← Chapters

ရန်ကျောင်းတော်၏ အဆင့်မြင့်စစ်ဆေးမှု

Vol. 12 Ch. 163

ရန်ကျောင်းတော်၏ အဆင့်မြင့်စစ်ဆေးမှု

Vol. 12 Ch. 163

လီချန်ရှို့သည် အမှောင်ထဲတွင်ပုန်းအောင်း၍ လမ်းညွှန်ပြနေသည်။ ရှုံးလင်လိသည် မြေပေါ်တွင် ပြေးလွှားနေ၏။ သူတို့နှစ်ဦးသည် နောက်ထပ် ပုန်းအောင်းရာနေရာတစ်ခုသို့ လျင်မြန်စွာပင် ရောက်ရှိသွားသည်။

သူသည် ပန်းချီကားအစွန်းပိုင်းတွင် နေ၍မရသဖြင့် သူ၏ဗျူဟာကို ပြောင်းလဲရုံသာရှိလေတော့သည်။

သူ့တည်နေရာသို့ မိစ္ဆာသားရဲများနှစ်ကောင် ရောက်ရှိလာခဲ့၏။ လီချန်ရှို့၏ ခန့်မှန်းမှုအရ တစ်စုံတစ်ယောက်က ထိုသို့တမင်တကာလုပ်နေခြင်း မဟုတ်ပါက ထိုသို့မိစ္ဆာများရောက်လာခြင်းသည် ပန်းချီကားအစွန်းတွင် ဖုံးကွယ်ထားသော အပြစ်ပေးနည်းလမ်းတစ်ခုကြောင့်ဖြစ်ရပေမည်။ လူအားလုံး၏ရှေ့တွင် ပန်ချီကားကို စမ်းသပ်ပြင်ဆင်ရန် မလွယ်ကူပေ။

ထိုအခြေအနေသည် ပြိုင်ပွဲ၏လျှို့ဝှက်စည်းမျဉ်းတစ်ခု ဖြစ်နိုင်ပေသည်။ ထို အကြီးအကဲယွင်ကျုံးစစ်သည် ထောင့်စေ့အောင် တွေးတတ်ပေသည်။

လီချန်ရှို့သည် သူ၏နတ်အာရုံက အဝေးနေရာအထိ ရောက်နိုင်သည်ဆိုသောအချက်ကို မှီခို၍ လေလှိုင်းအသံဖမ်းအတတ်ကိုထုတ်သုံးလိုက်ပြီး ပင့်ကူအိမ်တစ်ခုကို ပြင်ဆင်လိုက်သည်။ ထို့နောက် သူသည် မြေကိုယ်ယောင်ဖျောက်အတတ်ကို သုံးလိုက်ကာ ရှုံးလင်လိ၏အနောက်မှ လိုက်သွားလိုက်သည်။ ရှုံးလင်လိသည် မြစ်ကမ်းဘေးတစ်ခုသို့ အလွန်လျင်မြန်စွာ ရောက်ရှိသွား၏။ သူမသည် မြစ်ဘေးရှိတောင်ကုန်း၌ မြစ်ရေတိုက်စားမှုကြောင့် ဖြစ်ပေါ်နေသော လိုဏ်ခေါင်းတစ်ခုကို တွေ့ရှိသွားပြီး ထိုအထဲတွင် လီချန်ရှို့နှင့်အတူ ပုန်းအောင်းနေလိုက်သည်။

လီချန်ရှို့သည် အဆင့်နိမ့်ပုံရိပ်ယောင်နှစ်လွှာကို ဖန်ဆင်းလိုက်ပြီး သူ၏နတ်အာရုံကိုသုံးကာ လီငါးရာအဝန်းအဝိုင်းအတွင်းကို ဆက်လာလေ့လာနေ၏။

ဤတစ်ကြိမ်တွင် သူတို့သည် ချီသန့်စင်အဆင့်ကျင့်ကြံသူများ လှုပ်ရှားသွားလာနေသော အဝန်းအဝိုင်းအတွင်း၌ ရှိနေပေသည်။ သူတို့သည် ပန်းချီကားအစွန်းပိုင်းတွင် မဟုတ်ပေ။

ချီသန့်စင်ခြင်းအဆင့်သာရှိသော ကျင့်ကြံသူများအကြားမှ တိုက်ပွဲအတွင်း သူသည် သူ၏ဝှက်ဖဲများကို ထုတ်သုံးကာ အာရုံစိုက်ခံရအောင် လုပ်ရန်မလိုအပ်ပေ။

ရှုံးလင်လိသည် လိုဏ်ခေါင်းထောင့်တွင် ခက်ခက်ခဲခဲကုတ်၍နေပြီး လီချန်ရှို့ကို ငုံ့ကြည့်လိုက်သည်။

“ ဝမ်းကွဲအစ်ကို... ညီမတို့ ဒီလိုပဲ ပုန်းနေတော့မှာလား ”

“ အဲဒါက အခြေအနေပေါ် မူတည်တယ်... ”

လီချန်ရှို့ ပြုံး၍ ပြောလိုက်သည်။ ရုတ်တရက် ရှုံးလင်လိ၏ ချပ်ဝတ်အတွင်းမှ ကျယ်လောင်သောအသံကြီးတစ်သံ ထွက်ပေါ်လာသည်ကို သူကြားလိုက်သည်။

