← Chapters

အခန်း (၆၈၈)

Vol. 44 Ch. 688

အခန်း (၆၈၈)

Vol. 44 Ch. 688

အကြိမ်ပေါင်းများစွာရန်စခြင်းခံရပါက သူတော်စင်တစ်ယောက်ပင် ဒေါသဖြစ်မိလိမ့်မည်ဖြစ်သည်။ ဖှေးသည်လည်း ထို့နည်း၄င်းပင်။

မင်းသားနှင့် သူ၏ လူရုံများ၏ ဖိအားပေးခြင်း၊ ရန်စခြင်းကို အကြိမ်ပေါင်းများစွာခံခဲ့ရပြီးသည့်နောက်တွင် သူ့အား ယခုတစ်ကြိမ်တွင် ပုန်ကန်မှုဖြင့် စွပ်စွဲလိုက်သည့်အတွက်ကြောင့် ဒေါသဖြစ်သွား၏။ သူထိုစကားများကို ပြောလိုက်သည့်အချိန်က သူ၏ သတ်ဖြတ်လိုသောဆန္ဒအရှိန်၀ါများကိုလည်း ဖုံးကွယ်ထားခြင်းမရှိပေ။ သူသည် အာရှဗင်အား နာမည်တပ်ပြောလိုက်ခြင်းမရှိသော်လည်း သူ၏ ခြိမ်းခြောက်သည့်အသံနေအသံထားအား ကွယ်၀ှက်ထားခြင်းမရှိပေ။

ဖှေးပြောသည်ကို ကြားလိုက်ရသည့်အချိန်တွင် အသက်လတ်ပိုင်းအရွယ်လူသည် မျှော်လင့်ချက်များအားလုံးပျောက်ကွယ်သွားကာ အေးစက်သွား၏။

ဖှေးသည်စကားပြောနေသည့်အချိန်တွင် ညင်သာစွာအသက်ရူထုတ်၍ ရွှေရောင်ဓားသွားစွမ်းအင်ပေါ်သို့ မှုတ်ထုတ်လိုက်သည်။ ဤထိုးဖောက်၀င်ရောက်လာသည့်လူအား တုန်လှုပ်သွားစေသည်မှာ ယခင်က ပြိုင်ဘက်ကင်းခဲ့သည့် ဓားသွားစွမ်းအင်သည် ယခုအချိန်တွင် ကွဲအက်သွားပြီး ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားကာ လေထုထဲတွင်ပျောက်ကွယ်သွားခြင်းပင်။ စက္ကန့်အနည်းငယ်ခန့်ကြာသည့်အချိန်တွင် ထိုစွမ်းအင်သည် မည်သည့်အချိန်ကမှ မရှိခဲ့သည့်အတိုင်းပင်။

ဤအခိုက်တန့်တွင် ထိုအသက်လတ်ပိုင်းအရွယ်လူသည် ချမ်းဘော့ဒ်ဘုရင်၏ စကားလုံးများ၏ အဓိပ္ပါယ်ကိုနားလည်လာပြီး ချမ်းဘော့ဒ်ဘုရင် မည်မျှစွမ်းအားကြီးမားကြောင်းကိုလည်း နားလည်သွား၏။

ဤရွှေရောင်စွမ်းအင်သည် မည်သူ၏ စွမ်းအင်ဖြစ်သည်နှင့် မည်မျှပင်စွမ်းအားမြင့်မားသည်ကို သူကောင်းစွာသိသည့်အတွက်ပင်။

ဤ၀ှက်ဖဲအား အချိန်ကောင်းနှင့်ကြုံလာခဲ့ပါက ချမ်းဘော့ဒ်ဘုရင်အား လုပ်ကြံသတ်ဖြတ်ရန်အတွက် သူ့ကို ပေးထားခြင်းပင်။ သို့သော် ယခုအချိန်တွင် သူတို့၏ အကြံစည်များနှင့် အစီစဥ်များသည်ရီစရာကောင်းနေသလိုပင်။ ခွေးအနည်းငယ်သည် မြင့်မြတ်သည့် နဂါးတစ်ကောင်အား သတ်ဖြတ်ရန်အတွက်ကြိုးစားနေသလိုပင်။

