အနက်ရောင်ဝတ်လူကို နောက်တစ်ကြိမ်တိုက်ခိုက်ခြင်း
Vol. 13 Ch. 184
အခန်း (၁၈၄) အနက်ရောင်ဝတ်လူကို နောက်တစ်ကြိမ်တိုက်ခိုက်ခြင်း
ရန်ကျောက်ကဲ ပန်ပန်၏ဦးခေါင်းကို အသာပွတ်သပ်ပေးကာ ရှေ့ဆက်လမ်းလျှောက်လာရင်း စဉ်းစားနေမိသည်။
“ဒီလူက သူ့သိုင်စွမ်းကို ထိန်းချုပ်ထားတာပဲ”
“သူ ဘယ်သူလဲဆိုတာ ပေါ်သွားမှာကြောက်လို့လား ၊ ဒါပေမဲ့ အဲဒါမလိုအပ်ပါဘူး ၊ သူက နတ်ဆိုးလက်ထဲကျရောက်ပြီးသားပဲလေ”
“သူ့မှာ နတ်ဆိုးအဖြစ်ကနေ လူသားအဖြစ်ပြန်ပြောင်းနိုင်တဲ့ နည်းလမ်းတစ်ခု မရှိဘူးဆိုရင်...”
ရန်ကျောက်ကဲ မျက်မှောင်ကြုတ်လိုက်သည်။
“မိစ္ဆာချီစွမ်းအားတွေ ဖုံးလွှမ်းနေတဲ့နယ်မြေက သူနဲ့အရမ်းလိုက်ဖက်ညီနေတာကိုကြည့်ရရင် ဒီလူ နတ်ဆိုးလက်ထဲကျနေတာ အချိန်အတော်ကြာနေလောက်ပြီ ၊ အနည်းဆုံးတော့ တစ်နှစ်လောက်ရှိနေပြီ”
ရန်ကျောက်ကဲ ခေါင်းခါယမ်းလိုက်သည်။ စိတ်ထဲမှ သံသယများကို ခဏမျိုသိပ်ထားရင်း ရှေ့ဆက်သွားမည့်လမ်းကိုသာ အာရုံစိုက်လိုက်၏။
အတန်ကြာရှေ့ဆက်ပြီးနောက် ရန်ကျောက်ကဲ၏စိတ်အာရုံများ ရုတ်တရက် လှုပ်ရှားသွားသည်။
နေရာတစ်ခုလုံး မိစ္ဆာချီများ ဖုံးလွှမ်းပိတ်ဆို့နေသည့်တိုင် မဝေးသောတစ်နေရာတွင် တိုက်ပွဲတစ်ခုဖြစ်နေကြောင်း အာရုံခံမိသည်။
ရန်ကျောက်ကဲ ထိုနေရာသို့ အမြန်သွားလိုက်သည်။ အနက်ရောင်မြူခိုးများကြားတွင် ဝိညာဉ်စွမ်းအားအလင်းရောင်များ လက်ခနဲ လက်ခနဲတောက်ပနေပြီး မိုးမြေတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်တော့မည့်အလား တုန်လှုပ်သွားစေသည်။
ပတ်ဝန်းကျင်မှ မိစ္ဆာချီများကို အဆက်မပြတ်အက်ကွဲပျက်စီးသွားစေသည်။
တဖျတ်ဖျတ်လက်နေသည့် ဓားရောင်များကို တွေ့မြင်သည်နှင့် ရန်ကျောက်ကဲ မျက်ခုံးတစ်ချက်ပင့်ရင်းရေရွတ်လိုက်သည်။
“ဂိုဏ်းတူအစ်ကို ရွှီဖေးနဲ့ ထန်ယုံဟောင်...”
