သက်လုံကောင်းစေသောဝိုင်! အာနိသင်က မထက်လွန်းဘူးလား? ၂
Vol. 22 Ch. 323
လီခိုင်လာတုန်းက လီရှင်းနှင့်အတူလာပြီး သူကိုယ်တိုင်မမောင်းချေ။
လီခိုင်ကိုပို့ပြီးမကြာမီ ချင်လင်ကရုံးခန်းထဲပြန်လာခဲ့သည်။ ချူဖုန်းက စာဖိုင်တစ်ခုနှင့်အတူဝင်လာ၏။
ချင်လင်ကမေးလိုက်သည်_ ''စီနီယာအစ်ကိုချူ... ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အမှုအဖြေထွက်ပြီလား?''
ချူဖုန်းကရှင်းပြလိုက်၏_ ''အခုစွန်းဟွေ့နဲ့ပတ်သက်ပြီး အားစိုက်ထားတုန်းရှိသေးတယ်... ဒီလူကတကယ်ကြိုးကိုင်တဲ့သူ... မင်းရဲ့ဘဲကိုမျက်စိကျနေတာ သူပဲ''
''ကျန်းထောင်ကတော့ ငါတို့သူ့ကိုတရားစွဲစရာမလိုတော့ဘူး... ရုံချန်းစီရင်စုက သူ့ရဲ့အတွင်းရေးအင်တာနက်အခွေကိုတွေ့သွားတယ်... သူကမင်းဘက်မှာ Wechat ကင်မရာတပ်ရုံတင်မကဘူး... ဟိုင်ရှင်းဖျော်ဖြေရေးရဲ့ရသစုံရှိုးပွဲအတော်များများက အမျိုးသမီးဆယ်လီတွေနေတဲ့နေရာမှာလည်း အသေးစားကင်မရာတွေတပ်ထားသေးတယ်''
''သူ့ရဲ့အတွင်းရေးအင်တာနက်အခွေထဲမှာ ခိုးရိုက်ထားတဲ့ဗီဒီယိုတွေအများကြီးပဲ... သူထောင်နှစ်ရှည်ကျလိမ့်မယ်... စီရင်စုရဲက ဒါကိုမကြာခင်အစီရင်ခံမှာပါ''
ချင်လင်ကထိုစကားကြားလျှင် အံ့ဩသံနှင့်မေးလိုက်သည်_ ''အမျိုးသမီးဆယ်လီတွေကို ဓာတ်ပုံခိုးရိုက်တာလား?''
ဒါကွမ်းရှီကဲသောက်ကျင့်နဲ့မတူဘူးလား?
မဟုတ်သေးဘူး။ ကွမ်းရှီကဲက သူကိုယ်တိုင်ပါပြီး ပေါ်တင်ဓာတ်ပုံရိုက်တာ။
ကျန်းထောင်ကျ ဓာတ်ပုံခိုးရိုက်တာ။ သူ့အကျင့်က ကမ္ဘာချင်းခြားသေးတယ်။
ချူဖုန်းကခေါင်းညိမ့်ပြီး ရှင်းပြသည်_ ''ငါအကြမ်းဖျင်းကြည့်ခဲ့တယ်... ဗီဒီယိုတွေအများကြီးပဲ... ဗီဒီယိုထဲကတချို့အမျိုးသမီးတွေကိုကြည့်ရတာ မြင်ဖူးနေသလိုလိုနဲ့... အတော်လေးနာမည်ကြီးလိမ့်မယ်''


''ဘယ်လိုလဲ ကိုယ်လုံးကိုယ်ပေါက်က?'' ချင်လင်က စစနောက်နောက်မေးလိုက်၏။
ချူဖုန်းကချက်ချင်းပင် ဖြောင့်မှန်သောအသံနှင့်_ ''ချင်လင်... ငါကရှေ့နေ... ငါ့မျက်စိထဲမှာ ဒါတွေက သက်သေသဘောပဲ... သူတို့ကိုယ်လုံးကိုယ်ပေါက်ဘယ်လောက်ကောင်းလဲ သေချာလိုက်ကြည့်နေမယ်ထင်လို့လား?''