ဘုရင်၏ စွမ်းအားသည် သူတို့ထင်ထားသည်ထက်များစွာကျော်လွန်နေသည့်အတွက်ပင်။

ဘုရင်အလေးနက်ထားလိုက်ပါက သူ၏ ၀ေ၀ါးသည့်အရှိန်၀ါကပင် လအဆင့်သိုင်းဆရာတစ်ယောက်ဖြစ်သည့် အသက်လတ်ပိုင်းအရွယ်လူအား တောင်ကြီးတစ်လုံးဖြင့် ဖိခံထားရသလို ခံစားစေသည့်အတွက်ပင်။

ခုခံ၍ မရနိုင်သည့်စွမ်းအားပင်။

ဤအသက်လတ်ပိုင်းအရွယ်လူသည် သူ၏စိတ်ထဲတွင်ဘုရင်အလတ်ဇန္ဒားအား ပြောင်းလဲကာ မြင်လိုက်မိပြီး မင်းသားအာရှဗင်အတွက် စိတ်မကောင်းသလိုခံစားလိုက်ရသည်။

“လောလောဆယ်မှာ ဂုဏ်ယူနေတဲ့ ဇီးနစ်စစ်ပွဲနတ်ဘုရားသာ ချမ်းဘော့ဒ်ဘုရင်ရဲ့လက်ရှိအစွမ်းတွေကို မြင်လိုက်မိမယ်ဆိုရင် ချက်ချင်းကို ရပ်တည်မှုပြောင်းလဲသွားမှာပဲ။ ကြည့်ရတဲ့ပုံအရ သူတိုက်ခိုက်နေတဲ့တိုက်ပွဲက အဓိပ္ပါယ်မရှိတဲ့ပုံပဲ။ သူ့အတွက် အနိုင်ရရှိနိုင်တဲ့အခွင့်ရေးလုံး၀မရှိဘူး။ တကယ်လို့ ဒရာမာဆန်ဆန်အလှည့်ပြောင်းတစ်ခုသာရှိမလာခဲ့ဘူးဆိုရင် ဇီးနစ်အင်ပါယာထဲမှာ အတော်ဆုံးစစ်ရေးခေါင်းဆောင်မင်းသားနဲ့ အင်ပါယာထဲမှာ နာမည်ကြီးလာနေတဲ့ ဒီလူငယ်တို့ရဲ့ တိုက်ပွဲရလဒ်က အဖြေပေါ်နေပြီ...”

ဤအသက်လတ်ပိုင်းအရွယ်လူသည် အရာရာကို တွေးကြည့်ကာ အညံ့ခံလိုက်သည်။ သူသည် လောကကြီး၏ သဘာ၀ကိုကောင်းစွာသိပြီး စွမ်းအားသည် မည်သည့်အရာကိုမဆိုအနိုင်ယူနိုင်ကြောင်းကိုလည်းသိရှိသည့်အတွက်ပင်။

သူတော်စင်စစ်သည်တစ်ယောက်ရောက်လာပြီး သူ့အားမှော်စွမ်းအင် လက်ထိပ်ဖြင့် ဖမ်းချုပ်နေသည့်အချိန်တွင်ပင်လျှင် ပြန်လည်ခုခံခြင်းမရှိတော့ပေ။ စွမ်းအားမြင့်မားသည့် သိုင်းဆရာတစ်ယောက်ဖြစ်သော ဘုရင်ကိုယ်တိုင်ဤနေရာတွင်ရှိနေသည့်အတွက်ကြောင့် သူသည် လွတ်မြောက်ထွက်ပြေးနိုင်တော့မည်မဟုတ်ပေ။ ခုခံနေခြင်းကြောင့် ပို၍ အရှက်ကွဲရုံသာရှိတော့မည်ဖြစ်သည်။