ရှုံးလင်လိသည် ရှက်ရွံ့ဟန်ဖြင့် ခေါင်းကုတ်ကာ ပြောလိုက်သည်။

“ ညီမ အဲ့မိစ္ဆာသားရဲနှစ်ကောင်ကို ကြည့်ပြီး ဗိုက်ဆာလာလို့ ”

“ မင်း အဲ့နှစ်ကောင်ကို စားလို့မရဘူး ”

လီချန်ရှို့သည် ဆေးလုံးပုလင်းတစ်ပုလင်းကို ထုတ်လိုက်သည်။

“ မင်း ဗိုက်ဆာရင် ဒီဆေးလုံးတစ်လုံးကို စားလိုက်... မင်း အစားအသောက်မက်တာကိုလည်း လျှော့မှရမယ် ”

“ ဟုတ်ကဲ့ပါ... အခု ညီမအစာမာစားလည်း ငတ်မသေတော့ပါဘူး။ ဒါပေမဲ့ ညီမ အသားမစားရင် ဘာအင်အားမှ ရှိမှာမဟုတ်ဘူး ”

ရှုံးလင်လိသည် ရှက်ရွံ့စွာပြောလိုက်သည်။ သူမသည် ဂိုဏ်း၌ရှိခဲ့စဉ်က မကြာခဏ ဗိုက်ဆာတတ်လေသည်။ သို့သော် ထိုဂိုဏ်းမှ ကျင့်ကြံသူများသည် အစားအသောက် စားခြင်းကိုရှောင်၍ စား‌သောက်ရသည်ကို မကြိုက်ကြပေ။

လီချန်ရှို့ ခေါင်းညိတ်လိုက်ပြီး စုန်းကဝေလူသားတစ်ဦး၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံကို အကြမ်းဖျင်းနားလည်သွားသည်။

သူဆက်၍မေးရန် ကြံလိုက်စဉ်မှာပင် သူ၏နတ်အာရုံသည် ပန်းချီကားအစွန်းမှနေ၍ မိစ္ဆာငှက်သုံးကောင်က သူနှင့်ရှုံးလင်လိတို့ရှိရာသို့ ဦးတည်ပျံသန်းလာသည်ကို ရုတ်တရက် အာရုံခံမိလို‌က်သည်။

လီချန်ရှို့ မျက်ခုံးပင့်လိုက်ပြီး အစောက သူခန့်မှန်းထားသည့် “ အပြစ်ပေးနည်းလမ်း ”ဟူသော ဖြစ်နိုင်ချေကို ခေါင်းထဲမှ ထုတ်လိုက်လေတော့စသည်။ ကျန်ဖြစ်နိုင်ချေများထဲတွင် တစ်ခုသာ အဖြစ်နိုင်ဆုံးဖြစ်သည်။ တစ်စုံတစ်ယောက်သည် သူ့ကိုအခက်တွေ့အောင် တမင်လုပ်နေခြင်းဖြစ်နိုင်ပေသည်။ အခြားဖြစ်နိုင်ချေတစ်ခုမှာ စုန်းကဝေလူသားမျိုးနွယ်၏အနံ့သည် မိစ္ဆာသားရဲများကို ဆွဲဆောင်နိုင်စွမ်းရှိခြင်းလည်းဖြစ်နိုင်ပေသည်။

“ လင်လိ... မင်း အရင်တုန်းက ငှက်တွေကို အမဲလိုက်ပြီး သတ်ခဲ့ဖူးလား ”

ရှုံးလင်လိသည် ချက်ချင်းပင်ခေါင်းညိတ်ကာ ဝမ်းသာအားရ ပြန်ဖြေလိုက်သည်။

“ ဒါပေါ့ သတ်ခဲ့ဖူးတာပေါ့။ ညီမတို့ရွာထဲက လူတိုင်း ငါးတွေ၊ ငှက်တွေကို ဘယ်လိုအမဲလိုက်ပြီး ဖမ်းရမယ်ဆိုတာ သိတယ်။ ဒါပေမဲ့ ညီမ ငှက်တွေကို အမဲလိုက်ပြီဆိုရင် ခရင်းခွနဲ့ပစ်တဲ့နည်းကို သုံးတယ်။ အခု ညီမဆီမှာ ခရင်းခွပါမလာဘူး... ”

“ ငါ မင်းအတွက် ခရင်းခွလုပ်ပေးပါ့မယ် ”

လီချန်ရှို့သည် သူ၏လက်ကို မြေပြင်ပေါ်သို့ ထုတ်လိုက်သည်။ မြစ်ကြမ်းပြင်မှနေ၍ သဲတန်းများထိုးထွက်လာပြီး လီချန်ရှို့၏လက်ထဲတွင် အသွားသုံးချောင်းပါသည့် အဝါရောင်ခရင်းခွတစ်ချောင်း လျင်မြန်စွာဖြစ်ပေါ်လာသည်။

ထို့နောက် လီချန်ရှို့သည် ခရင်းခွကို ပုံစံမျိုးစုံဖန်တီးကြည့်နေပြီး ခရင်းခွအထူနှင့် အလေးချိန်ကိုလည်း ပြင်ဆင်လိုက်သည်။ ခရင်းခွ၏အရည်အသွေးကို ပြင်ဆင်ပြီးသွားပြီဖြစ်ပြီး ကိုင်တွယ်ရအဆင်ပြေလာလေတော့သည်။

