ထူးထူးခြားခြားအိမ်မွေးတိရစ္ဆာန်ချင်းဆက်သွယ်နိုင်တဲ့စွမ်းရည်! ၃
Vol. 22 Ch. 316
ကျန်းကွေ့ကျူက_ ''သူဌေး... တခြားကိစ္စမရှိတော့ရင် ကျွန်မအလုပ်သွားလုပ်လိုက်ဦးမယ်''
“သွားလေ!” ချင်လင်ခေါင်းညိမ့်လိုက်သည်။
ကျန်းကွေ့ကျူထွက်သွားလျှင် သူကတံခါးလော့ချပြီး မွေးနီကိုကိုင်ကာ ဂိမ်းထဲဝင်လိုက်သည်။ သူက အိမ်မွေးတိရစ္ဆာန်အပြန်အလှန်ဆက်သွယ်ဆေးကိုထုတ်လိုက်သည်။
''ကျွိကျွိ! ကျွိကျွိ!''
မွေးနီက ဆေးတောင့်ကိုသူ့အတွက်အသုံးဝင်မှန်းသိပုံနှင့် သူ့ကိုအော်လိုက်ပြန်သည်။
(အိမ်မွေးတိရစ္ဆာန်အပြန်အလှန်ဆက်သွယ်ဆေးနံပါတ် 03 ကို မွေးနီမှာအသုံးပြုချင်ပါသလား?)
ချင်လင်က သုံးမည်ကိုထပ်ရွေးလိုက်သည်။
ခဏအကြာ အိမ်မွေးတိရစ္ဆာန်အပြန်အလှန်ဆက်သွယ်ဆေးမှာပြန့်ကျဲသွားပြီး အလင်းမှုန်လေးများအဖြစ် မွေးနီကိုယ်ထဲဝင်သွား၏။

(ဂုဏ်ယူပါတယ်! သင့်ရဲ့အိမ်မွေးတိရစ္ဆာန်မှာ ဆက်သွယ်မှုစွမ်းရည်ရသွားပါပြီ: ကံကောင်းသူကိုရှာဖွေခြင်း)
''ဒါပဲလား?'' ချင်လင်နည်းနည်းအံ့ဩသွားသည်။
''ကျွိ ကျွိ!'' မွေးနီက သူ့လက်သည်းလေးများဖြန့်ပြီး သူ့ကိုတစ်ခုခုတောင်းနေသည်။
သူကလိုက်ပို့တော့မလို့လား?
သူ့ကျောပိုးအိတ်ကဖောင်းပွနေပုံထောက်ရင် အထဲမှာထင်းရှူးသီးစေ့တွေရှိတယ်မလား?
ဒီလိုအချိန်မှာ အိမ်ကိုဘယ်လိုစီမံရမလဲသိတဲ့ရှဉ့်တွေက သူတို့ကျောပိုးအိတ်ထဲကထင်းရှူးသီးစေ့ကိုဝေသင့်တာမလား?
ချင်လင်ကထိုအကြောင်းတွေးရင်း ဂိမ်းထဲမှထွက်လိုက်သည်။
မွေးနီပစ္စည်းတွေကိုဘယ်လိုပေးမလဲ သူစဉ်းစားရဦးမည်။ ဘာပဲဖြစ်ဖြစ် မွေးနီကသေးသေးလေး။
ခဏအကြာ ကျောက်မိုချင်းကိုဖုန်းဆက်ပြီး တစ်လက်မအရွယ်ပလတ်စတစ် QR ကုတ်ပို့ခိုင်းလိုက်သည်။
ဒီနေ့ခေတ်လူ့အဖွဲ့အစည်းမှာ QR ကုတ်စကင်န်ဖတ်တာထက် ပိုပြီးအဆင်ပြေတာရှိသေးလို့လား?
ဒီ QR ကုတ်ကို နောက်ခံကံစမ်းမဲနှိုက်စနစ်နှင့် ချိတ်ဆက်ထားမည်။ စကင်န်ဖတ်ဖို့စီစဉ်ပြီးနောက် တစ်ကြိမ်သုံးမဲနှိုက်စာပေါ်လာမည်။
တစ်နည်းဆိုရသော် မွေးနီကခရီးသည်ကိုရွေးချယ်ပြီး ထိုခရီးသည်ကစကင်န်ဖတ်လိုက်လျှင် အထဲတွင် ဆုမဲနှင့်လဲလှယ်နိုင်သော ပေါက်မဲအချက်အလက်များပါမည်။
နောက်ပြီး ဒီ QR ကုတ်ကိုတစ်ကြိမ်သာဖတ်နိုင်ပြီး တစ်နေ့တစ်ကြိမ်အသစ်ပြင်ဆင်ပြောင်းလဲမည်။
ကျောက်မိုချင်းက တစ်လက်မပလတ်စတစ် QR ကုတ်နှင့်ရောက်လာပြီး စူးစမ်းမေးလိုက်သည်_ ''ယောက်ျား... ဒါနဲ့ဘာလုပ်မလို့လဲ?''
