တိရစ္ဆာန်အစီအစဉ်! ဖရဲမျိုးစေ့နှစ်မျိုး!
Vol. 22 Ch. 328
နှစ်သစ်ရောက်ပြီး ခရီးသွားအများဆုံးအချိန်ကျလာသည်။ မတ်လမတိုင်ခင် ရှုမျှော်ခင်းနေရာအသီးသီးတွင်လည်း ကျားနှစ်၏ပထမဆုံးခရီးသွားပြုံကျချိန်ထဲဝင်လာ၏။
ရှုမျှော်ခင်းနေရာများမှာ ခရီးသည်များကိုပိုမိုဆွဲဆောင်နိုင်ရန် အမျိုးမျိုးအဖုံဖုံစတင်ကြော်ငြာကြသည်။
ချင်းလင်စံအိမ်အတွက်မူ ကြော်ငြာဖို့မလိုအပ်သလိုပင်။
ချင်းလင်စံအိမ်မှာ အမြဲတမ်းအွန်လိုင်းပေါ်ကျော်ကြားနေသည်။ ကုမ္ပဏီ၏တရားဝင်အကောင့်တစ်ခုမှာ ပရိသတ်သုံးသန်းကျော်နေလေပြီ။
အမှန်တော့ လက်ရှိစံအိမ်တွင် လုပ်ငန်းများများစားစားမရှိသေး။ သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်၊ ရေပေါ်တံတားရှုခင်း၊ ရွက်လွှင့်ခြင်း၊ ကိုယ်တိုင်ယူစားသုံးစနစ်နှင့် သတို့သမီးခန်းလောက်သာရှိ၏။ သို့သော် ချင်းလင်စံအိမ်ကနာမည်ကျော်သည်။
ထို့ကြောင့်ပင် အမြဲတမ်း ရှုမျှော်ခင်းနေရာအားလုံးက မေးခွန်းထုတ်စရာဖြစ်နေခဲ့သည်။ ချင်းလင်စံအိမ်၏ပုံစံအတိုင်း ဘယ်သူမှလိုက်မတုပဖူးတာမဟုတ်။ အလားတူသုံးပွင့်ဆိုင်ဇီးပန်းပင်လယ်မျိုး၊ အလားတူရွက်လွှင့်ခြင်းမျိုးမှာ ချင်းလင်စံအိမ်၏ကျော်ကြားမှုကိုမယှဉ်နိုင်ပေ။
အတော်များများက ခံစားချက်လုံးဝမကောင်း။
ဘယ်အချက်ပေါ် မူတည်တာလဲ?
ရေပေါ်တံတားရှုခင်းနေရာဖွင့်ပြီးမကြာခင် ချင်းလင်စံအိမ်က တိရစ္ဆာန်အစီအစဉ်နှင့်ထိုးဖောက်ပြီး အားလုံးစိတ်ဝင်စားအောင်လုပ်ခဲ့ပြန်သည်။
စံအိမ်က ရေပန်းစားနေမြဲ။
စုံတွဲတစ်တွဲက လက်ချင်းချိတ်ပြီး ခန်းမအပြင်ထွက်လာသည်။ ထိုစုံတွဲက ရွက်လွှင့်ရန်လက်မှတ်များဝယ်ခဲ့၏။
လမ်းထောင့်ချိုးအကျော်တွင် ကျွိကျွိဟူသောအသံကိုကြားလိုက်ရသည်။
စုံတွဲကလှမ်းကြည့်လိုက်ရာ ချက်ချင်းအံ့ဩသွားသည်။
အမျိုးသမီးကအော်လိုက်၏_ ''မွေးနီပဲ''
အမျိုးသားဖြစ်သူက အလောတကြီးနှင့်_ ''မြန်မြန်... မင်းဖုန်းနဲ့ QR ကုတ်စကင်န်ဖတ်လိုက်''
