← Chapters

အခန်း (၆၉၄)

Vol. 44 Ch. 694

အခန်း (၆၉၄)

Vol. 44 Ch. 694

“ဒီရက်ပိုင်းအတွင်းမှာ အင်ပါယာကို ဘယ်လိုငြိမ်အောင်ထိန်းရမလဲဆိုတာကို ငါမသိတော့ဘူး။ ငါနဲ့ အင်ပါယာသူတော်စင်တစ်ယောက်ပဲ လူပုမျိုးနွယ်နတ်ဘုရားဖီးယက်သေဆုံးသွားခဲ့တာကို သိတယ်။ ဒီသတင်းကို လူသိခံလို့မရသေးဘူး။ အဲ့လိုမှမဟုတ်ဘူးဆိုရင် လူပုမျိုးနွယ်အင်ပါယာကြီးတစ်ခုလုံး ပျက်သုဥ်းသွားရလိမ့်မယ်။ ငါတို့အင်ပါယာရဲ့ ဘိုးဘေးတွေ ငါတို့မျိုးနွယ်ရဲ့ နောက်ဆုံးနေရက်ကို ရောက်လာခဲ့ပြီလား...”

“စစ်ပွဲကြီးစခဲ့တာ ၂၃ရက်ရှိပြီ နတ်နသူငယ်တွေရဲ့အင်ပါယာကတစ်ရက်တောင်တောင့်မခံနိုင်လိုက်ဘူး...နတ်တစ်ပိုင်းကောင်တွေက နတ်ဘုရားနဲ့ နတ်ဆိုးနယ်မြေတွေကို သိမ်းပိုက်နိုင်သွားပြီလား။ နတ်ဘုရားတွေနဲ့ နတ်ဆိုးတွေပျောက်ဆုံးသွားခဲ့ပြီ။ အဲ့မကောင်းဆိုး၀ါးတွေက ကမ္ဘာပေါ်မှာကျန်ခဲ့တဲ့တစ်ခြားမျိုးစိတ်တွေကိုလဲ လိုက်သတ်နေတယ်ကြားတယ်။ သူတို့က ဆာလောင်နေတဲ့သားရဲတွေလိုပဲ။ ဘာကိုမှ အရှင်မထားခဲ့ကြဘူး။ နတ်သူငယ်ဘုရင်မနဲ့ သူတို့လူတွေလဲတိုက်ပွဲကျကုန်ကြပြီ။ နတ်သူငယ်တွေရဲ့ မြင့်မြတ်သောမြို့တော်ကြီးလဲ ကျဆုံးသွားခဲ့ပြီ။ နတ်သူငယ်တော်၀င်မိသားစု၀င်တစ်ချို့ပဲလွတ်မြောက်သွားခဲ့ပြီးတော့ ဘီလူးမျိုးနွယ်တွေဆီမှာ ခိုလှုံဖို့သွားတယ်လို့ ငါကြားလိုက်မိတယ်...”

“ဒီနေ့က ရက်၃၀မြောက်ပဲ။ လူ့ဘီလူးအင်ပါယာကြီးလဲ အသိမ်းခံလိုက်ရပြီ...”

“ဒီနေ့က ၃၃ရက်မြောက်နေ့ပဲ။ မှင်စာအင်ပါယာကလည်း သုံးရက်အတွင်းမှာ ကျဆုံးသွားခဲ့ပြီ။ မှော်ဒုံးကျည်တွေနဲ့ နတ်ဘုရားသတ်ထောင်ခြောက်တွေကတောင် နတ်တစ်ပိုင်းကောင်တွေကို မတားဆီးနိုင်ခဲ့ဘူး...”

“ဒီနေ့က ၃၄ရက်မြောက်နေ့ပဲ ဂါရက်အင်ပါယာရဲ့ ၁၃၄ယောက်မြောက်အင်ပါယာအရှင်သခင်ဖြစ်တဲ့ ငါ ဂါရက်-ဘေလ်က စစ်ကြေငြာအမိန့်ကိုပေးလိုက်ပြီ။ ငါတို့လူပုမျိုးနွယ်တွေ အသက်ဆက်ရှင်သန်ဖို့အတွက် စစ်ပွဲကို ရှောင်ဖယ်နေဖို့မဖြစ်နိုင်တော့ဘူး...”

