အခန်း (၆၇၉)
Vol. 43 Ch. 679
“မင်း မင်း...” ခေါင်းဆောင်သူရဲကောင်းသည် အလွန်တုန်လှုပ်သွားသည့်အတွက်ကြောင့် စကားပင်ပြောနိုင်ဖြစ်သွား၏။
သူသည် ဤလူငယ်ထုတ်လွှတ်လိုက်သည့် သတ်ဖြတ်ခြင်းအရှိန်၀ါများကို နားလည်နိုင်ခြင်းမရှိသည့်အတွက်ပင်။
“သူက ဘုရားကျောင်းတိုက်ပွဲအချုပ်နှောင်နဲ့ ချုပ်ခံထားရတာကို ရုတ်တရက် ရုန်းထွက်နိုင်လိုက်တာပဲ။ သူက မွေးလာကတည်းက လူတွေနဲ့ သားရဲတွေကို သတ်လာခဲ့တယ်ဆိုရင်တော့ ၁၈နှစ်အတွင်းမှာတော့ သတ္တ၀ါသန်းနဲ့ချီပြီးတော့ မသတ်နိုင်ခဲ့လောက်ပါဘူး။ သူက တိုက်ပေါ်က နာမည်ကြီး လူသတ်သမားတွေနဲ့ ယှဥ်နိုင်လောက်တဲ့ထိကို သတ်ဖြတ်ခြင်းအရှိန်၀ါတွေ ပိုင်ဆိုင်ထားတာပဲ...” သူတွေးလိုက်မိသည်။
ဖှေး၏ သတ်ဖြတ်ခြင်းအရှိန်၀ါများသည် အေဇာရုတိုက်ပေါ်မှ မဟုတ်ပဲ ဒိုင်ယာဘလိုကမ္ဘာမှရရှိလာခဲ့ခြင်းဖြစ်သည်ကို သူမသိချေ။
ဖှေးဒိုင်ယာဘလိုကမ္ဘာသို့ စတင်ရောက်ရှိခဲ့စဥ်ကတည်းက သူသည် မကောင်းဆိုး၀ါးအကောင်တစ်သိန်းခန့်ကို သတ်ဖြတ်ပြီးပြီဖြစ်သည်။ သို့သော် ထိုမကောင်းဆိုး၀ါးများသည် သာမန်သတ္တ၀ါများမဟုတ်ပဲ ငရဲပြည်မှ နတ်ဆိုးများဖြစ်သည့်အတွက်ပင်။ သူတို့အားလုံးသည် စွမ်းအားမြင့်မားကြ၏။ ထိုမကောင်းဆိုး၀ါးများသည် ရက်စက်ကြမ်းကြုတ်ခြင်းတို့ကို ကိုယ်စားပြုသည့်အတွက်ပင်။
ထို့အပြင် ဖှေးသည် အေဒရီရယ်၊ ဒူရီရယ်၊ မီဖက်ဆိုတို့ကဲ့သို့သော မကောင်းဆို၀ါးခေါင်းဆောင်ကြီးများကိုလည်း သတ်ဖြတ်ခဲ့ဖူးသည်။ သူတို့သည် စွမ်းအားမြင့်မားသည့်မကောင်းဆိုး၀ါးများဖြစ်ကြပြီး ငရဲပြည်မှ နတ်ဘုရားများဟုပင် သတ်မှတ်နိုင်၏။ သူတို့ကို သတ်ဖြတ်နေသည့်အချိန်တွင် ဖှေးသည် နတ်ဘုရားများကို သတ်ဖြတ်နေခြင်းဖြစ်၏။
စွမ်းအားမြင့်မားသည့် မကောင်းဆိုး၀ါးများစွာနှင့် ငရဲပြည်မှ နတ်ဆိုးများကို သတ်ဖြတ်ခဲ့ပြီးသည့်အချိန်တွင် ဖှေး၏ သတ်ဖြတ်ခြင်းအရှိန်၀ါများသည် သာမန်ထက်များစွာမြင့်မားလာခဲ့၏။
