← Chapters

အခန်း (၇၀၀)

Vol. 45 Ch. 700

အခန်း (၇၀၀)

Vol. 45 Ch. 700

ဤအမဲရောင်ဓားကြီးသည် ဖှေးနောက်ဆုံးမျိုးနွယ်စုနန်းတော်မှ ရရှိခဲ့သည့်လက်နက်များထဲတွင် အကောင်းဆုံးအရာများထဲမှ တစ်ခုဖြစ်သည်။ ဖှေးရရှိခဲ့သည့်ထဲတွင် လယ်ဗယ်အမြင့်ဆုံး လက်စွဲတော်လက်နက်တစ်ခုဖြစ်ပြီး စစ်ပွဲဖြစ်ပွားခဲ့သည့်အချိန်က နတ်ဘုရားတစ်ပိုင်းအဆင့်၊ သို့မဟုတ် နတ်ဘုရားအဆင့်လက်နက်တစ်ခုပင်ဖြစ်လိမ့်မည်ဟု ဖှေးခန့်မှန်းလိုက်မိသည်။ စစ်မြေပြင်တွင်ကျန်ခဲ့ကာ သေခြာဂရုစိုက်ထိန်းသိမ်းခြင်းမရှိခဲ့သည့်အတွက် အချိန်ကာလကြာမြင့်သည့်အချိန်တွင် လယ်ဗယ်၈အဆင့်သို့ ကျဆင်းသွားခဲ့ခြင်းပင်။

ပန်းပဲဆရာမ ချယ်စီဆိုပါက ဤလက်နက်ကြီးကို နဂိုမူလစွမ်းအင်အတိုင်းပြန်လည်ရရှိလာအောင် ပြုပြင်နိုင်ကောင်းပြုပြင်နိုင်လိမ့်မည်ဖြစ်သည်။

“ဟားဟား ဒီလိုတန်ဖိုးကြီးမားတဲ့ လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး...” လမ်းပါ့ဒ်ဓားရိုးကို ဆုပ်ကိုင်လိုက်သည့်အချိန်တွင် လျှပ်စီးအလင်းတန်းများသည် ဓားကိုယ်ထည်ပေါ်တွင် ကခုန်နေတော့၏။ မကြာမှီတွင် အမဲရောင်ဓားကြီးတစ်ခုလုံးကို ငွေရောင်လျှပ်စီးစွမ်းအင်များဖုံးလွှမ်းထားပြီး ဓားကိုယ်ထဲတွင် ကိန်းအောင်းနေသည့် စွမ်းအားများသည် ဖှေးကိုပင် အနည်းငယ်တုန်လှုပ်သွားစေ၏။

“အတော်ကောင်းတဲ့ ဓားပဲ...” လမ်းပါ့ဒ်သည် ဓားကိုယ်အား သူ၏ လက်ချောင်းဖြင့် အနည်းငယ်တီးခေါက်ကြည့်လိုက်သည့်အချိန်တွင် ချွင်ကတည်းမြည်သံသည်နေရာတစ်၀ိုက်တွင် ပြန့်နှံ့သွားတော့၏။

“ဒီနေ့ကစပြီး မင်းနာမည်က မဟူရာမိုးကြိုးပဲ...” လမ်းပါ့ဒ်ပြောလိုက်သည်။

ထို့နောက်တွင် သူသည် ထိုဓားကြီးကို မြေပြင်ပေါ်သို့ ပြန်စိုက်လိုက်ပြီး နောက်ကြောတွင်အမြဲလွယ်ထားသည့် သူ၏ ဓားကို ထုတ်ယူလိုက်သည်။ သူ၏မျက်နှာတွင် တည်ငြိမ်သည့်အမူယာတစ်ခုဖြင့် ထိုထားကို ပွတ်သပ်လိုက်သည်။ သူသည် နှုတ်ဆက်စကားပြောနေသည့်အတိုင်းပင်။

“မိတ်ဆွေဟောင်းကြီး မင်းနဲ့ငါလက်တွဲလာခဲ့တာ အတော်လေးကြာခဲ့ပြီး မင်းအခုအနားယူလို့ရပါပြီ...” ခနတာတိတ်ဆိတ်ငြိမ်သက်ပြီးချိန်တွင် လမ်းပါ့ဒ်သည် သူ၏ဓားဟောင်းကို ဓားသိုရာအကန့်အတွင်းသို့ထည့်လိုက်တော့သည်။

“သွားကြရအောင်...”

