ဆရာဝန်မယုံနိုင်! ဒီပစ္စည်းကအဖိုးတန်လွန်းတယ်!
Vol. 22 Ch. 325
တာဝန်ကျဆရာဝန်က ကိရိယာပေါ်မှအချက်အလက်ကိုအံ့ဩစွာကြည့်နေသည်။
အရေးပေါ်အခြေအနေရောက်နေတဲ့လူကြီးတစ်ယောက်က ဒီလောက်မြန်မြန်ပြန်ကောင်းလာဖို့မဖြစ်နိုင်။
စောစောက လီမိသားစုသူ့ကိုအပြင်ထွက်ခိုင်းတာ သတိရသွားသည်။
လက်ရှိအခြေအနေက ဒီအချက်နှင့်သက်ဆိုင်လိမ့်မည်။
ထို့ကြောင့် အင်မတန်သိချင်စိတ်ပြင်းပြသွားသော်လည်း မစပ်စုရဲ။
လီမိသားစုကအပြင်ထွက်ခိုင်းတာ ဘယ်သူ့ကိုမှမသိစေချင်လို့ပေါ့။ သူမေးရင် မနက်ဖြန်အလုပ်ပြုတ်သွားနိုင်သည်။
လီကျန်းက ဝမ်းသာနေ၏။
အရင်က သူ့သားကို မိသားစုစီစဉ်ပေးတဲ့လမ်းကြောင်းမယူဘဲ ဝိုင်တွေဟိုစပ်ဒီစပ်လုပ်နေသောကြောင့် အမျိုးမျိုးကန့်ကွက်ခဲ့ဖူးသည်။
ဒါပေမဲ့ အခုတော့ သူ့သားက ဝိုင်မှာအတိုင်းအတာတစ်ခုအထိအောင်မြင်ထားသည့်အတွက် နည်းနည်းဝမ်းမြောက်မိသည်။

အရင်သူ့သားပြောပုံအရ သူနဲ့သူဌေးချင်က ဝိုင်ကြောင့် အချင်းချင်းအသိအမှတ်ပြုရသည်တဲ့။ ဝိုင်မှာသူများကိုမနိုင်ကြောင်း သူ့သားဝန်ခံတာပထမဆုံးအကြိမ်လည်းဖြစ်သည်။
သူ့သားကဝိုင်မှာအောင်မြင်ထားခြင်းကြောင့်သာမဟုတ်ရင် သူဌေးချင်နဲ့မိတ်ဆွေဖြစ်နိုင်မှာမဟုတ်သလို ဒီချင်းလင်ဆေးဖက်ဝင်ဝိုင်ကိုရဖို့လည်းမဖြစ်နိုင်။ ဒီတစ်ခေါက် ဒီသက်လုံအားဖြည့်ဝိုင်ကိုထုတ်ပေးဖို့ဆိုတာ ပိုတောင်မဖြစ်နိုင်သေး။
ဒီတစ်ကြိမ် လီမိသားစုက သူဌေးချင်အပေါ် ကျေးဇူးကြွေးအကြီးကြီးတင်သွားပြီ။
''ဘယ်သူ... ဘယ်သူငါ့ကိုဝိုင်တိုက်တာလဲ? ငါသောက်ချင်တယ်'' ရုတ်တရက် ကုတင်ပေါ်မှညည်းတွားသံထွက်လာသည်။ သခင်ကြီးလီက အမှန်ပင်မျက်လုံးပွင့်လာပြီး လီကျန်းတို့ကိုကြည့်နေ၏။
သူ့ဘေးမှတာဝန်ကျဆရာဝန်မှာ ကြောင်သွားသည်။
သူ့ကို ဝိုင်တိုက်တယ်?
လီမိသားစုက ဝိုင်တိုက်လိုက်တာလား?
ဒါမဖြစ်နိုင်ဘူးလေ ဟုတ်တယ်မလား?