“သူ့ကို တရားစီရင်ရေးဌာနကို လွှဲပေးလိုက်ကွာ...” ဖှေးသည် သူ၏လက်ကို ၀ှေ့ရမ်းလိုက်သည်။

သူဘာမှမပြောသော်လည်း အိုလတ်ဂ်သည် သူအလိုရှိသည်ကို ကောင်းစွာနားလည်မည်ဖြစ်ကြောင်းကို သူသိသည်။ ဤလူသည် လုံခြုံရေးတင်းကြပ်ကာ အစောင့်များစွာချထားသည့် သူရဲကောင်းမြို့တော်ထဲသို့ ခိုး၀င်လာနိုင်ခဲ့သည့်အတွက်ကြောင့် တစ်စုံတစ်ခုမှားယွန်းနေသည်မှာ သေချာသည်ဟုပြောရမည်ဖြစ်သည်။ ထို့ကြောင့် ထိုအမှားယွင်းအား လျှင်မြန်စွာဖော်ထုတ်ပြုပြင်ရမည်ဖြစ်သည်။

ဤကိစ္စများအားလုံး၏ နောက်ကွယ်တွင်ရှိနေသည့် ရှိနေသည့်လူကို သိရှိပြီးဖြစ်သည့်အတွက်ကြောင့် ထိုကိစ္စအား ဆက်လက်ဖော်ထုတ်ရန်လိုအပ်တော့မည်မဟုတ်ပေ။

“ချမ်းဘော့ဒ်ဘုရင်...”

ဆွဲခေါ်သွားခြင်းမခံရမှီအချိန်တွင် အသက်လတ်ပိုင်းအရွယ်လူသ်ည ဖှေးအားကြည့်လိုက်ပြီးတစ်ခုခုပြောချင်နေသည့်ပုံပင်။ သို့သော် သူသည် နောက်ဆုံးတွင် ဘာမှမပြောတော့ပဲ သက်ပြင်းသာချလိုက်၏။

ယခင်က ချမ်းဘော့ဒ်ဘုရင်သည် နာမည်ကြီးလာသောကြောင့် မာနထောင်လွှားကာ ကိုယ့်နေရာကိုယ်မသိသည့်လူငယ်တစ်ယောက်ဟုသာ ထင်ခဲ့သည်။ မင်းသားအာရှဗင်ကိုယ်တိုင် သူတို့အား ချမ်းဘော့ဒ်တိုင်းပြည်ထဲတွင် အထူးသတိပြု၍ လှုပ်ရှားကြရန်အမိန့်ပေးခဲ့သော်လည်း သူ၏ ဆရာဖြစ်သူ တော်၀င်မိသားစုကိုယ်ရံတော်အဖွဲ့၀င်အရာရှိသည် လိုက်နာခဲ့ခြင်းမရှိပေ။ သူ၏ အမြင်တွင် အဖွဲ့၀င်တိုင်းပြည်တစ်ခု၏ ဘုရင်သည် မည်မျှပင်အရည်ချင်းရှိနေစေကာမူ နောက်ခံအထောက်ပံ့မရှိပါက ဘာမှစွမ်းဆောင်နိုင်လိမ့်မည်မဟုတ်ဟုထင်ထားခဲ့သည့်အတွက်ကြောင့်ပင်။

“စာကလေးတစ်ကောင်က အမြဲတန်းစာကလေးတစ်ကောင်ပဲဖြစ်နေမှာပဲ။ သူက သစ်ပင်တစ်ပင်ပေါ်ကို ခုန်တက်လိုက်ရုံနဲ့ သိမ်းငှက်တစ်ကောင်တော့ဖြစ်လာနိုင်မှာမဟုတ်ဘူးလေ...” သူတစ်ချိန်က တွေးခဲ့မိသည်။

“ဒီလိုဆိုရင် စာကလေးတစ်ကောင်က သစ်ပင်တစ်ပင်ပေါ်ကို ခုန်တက်လိုက်ပြီး သိမ်းငှက်တစ်ကောင်တင်မကပဲနဲ့ မြင့်မြတ်တဲ့နဂါးကြီးတစ်ကောင်ပါဖြစ်လာခဲ့တာပဲ...”