အခုတော့ ချင်းလင်စံအိမ်မှာ မွေးနီဆိုသောဆယ်လီရှဉ့်လေးတစ်ကောင်ရှိမှန်း အားလုံးသိနေကြပြီ။ နေ့တိုင်းသူက ကံထူးရှင်ခရီးသည်တစ်ဦးဆီ QR ကုတ်ယူလာပြီး လက်ဆောင်ပေး၏။ ခရီးသည်ကစကင်န်ဖတ်ပြီးသောအခါ အရှေ့ကောင်တာသွားပြီး လက်ဆောင်ရယူနိုင်သည်။
စံအိမ်က မွေးနီကို Tiktok အကောင့်တစ်ခုတောင်ပေးထားသည်။ ဒီအတောအတွင်း ပရိသတ် ၃၀၀၀၀၀ ကျော်တောင်ရှိလာ၏။
ခရီးသည်များက ချင်းလင်စံအိမ်လာလည်သောအခါ ထိုဆယ်လီရှဉ့်လေးကိုအမှတ်တမဲ့ရှာမိတတ်သည်။
ထိုအကောင့်ကို လင်းလန်ဇီလုပ်ထားခြင်းပင်။ မွေးနီက ထူးထူးခြားခြားဉာဏ်ကောင်းပြီး ဗီဒီယိုရိုက်လျှင်အလိုက်သင့်နေတတ်ကြောင်း သူမသိသည်။
အရင်က ချင်းလင်စံအိမ်၏ရှဉ့်များနာမည်ကျော်သည်ဆိုသော်လည်း သတ်သတ်မှတ်မှတ်ဦးတည်ချက်မရှိပေ။ အခုတော့ မွေးနီ၏လက်ဆောင်အစီအစဉ်နှင့် အဓိကထိုးဖောက်သူမွေးနီအတွက် Tiktok အကောင့်တစ်ခုဖွင့်ပေးရန် သူမကအကြံပေးခဲ့သည်။
ဤသည်က အင်တာနက်ဆယ်လီများကို အဖွဲ့ကတွန်းအားပေးသည်နှင့်အတူတူပင်။
တခြားသူတွေက လူကိုတွန်းအားပေးပြီး စံအိမ်က တိရစ္ဆာန်ကိုတွန်းအားပေးခြင်းသာ။
ကျောက်မိုချင်းက ထိုအကြံပြုချက်ကိုလက်ခံလိုက်သည်။ ဒါသူ့တာဝန်တွေကိုမျှပေးဖို့ လူရှာရခြင်း၏အကြောင်းရင်းလည်းဖြစ်သည်။
ကျောက်မိုချင်း အရင်ကဒါကိုမတွေးမိ။ ဒီအတွက်တာဝန်ခံရှိလာတော့ ပိုကောင်းသောအကြံဉာဏ်များရလာသည်မှာ အမှန်ပင်။
ထို့အပြင် အင်တာနက်ဆယ်လီတိရစ္ဆာန်တစ်ကောင်၏တန်ဖိုးက တချို့အင်တာနက်ဆယ်လီများထက်မလျော့ပေ။

ပရိသတ် ၃၀၀၀၀၀ ရှိသော အင်တာနက်ဆယ်လီတိရစ္ဆာန်တစ်ကောင်နှင့် ပရိသတ် ၃၀၀၀၀၀ ရှိသော အင်တာနက်ဆယ်လီအမျိုးသမီးတစ်ဦးအကြားပြောနိုင်သောအချက်မှာ အရင်ဆုံးစိတ်ဝင်စားခံရမှုကျဆင်းလာမည့်သူက ပရိသတ် ၃၀၀၀၀၀ ရှိသော အင်တာနက်ဆယ်လီအမျိုးသမီးဖြစ်မှာသေချာသလောက်ရှိသည်။
ယနေ့ခေတ်လူ့အဖွဲ့အစည်းတွင် တစ်ညတာပြေးဆွဲသောအမျိုးသားများပိုပိုများလာသည်။ အင်တာနက်ဆယ်လီအမျိုးသမီးများ၏ဆွဲဆောင်မှုလည်း ကျဆင်းလာ၏။
ဘာပဲဖြစ်ဖြစ် ဒီအင်တာနက်ဆယ်လီအမျိုးသမီးက တကယ်ကြည့်ကောင်းတာလား ဒါမှမဟုတ် ပြင်ဆင်ချက်တွေသုံးထားတာလား ဘယ်သူသိမလဲ?