ဖှေးသည် ကစဥ့်ကလျားခြင်းပုလ္လင်ကို ဆင့်ခေါ်လိုက်ပြီး ရင်ပြင်၏ ဘေးသို့ ပျံသန်းသွားလိုက်သည်။

ဤအခိုက်တန့်တွင် သဘာ၀ဓာတ်စွမ်းအင်မျိုးစုံသည် လေမုန်တိုင်းတစ်ခုတိုက်ခတ်တော့မည့်အတိုင်းပင် ဤနေရာသို့ စုပြုံကာ စီး၀င်နေကြ၏။ ထူထဲသည့် တိမ်တိုက်များသည် ကောင်းကင်ပေါ်တွင် ချက်ချင်းပေါ်ပေါက်လာပြီး လွန်ခဲ့သည့်အချိန်အနည်းငယ်ခန့်က နေသာနေသည့်ရာသီဥတုသည် ချက်ချင်းလိုလိုပင် မှောင်မိုက်လာတော့၏။

လမ်းပါ့ဒ်သည် သူ၏စွမ်းအင်များကို ထိန်းချုပ်နေခြင်းအား ရပ်တန့်လိုက်သည်။

သဘာ၀ဓာတ်ဂုဏ်သတ္တိများသည် လသစ်အဆင့်သို့ ရောက်ခါစလူတစ်ယောက်၏ အရှိန်၀ါကို အာရုံခံလိုက်မိသည့်အတွက်ကြောင့် စိန်ခေါ်မှုစတင်ပြီဖြစ်သည်။ သဘာ၀တရားကြီးသည် လအဆင့်သိုင်းဆရာတစ်ယောက်အား ထိုက်တန်မတန်ကို စမ်းသပ်ခြင်းပင်။

ဤအခိုက်တန့်တွင် အရာရှိများ၊ သူတော်စင်စစ်သည်များ၊ ဥပဒေပြုစစ်သည်များနှင့် ကျောင်းသားများသည် လမ်းပါ့ဒ်အား လေးစားအားကျစွာဖြင့် ၀ိုင်းကြည့်နေကြ၏။ သူတို့သည် စိုက်ကြည့်နေရင်းဖြင့် ဂုဏ်ယူ၀င့်ကြွားသည့်ခံစားချက်တို့ကိုလည်း ခံစားနေရသည်။

သူသည် အရင်ဘုရင်ဟောင်း၏ အယုံကြည်ရဆုံး မိတ်ဆွေတစ်ယောက်လည်းဖြစ်ခဲ့သည်။ ယခုဘုရင်၏ ကာကွယ်စောင့်ရှောက်သူလဲဖြစ်ပြီး ချမ်းဘော့ဒ်တိုင်းပြည်ကိုလည်း အကြိမ်ပေါင်းများစွာကာကွယ်ပေးခဲ့သူပင်။ ယခုအချိန်တွင် သူသည် လအဆ့င်သိုင်းဆရာတစ်ယောက်ဖြစ်လာတော့မည်ဖြစ်သည့်အတွက်ကြောင့် ချမ်းဘော့ဒ်တိုင်းပြည်မှလူများ ဂုဏ်ယူနေကြခြင်းပင်။ ယနေ့မှစတင်၍ ချမ်းဘော့ဒ်တိုင်းပြည်တွင် ဘုရင့်၏လက်အောက်တွင် အလုပ်လုပ်နေသည့် လအဆင့်သိုင်းဆရာတစ်ယောက်ရှိလာပြီဖြစ်သည်။

“ငါတို့ကို ဘယ်အဖွဲ့၀င်တိုင်းပြည်က ယှဥ်နိုင်ဦးမှာလည်း။ ဒီလိုအင်အားက ငါတို့ရဲ့ အမိအင်ပါယာ ဇီးနစ်တောင် ဒီလောက်လအဆင့်သိုင်းဆရာတွေရှိနေပါ့မလား...” မြို့သူမြို့သားများတွေးလိုက်မိကြသည်။

ထူထပ်သည့် တိမ်တိုက်များထဲတွင် လျှပ်စီးများလင်းလက်နေ၏။

နတ်ဘုရားတစ်ပါးသည် ကောင်းကင်ပေါ်မှ ငုံ့ကြည့်နေကာ မြေပြင်ပေါ်တွင်နေထိုင်နေကြသည့် သတ္တ၀ါများအား တရားစီရင်ရန်ပြင်ဆင်နေသည့်အတိုင်းပင်။

ဤနေရာတွင်ရှိနေသည့် ဖိအားများသည် ပို၍ပို၍ပြင်းထန်လာပြီး သဘာ၀ဓာတ်စွမ်းအင်များသည်လည်း ဆူမှတ်တစ်ခုသို့ ရောက်ရှိလာတော့၏။ ရင်ပြင်ပတ်လည်တွင်ရှိနေကြသည့်လူများသည် ဆူနာမီလှိုင်းလုံးများကြားထဲတွင် လှေငယ်တစ်စီးဖြင့် ဖြတ်သန်းနေရသလိုခံစားနေရ၏။ ကောင်းကင်ပေါ်တွင်ရှိနေသည့် လျှပ်စီးများနှင့် နှိုင်းယှဥ်ပါက သူတို့သည်သေးသိမ်သလိုခံစားနေရသည်။

“ချွတ် ချွတ် ချွတ်...”