“ဒီနေ့က ၃၆ရက်မြောက်နေ့ပဲ လူ့ဘီလူးတွေရဲ့အင်ပါယာအရှင်သခင်လဲသေဆုံးသွားခဲ့ပြီးတော့ ဘီလူးတွေနေထိုင်တဲ့ တောင်တန်းအင်ပါယာကြီးလဲ ကျရှုံးသွားခဲ့ပြီ။ ဘီလူးတွေမျိုးသုဥ်းသွားခဲ့ပြီ...”

“ငါတို့ ဂါရက်အင်ပါယာမှာလည်း စစ်မီးတွေစလောင်နေပြီ....”

“သတင်းဆိုးပဲ ငါတို့တွေ ဖာရန်တောင်အောက်မှာရှိတဲ့ မြေအောက်မြို့တော်ထဲကို သွားခဲ့ကြပေမယ့်။ လူပုမျိုးနွယ် သုံးသန်းလောက်တိုက်ခိုက်ရင်းကျရှုံးသွားခဲ့ကြတယ်...”

ဒီနေ့က လေးဆယ်ရက်မြောက်နေ့ပဲ ကြံ့ခိုင်တဲ့ လူပုစစ်သည်တွေက ကျူးကျော်လာသူတွေကို ပထမဆုံးအနေနဲ့ တစ်ရက်လောက် ဆုတ်ခွာအောင်တိုက်ထုတ်နိုင်ခဲ့ကြတယ်။ ဒါပေမယ့် ငါတို့စစ်သည်အင်ပါယာတစ်၀က်လောက်ဆုံးရှုံးသွားခဲ့တယ်...”

“ငါတို့မှာ နောက်ဆုံး မြေအောက်မြို့တော်တစ်ခုပဲ ကျန်တော့တယ်။ အမှောင်ထုကြီးရောက်လာခဲ့ပြီ။ ငါသေခြင်းတရားကိုတောင် ခံစားနေရပြီ...”

“အင်ပါယာသူတော်စင်လဲ သေသွားပြီ...”

“ငါတို့မှာ စစ်သည်အင်အား တစ်သောင်းလောက်ပဲ ကျန်တော့တယ်...”

“ရန်သူတွေက အရမ်းများလွန်းတယ်။ ငါတို့ သူတို့ကို အကုန်လုံးသတ်နိုင်မှာမဟုတ်ဘူး။ သူတို့က လှိုင်းလုံးကြီးတွေကို ငါတို့ဆီကို ချီတပ်လာနေတယ်။ နောက်ဆုံးမျိုးနွယ်နန်းတော်ဆီကို သွားတဲ့ ဂိတ်တံခါးကိုဖွင့်မှပဲရတော့မယ်...အဲ့နေရာက ဒီကောင်တွေရဲ့ တိုက်ခိုက်မှုကို တားဆီးပေးနိုင်ကောင်းပါတယ်...”

“ငါတို့ အသက်ရှူချိန်နည်းနည်းရသွားခဲ့တယ်။ ဒါပေမယ့် ငါတို့ လူအင်အား ၃၀၀၀လောက်ပဲကျန်တော့တယ်။ လွန်ခဲ့တဲ့ဆယ်ရက်လောက်က ငါတို့တွေက စစ်သည်အင်အား သန်းနဲ့ချီပြီးရှိတဲ့အင်ပါယာကြီးတစ်ခုပဲ။ ဖော်ပြလို့တောင် မရနိုင်တဲ့ဖြစ်ရပ်ဆိုးတစ်ခုပဲ။ ငါတို့ရဲ့ အသိုင်း၀ိုင်းကြီးတစ်လုံးကို ဖျက်ဆီးခံလိုက်ရတာပဲ။ တိုက်ကြီးတစ်ခုလုံးပျက်ဆီးသွားတော့မယ်ထင်တယ်...”

“သူတို့ ငါတို့မျိုးနွယ်စုနောက်ဆုံးနန်းတော်ကို ရှာတွေ့သွားခဲ့ပြီ...”