မွေးနီက လက်ရှိအွန်လိုင်းပရိသတ် ၃၀၀၀၀၀ ရှိနေသည်။
သူကလူငယ်စုံတွဲကိုကြည့်ပြီး QR ကုတ်ကိုင်လျက် တကျွိကျွိအော်နေ၏။
လူငယ်စုံတွဲက QR ကုတ်ကိုစကင်န်ဖတ်လိုက်ရင် ဆုမဲရမည်မှန်းသိသည်။ သူတို့ရှေ့တိုးမည်အပြုတွင် ရုတ်တရက်လူအတော်များများပြေးလာသည်ကိုတွေ့လိုက်ရလေသည်။
''မွေးနီပဲ!''
''QR ကုတ်ဖတ်ဦးမယ်!''
''လက်ဆောင်လိုချင်တာ''
“…”
အမျိုးသမီး၏အော်သံကြောင့် အနားပတ်လည်မှခရီးသည်များစိတ်ဝင်စားကုန်သည်။
သူ့ကိုလူအုပ်စုက ဝိုင်းတိုးလာကြ၏။ သူတို့အားလုံးကဖုန်းကိုင်ထားပြီး မွေးနီကိုဝန်းရံလိုက်ကြသည်။ သူတို့လည်း QR ကုတ်ဖတ်ချင်သည်ပေါ့။
မွေးနီက အလန့်တကြား QR ကုတ်ချလိုက်ပြီး တံတားဆီသုတ်သီးသုတ်ပျာပြေးသွား၏။
သို့သော် ခဏအကြာ ရှဉ့်လေးမွေးနီကိုဒီနေရာမှာတွေ့မှန်း လူတွေပိုသိကုန်သည်။ သူတို့အားလုံးက ပတ်လည်ဝိုင်းလာပြီး တံတားပေါ်မှမွေးနီကိုဗီဒီယိုရိုက်ကြ၏။
QR စကင်န်ဖတ်မရရင် ဗီဒီယိုရိုက်မှာပေါ့။ ဒါလည်း Wechat အခိုက်အတန့်များမှာတင်လို့ရတယ်လေ။
မွေးနီက ကြပ်သိပ်နေသောလူအုပ်ကိုကြည့်ရင်း စိတ်မရှည်စွာနှင့်ခေါင်းကုတ်လိုက်သည်။ အခုလက်ဆောင်ပေးဖို့မလွယ်ကြောင်း သူသိသည်။ သူထွက်လိုက်သည်နှင့် အရူးအုပ်စုကဝိုင်းလာလိမ့်မည်။ လက်ဆောင်အများကြီး သူမပေးနိုင်။
မွေးနီက ထိုလူများကိုလျစ်လျူရှုပြီး တံတားပေါ်မှထွက်ပြေးသွားတော့သည်။
…
စံအိမ်အတွင်း သုံးပွင့်ဆိုင်ဇီးပန်းအိုးစိုက်ပင်စိုက်ခင်းဘေးတွင် အဆောက်အဦးတစ်ခုဆောက်ထားသည်။
ထိုအဆောက်အဦးမှာ စွန်းမင်၏ရုံချန်းပထမဆောက်လုပ်ရေးဝန်ထမ်းများအတွက်အဆောင်ဖြစ်သည်။
အဆောက်အဦးအတွင်းပိုင်းတွင် သေသေသပ်သပ်အခန်းများဖွဲ့ထား၏။
မူလနှစ်ထပ်ဆောင်အဆောက်အဦးဆောက်လုပ်ရေးမှာ စီရင်စုကချပေးသောထောက်ပံ့ငွေနှင့်ဖြစ်သည်။ နောက်ပိုင်း စံအိမ်ကလျင်လျင်မြန်မြန်ဖွံ့ဖြိုးလာပြီး နောင်မှာချဲ့ထွင်ဖို့အစီအစဉ်ရှိသောကြောင့် အဆောင်ကခြောက်ထပ်အဆောက်အဦးဖြစ်သွား၏။ လိုငွေကို စံအိမ်ကဖြည့်စိုက်လိုက်သည်။
