← Chapters

အခန်း (၆၉၇)

Vol. 45 Ch. 697

အခန်း (၆၉၇)

Vol. 45 Ch. 697

ထိုတောင်တန်းများကို လေ့လာပြီးသည့်အချိန်တွင် ဖှေးအလျှင်လိုခြင်းမရှိတော့ပေ။

သူအရှိန်လျှော့လိုက်ပြီး ပတ်၀န်းကျင်အား ဂရုတစိုက်ဖြင့်လေ့လာကြည့်နေ၏။ သူသည်တောင်များပေါ်သို့ပင် ဆင်းသက်ကာကိုယ်တိုင်လေ့လာကြည့်နေသည်။

သူပတ်၀န်းကျင်သို့ ပို၍ လေ့လာကြည့်လေလေ ပို၍ ပျော်ရွှင်လာလေလေဖြစ်လာ၏။

ဤတောင်တန်းများသည် သူ၏ အစီစဥ်များအတွက် ဘုရားကိုယ်တိုင်လာချပေးထားသည်ဟုပင်ထင်မှတ်လောက်အောင်ပင်။ တောင်တန်းများသည် အစီလိုက်တည်ရှိနေကြေသော်လည်း မျဥ်းဖြောင့်တစ်ခုလိုမဟုတ်ပေ။ တောင်တစ်လုံးနှင့်တစ်လုံးပိတ်ကွယ်နေခြင်းမျိုးလည်းမရှိပေ။

ထို့အပြင် တောင်တန်းများသည် ကောင်းကင်ပေါ်သို့ပင် ထိုးထောင်နေသည့်အတွက် တောင်ထပ်ပေါ်တွင်ရပ်နေပါက တစ်စုံတစ်ယောက်သည် သိပ်မ၀ေးသည့်နေရာတွင်ရှိနေသည့် ချမ်းဘော့ဒ်တိုင်းပြည်အား ကောင်းမွန်စွာမြင်နိုင်နေမည်ဖြစ်သည်။ အထူးသဖြင့် လအဆင့်သိုင်းဆရာများပင်။ သူတို့သည် ဆယ်ကီလိုမီတာခန့်အကွာတွင်ဖြစ်ပျက်နေသည့်အရာများကို မြင်နိုင်နေမည်ဖြစ်သည်။

တောင်၁၂လုံးတွင် ချမ်းဘော့ဒ်တိုင်းပြည်နှင့် အ၀ေးဆုံးရှိနေသည့် တောင်ကပင် ဆယ်ကီလိုမီတာအနီးတွင်တည်ရှိသည်။ ထိုအကွာ၀ေးသည် လအဆင့်သိုင်းဆရာတစ်ယောက်၏ မျက်လုံးထဲတွင် ဘာမှမဟုတ်လှပေ။ သူတို့သည် မြို့တော်သို့ စက္ကန့်အနည်းငယ်အတွင်းမှာပင် တောင်တန်းပေါ်မှ အရောက်သွားနိုင်မည်ဖြစ်သည်။

“ဟားဟား ဒီနေရာမှာ ငါက ကြယ်တာရာ၁၂ခုကို ဖန်တီးရမယ်။ ဒီတောင်တွေပေါ်မှာ မှာ ကာကွယ်စောင့်ရှောက်သူနန်းတော်၁၂ခုတည်ဆောက်ပြီးတော့ သိုင်းဆရာတစ်ယောက်စီထားရမယ်။ သူတို့တွေက ကောင်းကင်နန်းတော်ကို ၀န်းရံထားပြီးတော့ ချမ်းဘော့ဒ်တိုင်းပြည်ကို တောင်ပေါ်ကနေစောင့်ကြည့်ကာကွယ်ပေးနိုင်လိမ့်မယ်။ ဟားဟား ဒါက အခွင့်ကောင်းတစ်ခုပဲ...” ဖှေးစဥ်းစားကြည့်လိုက်ပြီး ဂုဏ်ယူစွာဖြင့် ရယ်မောလိုက်သည်။