“စွမ်းအားကြီးမားတဲ့ သတ္တ၀ါကြီးတစ်ကောင်က ငါတို့နောက်ဆုံးမျိုးနွယ်စုနန်းတော်ကို တိုက်ခိုက်နေတယ်။ နတ်ဘုရားမှော်အစီရင်တွေကတောင် သူ့ကို မခုခံနိုင်ဘူး...”

“အဲ့သတ္တ၀ါကြီးက စတင်ချည်းကပ်လာနေပြီ...”

“ငါတို့တွေ ချောင်ပိတ်မိနေပြီ...”

“တကယ်လို့ နောင်လာနောက်သားတစ်ယောက်ယောက် င့ါရေးထားခဲ့တဲ့စာတွေကို မြင်နိုင်မယ်ဆိုရင် လူပုမျိုးနွယ်တွေကလည်း ငါတို့ တိုက်ကိုကာကွယ်ဖို့အတွက် တိုက်ပွဲ၀င်ခဲ့တယ်ဆိုတာကို ယုံကြည်ပေးပါ။ ငါတို့နောက်ဆုံးမှာ ရှုံးနိမ့်ဖို့သေချာသလောက်ဖြစ်နေပေမယ့် လူပုစစ်သည်တွေက နောက်ဆုံးအချိန်ထိအရှုံးပေးသွားမှာမဟုတ်ဘူး...”

“နောက်ဆုံးအချိန်ရောက်နေပြီ။ နှစ်ပေါင်း၆၀၀၀လောက်တည်တံ့ခဲ့တဲ့ ဂါရက်အင်ပါယာကြီးက ကျရှုံးတော့မှာပဲ။ နတ်ဘုရားထောက်တိုင် ခေါင်းဆောင်၄၀က လူပုနတ်ဘုရားအထိန်းမှတ်အဆောက်ဦးကို ကာကွယ်ပေးပြီးတိုက်ခိုက်နေတယ်။ ငါလဲ ဒီနောက်ဆုံးတိုက်ပွဲမှာ အင်ပါယာအရှင်သခင်တစ်ယောက်အနေနဲ့ ငါ့စစ်သည်တွေဘေးမှာ တိုက်ခိုက်သွားမယ်...”

“ဟမ် နတ်ဘုရားတစ်ပိုင်းကောင် တစ်ကောင်ပါလား။ ဒီသတ္တ၀ါက တကယ်ပဲ လာနေပြီပဲ...”

ဤသည်မှာ တိုက်ကြီး၏ နောက်ဆုံးနေ့ရက်အကြောင်းကို မှတ်တမ်းတင်ထားသည့် ဒိုင်ယာယီစာအုပ်တစ်ခုပင်။

မှတ်တမ်းသည် ဤနေရာတွင်အဆုံးသတ်သွားပြီးနောက်ပိုင်းစာလုံးများသည် အလွန်ရှုပ်ယှက်ခတ်နေသည့်အတွက် ဖတ်ရှု၍ မရနိုင်တော့ပေ။

ကြည့်ရသည့်ပုံအရ ဤလူပုဘုရင်သည် အလွန်မင်းထိတ်လန့်သွားခဲ့ပြီး ဆက်လက်မှတ်တမ်းတင်နိုင်ခဲ့ခြင်းမရှိတော့သည့်ပုံပင်။

ဖှေးသည် သက်ပြင်းချလိုက်ပြီး ဤသွေးစွန်းနေသည့်စာအုပ်ကို ပိတ်လိုက်သည်။

ဖတ်ရှုပြီးသည့်နောက်တွင် ထိုစစ်ပွဲ၏ ဖြစ်ရပ်ဆိုးပုံရိပ်များကို ဖှေး၏စိတ်ထဲတွင်မြင်ယောင်လိုက်မိသည်။ ထိုလူပုဘုရင်မည်ကဲ့သို့ ခံစားခဲ့ရသည်ကို ဖှေးတွေးကြည့်နိုင်၏။