သို့သော် သတ်ဖြတ်ခြင်းအရှိန်၀ါသည် ရူးလောက်အောင်စွမ်းအားမြင့်မားပြီး အနီးနားတွင်ရှိနေသည့် လူများ၏ ၀ိဉာဥ်ကိုပါ အန္တရာယ်ဖြစ်စေနိုင်၏။ ထို့ကြောင့် ဖှေးသည် သတ်ဖြတ်ခြင်းအရှိန်၀ါအား အပြင်လောကတွင် ထုတ်သုံးလေ့မရှိခဲ့ခြင်းပင်။ သို့သော် သူသည် မြောက်ပိုင်းဒေသ ရှီရဲကျောင်းတော်မှသိုင်းဆရာများ၏ ချောင်းမြောင်းတိုက်ခိုက်ခြင်းကိုခံခဲ့ရသည့်အတွက် မဖြစ်မနေထုတ်သုံးလိုက်ရခြင်းပင်။
ဖှေးတွင်လည်း ပါလာဒင်ဇာတ်ကောင်ရှိသည့်အတွက်ကြောင့် မြင့်မြတ်သန့်စင်သောစွမ်းအင်များအကြောင်းကို ကောင်းမွန်စွာနားလည်ထား၏။ နတ်ဘုရားများအသုံးပြုသည့် မြင့်မြတ်သန့်စင်သောစွမ်းအင်များကို တန်ပြန်တိုက်ခိုက်နိုင်သည့်အရာနှစ်ခုသာရှိ၏။ အောက်လမ်းစွမ်းအင်နှင့် သတ်ဖြတ်ခြင်းအရှိန်၀ါတို့ပင်။
ဤအခိုက်တန့်တွင် ဂျက်စီနှင့် အလန်တို့ရှိနေသည့်အတွက်ကြောင့် ဖှေးသည် သူ့အတွင် မရဏစွမ်းအင်များပိုင်ဆိုင်နေကြောင်းကို ထုတ်ဖော်လိုခြင်းမရှိပေ။ ထို့ကြောင့် သူသည် သတ်ဖြတ်ခြင်းအရှိန်၀ါများကိုသာ ထုတ်သုံးလိုက်ခြင်းပင်။
သတ်ဖြတ်ခြင်းအရှိန်၀ါများသည် မရဏစွမ်းအင်လောက် မြင့်မြတ်သောစွမ်းအင်များကို ဖျက်ဆီးရာတွင် ထိရောက်ခြင်းမရှိသော်လည်း လက်ရှိကိစ္စအတွက်ကောင်းမွန်စွာလုံလောက်၏။
စမ်းသပ်ပြီးနောက်တွင် ဖှေးသည် မဟာဘုရားကျောင်းမှသိုင်းဆရာများကို အောက်လမ်းစွမ်းအင်အသုံးပြုစရာမလိုပဲ ရင်ဆိုင်နိုင်သည့် နည်းလမ်းအားတွေ့ရှိသွား၏။ ဤနည်းလမ်းသည် သူ့အတွက်လည်း များစွာပို၍ လုံခြုံမှုရှိ၏။
ထိုအရာများအားလုံးအပြင် ဖှေး၏ ခန္ဓာကိုယ်ထဲတွင် လျို့၀ှက်သည့် အဖြူရောင်ကျောက်တိုင်လုံးကြီးတစ်ခုလည်းရှိနေသည့်အတွက် ဖှေးသည် နေအဆင့်သခင်များ၏ ရန်ကိုပင် ကြောက်လန့်စရာမလိုတော့ပေ။
လွန်ခဲ့သည့်အချိန်တွင် ဖှေးသည် ချမ်းဘော့ဒ်စစ်သည်များ၏ တိုက်ခိုက်နိုင်စွမ်းကို မြှင့်တင်ရန်အတွက် စဥ်းစားနေခဲ့ပြီး တိုက်ပွဲအစီရင်များကို အာရုံစိုက်နေခဲ့မိသည်။ အကယ်၍ သူသည်သာ လအဆင့်စစ်သည်များပေါင်းစပ်အသုံးပြု၍ နေအဆင့်သခင်တစ်ယောက်ကို အနိုင်ယူနိုင်သည့် တိုက်ပွဲအစီရင်တစ်ခုကိုသာ ဖန်တီးနိုင်ပါက ဖှေးကိုယ်တိုင်မရှိစေကာမူ ချမ်းဘော့ဒ်တိုင်းပြည်မှ ထိပ်သီးသိုင်းဆရာများစုပေါင်း၍ နေအဆင့်သခင်တစ်ယောက်အား တားဆီးကာ တိုင်းပြည်အား ကာကွယ်နိုင်လိမ့်မည်ဖြစ်သည်။