''ဒီတော့ ကိုယ်လုံးကိုယ်ပေါက်ကဘယ်လိုလဲလို့?'' ချင်လင်ကထပ်မေးလိုက်သည်။
''အဆင်ပြေတယ်!'' ချူဖုန်းက တည်တည်ငြိမ်ငြိမ်ဖြေချလိုက်၏။
ချူဖုန်းပြောခဲ့သလို ရုံချန်းစီရင်စုရဲက အမှုကိုမြန်မြန်ဆန်ဆန်အစီရင်ခံလိုက်သည်။ ဘာပဲဖြစ်ဖြစ် ဒါကအမှုကြီး။ စီရင်စုငယ်လေးအဖို့ ဒီလိုအမှုမျိုးကိုင်ရတာရှားသည်။ ဒီတော့ သူတို့အရည်အချင်းကိုထုတ်ပြချင်သည်ပေါ့။
အရင်တစ်ခါ ကျန်းထောင်က ချင်းလင်စံအိမ်တွင်ကင်မရာတပ်သည်ကိုမိသောသတင်းများရေပန်းစားခဲ့ပြီး ဟိုင်ရှင်းဖျော်ဖြေရေးက ချက်ချင်းအဆက်အသွယ်ဖြတ်ခဲ့သည်။ ဒီတစ်ကြိမ်တွင် ရုံချန်းစီရင်စုရဲ၏ကြေညာချက်ကြောင့် အားလုံးပိုစိတ်ဝင်စားကာ လျင်လျင်မြန်မြန်ရေပန်းစားလာပြန်၏။
ဘာပဲဖြစ်ဖြစ် ရုံချန်းစီရင်စု၏ကြေညာချက်ထဲ၌ ရသစုံရှိုးပွဲတချို့မှစီစဉ်သော အမျိုးသမီးဆယ်လီများ၏အခန်းထဲတွင် ကင်မရာတပ်ထားသည့်အကြောင်းပါနေသည်လေ။
အမျိုးသမီးဆယ်လီများ + အသေးစားကင်မရာများ။ ဒီလိုခေါင်းစဉ်မျိုးကို အာရုံမစိုက်မိဘဲနေဖို့မဖြစ်နိုင်။
ဒီကိစ္စရေပန်းစားလာသောအခါ နာမည်ပျက်ရသစုံရှိုးပွဲတချို့တွင်ပါဝင်သော အမျိုးသမီးဆယ်လီတချို့က သူတို့ဟိုတယ်မှာနေကြောင်း Weibo တွင်တင်လာကြသည်။ ဟိုင်ရှင်းဖျော်ဖြေရေးကစီစဉ်ပေးသောအခန်းတွင်မနေကြောင်း သက်သေတွေပြကုန်ကြ၏။
နောက်ပြီး ရုံချန်းစီရင်စုရဲ၏တရားဝင်အကောင့်တွင်လည်း အလွန်စည်ကားနေသည်။ မရေမတွက်နိုင်သောပြည်သူများက အပျော်သဘောနှင့်မှတ်ချက်များဝင်ရေးကြ၏:
''ရဲအစ်ကိုကြီး... အပမ်းမကြီးရင်လေ ဗီဒီယိုလေးတစ်ပုဒ်လောက် မ စပါလို့!''
''သက်သေတွေအားလုံးကို ပြည်သူတွေမြင်ရအောင် ချပြရပါမယ်... သက်သေကြည့်ချင်တယ်''
''သက်သေကြည့်ချင်ပါတယ်!''