ရန်ကျောက်ကဲ သူ၏ရောင်ဝါကို ရုတ်သိမ်းလိုက်ပြီး အနားသို့ ချဉ်းကပ်သွားသည်။ ထိုအခါ မြူခိုးများကြားထဲတွင် အဆက်မပြတ်တိုက်ခိုက်နေသည့် လူ (၃)ယောက်ကို တွေ့မြင်ရသည်။
တိုက်ပွဲကို သေသေချာချာ အကဲခတ်ပြီးနောက် ရန်ကျောက်ကဲ သက်ပြင်းချလိုက်သည်။ ကျဉ်းမြောင်းသည့်လောကတွင် ထိုရန်သူနှင့်ပင် ထပ်မံရင်ဆိုင်ရပြန်ပြီ။
ရန်သူက ရန်ကျောက်ကဲကို ချောင်းမြောင်းလုပ်ကြံခဲ့သည့် မျက်နှာဖုံးစွပ်အမျိုးသားပင် ဖြစ်သည်။
မိုးကောင်းကင်မှသားတော် (၂)ပါးဖြစ်သော နေသူတော်စင်ဂိုဏ်းမှ ထန်ယုံဟောင်နှင့် ဝါဒတောင်မှ ရွှီဖေးတို့က ထိုသူကို ပူးပေါင်းတိုက်ခိုက်နေကြခြင်း ဖြစ်၏။
ရွှီဖေးနှင့် ထန်ယုံဟောင်ဆိုသည်က ငယ်စဉ်ကပင် ကာလရှည်ကြာ ပြိုင်ဘက်များဖြစ်ခဲ့ကြပြီး ယခင်က တိုက်ပွဲများတွင် အတူတကွ ပူးပေါင်းတိုက်ခိုက်ကြခြင်း မရှိပေ။
သို့ပေသိ ယခု ရန်သူကို ပထမဆုံးအကြိမ် ပူးပေါင်းတိုက်ခိုက်ရာတွင်လည်း နှစ်ပေါင်းများစွာ အတူကွတိုက်ပွဲဝင်ခဲ့ကြသည့် ဂိုဏ်းတူညီအစ်ကိုများပမာ အလွန်မြင့်မားသည့် ပူးပေါင်းဆောင်ရွက်နိုင်စွမ်းကို ပြသခဲ့သည်။
သူတို့ (၂)ယောက်သည် အဆုတ် ၊ အတက် ၊ အဓိကတိုက်ကွက် ၊ အရံတိုက်ကွက်များကို လိုက်ဖက်ညီစွာ ထုတ်ဖော်နေကြသည်။
ရွှီဖေးက မိုးမြေဓားသိုင်းနှင့် မိုးမြေလက်ဝါးသိုင်းကို အသုံးပြုပြီး အဆက်မပြတ်ဖိအားပေးတိုက်ခိုက်နေသည်။ သူ၏တိုက်ခိုက်မှုက ကြမ်းတမ်းပြင်းထန်ပြီး လွှမ်းမိုးနိုင်စွမ်းမြင့်မားလွန်းသည်။
ထန်ယုံဟောင်၏ ဓားဝိညာဉ်ကလည်း မိုမြေတစ်ခွင်လုံးကို ဖုံးလွှမ်းသွားပြီး မိစ္ဆာချီစွမ်းအားများကိုပင် လင်းထိန်တောက်ပသွားစေသည်။
သူတို့ (၂)ယောက်လုံးသည် ကောင်းကင်ချိတ်ဆက်အဆင့် အထွတ်ထိပ်သို့ ရောက်ရှိနေပြီဖြစ်ပြီး သိုင်းဆရာသခင်အဆင့်သို့ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့သည်။
ထို့ပြင် သူတို့သည် ဝါဒတောင်နှင့် နေသူတော်စင်ဂိုဏ်းမှ ထိပ်တန်းတပည့်များဖြစ်ကြပြီး မိုးကောင်းကင်မှမျက်နှာသာပေးခံရသူများဖြစ်လေရာ သူတို့ကိုယှဉ်နိုင်သည့် ကောင်းကင်ချိတ်ဆက်အဆင့် သိုင်းပညာရှင်ဆို၍ မရှိကြပေ။
