သက်လုံကောင်းစေသောဝိုင်! အာနိသင်က မထက်လွန်းဘူးလား?
Vol. 22 Ch. 322
''ညီလေးချင်... ငါ့ကိုမင်မြို့တော်ပြန်ပို့ပေးဖို့ မင်းကိုပဲလူရှာခိုင်းရတော့မှာပဲ'' လီခိုင်က သူ့အဖေအတွက် အလွန်စိုးရိမ်နေပုံရသည်။ လက်တောင်မဆေးဘဲ သူ့အဝတ်အစားပေါ်မှဖရဲသီးအရည်များကို ကပျာကယာသုတ်လိုက်၏။
ချင်လင်ကမြင်လျှင် တစ်ခုခုတွေးမိပြီး_ ''အစ်ကိုလီ... ခဏနေပါဦး... ခင်ဗျားရဲ့ဘိုးတော်အတွက်အသုံးဝင်မယ့်ဟာ ကျွန်တော့်မှာရှိတယ်''
သည်လိုနှင့် ခြံဝင်းထဲမှချက်ချင်းထွက်ပြီး သူ့ရုံးခန်းဆီလျှောက်လာခဲ့သည်။
ချင်လင်၏စကားကိုကြားလျှင် လီခိုင်အံ့ဩသွားသည်။
ညီလေးချင်မှာ ဒီလိုအားပြည့်စေတဲ့ပစ္စည်းမျိုးလည်းရှိတာလား?
သူမမေးရသေးခင် ချင်လင်ကထွက်သွားလေပြီ။
ညီလေးချင်ရဲ့စာရိတ္တကိုသူသိသည်။ ဒီလိုအချိန်မျိုးမှာ စနောက်မည်မဟုတ်။
ထို့ကြောင့် ထူးထူးခြားခြားမျှော်လင့်စောင့်စားမိသည်။
ချင်လင်က သူ့ရုံးခန်းထဲအမြန်ပြန်လာပြီး တံခါးလော့ချလိုက်၏။
သူတွေးမိသည်မှာ ဂိမ်းထဲက အရည်အသွေး ၃ (ရှားပါး)သဘာဝဂျင်ဆင်းနှင့်စိမ်ထားသောဝိုင် ၁၀ ကတ်တီပင်။
ထို(ရှားပါး)သဘာဝဂျင်ဆင်းမှာ အခုအချိန်ထိသူရခဲ့သမျှထဲတွင် တန်ဖိုးအရှိဆုံးအရာလည်းဖြစ်သည်။ အဲဒီအချိန်ကတည်းက မည်သည့်အရည်အသွေး ၃ ကိုမှမတွေ့ရတော့ချေ။

နောက်ပြီး (ရှားပါး)သဘာဝဂျင်ဆင်း၏ အကောင်းဆုံးအရည်အသွေးမှာ ဝိုင်စိမ်ပြီးနောက် သက်လုံအားကောင်းသောအာနိသင် +၃ ရှိခြင်းပင်။
ဒီပစ္စည်းက တခြားသက်လုံအားကောင်းစေတဲ့အရာတွေထက် ပိုအာနိသင်ရှိတယ်မဟုတ်လား?
သဘာဝဂျင်ဆင်းဆေးဖက်ဝင်ဝိုင်က ၁၀ ကတ်တီသာရှိသည်။ ရှားပါးသောကြောင့် ပုံမှန်ဆိုသူထုတ်မည်မဟုတ်။ သို့သော် သူက လီခိုင်၊လီရှင်းတို့နှင့် ဆက်ဆံရေးကောင်းရှိထားသည်။ အဘိုးကြီးအသက်ကယ်ဖို့လိုတယ်ဆိုရင် နည်းနည်းလောက်ထုတ်ပေးရတာကိစ္စမရှိ။
ဘာပဲဖြစ်ဖြစ် လူတွေဆိုတာ စိတ်ခံစားချက်နှင့်။ သူတို့တတ်နိုင်တဲ့အရာ၊ အပမ်းမကြီးတာဆိုရင် ဘယ်သူ့ကိုမှလျစ်လျူမရှုနိုင်ပေ။
ချင်ရန်နှင့်ချင်လုံမိသားစုမှာ ဒီလိုအခြေအနေမျိုးကြုံတွေ့ခဲ့ရင်တောင် သူတချို့တလေထုတ်ပေးဦးမည်။
ဂိမ်းထဲမဝင်ခင် အရင်ဆုံးဂိမ်းကိုကြည့်လိုက်ပြီး ဂိမ်းဇာတ်ကောင်ကို နိုထရီဒိန်းတောင်သွားကာ သစ်ပင်ခုတ်ခိုင်းဖို့စီစဉ်လိုက်သည်။
သဘာဝဂျင်ဆင်း ၁၀ ကတ်တီကို တစ်ခွက်တည်းစုထည့်ထားသည်။ လီခိုင်ရဲ့အဘိုးကြီးကိုပေးမယ်ဆိုရင်တောင် သူ့မှန်းဆချက်အရ အများကြီးလိုမည်မဟုတ်။ ၁၀၀ မီလီလီတာဆိုလုံလောက်ပြီ။
ဒီလိုဆေးဖက်ဝင်ဝိုင်မျိုးက တစ်ကြိမ်ကို ၃၀ မီလီလီတာလောက်သာ သောက်နိုင်သည်။
သို့သော် ဒီအချိန်ကျမှ သူ့မှာ ၁၀၀ မီလီလီတာပုလင်းကမရှိ။ ဒီအတိုင်း ပုလင်းတစ်လုံး ဒါမှမဟုတ် ဖန်ခွက်တစ်ခွက်ကို ယူလိုက်လို့လည်းမဖြစ်သေးဘူးမလား?