ကြီးမားသည့်အင်ပါယာကြီးများသည် စွမ်းအားကြီးမားသည့် ရန်သူများကြောင့် တစ်ခုပြီးတစ်ခုပျက်သုဥ်းသွားခဲ့ကြပြီး သူတို့အားလုံးဘာမှမတတ်နိုင်ခဲ့ပေ။ အမှောင်ထုသည် ကမ္ဘာကြီးအားလွှမ်းခြုံနေခဲ့ပြီး မျိုးနွယ်စုများစွာ ပျောက်ကွယ်သွားခဲ့ရသည်။ နတ်ဘုရားများစွာနှင့် နတ်ဆိုးများစွာတို့သည်လည်း တိုက်ပွဲများထဲတွင် ကျဆုံးသွားခဲ့ရပြီး တိုက်ပေါ်တွင်ရှိနေသည့် သတ္တ၀ါများအားလုံး မျှော်လင့်ချက်မဲ့ခဲ့ရသည်။ မည်သူမှ အနာဂတ်ကို မြင်နိုင်ခြင်းမရှိပဲ သတ္တ၀ါများအားလုံးသည် တစ်လခွဲအတွင်းမှာပင် မျိုးသုဥ်းပျောက်ကွယ်သွားခဲ့ရ၏။

ဤသည်မှာ နောက်ဆုံးနေရက်တစ်ခုပင်။

ဒိုင်ယာယီထဲတွင် ကြီးမားသည့် အဖြစ်ပျက်များကိုသာ စာလုံးအနည်းငယ်ဖြင့် မှတ်တမ်းတင်ထားခြင်းဖြစ်သော်လည်း လူပုအင်ပါယာအရှင်သခင် ဂါရက်-ဘေလ်၏ စိတ်ထိခိုက်မှုများကို စာမျက်နှာများမှ တဆင့်ဖှေးခံစားနေရပြီး အလွန်မွန်းကြပ်ဖွယ်ပင်။

သွေးစွန်းနေသည့် ဒိုင်ယာယီစာအုပ်အား ဖတ်ရှုလိုက်ပြီးသည့်နောက်တွင် ဖှေး၏ စိတ်သည် ကျောက်တုံးကြီးတစ်ခုကဲ့သို့ပင် လေးလံနေတော့သည်။

ဒိုင်ယာယီသည် ဆိုး၀ါးသည့်အကြောင်းရာတစ်ခုဖြစ်ပျက်သွားခဲ့သလိုပင် အဆုံးသတ်သွားခဲ့သောကြောင့် တစ်ခြားကမ္ဘာမှလာရောက်သည့် နတ်တစ်ပိုင်းဟုခေါ်သော ကြောက်မက်ဖွယ်ရန်သူများသည် လူပုမျိုးနွယ်များအား ချက်ချင်းလိုလိုပင် သတ်ဖြတ်သွားခဲ့ကြောင်းကို ဖှေးရိပ်မိလိုက်သည်။ အင်ပါယာအရှင်သခင်၏ နှလုံးသားကို ယူဆောင်သွားသည့်အချိန်မှာပင် ခေါင်းဆောင်လေးဆယ်သည်လည်း ပြန်လည်တုန့်ပြန်ရန်အတွက် အချိန်မမှီလိုက်ပေ။

နောက်ဆုံးတွင် နေရာတွင်ရှိနေကြသည့် လူပုသိုင်းဆရာများသည် နောက်ဆုံးအချိန်ထိပင် တိုက်ခိုက်နေခဲ့ရပြီး သူတို့အားလုံးမည်သူမှ ဖြစ်ရပ်ဆိုးမှ လွတ်မြောက်နိုင်ခဲ့ခြင်းမရှိခဲ့ပေ။

ထို့နောက်တွင် ကြောက်မက်ဖွယ်ရန်သူများသည် ဤနေရာမှ ထွက်သွားခဲ့ကြ၏။ လူပုများ၏ အလောင်းများနှင့် သူတို့လူများ၏အလောင်းများကိုပင် စိတ်၀င်စားခြင်းမရှိပဲ မြေပြင်ပေါ်တွင်ရှိနေသည့် လက်နက်များကိုပင် ကောက်ယူသွားခဲ့ခြင်းမရှိပေ။