ယခုအချိန်တွင် ဖှေးသည် ကြယ်တာရာနက္ခတ်သိုင်းဆရာတစ်ချို့ကို ရွေးချယ်ပြီးဖြစ်သည်။ တားရက်စ်၊ ကန်ဆာ၊ လီယို၊ ကပ်ပရီကွန်းနှင့် ဆာဂျီတေးရိရက်တို့ကိုပင်။ သို့သော် ၁၂ယောက်မပြည့်သေးပေ။ ထို့အပြင် ရွှေရောင်သူတော်စင်စစ်သည်များထဲတွင် လီယိုကြယ်တာရာဖြစ်သည့် လမ်းပါ့ဒ်တစ်ယောက်သာ လအဆင့်တွင်ရှိသေးသည်။ ကျန်ရှိနေသည့် သိုင်းဆရာများသည် ကြယ်ရှစ်လုံးပတ်လည်တွင်သာရှိနေသေး၏။ ဖှေး၏ အစီစဥ်အရ တရား၀င် ကြယ်တာရာသူတော်စင်စစ်သည်များသည် လအဆင့်သို့ရောက်ရန်လိုအပ်၏။ ထိုမှသာာလျှင် တောင်တစ်လုံးကို အပိုင်စားရမည်ဖြစ်ပြီး တရား၀င်ကာကွယ်စောင့်ရှောက်သူရာထူးကို ရလိမ့်မည်ဖြစ်သည်။

သို့သော် ဤအစီစဥ်အား ရက်အနည်းငယ်အတွင်းတွင် အကောင်ထည်ဖော်လို့မရပေ။ ကာလရှည်ကြာစောင့်ဆိုင်းကာ ဖြေးဖြေးခြင်း အကောင်ထည်ဖော်သွားရမည့် ရေရှည်စီမံချက်တစ်ခုပင်။

ဖှေးသည် ချမ်းဘော့ဒ်တိုင်းပြည်တွင် လအဆင့်သိုင်းဆရာများစွာရှိနေမည့်နေ့ရက်အား စိတ်ကူးယဥ်ရင်းဖြင့် ပျံသန်းကာ အမှောင်ထုထဲတွင် ပျောက်ကွယ်သွားတော့သည်။

......

ဘုရင့်နန်းတော်ဆောင်၏ ညစာစားခမ်းမဆောင်ထဲတွင်ဖြစ်သည်။

“ဟေး အလတ်ဇန္ဒား နင်က ခင်ပွန်းတစ်ယောက်ဖြစ်တော့မှာလေ။ ညဘက်ကို ဒီလောက်နောက်ကျပြီးမှ အိမ်ပြန်လာလို့ဖြစ်ပါ့မလား။ အန်ဂျယ်လာက နင့်အတွက် တစ်ညလုံးစိုးရိမ်နေတာ။ ဒါကတော့ များသွားပြီ...” အန်ဂျယ်လာသည် ခါးထောက်ကာ ဘုရင်အား ရန်တွေ့လိုက်သည်။

ဤကောင်မလေးသည် ဗိုက်ဆာနေသည်မှာ အလွန်ထင်ရှားလှသည်။ သူမသည် ရန်တွေ့ရင်းဖြင့် ပူနွေးစေရန်အတွက် မှော်သေတ္တာများထဲတွင်ထည့်ထားသည့် အစားသောက်များကို ထုတ်ယူလိုက်သည်။ ထို့နောက်တွင် စားပွဲပေါ်တွင် တူများကို တင်လိုက်ပြီး အစေခံကောင်မလေးများဖြစ်ကြည့် နွေဦး၊ နွေ၊ ဆောင်းနှင့် ဆောင်းဦးတို့ကို ခေါ်လိုက်သည်။

ထို့နောက်တွင် လူ၇ယောက်နှင့် ရက်ကွန်းကောင်လေးတို့သည် အတူတကွညစာစားကြတော့၏။

“ဟွန်း နင်သာ ဒီညပြန်မလာဘူးဆိုရင် ငါတို့တော့ ဗိုက်ဆာနေတော့မှာ အဲ့လိုမလုပ်သင့်ဘူး။ အန်ဂျယ်လာက နင့်ကို အလျှော့ပေးတယ်ဆိုတိုင်း...”