ရှုံးလင်လိသည် ဘေးမှနေ၍ စိတ်လှုပ်ရှားစွာ ကြည့်နေသည်။

သူမရှေ့တွင် ပင်လယ်စောင့်နတ်မင်းပေါ်လာပေပြီ။

လီချန်ရှို့သည် ခရင်းခွရှည်ကို ရှုံးလင်လိကို ပေး၍ လေးလေးနက်နက်ပြောလိုက်သည်။

“ ငှက်ကြီး နှစ်ကောင်၊ သုံးကောင်းလောက် ဒီဘက်ကိုပျံလာတယ်။ အဲ့ငှက်ကြီးတွေကို မင်းရှင်းလိုက်... စိတ်ဖိစီးစရာမရှိပါဘူး... မင်း အဲ့ကောင်တွေကို မကိုင်တွယ်နိုင်တော့ဘူးဆိုရင် ငါဝင်ကူပေးမှာပါ ”

ရှုံးလင်လိသည် နှုတ်ခမ်းစေ့ပြီး မျက်လုံးများအရောင်တောက်လာလေသည်။ သူမသည် လီချန်ရှို့ကို ခပ်သွက်သွက် ခေါင်းညိတ်ပြလိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။

“ ဝမ်ကွဲအစ်ကိုကို ညီမကာကွယ်ပေးမှာပါ ”

လီချန်ရှို့ ပြုံး၍ လက်ဝှေ့ယမ်းပြလိုက်သည်။ ရှုံးလင်လိသည် ခရင်းခွရှည်ကိုကိုင်၍ ပုန်းအောင်းနေရာမှ အလျင်အမြန်ထွက်သွား၏။

ခေတ္တမျှကြာပြီးနောက် လိုဏ်ခေါင်းအပြင်တွင် လေကိုခွင်းကာ လျင်မြန်စွာလာနေသည့် အသံတစ်သံကို ကြားလိုက်ရသည်။ ထို့နောက် မိစ္ဆာသားရဲများ၏ စူးစူးဝါးဝါးအော်မြည်သံများကို ဆက်၍ကြားလိုက်ရသည်။

လီချန်ရှို့သည် မြေကြီးထဲတွင် သူ့လက်ထဲရှိ ကြွေပုလင်းကို ပြန်သိမ်းလိုက်သည်။ မိစ္ဆာသားရဲများနောက်သို့ လိုက်နေသည့် ချီကျင့်ကြံသူ တစ်ဒါဇင်ခန့်သည်လည်း တကွဲတပြားဖြစ်နေပြီဖြစ်ကြောင်း သူ၏နတ်အာရုံက အာရုံခံမိလိုက်သည်။

ရောင်စုံမိစ္ဆာသားရဲ သုံးကောင်သည် ကျန့်တစ်ရာအကွာရှိ တောအုပ်အတွင်းသို့ ပြုတ်ကျသွား၏။

ရှုံးလင်လိသည် ထိုသားရဲများကို မြင်လိုက်ရသောအခါ မှင်တက်သွားသည်။ သူမသည် သူမ၏နှုတ်ခမ်းစွန်းမှ သွားရည်များကို သုတ်၍ နောက်လှည့်ကာ လိုဏ်ခေါင်းအတွင်းသို့ ပြန်ရန် ပြင်ဆင်လိုက်သည်။

သူမက အသံပို့လွှတ်မှုတစ်ခုကို ကြားလိုက်ရ၏။

“ ဘယ်ဘက်က မိစ္ဆာငှက်ရဲ့ အတောင်ပံတွေကို သွားဖြတ်လိုက်။ ပြီးရင် တခြားနေရာကိုသွားပြီး မင်းစားဖို့ အဲ့အတောင်ပံတွေကို ကင်ပေးမယ်။ အဲ့မိစ္ဆာငှက်က သက်တန့်အတောင်ရွှေကြက်ကြီးလို့ခေါ်တယ်...အဲ့ကောင်ရဲ့ အတောင်တွေက တော်‌တော်လေး အရသာရှိတယ် ”

ရှုံးလင်လိသည် ချက်ချင်းပင် ‌ရှေ့သို့ ဝမ်းသာအားရပြေးသွားလေသည်။ သူမသည် (၁)ကျန့်ကျော်ရှည်သော မိစ္ဆာငှက်၏အတောင်ပံများကို ကျင်လည်စွာဖမ်းဆုပ်လိုက်ပြီး ၎င်း၏ကိုယ်ကို ခြေထောက်ဖြင့် နင်းထားလိုက်သည်။ ထို့နောက် သူမသည် အားဖြင့်ဆွဲလိုက်ရာ နေရာအနှံ့သို့ သွေးများပန်းထွက်သွား၏။

ခေတ္တမျှကြာပြီးနောက် ရှုံးလင်လိသည် (၁)ကျန့်ကျော်ရှည်သော အတောင်ပံများကို ပိုက်ကာ အလျင်အမြန် ပြန်ပြေးလာလေသည်။

ကျောင်း‌တော်သုံးကျောင်းမှ နတ်ဝိဇ္ဇာဂိုဏ်းများ၏ ချီကျင့်ကြံသူများသည် သူမကို တွေ့သောအခါ ပြန်ဆုတ်သွားကြသည်။ သူတို့ထဲမှအများစုသည် အံ့အားသင့်နေပြီး လက်ရည်စမ်းရန် စိန်မခေါ်ဝံ့ကြပေ။