သူဖတ်ရှုခဲ့သည့်အကြောင်းရာများအကြောင်းကို စဥ်းစားကြည့်လိုက်ပြီး ဖှေးသည် သူ၏ဘေးပတ်ပတ်လည်တွင်ရှိနေသည့် အရိုးစုများကိုကြည့်လိုက်ကာ သူ၏အတွေးများကို စုစည်းရန်အတွက် ကြိုးစားကြည့်လိုက်သည်။

သူ၏ စိတ်ထဲတွင်မေးခွန်းများစွာရှိနေ၏။ ဥပမာအနေဖြင့် ထိုနတ်တစ်ပိုင်းကောင်များသည် မည်သူများဖြစ်သည်ကိုပင်။ သူတို့သည် အေဇာရုတိုက်ပေါ်တွင် နှစ်ပေါင်းများစွာအုပ်ချုပ်နေခဲ့သည့် နတ်ဘုရားများနှင့် နတ်ဆိုးများနှစ်ဖွဲ့လုံးကို သတ်ဖြတ်နိုင်ခဲ့ကြသည်။ ထို့အပြင် သူတို့သည် နတ်ဘုရားများ၊ နတ်ဆိုးများ၏ အနွယ်၀င်မျိုးနွယ်အင်ပါယာကြီးရှစ်ခုကိုလည်း ဖျက်ဆီးပစ်နိုင်ခဲ့သည်။ သတ္တ၀ါများအားလုံးကိုလည်း လွယ်ကူလျှင်မြန်စွာသတ်ဖြတ်နိုင်ခဲ့သည်။ သို့သော် ဤကိစ္စများအားလုံးပြီးသွားသည့်နောက်တွင် ထိုသွေးဆာနေသည့် ရန်သူများသည် မည်သည့်နေရာသို့ ရောက်သွားကြောင်းကိုလည်း ဖှေးမသိချေ။ တစ်ခြားကမ္ဘာမှ နတ်တစ်ပိုင်းကောင်များအကြောင်းကိုလည်း ယနေ့ခေတ်လူသားများသိရှိခြင်းမရှိပေ။ ဖှေးကိုယ်တိုင်ပင် ဤဒိုင်ယာရီစာအုပ်ကို ဖတ်ရှုပြီးမှ သိရှိခဲ့ခြင်းဖြစ်သည်။ သူတို့သည် သတ်ဖြတ်သိမ်းပိုက်ပြီးသည့်နောက်တွင် အေဇာရုတိုက်မှ ပြန်သွားခဲ့ပါသလား။ သို့မဟုတ်ပါက သူတို့သည် တိုက်ပေါ်တွင် ပုန်းအောင်းနေကာ နောက်ထပ်အခွင့်ရေးတစ်ခုကို ရှာဖွေနေပါသလား...”

ထိုမေးခွန်းများအားလုံးကို ဖှေး၏ စိတ်ထဲတွင်စဥ်းစားမိနေသော်လည်း ဖှေးအား စိတ်အရှုပ်ထွေးစေဆုံးဖြစ်သည့် မေးခွန်းတစ်ခုရှိနေသည်။

“ဤဒိုင်ယာရီစာအုပ်ထဲတွင် လူသားမျိုးနွယ်အကြောင်းကို ဖော်ပြထားခြင်းမရှိသောကြောင့်ပင်...”

ဂါရက်-ဘေးလ်ရေးသားခဲ့သည့် ဒိုင်ယာရီအရ တစ်ခြားကမ္ဘာမှရောက်ရှိလာသည့် နတ်တစ်ပိုင်းများ၏ လက်အောက်တွင်မကောင်းဆိုး၀ါးများစွာရှိနေပြီး သူတို့အားလုံးအား သတ်ဖြတ်၍မရနိုင်ပေ။ သူတို့သည် တိုက်ပေါ်တွင် သောင်းကျန်းကာ မျိုးနွယ်စုများစွာကို မျိုးသုဥ်းစေသည်အထိတိုက်ခိုက်ခဲ့သည်။ ထိုမကောင်းဆိုး၀ါးများသည် ညှာတာပေးခဲ့ခြင်းမရှိပေ။ သို့သော် ထိုဒိုင်ယာရီထဲတွင် လူသားမျိုးနွယ်များအကြောင်းကို ဖော်ပြထားခဲ့ခြင်းမရှိပေ။

ကြည့်ရသည့်ပုံအရ ဤတိုက်ပေါ်တွင် လူသားများသာအသက်ရှင်ကျန်ခဲ့သည့်ပုံပင်။

ထိုခေတ်က လူသားများမရှိခဲ့ခြင်းလား...