''သက်သေကြည့်ချင်ပါတယ်! +၁''
“…”
ထိုရေပန်းစားခေါင်းစဉ်အောက်တွင် အမှန်ပင်နည်းနည်းစည်ကားနေသည်။
…
မင်မြို့တော်တွင်အကောင်းဆုံးဆေးရုံမှာ 'ပထမဆေးရုံ'ဖြစ်သည်။
သို့သော် မင်မြို့တော်၏အကောင်းဆုံးဆရာဝန်က ဒီမှာမရှိဘဲ မင်မြို့တော်တရားဝင်ဆေးကုဌာနတွင်ဖြစ်သည်။
ထိုဆေးကုဌာနကို စစ်ဆေးရုံကပိုင်သည်။ သာမန်လူတွေ ဆရာဝန်လာမပြနိုင်ပေ။


ဆေးကုဌာနအတွင်း လူနာဆောင်အပြင်ဘက်၌ လီရှင်း၊ သူ့အဖေလီကျန်းနှင့် ကျန်လီမိသားစုဝင်များက လူနာဆောင်အတွင်းသို့ စိုးရိမ်တကြီးကြည့်နေကြသည်။
လီကျန်း၏ပုံစံမှာလည်း ခပ်တည်တည်ဖြစ်နေသည်။ အဘိုးကြီး၏ဒဏ်ရာဟောင်းအကြောင်း သူကောင်းကောင်းသိသည်။ စစ်အတွင်းက လက်နက်ကြီးအစအနမှန်ခဲ့ခြင်းဖြစ်၏။
ထိုအချိန်ကအသက်ရှင်ခဲ့သော်လည်း မမြင်နိုင်သောအန္တရာယ်ကများသည်။ အသက်ရလာသည်နှင့်အမျှ ဒဏ်ရာဟောင်းပေါ်နိုင်ခြေလည်းများ၏။ ထို့ကြောင့် လီမိသားစုက အဘိုးကြီး၏အခြေအနေကို အမြဲအာရုံစိုက်နေရပြီး အရင်က ခွဲစိတ်မှုတချို့လည်းလုပ်ခဲ့ရသေးသည်။
သို့သော် လူသားတို့၏လုပ်နိုင်စွမ်းမှာ တစ်ခါတရံအကန့်အသတ်နှင့်။ အဘိုးကြီးက အရွယ်ကျနေပြီဖြစ်၍ သက်လုံအားမရှိတော့။ ခွဲစိတ်ရသည်မှာအန္တရာယ်အလွန်များပြီး သူ့သက်လုံအားဖြည့်ပေးမည့်အရာကိုရှာတွေ့ဖို့ကလည်း ဘယ်လိုလုပ်ဒီလောက်လွယ်ပါ့မလဲ?
လီမိသားစုက ဒီပစ္စည်းရှာဖို့သတင်းဖြန့်ထားသည်။ မည်သူမဆို သတင်းပေးလျှင် ကျေးဇူးကောင်းကောင်းဆပ်မည်။ သို့သော် အခုထိဘာမှမရသေး။
လီမိသားစုရဲ့မျက်နှာသာပေးခံရခြင်းက လုံးဝအရေးပါ၏။ ဘယ်သူမှသူတို့တံခါးပေါက်ကို ရောက်မလာပုံထောက်ရင် ဒီလိုသက်လုံအားဖြည့်ပေးနိုင်တဲ့ပစ္စည်းမျိုးက အလွန့်အလွန်ရှားပါးသည်ဆိုသည့်သဘောပင်။
ဒီတစ်ကြိမ်တွင် အဘိုးကြီးမှာ လုံးဝကံအပေါ်သာပုံချရတော့မည်။
''မင်းဦးလေး ဘယ်အချိန်ပြန်လာမှာလဲ?'' လီကျန်းက လီရှင်းကိုမေးလိုက်သည်။
လီရှင်းကရှင်းပြလိုက်၏_ ''ချင်းလင်စံအိမ်ကနေ ချက်ချင်းလာမယ်ဆိုရင် မကြာခင်ရောက်မှာပါ''
“ဟုတ်ပြီ” လီကျန်းခေါင်းညိမ့်လိုက်သည်။
အဘိုးကြီးအခြေအနေက မကြာခဏပြန်ဖြစ်နေသည်။ အခုပဲပြဿနာတက်နေတာမလား? အချိန်မရွေး အရေးပေါ်ခွဲစိတ်ခန်းဝင်ရနိုင်သည်။ သူ့ကိုတောက်လျှောက်အဖော်ပြုပေးဖို့ သားတစ်ယောက်ရှိရမည်။
သူ့အခြေအနေက ရေရှည်စောင့်ကြည့်ရမည့်အနေအထားဖြစ်နေ၍ သူ့ညီငယ်လီခိုင်ကိုသာ အားကိုးရပေမည်။
လူနာဆောင်တံခါးပွင့်လာသည်။
ဆရာဝန်လေးငါးယောက်ထွက်လာ၏။
လီကျန်းက အလျင်စလိုရှေ့တိုးသွားပြီး ဦးဆောင်ဆရာဝန်ကိုမေးလိုက်သည်_ ''ဒေါက်တာသွမ့်မု... ဘယ်လိုလဲ?''