ထိုကဲ့သို့သောအခြေအနေတွင် မည်သူမှ အလစ်ဝင်မတိုက်ရဲပေ။

အားလုံးသည် လူကြီးလူကောင်းဆန်ဆန်ဖြင့် ယဉ်ယဉ်ကျေးကျေးသာ ပြုမူလိုက်ရပေသည်။ သူတို့သည် ရတနာများအတွက် ယှဉ်ပြိုင်လိုလျှင်လည်း တိုက်ခိုက်တော့မည်ဖြစ်ကြောင်းကို ကြိုတင်အော်ပြောရမည်ဖြစ်သည်။

တစ်နာရီကြာပြီးနောက် တောအုပ်တစ်ခုအတွင်းရှိ မြေကွက်လပ်လေးတွင် ရှုံးလင်လိသည် ရှည်လျားကျဉ်းမြောင်းသော မီးပုံတွင်းလေးတစ်ခုဘေးတွင် ရိုရိုကျိုးကျိုးထိုင်နေ၏။ သူမ၏လက်ဝဲဘက်လက်ထဲတွင် (၃)ကျန့်ရှည်သော ရွှံ့ခရင်းခွကိုကိုင်ထားပြီး ထိုခရင်းခွထိပ်တွင် (၁)ကျန့်ရှည်သော အာဒိကပ္ပ‌လောက၏ အထူးထုတ်ကြက်တောင်ပံနှစ်ခုရှိနေလေသည်။

ထိုမီးသည် သာမန်မီးမဟုတ်ပေ။ ထိုမီးမှာ လီချန်ရှို့ ဆေးဖော်ချိန်တွင် သုံးလေ့ရှိသည့် ‘ ထုစစ်မီးတောက် ’ ဖြစ်သည်။ ၎င်း၏အစွမ်းသည် အလယ်အလတ်အဆင့်ဖြစ်၏။ လီချန်ရှို့သည် မလှမ်းမကမ်းရှိ သစ်ပင်ကြီးတစ်ပင်ထဲတွင် ပုန်း‌အောင်းနေ၏။ သူသည် သူ၏ပတ်ဝန်းကျင်ကို တိတ်တဆိတ်လေ့လာနေပြီး မကြာသေးခင်က အဖြစ်အပျက်ကို ပြန်၍တွေးတောနေသည်။

ရှုံးလင်လိသည် အ‌တောင်ပံနှစ်ခုပေါ်သို့ သူမ ပြင်ဆင်လာသည့် ဆားနှင့် ဟင်းခတ်အမွှေးအကြိုင်များ ဖြူးလိုက်သည်။ သူမသည် သူမ၏လက်ကို ကျွမ်းကျင်စွာ လှုပ်ရှားနေသည်။

သူမသည် မကြာမကြာနှုတ်ခမ်းသပ်နေပြီး အပူအပင်ကင်းမဲ့နတ်ဝိဇ္ဇာဂိုဏ်းမှ ဂိုဏ်းသီချင်းတစ်ပုဒ်ကိုပင် ပျော်ပျော်ရွှင်ရွှင် ညည်းနေလေသည်။

“ မြစ်နဒီဘေးက မြက်ခင်းစိမ်း... လိပ်လေး ကမ်းပေါ်ပြေးတက်တယ် ... သူဘာလို့ မြန်မြန်မပြေးနိုင်တယ်... သူ့ခေါင်းပေါ်က အမြဲစိမ်း‌ဆေးပင်ကြောင့်ကွယ်... ”

အကယ်၍ တစ်စုံတစ်ယောက်သာ ထိုသီချင်းကို ကြားခဲ့ပါက အပူအပင်ကင်းမဲ့နတ်ဝိဇ္ဇာဂိုဏ်းသည် ပရမ်းပတာနိုင်သည်ဟု ထင်သွားနိုင်ပေသည်။

သို့သော် လီချန်ရှို့သည် ထိုသို့မထင်ပေ။

သူသည် ထိုသီချင်းကို ကြားသောအခါ အတန်ငယ် မျက်မှောင်ကြုတ်လိုက်၏။ အပြင်လောကတွင် ထိုလိပ်ကို ကိုယ်ချင်းစာနိုင်သော အစွမ်းကြီးသောသူများရှိကြောင်း သူတွေးလိုက်သည်။ ဥပမာပေးရလျှင် ကျဲကျောင်းတော်မှ လိပ်ဝိညာဉ်မိခင်ဖြစ်သည်။

သူသည် ထိုကဲ့သို့အသေးစိတ်အချက်အလက်များကို ဆက်၍အာရုံစိုက်ရပေမည်။

လီချန်ရှို့ ပြောလိုက်သည်။

“ တခြားသီချင်းဆိုကြတာပေါ့ ”

“ ဟုတ်ကဲ့ ”

ရှုံးလင်လိ တွန့်ဆုတ်သွားပြီး ရိုရိုကျိးကျိုးဖြေလိုက်သည်။ သူမသည် ပြန်မပြောရဲသော်လည်း ပင်လယ်စောင့်နတ်မင်းက သူမသီချင်းဆိုသည်ကို ကြားလိုနေရသည်ဟု ခံစားနေရသည်။

မကြာမီ သူမသည် သိမ်မွေ့သောအသံဖြင့် အပူအပင်ကင်းမဲ့နတ်ဝိဇ္ဇာဂိုဏ်း၏ ဒုတိယဂိုဏ်းသီချင်းတစ်ပုဒ်ကို ညည်းလိုက်လေသည်။

ပန်းချီကားအပြင်တွင် တိမ်ပေါ်မှ အရှင်ရွှမ်းဒူသည် ရတနာပန်းချီကားကို ဆက်၍မနှောင့်ယှက်‌တော့ပေ။