ခြောက်ထပ်သာရှိသော်လည်း ပုံစံကတက္ကသိုလ်အဆောင်တစ်ခုနှင့်တူ၏။ လူသုံးလေးရာ အသာလေးဆံ့သည်။ ကုတင်များကိုလည်း အပေါ်ထပ်၊ အောက်ထပ်ခွဲထားသည်။ တစ်ယောက်ခန်း၊ နှစ်ယောက်ခန်း၊ လေးယောက်ခန်းနှင့် ခြောက်ယောက်ခန်းခွဲထား၏။ သီးသန့်သန့်စင်ခန်းနှင့် လေအေးပေးစက်ပါသည်။
တစ်ယောက်ခန်းနှင့်နှစ်ယောက်ခန်းများကို စီမံရေးအတွက်ချန်ထားသည်။
နှစ်ယောက်ခန်းမှာ အလုပ်သမားခေါင်းအဆင့်အတွက်ဖြစ်ပြီး တစ်ယောက်ခန်းမှာ ကြီးကြပ်နှင့်အထက်အဆင့်ရှိသူများအတွက်ဖြစ်သည်။
ရက်ပိုင်းအတွင်း သူတို့ရွှေ့လာနိုင်ပြီဖြစ်၍ မူလအဆောင်လေးကိုဖြိုဖျက်ချတော့မည်။
အချိန်ကျရင် ဝန်ထမ်းအားလုံးက ထိုဝန်ထမ်းအဆောင်တွင်နေဖို့လျှောက်နိုင်မည်။ အဆောင်မနေချင်တဲ့သူတချို့လည်းရှိမည်ပေါ့။ ဘာပဲဖြစ်ဖြစ် စံအိမ်က စီရင်စုနှင့်အလွန်နီးသည့်အတွက် နေ့တိုင်းအထူးပြေးဆွဲသောဘတ်စ်ကားလမ်းကြောင်းများရှိသည်လေ။ နာရီဝက်အတွင်း သွားလာနိုင်သည့်အတွက် အလွန်အဆင်ပြေသည်။
လက်ရှိဝန်ထမ်းအများစုက စီရင်စုထဲတွင်နေကြသဖြင့် အိမ်ကိုသာပြန်ချင်ကြ၏။
ထိုဝန်ထမ်းများကို အိမ်ရာထောက်ပံ့ကြေးထပ်တိုးပေးရမည်။
စံအိမ်ဖွံ့ဖြိုးလာသည်နှင့်အမျှ ဒါတွေကိုနည်းနည်းချင်းဖြည့်ဆည်းသွားရမည်။
ဝန်ထမ်းအဆောင်အမိုးထပ်တွင် ဖရဲမျိုးစေ့များကိုတွေ့မြင်နိုင်သည်။
ဖရဲမျိုးစေ့များသိမ်းပြီးလျှင် ပိုးမွှားသေစေရန်အလို့ငှာ အချိန်တစ်ခုလောက်နေလှန်းထားမှ ဖရဲမျိုးစေ့အရည်အသွေးတက်လာမည်။ စံအိမ်တွင်ခရီးသည်များပြည့်နေသဖြင့် ထိုနေရာမှာ မျိုးစေ့အခြောက်လှန်းဖို့အကောင်းဆုံးနေရာဖြစ်၏။
ချင်လင်မှာ ဖရဲမျိုးစေ့များရှေ့တွင်ငုတ်တုပ်ထိုင်ပြီး ချန်တပေ၊ လုံခြုံရေးအစောင့်နှစ်ဦးနှင့်အတူ သေသေချာချာရွေးချယ်နေသည်။