လမ်းပါ့ဒ်၏ ပတ်ပတ်လည်တွင်လည်း လျှပ်စီးအလင်းတန်းများတောက်ပနေလျှက်ရှိသည်။ မကြာမှီတွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးအား လျှပ်စီးတန်းများဖြင့် လွှမ်းခြုံသွားတော့သည်။ သူသည်လည်း နတ်ဘုရားတစ်ပါးကဲ့သို့ပင်။

သူ၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင်ရှိနေသည့် ပြင်းထန်သည့် လျှပ်စီးအလင်းတန်းများသည် ကောင်းကင်ပေါ်တွင်ရှိနေသည့် လျှပ်စီးမိုးကြိုးများထက်နိမ့်ကျခြင်းမရှိလှပေ။

“ဖုန်း...”

သစ်ပင်တစ်ပင်ထက်ပင် ပို၍ ကြီးမားသည့် လျှပ်စီးတန်းကြီးတစ်ခုသည် လမ်းပါ့ဒ်ထံသို့ ကျဆင်းလာတော့၏။ နတ်ဘုရားတစ်ပါး ဒေါသဖြစ်နေသကဲ့သို့ပင် အလွန်မြန်ဆန်စွာဆင်းသက်လာသဖြင့် လူသားမျက်လုံးဖြင့် လိုက်လံကြည့်ရှုနိုင်ခြင်းမရှိပေ။

ဤမြင်ကွင်းသည် အလွန်ထိတ်လန့်ဖွယ်ကောင်းသည့်အတွက်ကြောင့် ပတ်၀န်းကျင်တွင်ရှိနေသည့်လူများထံမှ အာမေဍိတ်သံများထွက်ပေါ်လာ၏။

“ဟားဟား ကောင်းတယ် ထပ်လာခဲ့ဦး...” လမ်းပါ့ဒ်၏ ကျယ်လောင်သည့်ရယ်မောသံသည် လျှပ်စီးအလင်းတန်းများကြားထဲမှ ထွက်ပေါ်လာ၏။

သူရဲကောင်းဆန်ကာ ခေါင်းဆောင်တစ်ဦးကဲ့သို့အရှိန်၀ါမျိုးကိုခံစားနေရသည်။

ချမ်းဘော့ဒ်တိုင်းပြည်မှ စစ်သည်တော်များ၏ သွေးကို ဆူပွက်စေ၏။

“ဖုန်း ဖုန်း ဖုန်း...”

“ဖုန်း ဖုန်း ဖုန်း ဖုန်း ဖုန်း...”

ပထမဆုံးပစ်လွှတ်လိုက်သည့် လျှပ်စီးတန်းသည် မိတ်ဆက်နေခြင်းသာဖြစ်သည်။ ထို့နောက်တွင် လျှပ်စီးမိုးကြိုးများသည် တစ်ခုပြီးတစ်ခုမိုးစက်များကဲ့သို့ပင် လမ်းပါ့ဒ်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာတော့၏။ ချမ်းဘော့ဒ်နန်းတော်အား သဘာ၀တရားကြီးမှ ဖျက်ဆီးလိုနေသလိုပင်။

လမ်းပါ့ဒ်သည် လျှပ်စီးဂုဏ်သတ္တိအတွင်းအားစွမ်းအင်ကို အသုံးပြုသည့် စစ်သည်တော်တစ်ယောက်ဖြစ်သည့်အတွက်ကြော့င် သူ့အတွက် သဘာ၀တရားမှပေးသည့် စိန်ခေါ်မှုများသည် လျှပ်စီးမိုးကြိုးများဖြစ်၏။

ဖှေးသည် ကစဥ့်ကလျားခြင်းပုလ္လင်ပေါ်တွင် ထိုင်နေရင်းဖြင့် ဤဖြစ်စဥ်တစ်ခုလုံးကို နီးနီးကပ်ကပ်ကြည့်ရှုနေ၏။

တဖြည်းဖြည်းခြင်းဖြင့် ထူးဆန်းသည့် အမူယာတစ်ခုသည် သူ၏မျက်နှာပေါ်တွင်ပေါ်လာတော့၏။

“ဟမ် ဦးလေးလမ်းပါ့ဒ်က သဘာ၀တရားရဲ့ စိန်ခေါ်မှုကို ရင်ဆိုင်ရတာ ပထမဆုံး အကြိမ်မဟုတ်ဘူးထင်တယ်။ သူကအတော်လေး တည်ငြိမ်နေတယ်။ ဒီလျှပ်စီးတန်းတွေက အတော်ကြောက်စရာကောင်းပြီးတော့ ငါတို့ထင်ထားတာထက်တောင်ပိုပြီး အန္တရာယ်များတယ်။ ဒါပေမယ့် သူ့ကို အန္တရာယ်မပေးနိုင်ဘူး။ ဦးလေးလမ်းပါ့ဒ်က အဲ့လျှပ်စီးတန်းတွေကို သူ့ခန္ဓာကိုယ်ထဲကို ချောချောမွေ့မွေ့စီး၀င်အောင်လုပ်ပြီးတော့ သူ့ခန္ဓာကိုယ်ကို ပြောင်းလဲအောင်အမြန်လုပ်ဆောင်နေတာပဲ...”