သူသည် လီချန်ရှို့အခက်တွေ့အောင် တမင်လုပ်ခဲ့ခြင်းမဟုတ်ပေ။ သူသည် လီချန်ရှို့တစ်ယောက် ကျောင်းတော်သုံးကျောင်းတွေ့ဆုံပွဲတွင် ကျော်ကြားလာအောင် လုပ်ပေးကာ လီချန်ရှို့ကို တုသိတာနန်းတော်သို့ ဝင်နိုင်ရန် လမ်းခင်းပေးလိုခြင်းဖြစ်သည်။

ထိုအခိုက်တွင် ရန်ကျောင်း‌တော်၏အစ်ကိုကြီးသည် အခြားပြဿနာတစ်ခုကို တွေးတောနေပြီဖြစ်သည်။

‘ ငါလုပ်နေတဲ့ ကိစ္စကြောင့်များ လီချန်ရှို့က သတိကြီးကြီးထားပြီး ပုန်းအောင်းနေတာလား ’

‘ တစ်ယောက်ယောက်ကများ ငါတို့ရန်ကျောင်းတော်က တပည့်တွေကို လျှို့ဝှက်ခြိမ်းခြောက်နေလို့လား ’

အရှင်ရွှမ်းဒူသည် တည်တည်ငြိမ်ငြိမ်ဖြင့် လက်ချောင်းများကိုထိကာ တွက်ချက်ကြည့်နေသည်။

‘ ချန်ရှို့လေးရဲ့ ကောင်းကင်လျှို့ဝှက်ချက်ကို ဆရာက ဖုံးကွယ်ပေးထားတာဆို‌တော့ ငါဘာကိုမှ နိမိတ်ဖတ်လို့မရဘူး.. ဒါပေမဲ့ သူ့ရဲ့ဂိုဏ်းဖြစ်တဲ့ တုနတ်ဝိဇ္ဇာဂိုဏ်းကိုတော့ ငါကြိုက်သလို နိမိတ်ဖတ်ကြည့်လို့ရတယ်... ’

သူသည် လီချန်ရှို့၏တိုတောင်းသောဘဝကို ဘေးလူများ၏အမြင်မှတဆင့် လေ့လာလိုက်သည်။ သူ အဖြေတချို့ရခဲ့၏။

ထိုအခိုက်တွင် အရှင်ရွှမ်းဒူသည် စိတ်တည်တည်ငြိမ်ငြိမ်ထားလိုက်ပြီး အာရုံစိုက်လိုက်သည်။ သူသည် သူ၏လက်ချောင်းများကိုထိနေပြီး သူ၏လက်ဖဝါးထဲတွင် ထိုက်ကျိပန်းချီကား၏ပုံရိပ်ပေါ်လာ၏။

ထို့နောက် ကောင်းကင်လျှို့ဝှက်ချက်ပေါ်လာလေတော့သည်။

တုနတ်ဝိဇ္ဇာဂိုဏ်းကြုံတွေ့ခဲ့ရသော တစ်ခုတည်းသောကပ်ဘေးမှာ လွန်ခဲ့သောနှစ်ပေါင်းသုံးရာက အနောက်ကျောင်းတော်မှ ပညာရှင်တစ်ဦးသည် လျှို့ဝှက်ကြံစည်ကာ ရုပ်သေးရုပ်များကိုသုံး၍ ဂိုဏ်းကိုတိုက်ခိုက်ခဲ့သည့် ဘေးအန္တရာယ်သာဖြစ်သည်။

‘ အဲ့ကိစ္စက သူ့ကိုဒီလောက်တောင် အကျိုးသက်ရောက်သွားတာလား ’

အရှင်ရွှမ်းဒူသည် ခေတ္တမျှတွေးတောနေပြီး ဆက်၍လေ့လာရန် ဆုံးဖြတ်လိုက်သည်။ သို့သော် နည်းလမ်းသည် ယခင်ကကဲ့သို့ မရိုးရှင်းတော့ပေ။

သူသည် လီချန်ရှို့ကို အဖက်ဖက်မှ လေ့လာစူးစမ်းလို၏။

ထိုအခိုက်တွင် အရှင်ရွှမ်းဒူသည် ခေါင်းထဲတွင် ဇာတ်ညွှန်းများကို တစ်ခုပြီးတစ်ခု တွေးတောနေ၏။ သူသည် “ ရန်ကျောင်းတော်၏အမြင့်ဆုံးအဆင့် ”ဟူသော စမ်းသပ်မှုအသေးလေးကို လျှို့ဝှက်ပြုလုပ်လိုက်သည်။

ပထမတစ်ဆင့်မှာ...

ကျဲကျောင်းတော်မှ ချီကျင့်ကြံသူများသည် မိစ္ဆာသားရဲတစ်ကောင်ကို အတူတကွ တိုက်ခိုက်နေသည်။ ထိုမိစ္ဆာသားရဲ၏ကျောပေါ်တွင် လျှပ်စီးများလွှမ်းခြုံနေသော ခရမ်းရောင်တူတစ်ချောင်းရှိလေသည်။ ထိုမိစ္ဆာသားရဲသည် သေခါနီးနေပေပြီ။

ချီကျင့်ကြံသူများသည် အပေါ်ယံဟန်ဆောင်သောအဆင့်ဖြစ်သည့် ထိုတူကိုယူရန် တစ်ဦးကိုတစ်ဦး ဟန်‌‌ဆောင်ပန်ဆောင်ပြောနေသော အဆင့်သို့ရောက်နေပြီ ဖြစ်သည်။

