက်နှစ်ဖက်လုံးပျက်ဆီးသွားသည့်အတွက် ခေါင်းဆောင်သူရဲကောင်းသည် ပြင်းထန်သော၀ေဒနာကို ခံစားနေရ၏။ သူ၏ ယခင်ကတည်ကြည်သော မျက်နှာသည် ယခုအချိန်တွင် ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်နေတော့သည်။
ကြောက်မက်ဖွယ်ကောင်းသည့် ငွေရောင်စွမ်းအင်များသည် ဖှေး၏ခေါင်းပေါ်သို့ပင် စတင်၍တက်လာကြတော့သည်။
ကျန်ရှိနေသည့် သူရဲကောင်းများလည်း စိတ်အေးသွားကြသည်။ သူတို့၏မျက်နှာပေါ်တွင်ရှိနေသည့် စိုးရိမ်ကြောက်လန့်နေကြသည့်အမူယာများသည် ရက်စက်ကြမ်းကြုတ်မှုများအဖြစ်သို့ ပြောင်းလဲသွားတော့၏။ သူတို့သည် ချမ်းဘော့ဒ်ဘုရင်အား ဖမ်းဆီးပြီးပါက မည်ကဲ့သို့ နှိပ်စက်ရမည်ကို စတင်၍ စိတ်ကူးယဥ်လာကြတော့၏။
“သေစမ်း စိတ်ပျက်စရာကောင်းတာပဲ။ ဒါလားဘုရားကျောင်းတိုက်ပွဲအချုပ်နှောင်ဆိုတာ...” ဖှေးသည် ရုတ်တရက် သူ၏မျက်လုံးများကို ဖွင့်ကာမေးလိုက်သည်။ သူ၏မျက်လုံးများသည် အလွန်ကြည်လင်နေသည့်အတွက်ကြောင့် မန္တန်များသက်ရောက်နိုင်ခြင်းမရှိသလိုပင်။
“ဘာ...” သူရဲကောင်းများ တုန်လှုပ်သွားကြသည်။ သူတို့ထင်ထားသမျှအရာများ ပျက်စီးတော့မည်ကို သိလုက်၏။
“ဘုရားကျောင်းတိုက်ပွဲအချုပ်နှောင်ဆိုတာက သာမန်ပါပဲ။ အတော်လေးတောင်စိတ်ပျက်သွားမိတယ်။ ဒါက င့ါကို ထိန်းချုပ်ထားနိုင်လိမ့်မယ်လို့ မင်းတို့တွေဘယ်လိုများတွက်ထားကြတာပါလိမ့်...” ဘုရင် အော်ဟစ်လိုက်သည့်အချိန်တွင် အနီရောင်အစက်ပျောက်များသည် သူ့အား ရစ်ပတ်ထားသည့် ငွေရောင် စွမ်းအင်များပေါ်တွင်ပေါ်လာတော့သည်။ မကြာမှီတွင် ငွေရောင်မြင့်မြတ်သန့်စင်သောစွမ်းအင်များအားလုံးသည် အနီရောင်အဖြစ်သို့ လုံး၀ပြောင်းလဲသွားတော့၏။
“ဒါက သတ်ဖြတ်ခြင်းအရှိန်၀ါတွေပဲ။ အတော်လေး ကြောက်စရာကောင်းတဲ့ ပမာနပဲ။ သတ္တ၀ါတွေသန်းနဲ့ချီပြီးတော့ သတ်ဖြတ်ဖူးတဲ့ သတ်ဖြတ်ခြင်းနတ်ဘုရားပဲ ဒီလိုအရှိန်၀ါမျိုးရှိနိုင်တယ်...” သူရဲကောင်းခေါင်းဆောင်နှင့် သူတော်စင်ဘေးလ်တို့နှစ်ယောက်လုံး ပါးစပ်အဟောင်းသားဖြစ်သွားတော့၏။ “ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလည်း ချမ်းဘော့ဒ်ဘုရင်က အသက်၁၈နှစ်ပဲ ရှိသေးတဲ့ လူငယ်တစ်ယောက်လေ။ သူကဘယ်လိုဖြစ်ပြီးတော့ အသက်ပေါင်းများစွာကို သတ်ဖူးဦးမှာလဲ...”
“ဘုန်း...”
ဖှေး၏ ခန္ဓာကိုယ်ပတ်လည်တွင်ရှိနေသည့်အနီရောင်မီးတောက်များသည် ပေါက်ကွဲသွားပြီး အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ အပေါ်သို့ ပျံတက်သွားပြီး ကောင်းကင်ပေါ်တွင်ရှိနေသည့် စွမ်းအင်အကာရံဖြင့် ၀င်တိုက်လိုက်၏။ ကြီးမားသည့် စွမ်းအင်လှိုင်းများသည် မြေပြင်ကိုပင် ကြမ်းတမ်းစွာလှုပ်ရှားသွားစေလိုက်၏။
“ချွတ် ချွတ် ချွတ်...”