ယခုတော့ သူတို့ (၂)ယောက်လက်တွဲကာ ရန်သူကိုရင်ဆိုင်ရင်း ကြီးမားသော ပူးပေါင်းဆောင်ရွက်မှုဖြင့် ပြင်းထန်သည့်စွမ်းအားကို ပြသခဲ့သည်။
သူတို့ရင်ဆိုင်နေရသူက သာမန်လူမဟုတ်သည်မှာ သိသာထင်ရှားသည်။
ထိုသူက ရန်ကျောက်ကဲကို တစ်ချက်တည်းဖြင့် မသတ်ဖြတ်နိုင်ဘဲ မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစကို ရင်ဆိုင်ရသည့်အခါ နောက်ပြန်ဆုတ်သွားခဲ့သည်။ မည်သို့ပင်ဖြစ်စေ အနက်ရောင်ဝတ်မျက်နှာဖုံးစွပ် ကျင့်ကြံသူသည် သူနှင့်အဆင့်တူများထဲတွင် ထူးခြားသည့်သိုင်းစွမ်းရှိသည်မှာ အသေအချာပင်။
ရွှီဖေးနှင့် ထန်ယုံဟောင်တို့ (၂)ယောက်ကို ရင်ဆိုင်နေရသည့်တိုင် ထိုသူ၏သိုင်းစွမ်းရည် ကျဆင်းသွားခြင်း မရှိပေ။
နတ်ဆိုးလက်ထဲကျသွားသည့် ကျင့်ကြံသူများအနေဖြင့် မိစ္ဆာချီစွမ်းအားဖုံးလွှမ်းနေသည့် နယ်မြေတွင် ပိုမိုစွမ်းအားကောင်းလာမည်မှာ အမှန်ပင်။
ရန်ကျောက်ကဲက အနက်ရောင်မျက်နှာဖုံးစွပ်လူကို အေးစက်စွာ စိုက်ကြည့်ရင်း...
“ပန်ပန်”
ဟု ခေါ်လိုက်သည်။
ရန်ကျောက်ကဲနှင့် စိတ်ချင်းဆက်နေသည့် ပန်ပန်က ချက်ချင်းသဘောပေါက်သွားပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး အဖြူရောင်မီးတောက်များ တောက်လောင်လာသည်။
စွမ်းအားမြင့်မားသည့် အဖြူရောင်မီးတောက်များက တဖြည်းဖြည်းကျုံ့ဝင်သွားပြီး အဆက်မပြတ်သိပ်သည်းကာ နောက်ဆုံးတွင် သေးငယ်သည့် နို့နှစ်ရောင်ချော်ရည်ခဲတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ပန်ပန်၏ ကြီးမားလှစွာသော ခန္ဓာကိုယ်ကြီးနှင့် ဆန့်ကျင်ဘက်ဖြစ်သော နို့နှစ်ရောင်ချော်ရည်ခဲက ရှုတ်ထွေးသည့် ဝိညာဉ်စွမ်းအားများ ပါရှိသည်။
သေးငယ်သည့်တိုင် ထိုအရာထဲတွင် လူတစ်ယောက်၏စိတ်ကို အေးခဲသွားစေသည့် ကြီးမားသော အဖျက်စွမ်းအားများ ပါဝင်သည်။
ရန်ကျောက်ကဲ၏လက်ထဲတွင် ကျောက်စိမ်းနဂါးဓားကိုကိုင်ထားပြီး ညာဘက်မျက်လုံးမှ ခရမ်းစိမ်းရောင်လျှပ်စီးတစ်ချက် လင်းလက်လာသည်။