ရုတ်တရက် မိုးခြိမ်းသွား၏။ ခရမ်းရောင်တူသည် မိစ္ဆာသားရဲ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်သွား၏။ မိစ္ဆာသားရဲ၏မိစ္ဆာစွမ်းအားများသည် ရုတ်ခြည်းတိုးပွားလာသည်။

ချီကျင့်ကြံသူများသည် ထိုအခြင်းအရာကို တွေ့လိုက်သောအခါ လျင်မြန်စွာတုံ့ပြန်လိုက်ကြပြီး အဝေးသို့ချက်ချင်း ထွက်ပြေးလိုက်ကြသည်။ သူတို့၏နားဘေးတွင် ဝေဝါးဝါးအသံတစ်သံကို ကြားနေရပြီး ထိုအသံသည် သူတို့ကို လီချန်ရှို့နှင့်ရှုံးလင်လိတို့ရှိနေသည့်နေရာသို့ လမ်းညွှန်ပေးနေလေသည်။

လီချန်ရှို့သည် ထိုနေရာကို‌ လေ့လာနေခဲ့သည်မှာ ကြာပြီဖြစ်သည်။ သူသည် ချက်ချင်းပင် သစ်ကိုယ်ယောင်ဖျောက်အတတ်မှနေ၍ မြေကိုယ်ယောင်ဖျောက်အတတ်ကို ပြောင်းသုံးလိုက်ပြီး ရှုံးလင်လိထံသို့ အသံပို့လွှတ်လိုက်သည်။

အတောင်ပံကြီးနှစ်ခုကို စားသောက်ပြီးစီးသွားသော ရှုံးလင်လိသည် ရွှံ့ခရင်းခွကြီးကိုကိုင်ကာ ချက်ချင်းထရပ်လိုက်သည်။ သူမသည် လီချန်ရှို့၏ညွှန်ကြားချက်အတိုင်း ‌ဘေးမှတောအုပ်အတွင်း ပုန်းအောင်းကာ တိုက်ခိုက်ရန် အသင့်ပြင်ထားလေသည်။

လူအချို့သည် မိစ္ဆာသားရဲကြီးနှင့်အတူ လျင်မြန်စွာ ရောက်ရှိလာသည်။ အရောင်မဲ့၊ အနံ့မဲ့ဆေးငွေ့တစ်တန်းသည် မိစ္ဆာသားရဲကြီး၏ ဝိညာဉ်အတွင်းသို့ ဝင်သွားပြီး ၎င်းသည် ရုတ်ခြည်း မူးဝေသွားလေသည်။

ထိုအခိုက်တွင် အမဲလိုက်ရန်အသင့်ပြင်ထားသော ရှုံးလင်းလိသည် နူးညံ့စွာအော်လိုက်သည်။ သူမသည် သူမ၏ခရင်းခွကို မြှောက်၍ ရှေ့သို့ခုန်ထွက်လိုက်၏။ သူမ၏လှုပ်ရှားမှုများသည် တိကျကာ ရက်စက်ပေသည်။ သူမ၏ မျက်နှာထားမှာမူ တည်ငြိမ်နေပေသည်။ သူမသည် ခရင်းခွကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး မိစ္ဆာသားရဲ၏လည်ပင်းကို တိုက်ရိုက်ထိုးချလိုက်သည်။

မိစ္ဆာသားရဲ၏သွေးများသည် နေရာအနှံ့သို့ပန်းထွက်သွားသည်။ ရှုံးလင်လိသည် ရွှံ့ခရင်းခွကို ကိုင်၍ အားကောင်းကောင်းဖြင့် လိမ်လိုက်သည်။

မိစ္ဆာသားရဲသည် အသံတစ်သံပင်မထွက်လိုက်နိုင်ဘဲ အသက်ထွက်သွားလေတော့သည်။

မိစ္ဆာသားရဲ၏ လိုက်လံတိုက်ခိုက်ခြင်းကို ခံနေရသော တပည့်များသည် ခေါင်းလှည့်ကာကြည့်လိုက်ကြ၏။ သူတို့မြင်လိုက်ရသည်မှာ သွေးများရွှဲနေသည့် ထည်ဝါသောကျောပြင်ကြီးတစ်ခုပင်။

အမျိုးသမီးချီကျင့်ကြံသူတစ်ဦးသည် မျက်လုံးများပြာသွားသည်။ သူမ ရှက်သွေးဖြာသွားပြီး နူးညံ့စွာပြောလိုက်သည်။

“ မိတ်ဆွေ တာအိုရသေ့... ”

“ အိုး... ငါ့ကို မိတ်ဆွေ တာအိုရသေ့လို့ခေါ်တာလား ”

ရှုံးလင်လိသည် နောက်လှည့်၍ကြည့်လိုက်သည်။ သူမ၏မျက်နှာသည် ထိုအမျိုးသမီးချီကျင့်ကြံသူထက်ပင် ပို၍ချစ်စရာကောင်းနေပေသည်။ ထို့ကြောင့် ထိုအမျိုးသမီးကျင့်ကြံသူသည် သူမ၏နူးညံ့သောနှုတ်ခမ်းများကို စေ့လိုက်လေသည်။

လီချန်ရှို့သည် ရှုံးလင်လိကို အသံပို့လွှတ်လိုက်သည်။ ရှုံးလင်လိသည် ထိုအမျိုးသမီးကျင့်ကြံသူနှင့် အခြားသူများကို ကြည့်လိုက်ပြီး မေးလိုက်သည်။