ထို့ကြောင့် ဘုရားကျောင်းတိုက်ပွဲအစီရင်အား သတိထားလိုက်မိပြီးသည့်နောက်တွင် ဖှေးသည် သူကိုယ်တိုင်ရင်ဆိုင်ကြည့်ကာ မဟာဘုရားကျောင်း၏ တိုက်ပွဲအစီရင်ဆယ်ခုထဲမှ တစ်ခုအား လေ့လာကြည့်ရန်ဆုံးဖြတ်ခဲ့သည်။ သူသည် ဤအစီရင်ထဲတွင် စွမ်းအင်များမည်ကဲ့သို့ လည်ပတ်စီးဆင်းနေသည်ကို ကောင်းမွန်စွာသိရှိလိုသည့်အတွက်ပင်။ အကယ်၍ သူသည်သာ အဓိကအချက်လက်များကို လေ့လာမိပြီး သူကိုယ်တိုင်အသုံးပြုနိုင်သည့် အရာများအဖြစ်ပြောင်းလဲနိုင်ပါက ကိုယ်ပိုင်တိုက်ပွဲသုံးအစီရင်များကို ဖန်တီးနိုင်ကောင်ဖန်တီးနိုင်လိမ့်မည်ဖြစ်သည်။
ဖှေးရလိုက်သည့်အရာသည်လည်း ရင်းရတန်သည့်အတွက်ပင်။
“သေစမ်း သေစမ်း သွားကြတော့ သွားကြ ဆုတ်ခွာကြ...”
တုန်လှုပ်သွားပြီးချိန်တွင် ခေါင်းဆောင်သူရဲကောင်းသည် ပြန်သတိရလာပြီးအော်ဟစ်လိုက်သည်။ သူသည် တစ်ဖက်သို့လှည့်ကာ သူ၏ခန္ဓာကိုယ်သည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ ပျံသန်းသွားတော့၏။ သူသည် မကြာမှီတွင် အ၀ေးသို့ ပျောက်ကွယ်သွားတော့မည်ဖြစ်သည်။
ယခုအချိန်တွင် ချမ်းဘော့ဒ်ဘုရင်သည် ဟန်ဆောင်နေခြင်းသာဖြစ်ကြောင်းကို သူနားလည်သွားပြီဖြစ်သည်။ သူ၏ စွမ်းအားအစစ်မှန်သည် သူတို့ထက်များစွာသာလွန်နေသည့်အတွက်ပင်။ ထိုတူကြီးထဲတွင် ပုန်းအောင်းနေသည့်စွမ်းအားများကိုပင် သူရင်ဆိုင်နိုင်လိမ့်မည်မဟုတ်ပေ။ အကယ်၍ ထိုတူကြီးသည်သာ သူ့ထံသို့ ကျဆင်းလာပါက သူသေချာပေါက်ပင် သေဆုံးသွားလိမ့်မည်ဖြစ်သည်။
တစ်ဖက်တွင် သူတော်စင်ဘေးလ်သည်လည်း ယုံကြည်မှုများပျက်ဆီးသွားပြီး တိတ်တဆိတ်ထွက်ပြေးသွားတော့၏။
သို့သော် ဖှေးသည် သူတို့အားအလွှတ်ပေးမည်မဟုတ်ပေ။