ဖှေးအား တင်းကြပ်စွာချုပ်နှောင်ထားသည့် မြင့်မြတ်သန့်စင်သောစွမ်းအင်များသည်လည်း အရောင်ပြောင်းလဲသွားပြီးသည့်နောက်တွင် သစ်ရွက်ခြောက်များကဲ့သို့ပင် ကြွေကျကုန်တော့၏။ စွမ်းအင်လှိုင်းများ၏ ရိုက်ခတ်ခြင်းကို ခံလိုက်ရပြီးသည့်နောက်တွင် ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားတော့၏။
“မင်းက တိုက်ပွဲအချုပ်နှောင်ရဲ့အစွမ်းကို စမ်းသပ်ကြည့်ချင်လို့ သေချာမရှောင်ခဲ့တာပေါ့ဟုတ်လား...ဒါ...ဒါက ရူးသွပ်တာပဲ...” ဘေးလ်သည် စကားပင်ဆုံးအောင်မပြောနိုင်တော့ပေ။ သူသည် ယခင်ကတည်းက ဖှေးအတွက်ကြောင့် အိမ်မက်ဆိုးများစွာမက်ခဲ့ရပြီး ယခုအချိန်တွင် သူသေချောပေါက်စီစဥ်ထားသည့် အစီစဥ်တစ်ခုလုံးပျက်ဆီးသွားသည့်အတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာလဲပြိုလုနီးနီးပင်။
“အခုက နောက်ကျလွန်းသွားပြီ။ ခင်ဗျားတို့ ကျွန်တော့အချိန်ကို လာဖြုန်းနေကြတာပဲ။ ကျွန်တော်အခုပဲအဆုံးသက်ပေးလိုက်တော့မယ်...”
ဖှေး၏ အေးစက်သည့်အသံထွက်ပေါ်လာပြီး သူ၏လက်ထဲတွင်ကိုင်ထားသည့်တူကြီးသည် စတင်၍ လှုပ်ရှားတော့သည်။ ဖှေးသည် ကိုယ်ပွားသိုင်းကွက်အား တတ်ထားသလိုပင်။ တစ်ခြားလူများအတွက် ဖှေးသည် အရိပ်သုံးခုပြောင်းသွားကာ လူသုံးယောက်ထံသို့ ပြေး၀င်သွားလိုက်သလိုပင်။
“မလုပ်ပါနဲ့...”
“ကယ်ပါဦး...”
“မင်းင့ါကို သတ်လို့မရဘူး။ ငါက မဟာဘုရားကျောင်းကကွ...”
ကြောက်လန့်နေသည့်အော်ဟစ်သံသုံးခုကို ဘယ်ဘက်၊ ညာဘက်နှင့်အနောက်ဘက်တို့မှ ကြားလိုက်ရတော့သည်။ တစ်ချိန်တည်းမှာပင် ထိုအရိပ်သုံးခုသည် တွန့်ဆုတ်နေခြင်း သနားညှာတာနေခြင်းမရှိပေ။ တူကြီးကို ၀ှေ့ရမ်းလိုက်ပြီး အက်ကွဲသံသုံးခုထွက်ပေါ်လာတော့သည်။
ကြက်ဥသုံးလုံးကို တူဖြင့် ရိုက်ခွဲလိုက်သလိုပင်။ မြင့်မြတ်သောသူရဲကောင်းသုံးယောက်သည် အရိုးစများအသားစများနှင့်အတူ သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားတော့၏။
ထို့နောက်တွင် ချမ်းဘော့ဒ်ဘုရင်၏ အရိပ်သုံးခုသည်လည်း ဖြေးညှင်းစွာပျောက်ကွယ်သွားတော့သည်။
ဖှေးသည် မူလနေရာတွင်ရပ်လျှက်ရှိနေဆဲပင်။ သူသည် လှုပ်ရှားခဲ့ခြင်းပင်မရှိခဲ့သလိုပင်။
ကိုယ်ခွဲခြင်းသိုင်းကွက်လား
မဟုတ်ပေ။
ဖှေးသည် အလွန်လျှင်မြန်စွာလှုပ်ရှားလိုက်သည့်အတွက်ကြောင့် လေထဲတွင်ပုံရိပ်ယောင်များချန်ထားခဲ့ခြင်းပင်။ သူသည် သူရဲကောင်းသုံးယောက်အား ကိုယ်တိုင်တစ်ယောက်ခြင်းစီသွားရောက်တိုက်ခိုက်လိုက်ခြင်းဖြစ်သော်လည်း သူ၏အမြန်နှုန်းကို သာမန်လူသားများမြင်နိုင်ခြင်းမရှိသည့်အတွက် ကိုယ်ခွဲထားသလိုဖြစ်နေခြင်းပင်။
နေရာတစ်ခုလုံးအား ကာဆီးထားသည့် စွမ်းအင်အကာရံကြီးသည်လည်း ဖြည်းဖြည်းခြင်းပျောက်ကွယ်သွားတော့၏။
သူရဲကောင်းသုံးယောက်သေသွားသည့်အချိန်တွင် စွမ်းအင်အကာရံထား ဆက်လက်ထိန်းထားသည့်စွမ်းအင်မရှိတော့သည့်အတွက်ပင်။ ဤသို့ဖြင့် မဟာဘုရားကျောင်း၏ တရားစီရင်ခြင်းမှော်အစီရင်ဆယ်ခုထဲမှ တစ်ခုသည် ဖျက်ဆီးခံလိုက်ရတော့၏။