''မွေးနီနဲ့ ခရီးသည်တွေကိုအံ့ဩစရာပို့ကြတာပေါ့'' ချင်လင်က တစ်လက်မပလတ်စတစ် QR ကုတ်ကိုယူပြီး နောက်ခံကံစမ်းမဲနှိုက်အစီအစဉ်နှင့်စကင်န်ဖတ်လိုက်သည်။ သူက စကင်န်အတွက် ဆုမဲသတ်မှတ်လိုက်၏: တစ်ကတ်တီယွမ် ၄၀၀ တန်ထူးရှယ်ရုံးပတီသီး။
အရည်အသွေး ၂ ရုံးပတီသီး တစ်ကတ်တီပင်။


ထို့နောက် ချင်လင်က ပလတ်စတစ် QR ကုတ်ထောင့်စွန်းတွင်အပေါက်ဖောက်ပြီး ကြိုးနှင့်ချည်ကာ မွေးနီလည်ပင်းကိုဆွဲပေးလိုက်သည်။ သူကအလေးအနက်ပုံစံနှင့်_ ''ဒီမှာလက်ဆောင်ပါတယ်... လက်ချင်းတွဲထားတဲ့စုံတွဲကိုရွေးပြီး သူတို့ဖုန်းနဲ့စကင်န်ဖတ်ခိုင်းရမယ်... နားလည်လား?''
ချင်လင်ကပြောပြောဆိုဆို မွေးနီတွင်ချိတ်ထားသော QR ကုတ်ပေါ် သရုပ်ပြနေသေး၏။
''အာ!'' ကျောက်မိုချင်းက ထိုမြင်ကွင်းကိုမြင်လျှင် အံ့ဩတကြီးမေးလိုက်သည်_ ''ယောက်ျား... ရှင်ကမွေးနီကို ခရီးသည်စုံတွဲတစ်တွဲရွေးပြီး လက်ဆောင်ပေးခိုင်းတာလား? ဒါမဖြစ်နိုင်တာလေ? ဒီကောင်လေးဘယ်လောက်ပဲဉာဏ်ကောင်းကောင်း ရှင်ပြောချင်တာကို သူနားမလည်လောက်ဘူးမလား? စုံတွဲဆိုတာဘာလဲ သူသိလို့လား?''
''ကျွိ ကျွိ!'' မွေးနီကရုတ်တရက် ကျောက်မိုချင်းကိုခေါ်ပြီး သူမကိုငြင်းနေသလိုလို။ ထို့နောက် ရုံးခန်းအပြင် သုတ်သီးသုတ်ပျာနှင့်ထွက်သွားသည်။
ကျောက်မိုချင်းကကြောင်သွားပြီး_ ''မွေးနီက ဘာသဘောလဲ? သူနားလည်တာလား?''
သို့ရာတွင် မွေးနီမှာအပြင်ရောက်နေပြီ။ သူက လင်းလင်းကျင်းကျင်းခန်းမထဲပြေးသွားပြီး သူ့ပစ်မှတ်ကိုလိုက်ရှာနေသလိုလို သွားလာနေသောခရီးသည်များကိုအသည်းအသန်လိုက်ကြည့်နေသည်။
ကားပါကင်ထဲ၌_
တက္ကစီတစ်စီးမောင်းဝင်လာပြီး ချူဖုန်းက သူ့ဇနီးဝမ်လန်နှင့်အတူ ကားထဲမှထွက်လာသည်။
''စံအိမ်ထဲဝင်ရအောင်'' ချူဖုန်းက ဝမ်လန်၏လက်ကိုဆွဲဲပြီး စံအိမ်ထဲလျှောက်ဝင်လာ၏။
မနေ့ကချင်လင်ဆီမှဖုန်းရပြီးနောက် ပြင်ဆင်ချက်တချို့လုပ်ခဲ့သည်။ ဒီနေ့ သူ့ဇနီးနှင့်အရောက်လာခဲ့ခြင်းဖြစ်၏။
''ဒါချင်းလင်စံအိမ်... ခရီးသည်တွေအများကြီးပဲ'' ဝမ်လန်က သွားလာနေသောခရီးသည်များကိုကြည့်ရင်း အံ့ဩသံနှင့်_ ''ချင်လင်ကတကယ် ဒီလိုနေရာမျိုးဖန်တီးနိုင်တယ်''
''အထင်ကြီးစရာကောင်းတယ်မလား? အရင်က ကျောင်းမှာ သူ့အောင်မြင်မှုတွေကသေးသေးတော့မဟုတ်ဘူးလို့ ခံစားမိသားပဲ'' ချူဖုန်းကပြုံးလိုက်ပြီး_ ''မင်းစံအိမ်ကိုလာလည်ချင်တာကြာပြီမလား? ချင်လင်ကိုဖုန်းမဆက်ခင် အရင်ဆုံးလျှောက်လည်ရအောင်''
“အင်း!” ဝမ်လန်ခေါင်းညိမ့်လိုက်သည်။
သူတို့ဆက်သွားမည့်ဆဲဆဲ ကျွိကျွိအော်သံကြားလိုက်ရ၏။ ချစ်စရာကောင်းသောရှဉ့်လေးတစ်ကောင်က သူတို့ရှေ့ပျာပျာပျာပျာနှင့်ရောက်လာသည်။
မွေးနီပင်။
''ဒါစံအိမ်ကရှဉ့်လေးပဲ... ချစ်စရာကောင်းလိုက်တာ'' အမျိုးသမီးတစ်ဦးဖြစ်သောဝမ်ရန်မှာ ရှဉ့်လေးကိုချက်ချင်းစိတ်ဝင်စားသွားသည်။ သူမကငုတ်တုပ်ထိုင်ချလိုက်ပြီး ကိုင်ကြည့်မည်အပြု သူ့လက်သည်းလေးများကြားတွင်တစ်ခုခုကိုင်ထားပြီး သူမအားကြည့်နေသည်ကိုတွေ့လိုက်ရသည်။
QR ကုတ်ပဲ။
ထိုမြင်ကွင်းကြောင့် ဝမ်လန်နှင့်ချူဖုန်းအံ့အားသင့်သွားသည်။
ရှဉ့်လေးကသူတို့ဆီပြေးလာပြီး QR ကုတ်ထောင်ပြတာလား?
ဘာတွေဖြစ်နေတာလဲ?