“ဟားဟားဟား ခင်ဗျားတို့တွေ လာတုန်းက လာခဲ့ပြီး အခုမှလစ်တော့မလို့လား။ နောက်ကျလွန်းသွားပြီဗျ။ ဒီမှာပဲနေခဲ့လိုက်ကြတော့...” ဖှေးသူ၏လက်ကို ၀ှေ့ရမ်းလိုက်ရာ အစိမ်းရောင်စာလိပ်တစ်ခုထွက်ပေါ်လာပြီး ထိုစာလိပ်သည် ငွေရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ ထိုအလင်းတန်းသည် ပျံသန်းသွားပြီး မကြာမှီတွင် ထွက်ပြေးနေသည့် ခေါင်းဆောင်သူရဲကောင်းထံသို့ ရောက်ရှိသွားတော့၏။
“ဒါ ဘာလဲ...သေစမ်း...” သူရဲကောင်းမှ အော်ဟစ်လိုက်သည်။
ထိုအလင်းတန်းသူနှင့် ထိလိုက်မိလျှင် ထိမိခြင်းပင် ထိုးဖောက်မြင်နိုင်သည့် ပူစီပေါင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး သူ့အား ၀န်းရံကာ ဖမ်းချုပ်လိုက်သည့်အတွက်ပင်။ ကလေးတစ်ယောက်ဆော့သည့် ဆပ်ပြာပူပေါင်းတစ်ခုနှင့်တူသော်လည်း ပို၍ ကြီးမားကာ ခိုင်မာ၏။
ထိုပူပေါင်းသည် ပါးလွှာသော်လည်း ခေါင်းဆောင်သူရဲကောင်းမည်မျှပင် ဖျက်ဆီးရန်အတွက် ကြိုးစားစေကာမူ ပျက်ဆီးသွားခြင်းမရှိပေ။ နောက်ဆုံးတွင် ထိုပူပေါင်းသည် ဖှေးထံသို့ ပျံလည်ကာ ပျံသန်းလာတော့သည်။
ယခုအချိန်တွင် ဖှေးသည်လည်း တစ်နေရာသို့ ပျံသန်းသွားရာမှ ပြန်လည်ကာ ရောက်ရှိလာပြီဖြစ်သည်။
သူ၏လက်ထဲတွင် နောက်တရသည့်အမူယာတစ်ခုရှိနေကာ ဖြူဖက်ဖြူယော်ဖြင့် သူတော်စင်ဘေးလ်အား ကိုင်ထား၏။
ရှီရဲကျောင်းတော်မှ သိုင်းဆရာငါးယောက်လုံးသည် အသတ်ခံလိုက်ရလျှင်အသတ်ခံရ သို့မဟုတ်အဖမ်းခံလိုက်ရပြီဖြစ်သည်။ ဖှေးဘက်တွင် ဒဏ်ရာရရှိသွားခဲ့သည့် ဂျက်စီမှ လွဲ၍ မည်သူမှ ထိခိုက်ခြင်းမရှိပေ။
တိုးရိစ်သည် ဤကဲ့သို့သော မြင်ကွင်းနှင့်အသားကျနေပြီးဖြစ်၏။
ဖှေး၏ အယုံကြည်ရဆုံးသော ကိုယ်ရံတော်သည် သူ၏ ဘုရင်အား ယုံကြည်ပြီး သူ၏ ဘုရင်မသိမ်းပိုက်နိုင်သည့်အရာမရှိဟု လက်ခံထားသည်။ သူသည် ဤကဲ့သို့ ဘုရင်အနိုင်ရသွားသည်ကို မြင်တွေ့ရသည်မှာလည်း အကြိမ်ပေါင်းများစွာရှိပြီဖြစ်သောကြောင့်ပင်။
သို့သော် လူး၀စ်၊ ပါတိုနှင့် ဘရန်တို့မှာ မြင်ဖူးခြင်းမရှိသေးပေ။
ယခင်က သူတို့၏ ဘုရင်မည်မျှစွမ်းအားမြင့်မားကြောင်းကို သူတို့၏ ဆရာများနှင့် တစ်ခြားလူများထံမှသာကြားဖူးခဲ့သည်။ သို့သော် အကောင်းဆုံးကဗျာများကပင် ကောင်းမွန်ပြတ်သားစွာဖော်ပြနိုင်ခြင်းမရှိကြပေ။ ယခုအချိန်တွင်မူ သူတို့၏မျက်လုံးများနှင့် ကိုယ်တိုင်မြင်တွေ့ဖူးလိုက်ပြီဖြစ်သည်။