သူ၏ခန္ဓာကိုယ်မှ ကြယ်တာရာချီစွမ်းအားများက တောက်လောင်နေသည့်မီးတောက်များပမာ ပူပြင်းလာပြီး ပေါက်ကွဲနိုင်စွမ်းကလည်း အထွတ်ထိပ်သို့ ရောက်ရှိလာသည်။
ထို့နောက် ရန်ကျောက်ကဲက လေထဲသို့ ခုန်ပျံဝင်ရောက်သွားပြီး ကျောက်စိမ်းနဂါးဓားမှ စိမ်းပြာရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ အနက်ရောင်မျက်နှာဖုံးစွပ်လူကို ခုတ်ပိုင်းချလိုက်သည်။
စိမ်းပြာရောင်အလင်းတန်းတွင် အနီရောင်မီးတောက်များ မရေမတွက်နိုင်အောင် တောက်ပနေပြီး မိုးကြိုးလျှပ်စီးများကလည်း အဆက်မပြတ် တောက်လောင်နေသည်။
ရန်ကျောက်ကဲ ကြယ်တာရာချီစွမ်းအားဖြင့် ဖန်ဆင်းထားသော ပုံရိပ်ယောင်မိုးမြေတွင် စိမ်းပြာရောင်နဂါးကြီးတစ်ကောင် လေထဲခုန်ဝင်လာပြီး တစ်ကိုယ်လုံးလျှပ်စီးနှင့်မီးတောက်များဖုံးလွှမ်းနေကာ ကောင်းကင်တစ်ခွင်လုံးကို အရှိန်အဟုန်ဖြင့် တုန်လှုပ်သွားစေသည်။
တစ်ချိန်တည်းမှာပင် ပန်ပန်ကလည်းကြုံးဝါးသံတစ်ချက်ပြုလုပ်ကာ အဖြူရောင်ချော်ရည်ခဲကို ဥက္ကာပျံတစ်စင်းအလား အရှိန်ပြင်းထန်စွာဖြင့် အနက်ရောင်ဝတ်လူထံသို့ ပစ်လွှတ်လိုက်သည်။
မီးတောက်မိုးကြိုး။
ရန်ကျောက်ကဲ၏ ဓားအလင်းရောင်က နက်မှောင်ထူထပ်သည့် မြူခိုးများကို ရုတ်ချည်းပင် ဖြိုခွင်းလိုက်ပြီး ပန်ပန်၏ မီးတောက်မိုးကြိုးနှင့်အတူ ထိုသိုင်းဆရာသခင်ထံသို့ ဦးတည်ဝင်ရောက်သွားသည်။
အနက်ရောင်ဝတ်လူသည် ပြင်းထန်သည့်တိုက်ပွဲကြားတွင်ရှိနေသည့်တိုင် သိုင်းဆရာသခင်တစ်ယောက် ဖြစ်သလို သူ၏ပိုင်နက်မိစ္ဆာချီနယ်မြေထဲတွင် ဖြစ်သည့်အတွက် အာရုံခံနိုင်စွမ်း အလွန်မြင့်မားသည်။ ထို့ကြောင့် ရန်ကျောက်ကဲနှင့် ပန်ပန် ရောက်ရှိလာသည်ကို ချက်ချင်းသတိပြုလိုက်မိသည်။
ရန်ကျောက်ကဲက စကားတစ်ခွန်းမှမဆိုဘဲ ပြင်းထန်သည့်တိုက်စစ်ဖြင့် တိုက်ခိုက်လိုက်သည်။