မျိုးစေ့များက သာမန်ဖရဲမျိုးစေ့ထက်ပိုကြီးသော်လည်း ပြွတ်သိပ်နေသောအစေ့များကြားတွင် ပိုကြီးတဲ့မျိုးစေ့တစ်စေ့နှစ်စေ့ရှာတွေ့မည်မှန်း ချင်လင်သိသည်။
ချင်လင်က မျိုးစေ့လက်တစ်ဆုပ်စာယူပြီး ခဏအကြာတစ်စေ့ရွေးထုတ်လိုက်ကာ အပြုံးနှင့်_ ''နောက်တစ်စေ့တွေ့ပြီ''
သူကချက်ချင်း မျိုးစေ့ကိုသူ့ဘေးမှခြင်းလေးထဲထည့်လိုက်၏။
ပိုကြီးသောမျိုးစေ့ကြောင့် တချို့အရာများကို သူမှန်းဆမိသည်။ အကြောင်းမှာ ဂိမ်းထဲမှထုတ်လာသောအရည်အသွေး ၂ ဖရဲမျိုးစေ့က ဒီလောက်ကြီးသောကြောင့်ပင်။
သို့ဖြစ်၍ ထိုအစေ့ကြီးက အရည်အသွေး ၂ ဖြစ်နိုင်သည်။
အရည်အသွေး ၂ မျိုးစေ့ကိုထုတ်လာပြီး လက်တွေ့ဘဝတွင်စိုက်ထားခြင်းဖြစ်သည်။ ဖရဲသီးက အရည်အသွေး ၁ အဖြစ်ကျဆင်းသွားသော်လည်း ထိုမျိုးစေ့အသုတ်၏အဆင့်က ဒီမှာရှိနေသည်။ အဆင့် ၃ မြေမဟုတ်ရင်တောင် ဖရဲသီးထဲမှာတစ်စေ့နှစ်စေ့လောက်က မျိုးပါလာဦးမည်။
အမှန်တကယ် အရည်အသွေး ၂ မျိုးစေ့များဖြစ်ခဲ့လျှင် မြေအစစ်နှင့်အလိုက်သင့်ဖြစ်နိုင်စွမ်းရှိသည်။ ဒါဆိုရင် စိုက်ပြီးရလာသောဖရဲသီးများအားလုံးက အရည်အသွေး ၂ ဖြစ်လိမ့်မည်။
ထိုအစေ့ကြီးများက များများစားစားမပါသောကြောင့် ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးဖို့မဖြစ်နိုင်။
သို့သော် အရည်အသွေး ၂ မျိုးစေ့အမှန်ဖြစ်ခဲ့လျှင်လည်း ကျယ်ကျယ်ပြန့်ပြန့်ကြော်ငြာဖို့အစီအစဉ်မရှိပေ။ အရည်အသွေး ၁ ဆိုလုပ်မည်။ အရည်အသွေး ၂ က စံအိမ်အပိုင်ဖြစ်သွားမည်။
''ချင်လင်... ဒီမျိုးစေ့မှာ တစ်ခုခုထူးခြားတာများရှိလို့လား?'' ချူဖုန်းက စူးစမ်းလိုက်သည်။
ချင်လင်ကပြုံးပြီး ရှင်းပြလိုက်၏_ ''ဘာအမှားအယွင်းမှမရှိဘူးဆိုရင် ဒီပိုကြီးတဲ့အစေ့တွေကနေ ပိုအရသာရှိတဲ့ဖရဲသီးတွေသီးလာလိမ့်မယ်''