ဒီဝိုင်ကိုပေးမယ်ဆိုရင်တောင် ပုံစံကျရမည်။ ကြုံရာကျပန်းနဲ့မရ။
၁၀၀ မီလီလီတာဝိုင်ပုလင်းလုပ်ရန် ကြေးနီနှင့်ငွေသတ္တုကိုသုံးနိုင်သည်။ ဘာပဲဖြစ်ဖြစ် ပုလင်းထုတ်စက်ကလုပ်တဲ့ဝိုင်ပုလင်းကို အရွယ်အစားရွေးချယ်နိုင်သည်။
သို့သော် ဒီသဘာဝဂျင်ဆင်းဆေးဖက်ဝင်ဝိုင်ကို ကြေးနီနဲ့ငွေသုံးရင်...
သူသတ်မှတ်ထားသော ကြေးနီ၊ ငွေနှင့် ရွှေအဆင့်အရ ဒီလိုအားဆေး +၃ ဝိုင်မျိုးကို အမြင့်ဆုံးအဆင့်ရွှေပုလင်းနှင့်ထည့်ရမည်။
သို့သော် လီမိသားစုက အလွန်ထူးခြားသည်။ ရွှေပုလင်းနှင့်ထည့်၍မဖြစ်။
နောက်ပြီး ဒီဆေးဖက်ဝင်ဝိုင်က နည်းနည်းပြစ်သလိုခံစားရသည်။
ထို့ကြောင့် ဂန္တဝင်ဝိုင်ပုလင်းတစ်လုံးလုပ်ရန် ရိုးရိုးရှင်းရှင်းသစ်သားကိုသုံးပြီး သဘာဝဘက်ကိုသွားမည်။ သစ်က သက်လုံအားကိုကိုယ်စားပြုပြီး ဒီသက်လုံအားဖြည့်ပေးသောအရည်အသွေးနှင့်လိုက်ဖက်ညီသည်။
ခဏအကြာ ချင်လင်က ရိုးရိုးသစ်ပင်တစ်ပင်ခုတ်ပြီး အရည်အသွေး ၁ ရိုးရိုးသစ်သားနှင့် အရည်အသွေး ၂ ရိုးရိုးသစ်သားကိုရလိုက်၏။
သူကအရည်အသွေး ၂ သစ်ကို စက်ပစ္စည်းစမ်းသပ်ခန်းမထဲတန်းယူသွားပြီး အရည်အသွေး ၁ ပုလင်းထုတ်စက်တွင် ပါဝင်ပစ္စည်းအဖြစ် အရည်အသွေး ၂ သစ်ကိုရွေးလိုက်သည်။ သတ်မှတ်ချက်တွင် ၁၀၀ မီလီလီတာကိုရွေးပြီး အဖြူကွက်လပ်တွင်: ''ချင်းလင်ဆေးဖက်ဝင်ဝိုင် _ သက်လုံအားဖြည့်ဝိုင်''
နောက်ဆုံး ထုတ်လိုက်သည်။


ဂိမ်းမှထုတ်သောပုလင်းက သစ်သားနှင့်လုပ်ထားသော်လည်း ကြည်လင်နေဆဲ။ သို့သော် ကျစ်ကျစ်လစ်လစ်ရှိသည်။ အပြင်မှကြည့်ပြီးမပြောနိုင်။
နောက်ပြီး ဂန္တဝင်ဝိုင်ပုလင်းဟောင်းဖြစ်သောကြောင့် ရှေးကျပုံပေါ်သည်။ သစ်သားအလှအပကလည်း အလွန်အားကောင်းသည်။
(ဂန္တဝင်သစ်သားဝိုင်ပုလင်း: အရည်အသွေး ၂)
(အထူးလက်မှုပညာနှင့်လုပ်ထားသော ဝိုင်ပုလင်းဖြစ်သည်။ ပိုးမွှားကင်းစင်အောင်လုပ်ထားသဖြင့် တိုက်ရိုက်အသုံးပြုနိုင်သည်:
အလုံပိတ်မှု +၁၊ အသွင်အပြင် +၁၊ ရိုးရှင်းမှု +၁၊ အနုပညာ +၁၊ သစ်သား +၂)
ဝိုင်ပုလင်းအရည်အသွေးက အရင်နှင့်လုံးဝမတူ။