အန်မာသည် ၀က်သားကင်တစ်ခုအား သူမ၏ပါးစပ်ထဲသို့ ထည့်လိုက်ရင်းဖြင့် ပြောလိုက်သည်။ သူမ၏ ကလေးကဲ့သို့သော မျက်နှာလေးသည် မီးရောင်အောက်တွင် အလွန်ချစ်စရာကောင်းနေ၏။

ဤကောင်မလေး၏ စကားလုံးများသည် ကြမ်းတမ်းသော်လည်း သူမသည် စိတ်ရင်းဖြူစင်ကာ ကြင်နာတတ်သည့်မိန်းကလေးတစ်ယောက်ပင်။ ဖှေးကိုယ်တိုင်ကလည်း အန်မာအား ညီမလေးတစ်ယောက်ကဲ့သို့ သက်မှတ်ထား၏။ အပြင်ပန်းတွင် ရက်စက်သည်ဟုထင်ရသော်လည်း တကယ်တန်းတွင် စိတ်ခံစားလွယ်ကာ နားလည်ပေးတတ်သည့် မိန်းကလေးတစ်ယောက်ပင်။ အခြေနေများဆိုး၀ါးနေခဲ့စဥ်က သူမသည် ဖှေးနှင့် အန်ဂျယ်လာတို့အား စွန့်ခွာသွားခဲ့ခြင်းမရှိသည့်အချက်ကြောင့် ချမ်းဘော့ဒ်တိုင်းပြည်ထဲတွင် လူများစွာမှ သူမအား လေးစား၏။

“ဟုတ်ပါပြီ ဟုတ်ပါပြီ နင်ငါတို့ရဲ့ ညစာစားပွဲစည်းကမ်း၁၂ချက်ကိုမေ့နေပြီလား။ အစာစားနေတဲ့အချိန်မှာ စကားအများကြီးမပြောရဘူးလေ....” ဖှေးသည် စိတ်ညစ်ချင်ဟန်ဆောင်ကာ ပြောလိုက်၏။

တစ်ချိန်တည်းမှာပင် စားပွဲပေါ်သို့ ခိုးတက်လာသည့် ရက်ကွန်းကောင်လေးကိုလည်း လည်ကုတ်မှဆွဲကိုင်ဖမ်းကာ သူ၏ အစာခွက်ရှေ့သို့ ပြန်ချပေးလိုက်၏။ ထို့နောက်တွင် အန်မာဘက်သို့လှည့်ကာ “အန်မာ နင်ဒီလောက်တောင်စကားများနေမယ်ဆိုရင် နင့်ကို ဘယ်ကောင်လေးမှ လိုချင်မှာမဟုတ်တော့ဘူး...”

“နင့်အပူမပါပါဘူး။ ငါနဲ့ လက်ထပ်ချင်နေတဲ့ ချမ်းဘော့ဒ်တိုင်းပြည်က အမျိုးကောင်းသားတွေကို တန်းစီခိုင်းလိုက်မယ်ဆိုရင် နန်းတော်ရှေ့ကနေ ဇူလီမြစ်ကမ်းထိတောင်ရောက်သွားလိမ့်မယ်...” အန်မာသည်လည်း ရင်ကော့၍ ဂုဏ်ယူ၀င့်ကြွားကာ ပြောလိုက်သည်။ ဖှေးနှင့်နေသည်မှာ အချိန်အတန်ကြာပြီဖြစ်သောကြောင့် ဖှေး၏ ချဲ့ကားပြောတတ်သည့်အကျင့်သည်လည်း အန်မာထံသို့ ကူးစက်နေပြီဖြစ်သည်။

“ဘာနေနေ နင်က နောက်မကျရဘူးဆိုနဲ့ စည်းကမ်း၁၂ချက်ထဲက ပထမအချက်ကို ဖောက်ဖျက်တာပဲ။ အဲ့အတွက်ကြောင့် ညစာစားပြီးရင် နင်ငါတို့ကို ပုံပြင်ပြောပြရမယ်...”