သူတို့ဘုရင်တိုက်ပွဲ၀င်နေသည်အား မြင်လိုက်ရခြင်းမှ ခံစားလိုက်ရသော တုန်လှုပ်ခြင်းကြောင်း သူတို့သည် ဖှေးအား ပို၍ပင် လေးစားမိသွား၏။ သူတို့သည် ယခင်က ဖှေးအား စံပြပုဂ္ဂိုလ်တစ်ယောက်အနေဖြင့် မြင်ကြပြီး ယခုအချိန်တွင် ကိုးကွယ်လိုစိတ်များပင် ပေါက်လာတော့၏။
သူတို့သည် အလွန်မင်သက်နေသဖြင့် ဖှေးသည် မဟာဘုရားကျောင်းမှလအဆင့်သိုင်းဆရာသုံးယောက်အား လွယ်ကူစွာသတ်ဖြတ်ခဲ့သည်ဟူသည့်အချက်ကိုပင် မေ့နေကြ၏။ ဤသတင်းသည် ဇီးနစ်အင်ပါယာတစ်ခုလုံးကို တုန်လှုပ်သွားစေနိုင်သည့်သတင်းပင်။
“အတော်လေးမြန်လို့ ဗွီဒီယိုအရည်သွေးကတော့သိပ်မကောင်းဘူး။ ဒါပေမယ့် ဒီလောက်ဆိုရင် ငါတို့ရဲ့ အတန်းသားတွေကို ကြွားလို့ရပါပြီ။ ဟားဟား ငါက အရှင်မင်းကြီးတိုက်ပွဲ၀င်နေတာကို မှတ်တမ်းတင်ထားနိုင်လိုက်တာပဲ....” လည်လည်၀ယ်၀ယ်ရှိသည့်လူး၀စ်သည် တိုက်ပွဲတစ်ခုလုံးအား ဒိုင်ဗွီတလင်းကျောက်ဖြင့် မှတ်တမ်းတင်ထားလိုက်သည်။
ညလေညှင်းတိုက်ခိုက်နေသည့်အတွက်ကြောင့် လေထုသည် အေးစက်နေသည်။
ကျန်ရှိနေသည့် မြင့်မြတ်သောစွမ်းအင်များသည်လည်း လေထုထဲတွင်ပျော်၀င်ကာ ပျောက်ကွယ်သွားကြတော့သည်။
“ချမ်းဘော့ဒ်ဘုရင် မင်းတော့ နောက်တရလိမ့်မည်။ မင်းနောက်တစ်ခါနိုင်လိမ့်မယ်လို့မထင်နဲ့။ မင်းကို မြောက်ပိုင်းရှီရဲကျောင်းတော်ရော မြောက်ပိုင်းဒေသ ဂိုဏ်းအုပ် မစ်စတာ ပလတ်တီနီရောက ပစ်မှတ်ထားနေတယ်။ မင်း မကြာခင်မှာပဲ မီးရှို့ပြီး ကွပ်မျက်ခံရတော့မယ်။ မင်းရဲ့ ကံတရားက အမြဲတမ်းတော့ ကောင်းမနေနိုင်ပါဘူး။ ဟီးဟီ းငါမင်းကို ကျိမ်စာတိုက်တယ်။ မင်းချစ်တဲ့လူတွေ မင်းတန်ဖိုးထားတဲ့လူတွေအကုန်လုံး မင်းရှေ့မှာ သေစေရမယ်။ မင်း ကာကွယ်ပေးဖို့ ကြိုးစားနေတဲ့ ချမ်းဘော့ဒ်တိုင်းပြည်တစ်ခုလုံးကလည်း မကြာမှီမှာအရိုးစုတွေနဲ့ ပြည့်နေတဲ့ မြို့ပျက်ကြီးတစ်ခုအဖြစ်ပြောင်းလဲသွားစေရမယ်....”