ရွှီဖေးနှင့် ထန်ယုံဟောင်တို့ကလည်း တုံံ့ဆိုင်းနေခြင်း မရှိပေ။ သူတို့က အခွင့်အရေးရသည်နှင့် ပြတ်ပြတ်သားသားပင် ဆုပ်ကိုင်လိုက်ကြပြီး အနက်ရောင်ဝတ်သိုင်းဆရာသခင်ထံသို့ ဓားရှည်များဖြင့် တစ်ညီတစ်ညွတ်တည်း ထိုးစိုက်လိုက်ကြသည်။ သူတို့ဓားချက်များက သမုဒ္ဒရာကိုထိုးခွင်းပြီး တောင်ကိုပြိုကွဲစေမည့် ဓားချက်များ ဖြစ်ကြသည်။
လူငယ် (၃)ယောက် ပူးပေါင်းတိုက်ခိုက်ခြင်းကို ရင်ဆိုင်လိုက်ရသည်နှင့် အနက်ရောင်မျက်နှာဖုံးစွပ်လူ၏ ဓားကိုင်ထားသောလက်က မသိမသာ တုန်ယင်သွားသည်။
သို့သော် သူက အလွန်လျှင်မြန်စွာပင် တိုက်ခိုက်မှုကို ရပ်တန့်လိုက်ပြီး ကမန်းကတန်း နောက်ပြန်ဆုတ်သွားသည်။
လူငယ် (၃)ယောက်နှင့် ပန်ပန်တို့၏ ပူးပေါင်းတိုက်ခိုကမှုက များစွာလွှမ်းမိုးနိုင်စွမ်း မြင့်မားသည်။ ရန်သူ ဆုတ်ခွာသွားသည့်တိုင် သူတို့၏သိုင်စွမ်းများက လေထုထဲသို့ လွင့်ပျံသွားကြသည်။
သူတို့၏ပူးပေါင်းတိုက်ကွက်ကြောင့် သိုင်းဆရာသခင်မှာ ဒဏ်ရာရသွားသည့်အလား တိုးလျသည့်ညည်းညူသံတစ်ချက် ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။
သို့သော် ပတ်ဝန်းကျင်မှ မိစ္ဆာချီများကြောင့် ချက်ချင်းပင် ဒဏ်ရာသက်သာသွားပြီး လျှင်မြန်စွာ ထွက်ပြေးသွားတော့သည်။
ထိုသူထွက်ပြေးသွားသည်နှင့် ရန်ကျောက်ကဲတို့ကလည်း နောက်မှအပြင်းအထန် လိုက်လံတိုက်ခိုက်ခြင်း မပြုခဲ့ပေ။
ရန်ကျောက်ကဲက သူ၏ ကျောက်စိမ်းနဂါးဓားကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး မြေပြင်ထက်သို့ ဆင်းသက်လာကာ ရွှီဖေးနှင့် ထန်ယုံဟောင်ကို ကြည့်လိုက်သည်။
တစ်ချိန်တည်းပင် ဘေးနားတွင် ပုန်းအောင်းနေသည့် စစ်ခုန်ချင်းလည်း ထွက်လာလေသည်။ တိုက်ပွဲတွင် သူမ ပါဝင်တိုက်ခိုက်ခြင်းက ကူညီရာမရောက်ဘဲ အနှောက်အယှက်ပင်ဖြစ်နိုင်ကြောင်း သိရှိသည့်အတွက် သူမက ဘေးတွင် ရှောင်နေခြင်း ဖြစ်သည်။
ရန်ကျောက်ကဲက ထန်ယုံဟောင်ကို လှမ်းကြည့်လိုက်ချိန် ရွှီဖေးက ချက်ချင်း စကားဆိုသည်။
“ငါနဲ့ ဂိုဏ်းတူညီမလေး’စစ်ခုန်’တို့ ဒီနေရာကဖြတ်သွားရင်း အဲဒီလူ အလစ်တိုက်တာ ခံရတာ ၊ အစ်ကို’ထန်’ကတွေ့လို့ ငါတို့ကို ဝင်ကူညီပေးတာ”
ထန်ယုံဟောင်က တည်ငြိမ်သည့်လေသံဖြင့်...