အရင်ပုလင်းထုတ်စက်မှာ အရည်အသွေး ၁ ဖြစ်သောကြောင့် ထုတ်လုပ်သောဝိုင်ပုလင်းကလည်း အရည်အသွေး ၁ ဖြစ်သည်။ ယခုမူ အရည်အသွေး ၂ သစ်သားနှင့်လုပ်ထားသောကြောင့် သစ်သားအရည်အသွေး +၂ ထပ်တိုးလာပြီ အရည်အသွေး ၂ ဝိုင်ပုလင်းဖြစ်လာ၏။
ချင်လင်ကလောလောဆယ် ဒါကိုဂရုမစိုက်။ ဝိုင်ပုလင်းလုပ်ပြီးလျှင် သိုလှောင်ခန်းထဲဝင်ပြီး သဘာဝဂျင်ဆင်းဆေးဖက်ဝင်ဝိုင်ထည့်ထားသောခွက်ဆီသွားလိုက်သည်။ သူကအာရုံစိုက်ကြည့်လိုက်ရာ အချက်အလက်ကိုတွေ့ရ၏။
(ချင်းလင်ဆေးဖက်ဝင်ဝိုင်: အရည်အသွေး ၃)
(အထူး(ရှားပါး)သဘာဝဂျင်ဆင်းနှင့်စိမ်ထားသော ဆေးဖက်ဝင်ဝိုင်ဖြစ်သည်:
ဝိုင်နံ့ကြွယ်ဝခြင်း +၃၊ သက်လုံအားဖြည့်ပေးခြင်း +၃၊ အရသာ +၂၊ သရက်ရွက်နှင့်အစာအိမ်အားကောင်းစေခြင်း +၂...)
ဒီချင်းလင်ဆေးဖက်ဝင်ဝိုင်က အကောင်းတကာ့အကောင်းဆုံးပင်။
သက်လုံအားဖြည့်ပေးခြင်း +၃ အာနိသင်အပြင် မူလဝိုင်ဟောင်း၏ဝိုင်ရနံ့ကြွယ်ဝခြင်းကိုပါဆက်ခံထားသည်။
ချင်လင်က ၁၀၀ မီလီလီတာ သစ်သားဂန္တဝင်ဝိုင်ပုလင်းကိုယူပြီးဖြည့်လိုက်၏။ ထို့နောက် ချက်ချင်းဂိမ်းထဲမှထွက်ပြီး မူလခန်းမဆီပြန်သွားပြီး လီခိုင်ကိုကြည့်လိုက်သည်။
''ညီလေးချင်'' လီခိုင်က မျှော်လင့်စောင့်စားနေသောမျက်လုံးများနှင့်ရှေ့တိုးလာ၏။
''အစ်ကိုလီ... ဒီဆေးဖက်ဝင်ဝိုင်ကို သခင်ကြီးမြည်းကြည့်ဖို့ယူသွားလိုက်ပါ'' ချင်လင်က ၁၀၀ မီလီလီတာသစ်သားပုလင်းကို လီခိုင်လက်ထဲထည့်ပေးလိုက်သည်။
လီခိုင်က ဝိုင်ပုလင်းလေးကိုကြည့်ပြီး အံ့ဩသွား၏။
ချင်လင်ကဆေးဖက်ဝင်ဝိုင်အကြောင်းပြောမည်ဟုမထင်ခဲ့။ နောက်ပြီး ဒီဆေးဖက်ဝင်ဝိုင်က သူအရင်မြင်ဖူးသောကြေးနီပုလင်း၊ ငွေပုလင်းတွေနှင့်မတူ။ သစ်သားဖြစ်နေသည်။
ချင်းလင်ဆေးဖက်ဝင်ဝိုင် _ သက်လုံအားဖြည့်ဝိုင်။
နာမည်အရ ဒီဆေးဖက်ဝင်ဝိုင်က သက်လုံအားကောင်းစေဖို့သုံးတာဖြစ်ရမည်။
ညီလေးချင်မှာ တကယ်ဒါမျိုးရှိတာပဲ။ နောက်ပြီး ဆေးဖက်ဝင်ဝိုင်တဲ့။
ချင်လင်ရဲ့ဝိုင်အာနိသင်ကို လီခိုင်ကသံသယမရှိသည့်အပြင် မျှော်လင့်ချက်တောင်ရှိလာသည်။
ဘာပဲဖြစ်ဖြစ် အရင်ဆေးဖက်ဝင်ဝိုင်နှစ်မျိုးရဲ့အာနိသင်က ရှိထားပြီလေ။
ချင်လင်ကအချိန်ဆွဲမနေဘဲ ချန်တပေကိုခေါ်လိုက်သည်။ ချန်တပေအား သူ့ BMW 5 စီးရီးကားနှင့် လီခိုင်ကိုမင်မြို့တော်ဆီပြန်ပို့ခိုင်းလိုက်လေသည်။