သူ၏နောက်ဆုံးအချိန်နီးကပ်လာပြီကို ဘေးလ်သိသည့်အတွက်ကြောင့် အသက်ရှင်နိုင်ရန်အတွက် မျှော်လင့်ချက်ထားခြင်းမရှိတော့ပေ၊
ထို့ကြောင့် သူ၏ ကြမ်းတမ်းသည့်အသံဖြင့် အော်ဟစ်ကာ ကျိမ်ဆဲလိုက်သည်။ သူက စကားလုံးများသည်ရက်စက်ကြမ်းကြုတ်နေပြီး သူ၏ အသံနေအသံထားသည် အေးစက်ကာ လူတိုင်းကို ကြောက်လန့်တုန်လှုပ်သွားစေလောက်၏။
သူ၏စကားမဆုံးသေးခင်မှာပင် သူ၏ ခန္ဓာကိုယ်အား ချက်ချင်းပင် သွေးမြူများဖုံးလွှမ်းသွားတော့၏။ သွေးများသည် သူ၏ မျက်လုံးများ၊ နှားများ၊ နှာခေါင်းများအတွင်းမှ စီးကျလာသည်။ သူ၏ ကောက်ကျစ်သောအပြုံးသည်လည်း အေးစက်သွား၏။ ထို့နောက်တွင် သူ၏ ခေါင်းသည်အနောက်သို့ လန်ကျသွားကာ သေဆုံးသွားပြီဖြစ်သည်။
သူသည် မိမိကိုယ်မိမိသတ်သေရန်အတွက် ရွေးချယ်လိုက်ခြင်းပင်။
လွန်ခဲ့သည့်အချိန်များတွင် သူ၏ ခန္ဓာကိုယ်ထဲတွင်ရှိနေသည့် မြင့်မြတ်သောစွမ်းအင်များနှင့် မရဏစွမ်းအင်များသည် တိုက်ခိုက်နေခဲ့ကာ သူ့ကို နေ့စဥ်နှိပ်စက်နေခဲ့သည်။ ယခုအချိန်တွင် ဖှေးသည် သူ့အား ဖမ်းဆီးလိုက်ပြီဖြစ်သည့်အတွက် သူသည် ကိုယ့်ကိုယ်ကိုယ်သတ်သေလိုက်ခြင်းပင်။
သူ၏ အသိစိတ်မလွှတ်သေးမှီနောက်ဆုံးအချိန်တွင် လွန်ခဲ့သည့်နှစ်၀က်ခန့်က မြို့တော်စိန့်ပီတာစဘာ့တ်တွင် ချမ်းဘော့ဒ်စခန်းသို့ သွားရောက်ခဲ့သည့်ညအကြောင်းကို ပြန်လည်ကာ စဥ်းစားလိုက်မိသည်။
သူ၏ခေါင်းထဲတွင် ထူးဆန်းသည့် အတွေးတစ်ခုလဲပေါ်လာခဲ့သည်။ “တကယ်လို့ ငါသာ အချိန်တွေကို နောက်ပြန်ဆုတ်လို့ ရမယ်ဆိုရင် အန်ဂျယ်လာလို့ ခေါ်တဲ့ကောင်မလေးအတွက်နဲ့ ချမ်းဘော့ဒ်ဘုရင်ကို င့ါရန်သူမလုပ်ခဲ့ပါဘူး....”
ဖှေး နှာခေါင်းရှုံ့ကာ ဘာမှ ပြန်ပြောခြင်းမရှိပေေ။
သူသည် ထိုင်လိုက်ပြီး ဘေးလ်၏ အလောင်းပေါ်တွင် သူ၏လက်ကို တင်လိုက်သည်။ ဤတကြိမ်တွင် ဘေးလ်သေသွားပြီဖြစ်ကြောင်း ၁၀၀ရာခိုင်နှုန်းသေချာသွားသည့်အချိန်မှသာ ဖှေးစိတ်အေးသွားတော့၏။
တစ်ချိန်တည်းမှာပင် ဖှေးတစ်စုံတစ်ခုကို သတိထားလိုက်မိသည်။
သူ၏မျက်နှာပေါ်တွင် ထူးဆန်းသည့် အမူယာတစ်ခုနှင့်အတူ ရေရွတ်လိုက်မိသည်။
“အံ့သြစရာပဲ အရင်တစ်ခေါက်တုန်းက ငါက သူ့ရဲ့ဘယ်ဘက်နှလုံးသားကို ထိုးစိုက်လိုက်တာပါ။ အဲ့လိုဆိုရင် နေအဆင့်သခင်တစ်ယောက်တောင်အသက်ရှင်နိုင်စရာအကြောင်းမရှိဘူးလေ။ သူအသက်ရှင်ခဲ့တာက သူ့ရဲ့နှလုံးသားက ညာဘက်မှာရှိနေလို့ကိုး...”