“ဇီးနစ်အင်ပါယာထဲမှာ ဒီစွမ်းအားကြီးမားနေတဲ့ ဘုရင်ငယ်ကို ရင်ဆိုင်နိုင်တဲ့လူရောရှိသေးရဲ့လား...” မြေအောက်လိုဏ်ဂူထဲတွင်ရှိသည့် အကျင်းခန်းတစ်ခုသို့ ဆွဲခေါ်သွားခံရနေရင်းဖြင့် ဤအသက်လတ်ပိုင်းအရွယ်လူ တွေးလိုက်မိသည်။

ဤအခိုက်တန့်တွင် သူသည် အလွန်အားနည်းနေ၏။ သွေးထွက်လွန်ခြင်းနှင့် ပြင်းထန်သည့် ဒဏ်ရာများကြောင့် သူ၏ မျက်နှာသည် ဖြူဖက်ဖြူယော်ဖြစ်နေပြီး သူ၏နှုတ်ခမ်းများသည်လည်း အမဲရောင်သို့ပင်ပြောင်းလဲနေ၏။ သို့သော် သူသိလိုက်ရသည့်အရာသည် သူ၏ ဒဏ်ရာများထက်ပင် ပို၍ ကြောက်လန့်တုန်လှုပ်ဖွယ်ကောင်းနေ၏။

အင်ပါယာ၏ လျို့၀ှက်သိုင်းဆရာများကိုတွေးလိုက်မိပြီး သူသည် တုန်လှုပ်ဖွယ်ကောင်းသည့်အချက်တစ်ချက်ကို သတိထားလိုက်မိသည်။ အင်ပါယာထဲတွင်ရှိနေသည့် သိုင်းဆရာများအားလုံးထွက်လာစေကာမူ သူတို့ထဲမှ မည်သူမှ ချမ်းဘော့ဒ်ဘုရင်အား ယှဥ်နိုင်မည်မဟုတ်သောကြောင့်ပင်။

“ဒီဘုရင်ပြောတာမှန်တယ်။ အင်ပါယာအရှင်သခင်ယရှင်းကလွဲပြီးတော့ သူ့ကိုဘယ်သူမှ မယှဥ်နိုင်တော့ဘူး။ နောက်ထပ်ကြောက်စရာကောင်းတဲ့တစ်ချက်က ချမ်းဘော့ဒ်စစ်သည်တွေက သူတို့ဘုရင်ကို နတ်ဘုရားတစ်ပါးလို မြင်နေကြတာပဲ။ သူတို့ရဲ့ သစ္စာရှိမှုက သွေးသံမဏိတပ်ဖွဲ့က စစ်သည်တွေ မင်းသားအာရှဗင်ကို သစ္စာရှိတာထက်အများကြီးပိုနေတယ်...” ချမ်းဘော့ဒ်စစ်သည်များ သူတို့ဘုရင်ကို ကြည့်သည့်ပုံစံအား ပြန်လည်စဥ်းစားလိုက်မိသည့်အချိန်တွင် ဤအသက်လတ်ပိုင်းအရွယ်လူသည် ကြောက်လန့်သွား၏။ ဘုရင်သည် ဇီးနစ်အင်ပါယာအား ပုန်ကန်၍ ခွဲထွက်လိုသည်ဟုအမိန့်ပေးလိုက်ပါကလည်း စစ်သည်များသည် သူ၏ အမိန့်အား လိုလိုလားလားပင်လက်ခံကြမည်ဖြစ်သည်။ ချမ်းဘော့ဒ်စစ်သည်များ၏ စိတ်ထဲတွင် ဇီးနစ်အင်ပါယာသည် ဘာမှမဟုတ်တော့ပေ။

စစ်သည်များနှင့်တပ်ဖွဲ့များတွင်ရှိနေသည့်လူများသည် ထိုအချက်သည်မည်မျှကြောက်စရာကောင်းကြောင်းကို သိကြသည်။ သာမန်လူများပင် ဇီးနစ်အင်ပါယာအတွက် ပြသနာကို မြင်နေရပြီဖြစ်သည်။

“ချမ်းဘော့ဒ်ဘုရင်က ဇီးနစ်အင်ပါယာထဲမှာရှိနေတာက ကံကောင်းတာလားမကောင်းတာလား...” သူတွေးလိုက်မိသည်။

......