“ ဒီမှာ တူတစ်ချောင်းရှိတယ်... နင်တို့ အဲ့တူကို လိုချင်လား ”

“ ရှင်က ကျမတို့ရဲ့ အသက်ကိုကယ်ထားတာပါပဲ... ကျမတို့အဲ့ရတနာကို ယူလို့ဘယ်ဖြစ်မလဲ ”

“ ဒါက ကျွန်တော်တို့ရဲ့ ကျေးဇူးတင်တဲ့အနေနဲ့ပေးတဲ့လက်ဆောင်လေးတွေပါ.. အဲဒါတွေကို လက်ခံပေးပါ ”

ထိုအခိုက်တွင် ကျဲကျောင်းတော်မှတပည့်တစ်ဦးချင်းစီသည် ဝိညာဉ်ကျောက်တုံးများနှင့် ဆေးလုံးများကို ထုတ်လိုက်ကြသည်။ သူတို့သည် ၎င်းတို့ကို သူတို့၏ဓမ္မတန်ခိုးများသုံး၍ ရှုံးလင်လိထံတွန်းပို့လိုက်ပြီးနာက် အလျင်အမြန် နှုတ်ဆက်ထွက်ခွာသွားကြလေသည်။

ရှုံးလင်လိ အတန်ငယ် နားမလည်နိုင်ဖြစ်သွား၏။ သူမသည် ပင်လယ်စောင့်နတ်မင်း၏ ညွှန်ကြားချက်အတိုင်း ထိုလက်ဆောင်ပစ္စည်းများကို သိမ်းဆည်းလိုက်ပြီး မိစ္ဆာသားရဲ၏ခန္ဓာကိုယ်အတွင်းမှ တူကိုထုတ်ယူလိုက်သည်။ သူမ အံ့ဩတကြီးအော်ပြောလိုက်၏။

“ ဝမ်းကွဲအစ်ကို... ဒီတူက တော်တော်လေးသေးတာပဲ။ ဒါပေမဲ့ ဘာလို့ ‌အရမ်းလေးနေရတာလဲ ”

လီချန်ရှို့ ပြန်ဖြေလိုက်၏။

“ ငါ့ရဲ့ ပစ္စည်းလုပ်အတတ်ပညာအတိုင်း အဲ့နတ်ဘုရားရတနာကို ပြန်ပြင်ဆင်ပြီး နောက်ကျရင် ကိုယ့်ကိုယ်ကိုကာကွယ်ဖို့သုံး ”

“ ဟုတ်ကဲ့ ”

ရှုံးလင်းလိပြန်ပြောလိုက်၏။ သူမသည် တူကို လက်ထဲတွင်ကိုင်လိုက်ပြီး သူမ၏ဓမ္မတန်ခိုးများကို ၎င်းအတွင်းသို့ ထည့်သွင်းလိုက်သည်။ မကြာမီမှာပင် သူမသည် ကနဦးပြင်ဆင်မှုကို လုပ်ဆောင်ပြီးသွားလေသည်။

ထိုလျှပ်စီးတူသည် ပန်းပဲဆရာတစ်ဦးဖြစ်သည့် ယွင်ကျုံးစစ်ပြုလုပ်ထားသော ပစ္စည်းအစစ်အမှန်ပင်။ ၎င်းသည် စွမ်းအားကြီး၍ လှည့်ကွက်များစွာပါလေသည်။

၎င်းသည် ရှုံးလင်လိ၏ပြင်ဆင်မှုကို ခံလိုက်ရပြီးနောက် ကျန့်ဝက်ခန့်ရှည်သွား၏။ ရှုံးလင်လိသည် ၎င်းကို ကောင်းစွာကိုယ်တွယ်နိုင်ပေပြီ။

“ သွားကြစို့ ”

လီချန်ရှို့ပြောလိုက်သည်။

“ နေရာဆက်ပြောင်းနေရမယ် ”

ရှုံးလင်လိ သဘောတူလိုက်၏။ သူမသည် တူကိုကောက်ယူ၍ ဆက်ပြေးလွှားလိုက်သည်။

ပန်းချီကားအပြင်ဘက်ရှိ တိမ်တစ်ခုပေါ်၌ တစ်ယောက်တည်းထိုင်နေသောလူသည် ကျေနပ်စွာပြုံးလိုက်၏။ သူသည် သူ၏စမ်းသပ်မှုကို ဆက်လိုက်သည်။

နောက်ခြောက်နာရီအတွင်း၌ လီချန်ရှို့သည် ထူးဆန်းသောကိစ္စအမျိုးမျိုးနှင့် ကြုံတွေ့ခဲ့ရသည်။

မိစ္ဆာသားရဲများကြောင့် သတိလစ်နေသော အမျိုးသမီးချီကျင့်ကြံသူအချို့သည် ရေကန်အတွင်းသို့ကျကာ ရွှဲရွှဲစိုသွားမှု၊ မိစ္ဆာသားရဲနှစ်ကောင်သည် တစ်ကောင်နှင့်တစ်ကောင် တိုက်ခိုက်နေမှုစသည်ဖြင့် စုံလှပေသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုမိစ္ဆာသားရဲနှစ်ကောင်သည် လီချန်ရှို့နှင့် မလှမ်းမကမ်းတွင် သေဆုံးသွားပြီး အနီးမှ ချီကျင့်ကြံသူအချို့သည် ထိုနေရာသို့ အသည်းအသန်လာခဲ့မှုကိုလည်း ကြုံခဲ့ရသေးသည်။