လူနာတွေက အရက်ရှောင်ရတာ အခြေခံအသိပဲ။ သခင်ကြီးလီလို အချိန်မရွေးအရေးပေါ်အခြေအနေရောက်သွားနိုင်တဲ့လူနာမျိုးဆို မပြောနှင့်တော့။
သို့သော် အမှန်တရားက သူ့ရှေ့မှာ။ အဘိုးကြီးရဲ့သွေးအားက အများကြီးပိုကောင်းလာသည်။ သူ့မျက်နှာက ညှိုးငယ်နေတာမျိုးမရှိတော့။
သက်လုံအားကောင်းခြင်း၏အဓိကအကျဆုံးမြင်သာသည့်အချက်မှာ စိတ်အခြေအနေကောင်းရှိခြင်းပင်။
''အဘိုး... ဘယ်လိုနေလဲ?'' အဘိုးကြီးနိုးလာသည်ကိုမြင်လျှင် လီရှင်းကချက်ချင်းရှေ့တိုးသွားပြီး စိုးရိမ်စိတ်နှင့်မေးလိုက်သည်။
အဘိုးကြီးက လူနာဆောင်ပတ်ပတ်လည်ကိုကြည့်ပြီး သူဘယ်ရောက်နေလဲသဘောပေါက်သွားသည်။ သူကသက်ပြင်းချ၍_ ''သက်သာလာပါပြီ... အရင်လောက် မနာတော့ဘူး''
''အဘိုး... မကြာခင်ပြန်ကောင်းသွားမှာပါ'' လီရှင်းက အလျင်စလိုပြောလိုက်သည်။
ချင်လင်ရဲ့ဆေးဖက်ဝင်ဝိုင်က အရမ်းပြင်းသည်။ သူ့အဘိုးသေချာပေါက်အသက်ရှင်မည်ဟု သူယုံကြည်ထား၏။
အဘိုးကြီးကရုတ်တရက် သူ့နှုတ်ခမ်းထောင့်ကိုလျှာနှင့်သပ်လိုက်ပြီး သိချင်စိတ်နှင့်မေးကြည့်သည်_ ''ဝိုင်လိုအနံ့မျိုးပဲ... အိပ်မက်မက်နေတယ်ထင်တာ''
ထိုစကားကြားလျှင် လီကျန်းကချက်ချင်း တာဝန်ကျဆရာဝန်ကိုကြည့်ကာ_ ''လူကြီးကိုထပ်စစ်ဆေးကြည့်ဖို့ ဒေါက်တာသွမ့်မုကိုအသိပေးလိုက်ပါဦး''


တာဝန်ကျဆရာဝန်က ထိုစကားကြောင့် အမှတ်တမဲ့ပြန်ထွက်ခိုင်းသည်ဟုတွေးမိသည်။
သူကအလိုက်တသိပြန်ထွက်လာပြီး ပိုအံ့ဩနေမိသည်။ သခင်ကြီးလီရဲ့အခြေအနေက တကယ်ဝိုင်နဲ့ဆက်စပ်နေတာပဲ။
ဒါပေမဲ့ ဘယ်ဝိုင်မှာ ဒီလိုအာနိသင်မျိုးရှိနိုင်လဲ?
အခန်းထဲအပြင်လူမရှိတော့မှ လီကျန်းက အဘိုးကြီးအား_ ''အဖေ... ဒီအချိန်မှာ အားလုံးချင်းလင်စံအိမ်ရဲ့သူဌေးချင်ကိုကျေးဇူးတင်ရမှာပဲ... အခုအဖေက အရမ်းအသက်ကြီးနေပြီ... အဖေ့ဒဏ်ရာဟောင်းကပြန်ပေါ်ပြီး ကိုယ်ခံအားကမလုံလောက်ဘူး... ခွဲစိတ်ဖို့ကအရမ်းအန္တရာယ်များတယ်... အဖေ့အခြေအနေတိုးတက်လာတာ သူဌေးချင်က သက်လုံအားဖြည့်ဆေးဖက်ဝင်ဝိုင်ပို့ပေးလိုက်လို့''
''အဲဒါကြောင့် နှုတ်ခမ်းထောင့်မှာ ဝိုင်နံ့ရနေတာကိုး... ဒီဝိုင်ကအရမ်းမွှေးတယ်'' သခင်ကြီးလီက နှုတ်ခမ်းထောင့်ကို လျှာနှင့်ထပ်လျှက်လိုက်ပြန်သည်။ ဒီလိုသက်လုံအားဖြည့်ပစ္စည်းတွေကဘယ်လောက်ရှားလဲ သူအသိ_ ''ဒီပစ္စည်းမျိုးက အသက်ကယ်ဆေးပဲ... ငါလိုအဘိုးကြီးတစ်ယောက်အတွက် ထုတ်ပေးဖို့ဆန္ဒရှိတယ်ဆိုရင် ငါ့အပေါ်ကျေးဇူးကြွေးအကြီးကြီးတင်သွားပြီ''
သည်လိုနှင့် အဘိုးကြီးကမေးလာသည်_ ''ဒါနဲ့... ဝိုင်ရော?''
လီကျန်းက သက်လုံအားဖြည့်သစ်သားဝိုင်ပုလင်းကို အဘိုးကြီးလက်ထဲအလျင်စလိုထည့်ပေးလိုက်၏။
အဘိုးကြီးက ဝိုင်ပုလင်းကိုကိုင်ပြီး မနေနိုင်ဘဲအနံ့ရှူကြည့်လိုက်သည်_ ''ဒီဝိုင်က အရမ်းမွှေးတယ်... ဒီလောက်မွှေးတဲ့ဝိုင်မျိုး အရင်ကမသောက်ဖူးဘူး... စောစောကနိုးလာတာလည်း သောက်ချင်လို့ကွ... အခုနည်းနည်းထပ်သောက်လို့ရမလား?''