ညစာစားပွဲတွင်ရှိနေကြသည့် ကောင်မလေးများအားလုံး ရယ်မောလိုက်ကြသည်။

အစေခံကောင်မလေးများသည်လည်း ယခုအချိန်တွင် ဖှေးနှင့်မိသားစုကဲ့သို့ဖြစ်နေပြီဖြစ်သည့်အတွက်ကြောင့် ကြောက်လန့်ခြင်းမရှိတော့ပေ။ သူတို့သည် ဖှေးနှင့် ပုံမှန်ပင်စနှောက်စကားပြောလေ့ရှိသည်။ ထို့ကြော့င် နန်းတော်ဆောင်ထဲတွင် စကားပြောသံများ ရယ်မောသံများဖြင့် ပြည့်နှက်နေတော့သည်။

ဤသည်မှာ ဖှေးနှစ်သက်သည့်လေထုပင်။

သူသည် တစ်ခြားဘုရင်များကဲ့သို့ပင် ဟင်းခွက်တစ်ရာလောက်အား လူနှစ်ယောက်သုံးယောက်ခန့်သာ စားကြသည့် နေထိုင်မှုပုံစံမျိုးဖြင့် နေရပါက သူ့အတွက် ငရဲခန်းလိုဖြစ်နေလိမ့်မည်ဖြစ်သည်။

စကားအနည်းငယ်ပြောပြီးသည့်နောက်တွင် အန်ဂျယ်လာသည် သူမ၏ ဓားနှင့် ခတ်ရင်းတို့ကို စားပွဲပေါ်တွင်တင်လိုက်ပြီး ဖှေးအား ပြုံးပြလိုက်သည်။ “အလတ်ဇန္ဒား ငါနင့်ကို ပြောစရာရှိသေးတယ်။ လူမိုက် လူဆိုးနဲ့ လူရမ်းကားတို့က အတော်လေးကြီးထွားလာနေကြတယ်။ ဘုရင့်နန်းတော်က ဥယျာဥ်ကတောင် သူတို့ကို ထားဖို့မဆန့်တော့ဘူး။ နောက်ပြီးတော့ သူတို့တွေက ဘလတ်ကီရဲ့ခေါင်းဆောင်မှုနဲ့အတူ သောင်းကျန်းနေကြတယ်လဲကြားတယ်။ နင့်အကောင်လေးတွေသာမဟုတ်ဘူးဆိုရင် စစ်သည်တွေက သူတို့ကို ပစ်ပြီးနေလောက်ပြီ...”

ဖှေး ထိုအရာကို ကြားသည့်အချိန်တွင် ရယ်မောလိုက်မိသည်။

သူသည် တစ်ခြားလူများတိုင်ကြားသည်ကိုလည်း ကြားနေရသည်ဖြစ်သောကြောင့်ပင်။ ထိုအကောင်လေးများသည် ချမ်းဘော့ဒ်တိုင်းပြည်သို့ ရောက်သည်မှာ ရက်အနည်းငယ်သာရှိသေးသော်လည်း သူတို့သည် အလွန်ဆော့ကစားလိုနေကြသည်။ သူတို့၏ ခန္ဓာကိုယ်ကြီးများသည် ကြီးမားသည့်အတွက်ကြောင့် တနေရာမှ တစ်နေရာသို့ ရွေ့လျားရုံဖြင့်ပင် ငလျင်အငယ်စားလေးများကို ဖန်တီးနေ၏။

လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က လူမိုက်ဟုခေါ်သော နဂါးသည် ဘုရင့်နန်းတော်ထဲတွင်ရှိသည့် အဆောက်ဦးငယ်တစ်ခုပေါ်အားတက်ထိုင်မိသဖြင့် ပျက်ဆီးသွားခဲ့သည်။ မြို့ထဲတွင်ရှိနေသည့် လမ်းတစ်ချို့နှင့် အဆောက်ဦးတစ်ချို့သည်လည်း ထိုသားရဲလေးကောင်ဆော့ကစားရင်းဖြင့် ပျက်ဆီးသွားခဲ့ပြီးဖြစ်သည်။

ထို့အပြင် နဂါးများထဲမှ တစ်ကောင်သည် ကောင်းကင်ပေါ်မှနေ၍ မစင်စွန့်ချသဖြင့် လမ်းသွားလမ်းလာများပေါ်သို့ ကျကုန်၏။ အကယ်၍ သူတို့ကိုသာ စစ်သည်များဆွဲထုတ်မပေးပါက နဂါးများ၏ မစင်ပုံနစ်၍ သေသည့် ပထမဆုံးသောလူသားများဖြစ်လာနိုင်ဖွယ်ရှိသည်။

နောက်ဆုံးတွင် ချမ်းဘော့ဒ်မြို့တော်၏ စီမံအုပ်ချုပ်ရေးဌာနမှ အဖွဲ့တစ်ခုလွှတ်၍နဂါးမစင်များကို ရှင်းလင်းခိုင်းလိုက်ရသည်။

သို့သော် နဂါးမစင်များသည် သုတေသနပြုလုပ်ရန်လိုအပ်သည့်အတွက် ချမ်းဘော့ဒ်တက္ကသိုလ်ထံတွင်ရှိသည့် ဓာတ်ခွဲခန်းများထံသို့ ပို့လိုက်ကြ၏။

“အေး ငါတို့စီစဥ်ရမှာပေါ့...” ဖှေးရယ်မောလိုက်သည်။ “လူမိုက်နဲ့ ကျန်တဲ့နဂါးတွေက မြို့ထဲမှာ ထားဖို့အတွက် ကြီးမားလွန်းနေပြီ။ မြို့သူမြို့သားတွေအတွက်လဲအဆင်မပြေဘူး။ နောက်ပြီးတော့ ဘုရင့်နန်းတော်ကလည်း သူတို့နေဖို့အတွက်ကြီးမားလွန်းနေတယ်။ ချမ်းဘော့ဒ်အနောက်ဘက်တောင်တန်းတွေမှာ သူတို့နေဖို့အတွက် သင့်တော်တဲ့နေရာတစ်ခုကို ငါတွေ့ထားတယ်။ ဟားဟား ရက်အနည်းငယ်လောက်ကြာရင် သူတို့တင်မဟုတ်ဘူး ငါတို့ပါအဲ့နေရာကို ရွေ့ပြီးနေကြတာပေါ့။ ချမ်းဘော့ဒ်တော်၀င်မိသားစုက မြို့တော်အပြင်မှာပဲနေကြတော့မယ်လေ...”

ဖှေးပြောလိုက်သည့်အရာကြောင့် ကောင်မလေးများအံ့သြသွားကြသည်။

“ချမ်းဘော့ဒ်အပြင်မှာထွက်နေမယ်ဟုတ်လား။ ငါတို့ဘယ်သွားကြမလို့ပဲ။ ငါတို့မြို့ပြင်က ကျောက်ဆောင်တွေပေါ်မှာတော့မနေချင်ပါဘူး...”