''တစ်ကတ်တီယွမ် ၂၀၀ တန် ထူးရှယ်ဖရဲသီးလိုမျိုးလား?'' ချူဖုန်းက မျိုးစေ့ကိုကိုင်ကြည့်ပြီးမှ ပြန်ချလိုက်ကာ_ ''ဒါနဲ့... ငါအချက်အလက်တင်သွင်းပြီး စွန်းဟွေ့ကိုတရားစွဲတော့ သူ့နောက်ခံကသာမန်မဟုတ်ဘူးဆိုတာ သိလိုက်ရတယ်... လတ်တလော မင်းဆီကိုသီးသန့်ဖြေရှင်းဖို့ ရောက်ချင်ရောက်လာနိုင်တယ်''
ချင်လင်က မျက်မှောင်နည်းနည်းကြုတ်လိုက်ပြီး_ ''ကျေအေးပေးဖို့မဖြစ်နိုင်ဘူး... စီနီယာအစ်ကိုချူကိုပဲ ဒုက္ခပေးရတော့မှာ''
စီနီယာအစ်ကိုချူသာ ဒီလူအကြောင်းပြောမလာခဲ့ရင် ဘဲတွေကြံစည်ခဲ့တဲ့သူကို သူဂရုစိုက်မည်မဟုတ်။
သို့သော် ပြန်လည်ကျေအေးပေးဖို့က လုံးဝခြွင်းချက်မရှိ။ စီနီယာအစ်ကိုချူကို ဥပမာပြစေချင်ပြီး နည်းလမ်းစဉ်းစားဖို့အချိန်ပိုပေးမည်။
စီရင်ချက်ချပြီးရင်လည်း တိတ်တဆိတ်သတင်းပြန့်သွားပြီး အလကားနည်းပညာကျောင်းတက်ခြင်း၏အန္တရာယ်ကိုသိစေဖို့ ထိုက်တန်၏။
ချူဖုန်းကခေါင်းညိမ့်လိုက်ပြီး_ ''ကောင်းပြီလေ... ဒါဆိုရင် နေ့လယ်ကျ ငါရှန်ကျန်းကိုသွားမယ်... ဒီမှာအမှုစတဲ့အချိန်ပြန်လာမယ်... ဆုရွေးချယ်တဲ့စာဖိုင်ကိုတော့ အပြီးသတ်ပြီးရင် အမြန်ဆုံးပို့ပေးလိုက်မယ်''
“ဟုတ်ကဲ့!” ချင်လင်ခေါင်းညိမ့်လိုက်သည်။
စီနီယာအစ်ကိုချူက ဥပဒေအကြံပေးဖြစ်လာသော်လည်း သူ့ဘက်မှာပဲအမြဲနေမည်မဟုတ်။ အကြောင်းမှာ စီနီယာအစ်ကိုချူက ကုမ္ပဏီ၏ဥပဒေအကြံပေးသက်သက်မဟုတ်သောကြောင့်ပင်။ ဥပဒေရေးရာပြဿနာများဖြေရှင်းဖို့လိုမှသာ ရောက်လာပေမည်။
အခု စီနီယာအစ်ကိုချူဥပဒေအကြံပေးလုပ်နေသော ရှန်ကျန်းကုမ္ပဏီတွင် ဥပဒေရေးရာပြဿနာတစ်ခုရှိသောကြောင့် သွားဖြေရှင်းပေးရမည်။
''သူဌေး... ကျွန်တော်အကုန်ရွေးပြီးပြီ... ဒါပေမဲ့ အများကြီးမရဘူး'' ချန်တပေက ခြင်းလေးနှင့်ရောက်လာပြီး မျိုးစေ့အကြီးတချို့ကိုပေါင်းထည့်လိုက်သည်။
ချင်လင်လည်း အများကြီးမရှိမှန်းသိသည်။ သူကရွေးထားသောမျိုးစေ့များကိုပေါင်းလိုက်ပြီး ချန်တပေအား_ ''နောက်ဆယ်မိနစ်ကြာရင် ဒီမျိုးစေ့တွေသိမ်းလိုက်''