“ငရဲကိုးထပ်နဲ့ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းက ငါတို့အစွန်းရောက်ရှစ်ပါးကမ္ဘာရဲ့ ဘုံရန်သူပဲလေ ၊ ဟုတ်တယ်မလား”
သူက ကျိုးကြောင်းဆီလျော်ခြင်းမရှိသည့် တစ်ဖက်ပိတ်တစ်ယောက် မဟုတ်ပေ။
အကယ်၍ ရွှီဖေးနှင့် ရင်ဆိုင်နေသူမှာ နေသူတော်စင်ဂိုဏ်း ၊ သို့မဟုတ် ကောင်းကင်မိုးကြိုးခန်းမမှ သိုင်းဆရာသခင်ဆိုလျှင် တိုက်ပွဲကိုသဘောမကျသည့်တိုင် ထန်ယုံဟောင်က ဝင်ရောက်စွက်ဖက်မည်မဟုတ်ဘဲ သူ့နေရာသူ နေမည် ဖြစ်သည်။
ရွှီဖေးက ဝါဒတောင်ဂိုဏ်းမှ လူငယ်မျိးဆက်တပည့်တစ်ယောက်ဖြစ်ပြီး အနာဂတ်အောင်မြင်မှုက ခန့်မှန်းမရနိုင်ပေ။
အကယ်၍ နေသူတော်စင်ဂိုဏ်းမှ အကြီးအကဲများ ၊ သို့မဟုတ် မဟာမိတ်ဖြစ်သည့် ကောင်းကင်မိုးကြိုးခန်းမမှ အကြီးအကဲများက သူ့ကို စောစောစီးစီး သုတ်သင်ပစ်ချင်သည်ဆိုပါက ထန်ယုံဟောင်က ထိုသူများနှင့်ပူးပေါင်းပြီး ရွှီဖေးကို တိုက်ခိုက်မည်မဟုတ်သလို ထိုသူများကိုလည်း တားဆီးမည် မဟုတ်ပေ။
သို့သော် မျှော်လင့်မထားသည့် သဘာဝဘေးအန္တရယ်များ ၊ အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ဘုံရန်သူဖြစ်သော မီးတောက်မိစ္ဆာများနှင့် ငရဲကိုးထပ်မှ အန္တရယ်များ ရွှီဖေးထံကျရောက်မည်ဆိုပါက တစ်ချက်မတုံ့ဆိုင်းဘဲ ကူညီပေးမည် ဖြစ်သည်။
နောင်တစ်ချိန်တွင် သူနှင့် ရွှီဖေးသည်လည်း မိုးမြေတုန်လှုပ်စေသည့် သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ခု ဆင်နွှဲကောင်းဆင်နွှဲရဦးမည် မဟုတ်ပါလား။
ရန်ကျောက်ကဲက ထန်ယုံဟောင်ကို ဦးညွှတ်လိုက်ရင်း...
“ခုလိုကူညီတဲ့အတွက် အစ်ကို’ထန်’ကို အကြွေးတင်ရပြီ ၊ ကျေးဇူးတင်ပါတယ်ဗျာ”
ထန်ယုံဟောင်က သက်ပြင်းတစ်ချက်ချရင်း ပြုံးလိုက်သည်။
“ညီလေး’ရန်’က အားနာလွန်းနေပြန်ပြီ ၊ အခုပဲ ညီလေး’ရန်’ ရဲ့ ကြောက်စရာကောင်းတဲ့ဓားချက်ကိုတွေ့လိုက်ရလို့ ငါ အတော်လေး မျက်စိပွင့်သွားခဲ့တယ်”
ထိုသူက သိုင်းပညာကို ရူးသွပ်စွာ စွဲလန်းသူဖြစ်ကြောင်း သိလိုက်ရပြီး ရန်ကျောက်ကဲ ပြုံးလိုက်သည်။
“အစ်ကို’ထန်’က ချီးကျူးလွန်းနေပါပြီ”
ထို့နောက် သူက ပတ်ဝန်းကျင်ကို တစ်ချက်လေ့လာကြည့်လိုက်ရင်း...
“အစ်ကို’ထန်’ ၊ မင်းရဲ့ လူတွေရော...”
ထန်ယုံဟောင်က...
“ဂိုဏ်းတူညီလေး’ဟွမ်ကျိ’ က သူတို့ကို စောင့်ရှောက်ပြီး ခေါ်သွားတယ် ၊ ငါက ဒီ မိစ္ဆာချီနယ်မြေထဲကိုပြုတ်ကျပြီး သူတို့နဲ့ အဆက်အသွယ်ပြတ်သွားတာ ၊ အခု ငါ သူတို့ကို လိုက်ရှာရဦးမယ်”
ထိုစကားကိုကြားတော့ ရန်ကျောက်ကဲမျက်ဝန်းများ မသိမသာ ကျဉ်းမြောင်းသွားသည်။
ထန်ယုံဟောင်၏ စကားများမှတစ်ဆင့် သတင်းအချက်အလက်အချို့ကို အမှတ်မထင် သိရှိခဲ့ရသည် မဟုတ်ပါလား။