ဒေါက်တာသွမ့်မုကမျက်မှောင်ကြုတ်လိုက်ကာ_ ''လောလောဆယ်တော့ တည်ငြိမ်သွားပါပြီ... ဒါပေမဲ့ သခင်ကြီးရဲ့အခြေအနေအလုံးစုံက အရမ်းချူချာတယ်... ဒီလိုမျိုးအချိန်ဆွဲထားတာက အဖြေမဟုတ်ဘူး...ကြာလေလေ ခွဲစိတ်ဖို့ပိုပြီးအန္တရာယ်များလေလေပဲ... လူကြီးမင်းလီ... သက်လုံအားကောင်းစေတဲ့အရာများတွေ့ထားလား? မတွေ့ရင် ခွဲစိတ်ဖို့ပဲတိုက်တွန်းရတော့မယ်''
''မတွေ့သေးဘူး'' လီကျန်းက မတတ်သာပုံနှင့်ခေါင်းခါပြလိုက်သည်။
သူ့သားတစ်ယောက်အနေနဲ့ ဒီလိုအချိန်မှာ အဘိုးကြီးအတွက်ဘာမှမတတ်နိုင်တာ အလွန်ရှက်မိသည်။ အဘိုးကြီးက သူ့ဘာသာစွန့်စားရတော့မည်။
ခွဲစိတ်မှုလုပ်ပြီဆိုလျှင် ဘာမှခန့်မှန်းမရပေ။
''လူကြီးမင်းလီ... တစ်ခုခုဖြစ်ခဲ့ရင် တာဝန်ကျဆရာဝန်ကို ကျွန်တော့်ဆီအသိပေးခိုင်းပါ'' ဒေါက်တာသွမ့်မုကထပ်ပြောပြီး သူ့လူများနှင့်ထွက်သွား၏။
လီကျန်းနှင့်လီရှင်းက လူနာဆောင်ထဲဝင်လာသည်။ အဘိုးကြီးကုတင်ဘေးတွင် ကြည့်ရှုနေသောဆရာဝန်တစ်ဦးနှင့်သူနာပြုတစ်ဦးရှိသည်။
သခင်ကြီးလီ၏ဂုဏ်ပုဒ်မှာ သာမန်မဟုတ်သောကြောင့် ဆေးကုဌာနကလျစ်လျူမရှုရဲပေ။ တစ်ချိန်လုံးစောင့်ကြည့်ရန် တာဝန်ကျဆရာဝန်တစ်ယောက်ချပေးထားသည်။
''လူကြီးမင်းလီ... အခုပဲသတိပြန်လည်လာအောင်လုပ်ပေးထားလို့ သခင်ကြီးလီအရမ်းမောနေပါတယ်... သူအနားယူနေတာပါ'' တာဝန်ကျဆရာဝန်က လီကျန်းဝင်လာသည်ကိုမြင်လျှင် ချက်ချင်းနှုတ်ဆက်လိုက်သည်။