ထို့နောက် သူကမျိုးစေ့အကြီးများနှင့်မျိုးစေ့အသေးတချို့ကိုယူပြီး ခေါင်မိုးထပ်မှဆင်းလာခဲ့သည်။
ချူဖုန်းလည်းထွက်လာပြီး သတို့သမီးခန်းသွားကာ သူ့ပစ္စည်းများသိမ်းလိုက်၏။
ချင်လင်က သူ့ရုံးခန်းထဲပြန်လာသည်။
မီဒီယာခန်းနားရောက်သောအခါ အထဲမှ သူ့အမေ၏ရယ်သံနှင့်ဝမ်ချိုင်၏အော်သံကိုကြားလိုက်ရသည်။
အထဲလှမ်းကြည့်လိုက်သောအခါ မွေးနီကိုအောင်မြင်အောင်တွန်းအားပေးပြီးသောလင်းလန်ဇီက ဝမ်ချိုင်ကိုစတင်ပုံဖော်နေ၏။
ခွေးကဂိမ်းထဲဝင်၍ ပန်းကန်ပြားဖမ်းနည်းလေ့ကျင့်ပြီးနောက် သူ့ဉာဏ်ရည်ပိုမြင့်လာသည်။ အလွန်လည်းသိတတ်သည်။ အင်တာနက်ဆယ်လီအိမ်မွေးတိရစ္ဆာန်တချို့ထဲတွင် ခွေးများကနေရာတော်တော်ယူထားကြောင်းသိကြ၏။
ဒီလိုအချိန် မွေးနီမှာသူ့ကိုယ်ပိုင်နံပါတ်ရှိရုံသာမက ဝမ်ချိုင်မှာလည်းရှိရမည်။
ချင်လင်က ဒါတွေအတွက်သိပ်မပူ။ လောလောဆယ် လင်းလန်ဇီကကောင်းကောင်းလုပ်ကိုင်နေပြီး မာတီမီဒီယာဌာန၏ဒါရိုက်တာဟူသောသူ့ရာထူးနှင့်အထိုက်အလျောက်ရှိသည်။
သူ့ရုံးခန်းထဲပြန်ရောက်သောအခါ တံခါးလော့ချပြီး မျိုးစေ့နှစ်စေ့နှင့်အတူ ချက်ချင်းဂိမ်းထဲဝင်လိုက်၏။
ဒီမျိုးစေ့တွေက သူမှန်းထားသလိုဖြစ်မလား သူကြည့်ချင်သည်။
ချင်လင်ကချက်ချင်း ဖရဲမျိုးစေ့များကိုကြည့်လိုက်ရာ မှတ်ချက်ကိုမြင်ရသည်:
(အစေ့လွတ်ဖရဲမျိုးစေ့ _ အရည်အသွေး ၁)
(စိုက်ပျိုးပြီး အရည်အသွေးကျဆင်းသွားသောမျိုးစေ့ဖြစ်သည်။ မူလမျိုးစေ့တွင် ပိုကောင်းသောအရည်အသွေးရှိနိုင်သည်။ စိုက်ပျိုး၍ရလာသောဖရဲသီးမှာ သာမန်ဖရဲသီးများထက်အရသာပိုရှိသည်။ စိုက်ပျိုးချိန်ရာသီကန့်သတ်ထားခြင်းမရှိဘဲ အပင်ဖြစ်ချိန်အလွန်တိုတောင်းသည်။)
(အစေ့လွတ်ဖရဲမျိုးစေ့ _ အရည်အသွေး ၂)
(အထူးစိုက်ပျိုးထားသောမျိုးစေ့ဖြစ်သည်။ စိုက်ပျိုး၍ရလာသောဖရဲသီးမှာ အလွန်အရသာရှိသည်။ စိုက်ပျိုးချိန်ရာသီကန့်သတ်ထားခြင်းမရှိဘဲ အပင်ဖြစ်ချိန်အလွန်တိုတောင်းသည်။)