ကိစ္စများမှာ မျိုးစုံလှပေသည်။

လီချန်ရှို့သည် ထိုကိစ္စများကို တမင်လုပ်ခဲ့ခြင်းမဟုတ်ပေ။ သူသည် ‘ ကြမ္မာနှောင်ကြိုးကိုမထိနှင့် ’ဟူသော နိယာမကိုလိုက်နာသူ ဖြစ်သည်။ သူသာ ထိုကိစ္စများကို ရှောင်နိုင်စွမ်းရှိလျှင် ရှောင်ခဲ့မည်ဖြစ်သည်။ သူ မရှောင်နိုင်ခဲ့လျှင် သူ၏ အသစ်ရရှိထားသော “ ဓမ္မရတနာလူသား ”ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးချမည်ဖြစ်သည်။

သူ့အတွက် အပြင်လောကနှင့် ပန်းချီကားအတွင်းမှ တစ်ခုတည်းသောခြားနားမှုမှာ သူသည် အပြင်လောကတွင် အခြားသူများ၏ပြဿနာများကို ဝင်ရှုပ်မည်မဟုတ်ပေ။ သို့သော် ပန်းချီကားအတွင်း၌ သူသည် များစွာအားစိုက်စရာမလိုပါက အခြားသူများကို ကူညီပေးမည်ဖြစ်သည်။ သို့ရာတွင် သူသည် ကောင်းမှုများကို လုပ်ဆောင်ပြီးပါက သူ၏အမည်ကို ပြောမနေတော့ဘဲ အလျင်အမြန်ထွက်ခွာသွားသည်ချည်းသာ။ အကယ်၍ တစ်စုံတစ်ယောက်သာ ထိုကဲ့သို့သောနည်းလမ်းကိုသုံး၍ သူ၏အကျင့်စရိုက်ကို စမ်းသပ်နေခြင်းဖြစ်ပါက ထိုသူသည် ဦးနှောက်မရှိသူဟု သူ၏စိတ်ထဲတွင် သေချာပေါက်ခေါ်မိမည်ဖြစ်သည်။ သူသည်လည်း သူ့ကိုယ်သူ နှိမ့်ချတတ်သူတစ်ဦးကဲ့သို့သာ လုပ်ဆောင်မည်ဖြစ်သည်။

အရှင်ရွှမ်းဒူ၏နှလုံးသားထဲတွင် စမ်းသပ်မှု၏ရလာဒ်များ တဖြည်းဖြည်းစုစည်းလာသည်။ သူစကားလုံးတစ်လုံးကိုသာ တွေးနိုင်ပေသည်။

သတိကြီးခြင်း....

အရှင်ရွှမ်းဒူနားလည်သွား၏။

ထိုခံစားချက်သည် လွန်စွာဆန်းကြယ်ပေသည်။ ထိုခံစားချက်ကို နားလည်ရုံသာနားလည်နိုင်ပြီး ပြန်ရှင်းပြရန်မဖြစ်နိုင်ပေ။

ထိုအခိုက်တွင် အရှင်ရွှမ်းဒူသည် စိတ်ဝင်စားနေပေပြီ။ သူသည် သူ၏ဝှက်ဖဲကို ရတနာပန်းချီကားထံသို့ ပို့လွှတ်လိုက်၏။

ရေကိုယ်ယောင်ဖျောက်အတတ်ကိုသုံးကာ စမ်းချောင်းလေးထဲတွင် ရှေ့သို့ဖြည်းဖြည်းချင်းသွားနေသော လီချန်ရှို့သည် ရုတ်တရက် ဉာဏ်အလင်းပွင့်သွား၏။ ထိုဉာဏ်အလင်းပွင့်မှုသည် သူ့ကို တစ်စုံတစ်ခုပြောလိုနေဟန်တူပြီး သူ၏ခေါင်းထဲတွင် စာလုံးကိုးလုံး ပေါ်လာလေသည်။

‘ ရန်ကျောင်းတော်ရဲ့အစွမ်းကိုပြလိုက် ’

လီချန်ရှို့ မျက်မှောင်ကြုတ်သွားပြီး ချက်ချင်းပင် ရေပေါ်တွင် ပေါ်လာ၏။ ထို့နောက် သူသည် ကောင်းကင်သို့အရိုအသေပေးလိုက်၏။

သူသည် ကျဲကျောင်း‌တော်၏ အာကာသနတ်မင်းဆယ့်နှစ်ပါးထံမှ “ အာဒိကပ္ပလောကတွင် ရှင်သန်နိုင်မည့် နည်းလမ်းလေး ”ကို သင်ယူထားသည်ဖြစ်ရာ အခွင့်အရေးကိုအသုံးချ၍ တန်ခိုးရှင်ကို အရိုအသေပေးလိုက်ခြင်းပင်။

‘ ငါရဲ့တာဝန်က ဒီမှာ ငါတို့ကျောင်းတော်ရဲ့ အစွမ်းကိုပြဖို့လား ’

‘ ဒါပေမဲ့... ဒါက ရန်ကျောင်းတော်ရဲ့ဆောင်ပုဒ်တွေနဲ့ မကိုက်ညီဘူးလေ... ’

‘ ငါ့ကိုခိုင်းတဲ့သူက အရှင်ရွှမ်းဒူများဖြစ်နေမလား... ’

All Chapters