ဤဖြစ်ရပ်သည် လျှင်မြန်စွာပင် ပြီးသွားပြီး ဖှေးသည်လည်း သူ၏လူများကို သူမည်မျှစွမ်းအားကြီးမားနေကြောင်းကိုပြသလိုက်သည်။ ရလဒ်အနေဖြင့် သူတော်စင်စစ်သည်များနှင့် ဥပဒေပြုစစ်သည်များသည် ဖှေးအား ပို၍ပင် ယုံကြည်ကိုးကွယ်လာကြတော့၏။

ယခုအချိန်တွင် သူတိုသည် ရန်သူများအားလယ်ယာလုပ်ပစ္စည်းများဖြင့်သာ ၀ှေ့ရမ်းတိုက်ခိုက်နိုင်သည့် သာမန်လယ်သမားများမဟုတ်ကြတော့ပေ။ တရား၀င်စစ်သည်များအနေဖြင့် သူတို့သည် အတွင်းအားစွမ်းအင်များကိုပင် ပိုင်ဆိုင်ထားကြပြီး သို့မဟုတ်အတွင်းအားစွမ်းအင်များရခါနီးအခြေအနေတွင်ရှိနေကြပြီဖြစ်သည်။ ထို့ကြောင့် သူတို့ဘုရင်၏ စွမ်းအားများသည် ပင်လယ်ပြင်ကဲ့သို့ပင် ကျယ်ပြန့်နေသည်ကို ပြောနိုင်၏။

သူတို့သည် ဘုရင်အား အော်ဟစ်အားပေးနေသည့်အချိန်တွင် ဖှေးသည် ပြန်လည်သစ်လွင်ဆေးပုလင်းတစ်လုံးကို ထုတ်ယူကာ စစ်သည်များကိုကိုယ်တိုင်ကုသပေးလိုက်သည်။

ဤကဲ့သို့ ရိုးရှင်းသည့်လုပ်ရပ်သည် စစ်သည်များကို ပို၍ပင် ပီတိဖြစ်သွားစေ၏။ တစ်ချို့ဆိုလျှင် မျက်ရည်များပင် ၀ဲသွားကြသည်။

ဖှေးသည် မှော်ထောင်ချောက်များကို တိတ်ဆိတ်နေရာချပြီး ဖောက်ထွင်း၀င်လာသည့်လူကို အောင်မြင်စွာဖမ်းနိုင်ခဲ့သည့်ကြယ်သုံးလုံးအဆင့်စစ်သည်အားကုသပေးအပြီးတွင် သူမေးလိုက်သည်။ “စစ်သည် မင်းရဲ့နာမည်ကို ပြောပါဦး...”

ဤလူငယ်သည် ရဲစွမ်းသတ္တိရှိသလို ဉာဏ်ရည်လည်းမြင့်မားသည့်အတွက် ဖှေး၏ စိတ်ထဲတွင် မှတ်မှတ်ရရဖြစ်သွား၏။ ဤလူငယ်အား ပို၍ ကြီးမျက်သည့်အရာဖြစ်လာအောင် လေ့ကျင့်ပေးနိုင်သည်ဟု ဘုရင်မှ ယူဆမိသည့်အတွက်ကြောင့် ဘုရင်သည် အရည်ချင်းရှိသူအား နှစ်သစ်စမြဲပင်။