ဒီအဘိုးကြီးကလည်း ဝိုင်ချစ်သူ။
လီရှင်းကပြုံးလိုက်ပြီး_ ''အဘိုး... ဒါကအရည်အသွေးမြင့်ဝိုင်... ဘယ်လောက်ကောင်းကောင်း အများကြီးသောက်ဖို့မသင့်တော်ဘူး... ဒါပေမဲ့ လက်ရှိအခြေအနေအရဆိုရင် နောက်ထပ် ၁၀ မီလီလီတာတော့ သောက်လို့ရမယ်''
''ဒါဆိုရင် တစ်ငုံစာလေးပေါ့'' အဘိုးကြီးက တစ်ငုံစာလေးတန်းယူလိုက်ပြီး သက်ပြင်းမချဘဲမနေနိုင်တော့_ ''မွှေးရုံတင်မကဘူး... အရသာလည်းရှိတယ်... အဓိကက ဒီဝိုင်ရဲ့အာနိသင်ပဲ... မင်မြို့တော်ထဲက တရုတ်တိုင်းရင်းဆေးမိသားစုနှစ်စုရဲ့ဆေးဖက်ဝင်ဝိုင် လုံးဝမယှဉ်နိုင်ဘူး''
လီရှင်းကပြုံးလိုက်ပြီး_ ''ဒီဝိုင်မဟုတ်ဘူးဆိုရင်တောင် အဲဒီမိသားစုနှစ်စုက ချင်လင်ကိုမယှဉ်နိုင်ဘူး... ချင်လင်က သူ့ဝိုင်သိုလှောင်ခန်းထဲမှာ နှစ် ၂၀ နှစ် ၃၀ သက်တမ်းရှိတဲ့ဆေးဖက်ဝင်ဝိုင်တွေရှိသေးတယ်... မူလဆေးဖက်ဝင်ဝိုင်နှစ်မျိုးကတောင် သူတို့မိသားစုနှစ်စုထက်ကောင်းတယ်... နောက်ပြီး ကျွန်တော် ချင်လင်ကို ရှန်းရွှေလက်ဆောင်ဆန်နဲ့တောင်ဝိုင်စိမ်ကူပြီး အဲဒီဝိုင်နဲ့ ဆေးဖက်ဝင်ဝိုင်လုပ်မလို့... နောက်ကျရင် ဒီမိသားစုနှစ်ခု ဘယ်လိုလုပ်ယှဉ်နိုင်တော့မှာလဲ?''
ထိုအချိန်တွင် လီခိုင်ကဖြည့်ပြောလိုက်သည်_ ''နောင်ကျရင် ညီလေးချင်ရဲ့ဝိုင်ကို ရှန်းရွှေလက်ဆောင်ဆန်နဲ့ချည်းစိမ်လောက်တယ်... မမေ့နဲ့လေ... သူ့စံအိမ်မှာ ရှန်းရွှေလက်ဆောင်ဆန်လည်းစိုက်ထားတယ်''
''ရှန်းရွှေလက်ဆောင်ဆန်?'' လီကျန်းက လီခိုင်ကိုကြည့်ကာ မအံ့ဩဘဲမနေနိုင်တော့_ ''ဘာတွေဖြစ်နေပါလိမ့်? ချင်းလင်စံအိမ်မှာ စိုက်လို့ရလား?''
သူအံ့ဩလည်း အံ့ဩလောက်စရာ။
ရှန်းရွှေလက်ဆောင်ဆန်မှာ အာဟာရတန်ဖိုးပြည့်ဝပြီး အရွယ်တင်နုပျိုစေသည်။ မဟုတ်ရင် စိုက်ပျိုးပြီးတာနဲ့ မြို့တော်ကိုတောက်လျှောက်ပို့နေမှာမဟုတ်။
အရင်က ဒီဆန်မျိုးမှာ အကြီးအကဲယွမ်ဖြေရှင်းချင်နေသောပြဿနာတစ်ရပ်လည်းဖြစ်သည်။ ဒီဆန်ကို ဒဏ္ဍာရီပဏ္ဏာဆက်ဆန်မျိုးအဖြစ်သာမဟုတ်ဘဲ မိသားစုတိုင်းလူကြိုက်များအောင်လုပ်နိုင်ခဲ့ရင် ဘယ်လိုဖြစ်မလဲ?
နိုင်ငံသားတိုင်းသာ ရှန်းရွှေလက်ဆောင်ဆန်ကိုနေ့တိုင်းစားနိုင်ရင် နိုင်ငံသားတွေရဲ့ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်မှုကိုအကြီးအကျယ်တိုးတက်စေလိမ့်မည်။ ဒါဆိုရင် အာရှသားတွေရဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုက လူမည်းတွေထက်ညံ့မှာမဟုတ်။
အကြီးအကဲယွမ်ဖွဲ့စည်းထားသောအဖွဲ့က နိုင်ငံတစ်ဝန်းစမ်းသပ်ခဲ့ပြီး မင်မြို့တော်ကိုလည်းလာခဲ့သည်။ ထိုအချိန်က သူလက်ရှိအနေအထားမဟုတ်သေး။ တစ်ချိန်လုံး သူ့ကိုအဖော်ပြုပြီး စမ်းသပ်မှုအတွက်သင့်တော်မည့်မြေကို လိုက်ရှာပေးခဲ့သည်။
သို့သော်လည်း နောက်ဆုံးရလဒ်က ကျရှုံးတာပဲပေါ့။