ထိုကဲ့သို့လည်း မဖြစ်နိုင်ပေ။ ဖှေးဖတ်ခဲ့သည့်စာအုပ်များထဲတွင် လူသားများသည်လည်း နတ်ဘုရားများခေတ်က ရှိခဲ့သည်။ ထို့အပြင် လူသားများသည်လည်း နတ်သူငယ်မျိုးနွယ်စုများကဲ့သို့သော မျိုးနွယ်စုများနှင့် ရင်ဘောင်တန်းနိုင်သည့် ထိပ်သီးမျိုးနွယ်များပင်။

ထို့ကြောင့် ဤဒိုင်ယာရီထဲတွင် လူသားမျိုးနွယ်အကြောင်းပါရှိမနေခြင်းနှင့် နတ်ဘုရားများခေတ်တွင်ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်ဆိုးကိုလည်း သမိုင်းစာအုပ်များထဲတွင် ဖော်ပြထားခြင်းမရှိသည့်အကြောင်းကို ဖှေးနားမလည်နိုင်ဖြစ်နေ၏။

လက်ရှိသမိုင်းစာအုပ်များထဲတွင်ဖော်ပြထားသည်မှာ နတ်ဘုရားများနှင့် နတ်ဆိုးများသည် တစ်ဖက်နှင့်တစ်ဖက်တိုက်ခိုက်ကာ အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့သည်ဟုဆိုထား၏။ ဤအချက်သည် သမိုင်းပညာရှင်များအားလုံး သဘောတူထားသည့်အပိုင်းပင်။ နတ်ဘုရားများ နတ်ဆိုးများနှင့် အနွယ်၀င်မျိုးနွယ်စုများဖြစ်ကြသည့် နတ်သူငယ်များ၊ လူပုများ၊ ဘီလူများ၊ နဂါးများနှင့် ပင်လယ်မျိုးနွယ်များသည်လည်း ထိုစစ်ပွဲများထဲတွင်ပါ၀င်ခဲ့ပြီး သူတို့အားလုံးမျိုးသုဥ်းသေဆုံးသွားခဲ့သည်ဟုဆိုထားသည်။ လူသားများသာလျှင် သင်ယူနိုင်စွမ်း အလိုက်ထိုက်ပြောင်းလဲနေထိုင်နိုင်စွမ်းတို့ကြောင့် ဆက်လက်ရှင်သန်နိုင်ခဲ့သည်ဟု ဆိုကြသည်။

ထို့ကြောင့် အေဇာရုတိုက်မှ လူများသိထားသည့်သမိုင်းနှင့် ဂါရက်-ဘေးလ်ရေးထားသည့် အချက်တို့မှာ တစ်ခုနှင့်တစ်ခုဆန့်ကျင်နေ၏။

“ဘယ်သူကမှန်တာလဲ...ဘယ်သူက မှားတာလဲ...”

သူသည် ဘေးပတ်ပတ်လည်တွင်ရှိနေသည့် အရိုးစုများ၊ လူပုခေါင်းဆောင်လေးဆယ်၏ အလောင်းများနှင့် လူပုမျိုးနွယ်အင်ပါယာအရှင်သခင်၏ အလောင်းကို ကြည့်လိုက်သည်။ ထို့နောက်တွင် ဖှေးသည် သွေးစွန်းနေသည့်စာအုပ်ကို ငုံ့ကြည့်လိုက်၏။ ဤကဲ့သို့သော ဖြစ်ရပ်ဆိုးနေသည့်အချိန်တွင် မည်သူမှ အနာဂတ်မျိုးဆက်များကို လိမ်ညာလိမ့်မည်မဟုတ်ပေ။