ဤအခိုက်တန့်တွင် ကျယ်လောင်သည့်အသံတစ်ခုကို တံခါးအပြင်ဘက်မှကြားလိုက်ရသည်။

မင်းသမီးဗစ်တိုးရီးယားသည် အနီရောင်ဂါ၀န်နှင့် ဒေါက်ဖိနပ်တို့ကို စီး၍ နန်းတော်ဆောင်ထဲသို့ ၀င်လာခဲ့သည်။ သူမသည် ဖှေးအရှေ့တွင် စာရွက်ပုံကြီးတစ်ခုကို ချပေးလိုက်ပြီး ၀င်ထိုင်ကာ အသားကင်တစ်ခုကို ကောက်၀ါးလိုက်သည်။ ထို့နောက်တွင် သူမ ပြောလိုက်၏။ “ငါက အသက်ကလည်းငယ်ငယ်လေးရှိသေးတာ ဘာလို့ ဒီလိုအလုပ်တွေလုပ်နေရတာလဲ...”

ရုတ်တရက်ပင် ညစာစား၀ိုင်းတစ်ခုလုံးတိတ်ဆိတ်သွား၏။

ဗစ်တိုးရီးယားသည် အပေါ်သို့ မော့ကြည့်လိုက်ပြီး လူများ၏ မျက်နှာပေါ်မှ ထူးဆန်းသည့်အမူယာများကို မြင်သည့်အတွက်ကြောင့် မေးလိုက်သည်။ “ဘာလဲ။ နင်တို့က ဘာလို့ ညသန်းခေါင်ကြီးမှာ ညစာထစားနေကြတာလဲ။ အလတ်ဇန္ဒား နင့်အတွက် ငါစာရင်းတွေထိုင်လုပ်ပေးနေရတာ နှစ်ညလုံးမအိပ်ရသေးဘူး။ အခုဆိုမျက်ကွင်းတွေတောင်ညိုနေပြီ။ ဘာလဲ ငါနင်တို့အသားကင်ကို ယူစားလို့မရဘူးလား...”

“နင်...နင်...” အန်မာသည် ဗစ်တိုးရီးယားကို ကြည့်ရင်းဖြင့် စကားများထစ်နေ၏။

“ဟမ် ငါက ဘာဖြစ်လို့လဲ...” ဗစ်တိုးရီးယားလဲ တစ်စုံတစ်ခုမှားယွန်းနေသည်ကို ခံစားလိုက်ရသည်။

ရုတ်တရက်ပင် တစ်စုံတစ်ယောက်မှ သူမ၏ ဂါ၀န်ကို လာဆွဲနေသလိုခံစားလိုက်ရသည်။ သူမတစ်ဖက်သို့လှည့်လိုက်ရာတွင် ဘုရင်၏ အိမ်မွေးတိရိစ္ဆာန်အသစ်လေးဖြစ်သည့် ရက်ကွန်းကောင်လေးသည် သူမ၏ ဂါ၀န်ကို ၀မ်းနည်းသည့်အမူယာတစ်ခုဖြင့် ဆွဲနေသည်ကိုတွေ့လိုက်ရသည်။

“နင်က ရက်ကွန်းလေးစားနေတဲ့ အသားကင်ကို ယူစားလိုက်လို့လေ...” အန်မာမှ ဖြေးညှင်းစွာပြောလိုက်၏။

ဗစ်တိုးရီးယားသည် ခန်းမဆောင်ထဲတွင်ရှိနေသည့်လူများကို ကြည့်လိုက်သည်အချိန်တွင် သူတို့အားလုံးမှလည်း ခေါင်းငြိမ့်ပြလိုက်ကြသည်။ ထို့နောက်တွင် ရက်ကွန်းလေး၏ အမွေးထူသည့် ပါးစပ်နှင့် သူမ၏လက်ထဲတွင်ကိုင်ထားသည့်အသားကင်ကို ကြည့်လိုက်ရာ အစွယ်ရာများကိုလည်းတွေ့လိုက်ရ၏။

“ထွီ...” သူမထွေးထုတ်လိုက်သည်။

All Chapters