“အရှင်မင်းကြီး ကျွန်တော့နာမည်က အက်-ဟာဇက်ပါ။ တယ်ရီ-ဟာဇက်ရဲ့သားပါ...” လူငယ်သည် စိတ်လှုပ်ရှားစွာဖြင့် ဖြေလိုက်သည်။ သူသည် လအဆင့်သိုင်းဆရာတစ်ယောက်နှင့် ရင်ဆိုင်နေခဲ့စဥ်က ကြောက်လန့်ခဲ့ခြင်းမရှိသော်လည်း ဘုရင်၏ မေးခွန်းကို ဖြေနေရသည့်အချိန်တွင် တုန်ခါလာ၏။ ဘုရင်သည် သူတို့၏စိတ်ထဲတွင် မည်မျှအရေးပါနေကြောင်းကို ဖော်ပြနေ၏။

“မင်းက ပန်းပဲဆရာအဖိုးကြီး ဟာဇက်ရဲ့သားပဲ...” ဖှေးသည် ဤလူငယ်၏ အဖေအား သိရှိ၏။

“အာ...အရှင်မင်းကြီး..အရှင်က ကျွန်တော့ရဲ့အဖေကို သိတာလား...” လူငယ်သည် အံ့သြသွားပြီး အလွန်ဂုဏ်ယူမိသလိုခံစားလိုက်ရသည်။ ကြီးမြတ်သည့်ဘုရင်တစ်ပါးသည် ဆင်းရဲသားပန်းပဲဆရာတစ်ယောက်ကို သိလိမ့်မည်ဟုထင်ထားခဲ့ခြင်းမရှိတော့သည့်အတွက်ပင်။

“ဟားဟား ငါဘာလို့မသိရမှာလဲ။ ငါတို့ ပြီးခဲ့တဲ့ ဆောင်းဦးမှာ အမဲရောင်ချပ်၀တ်ရန်သူတွေနဲ့တိုက်ခိုက်ခဲ့တုန်းက ငါလည်းမင်းအဖေနဲ့အတူတိုက်ခိုက်ခဲ့တယ်လေ။ မင်းအဖေက တူတစ်လက်သုံးပြီးတော့ ရန်သူခြောက်ယောက်လောက်သတ်ခဲ့တယ်။ သူက တိုက်ပွဲမှာ ခြေထောက်တစ်ဖက်ပြတ်သွားခဲ့တယ်လေ။ သူက တကယ့် စစ်သည်ကောင်းတစ်ယောက်ပဲ။ ကောင်လေး မင်းက မင်းအဖေထက်တောင်ပိုပြီးတော်နေပြီ...မင်းအဖေသိက္ခာကို မကျစေဘူးပဲ...” ဖှေးပြောလိုက်သည်။

သူသည် မှတ်ဉာဏ်ကောင်းသည့်လူတစ်ယောက်ဖြစ်ပြီး ဤကမ္ဘာပေါ်သို့ ရောက်လျှင်ရောက်ခြင်း ပထမဆုံးတိုက်ခိုက်ခဲ့သည့်တိုက်ပွဲဖြစ်သောကြောင့် သူသည် ရှင်းရှင်းလင်းလင်းပင်မှတ်မိနေ၏။ သူသည် ချမ်းဘော့ဒ်ခုခံရေးတွင်ပါ၀င်ကူညီခဲ့သူများ၏ နာမည်များ၊ လူများကိုကောင်းစွာမှတ်မိနေ၏။

ဖှေးကိုယ်တိုင်သိပ်နားမလည်သော်လည်း ဘုရင်၏ မှတ်မိခြင်းကိုခံခြင်းသည် စစ်သည်များအတွက် ကြီးမားသည့် ဂုဏ်ကျက်သရေတစ်ခုပင်။

အတ်-ဟားဇက်သာလျှင်မဟုတ်ပေ ကျန်ရှိနေသည့်စစ်သည်များသည်လည်း ဘုရင်ျသူ၏ စစ်သည်များအားမည်မျှဂရုစိုက်သည်ကို သိလိုက်ရသည့်အတွက်ကြောင့် ပီတိဖြစ်သွားမိသည်။

All Chapters