ထို့ကြောင့် ဤသွေးစွန်းနေသည့် ဒိုင်ယာရီသည် သက်သေမရှိသည့် ဒဏာရီများပုံပြင်များထက်ပို၍ ယုံကြည်နိုင်၏။

ဖှေးသည် ခေတ်ပေါင်းများစွာ ဖုံးကွယ်ထားသည် လျို့၀ှက်ချက်တစ်ခုကို အမှတ်မထင်သိရှိလိုက်သလိုခံစားလိုက်ရသည်။

“နတ်ဘုရားတွေခေတ်ကို ဘယ်သူတွေက ဖျက်ဆီးပစ်လိုက်ကြတာလဲ။ လူသားတွေကရော အဲ့အချိန်တုန်းက ဘာတွေလုပ်နေခဲ့ကြလဲ...”

ဖှေးသက်ပြင်းချလိုက်ပြီး သူ၏ခေါင်းကို ခါရမ်းလိုက်သည်။ သူသည် ထိုမေးခွန်းများအကြောင်းကို စဥ်းစားနေခြင်းအား ရပ်တန့်လိုက်၏။ ထိုမေးခွန်းများသည် လက်ရှိအချိန်နှင့် ကိုက်ညီခြင်းမရှိသည့်အတွက်ပင်။ သူသည် သွေးစွန်းနေသည့်စာအုပ်အား သူ၏ ထားသိုရာအကန့်ထဲသို့ ထည့်လိုက်ပြီး ပတ်၀န်းကျင်အား လေ့လာကြည့်လိုက်သည်။

သူသည် ဂါရက်-ဘေးလ်၏ ရုပ်အလောင်းကို နောက်တစ်ကြိမ်ကြည့်လိုက်သည့်အချိန်တွင် ထိုအင်ပါယာအရှင်သခင်၏ နောက်တွင်ရှိသော အထိန်းမှတ်အဆောက်ဦးပေါ်တွင် အနုစိတ်ထွင်းစာများရှိနေသည်ကို တွေ့လိုက်ရသည်။ ကောင်းကင်ပေါ်တွင်ရှိနေသည့် ကြယ်တာရာများကို မှတ်သားထားသလိုဖြစ်နေသည့်ထွင်းစာများပင်။ ကြယ်ကဲ့သို့သော အစက်လေးများအားလုံးကို ငွေရောင်မျဥ်းတန်းလေးတစ်ခုမှ ဆက်သွယ်ထားပြီး ဖျက်ဆီး၍မရနိုင်သလိုပင်။

“ဒါတွေကရော ဘာတွေလဲ...” ဖှေးသည် ထိုထွင်းထားသည့် သင်္ကေတများကို ပွတ်သပ်ကြည့်ကာတွေးလိုက်မိသည်။

ဤသည်မှာ လူပုများ၏ နောက်ဆုံးမျိုးနွယ်စုနန်းတော်ပင်ဖြစ်သည်။ လူပုခေါင်းဆောင်လေးဆယ်နှင့် အင်ပါယာအရှင်သခင်တို့သည် ဤအရာကို ကာကွယ်ရေးသေဆုံးသွားခဲ့ကြသည်။ အကယ်၍ တစ်စုံတစ်ယောက်က ဤအထိန်းမှတ်အဆောက်ဦးသည် သာမန်ရုပ်တုတစ်ခုသာဖြစ်သည်ဟု ဖှေးကို ပြောပါက ဖှေးယုံကြည်နိုင်မည်မဟုတ်ပေ။

သို့သော် ခနတာလေ့လာကြည့်လိုက်ပြီးသည့်နောက်တွင် ဖှေးသည် မှော်စွမ်းအင်အရှိန်၀ါနှင့် အတွင်းအားစွမ်းအင်အရှိန်၀ါတို့ကို ခံစားရခြင်းမရှိပေ။ သာမန်ပစ္စည်းတစ်ခုကဲ့သို့ပင် ရိုးရှင်းနေ၏။

ထိုကဲ့သို့သော ပုံမှန်မဟုတ်သည့် ရှာဖွေတွေ့ရှိမှုတစ်ခုကြောင့် ဖှေးပို၍ပင် စိတ်၀င်စားသွား၏။

“ငါ အာကာရာနဲ့ ကိန်းတို့ကို လေ့လာခိုင်းမှရတော့မယ်ထင်တယ်...”

ဖှေးသူ၏ စိတ်ကို ဆုံးဖြတ်လိုက်ပြီးသည့်နောက်တွင် ဆက်လက်၍ အချိန်ကုန်ခံလေ့လာနေခြင်းမရှိတော့ပေ။ နောက်ဆုံးအနေဖြင့် သတိမထားလိုက်မိသည့် တစ်စုံတစ်ခုကျန်ရှိမနေသည်ကို အတည်ပြုပြီးသည့်နောက်တွင် အရှေ့သို့ ဆက်လျှောက်လာကာ ဆက်လက်လေ့လာကြည့်လိုက်သည်။

လာလမ်းတွင် ပျက်ဆီးနေခြင်းမရှိသေးသည့် လက်စွဲတော်လက်နက်များကို ထက်မံ၍ ကောက်ယူရရှိခဲ့သည်။

ကံမကောင်းစွာပင် ထိုလက်နက်များအားလုံးသည် အဆင့်နိမ့်လက်နက်များဖြစ်ကြပြီး လယ်ဗယ်၅အောက်တွင်သာရှိနေသည့် လက်နက်များပင်။

နှစ်နာရီခန့်ကြာပြီးသည့်နောက်တွင် ဖှေးသည် ဤတောင်ကြားတစ်ခုလုံးကို လမ်းလျှောက်ကြည့်ပြီးသွားပြီဖြစ်သည်။ တောင်ကြား၏အလည်တွင်တွေ့ခဲ့သည့် စိတ်၀င်စားစရာရုပ်အလောင်များမှလွဲ၍ အဖြူရောင်အရိုးစုများအရိုးများကိုသာ လမ်းတစ်လျှောက်တွင်တွေ့ခဲ့ရ၏။

နံရံများထံသို့ ရောက်သွားသည့်အချိန်တွင် စွမ်းအင်ကင်းမဲ့သွားပြီဖြစ်သည့် နတ်ဘုရားမှော်အစီရင်တစ်ချို့ကိုလည်း တွေ့လိုက်ရသည်။

တစ်ချိန်က ဤနေရာတွင်ရှိနေသည့် တောင်နံရံများအားလုံးကို နတ်ဘုရားအစီရင်များနှင့် စီမံထားသည့်မြင်ကွင်းကို ဖှေးမြင်ယောင်ကြည့်လိုက်မိသည်။ သာမန်နံရံတစ်ခုကိုပင် နတ်ဘုရားမှော်အစီရင်ဖြင့် စီမံထားပါက နေအဆင့်သခင်တစ်ယောက်ပင် ထိုနံရံအား အစင်းကြောင်းထင်အောင်ပြုလုပ်နိုင်တော့မည်မဟုတ်ပေ။

နတ်စင်ပေါ်တွင်ရှိနေသည့် ပေါ်တယ်မှလွဲ၍ မည်သူမှ ဤနေရာအတွင်းသို့ ၀င်ရောက်နိုင်ကြမည်မဟုတ်ပေ။

သို့သော် ဤကဲ့သို့သော ခိုင်မာလှသည့် ခံတပ်ကြီးတစ်ခုပင် ကျရှုံးကာ သိမ်းပိုက်ခံခဲ့ရသည်။

ဖှေးသည် တောင်ကြား၏ အပေါ်သို့ မော့ကြည့်လိုက်ပြီး ဤတောင်ကြားသည် မည်သည့်နေရာတွင်ရှိနေကြောင်းကို စိတ်၀င်စားလာ၏။ ထို့ကြောင့် သူသည် အပေါ်တွင်ရှိနေသည့်အပေါက်မှနေ၍ ပျံသန်းထွက်ကာ ကြည့်မည်ဟုပြင်လိုက်၏။ သို့သော် အပေါ်သို့ ပျံတက်ပြီးအောက်သို့ ငုံ့ကြည့်လိုက်မိသည့်အချိန်တွင် သူ၏ အမူယာသည် အေးစက်သွားတော့၏။

“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...”

All Chapters