လမ်းပါ့ဒ်သည် လျို့၀ှက်သည့်လူတစ်ယောက်ဖြစ်ပြီး ဖှေးကိုယ်တိုင်ပင် သူ့အား ထိုးဖောက်မြင်နိုင်ခြင်းမရှိပေ။

လမ်းပါ့ဒ်သည် ယခင်က ရေတွင်းအားစွမ်းအင်ကို လေ့ကျင့်ခဲ့သူဖြစ်ပြီး ကြယ်သုံးလုံးအဆင့်စစ်သည်တစ်ယောက်သာဖြစ်ခဲ့သည်။ သူသည် လျှပ်စစ်အတွင်းအားစွမ်းအင်ကို ပြောင်းလဲလေ့ကျင့်ခဲ့ပြီးသည့်နောက်တွင် မြန်ဆန်စွာပင် အဆင့်တက်လာခဲ့၏။ ဖှေးထင်ထားသည်ထက်ပင် များစွာမြန်ဆန်နေသည်။ သူနှင့် နှိုင်းယှဥ်ကြည့်ပါက တိုးရိစ်နဲ့ ပီးရာ့စ်ကဲ့သို့သော စစ်သည်များသည် သူ့ထက်များစွာပို၍ နောက်ကျကျန်ခဲ့သည်။

လွန်ခဲ့သည့်ကာလပတ်လုံးတွင် လမ်းပါ့ဒ်၏ စွမ်းအင်များသည် ချော့မွေ့စွာပင် အခက်ခဲမရှိမြင့်တက်လာလျှက်ရှိပြီး လအဆင့်သို့ လွယ်လွယ်ကူကူပင်ရောက်ရှိလာခဲ့သည်။

ယနေ့တွင် လမ်းပါ့ဒ် သဘာ၀တရား၏ စိန်ခေါ်မှုနှင့် ရင်ဆိုင်နေသည့် ပုံကိုကြည့်ရင်းဖြင့် ဟေဇယ်-ဘန်ခ့်နေအဆင့်သို့ ပြန်လည်ရောက်ရှိခဲ့ပုံကို ဖှေးသတိရလိုက်မိသည်။ လမ်းပါ့ဒ်သည်လည်း ဤအရာများအားလုံးကို ကြုံတွေ့ဖူးပြီးသားဖြစ်သည့်အတွက် သူ့အတွက်အခက်မရှိသည့်ပုံပင်။ လမ်းပါ့ဒ်သည်လည်း ဟေဇယ်-ဘန့်ခ်လိုပင် စွမ်းအားမြင့်မားသည့်တစ်နေရာမှ အကြောင်းအမျိုးမျိုးကြောင့်စွမ်းအားများပျောက်ဆုံးခဲ့သည့်လူဖြစ်နိုင်၏။

ကောင်းကင်ပေါ်တွင်ရှိနေသည့် တိမ်တိုက်များသည် ပို၍ မဲမှောင်လာနေပြီး လျှပ်စီးအလင်းတန်းများသည်လည်း ပို၍ စိတ်လာတော့သည်။

......

“ဘာတွေဖြစ်ကုန်တာလဲ...”

ဇီးနစ်အင်ပါယာ စစ်ဘက်ဆိုင်ရာဌာနချုပ်မှ စေလွှတ်လိုက်သည့် သံတမန်ဘားကော့တ်သည် ချမ်းဘော့ဒ်မြို့ထဲတွင်ရှိသည့် အကောင်းဆုံးသော ဟိုတယ်အတွင်းမှ လမ်းလျှောက်ထွက်လာခဲ့သည်။

သူသည် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည့်အချိန်တွင် ဖြစ်စဥ်တစ်ခုလုံးကို မြင်တွေ့နေရ၏။ သူသည် ဖော်ပြ၍ မရနိုင်သည့် ဖိအားတစ်ခုကိုလည်းခံစားနေရသည်။ သူသည် စိတ်ခံစားချက်ကို ပြသလေ့မရှိသော်လည်း ယခုအချိန်တွင်မူ အမှန်တကယ်ပင် ထိတ်လန့်နေလျှက်ရှိ၏။

“ဒါ...ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...” ဘားကော့တ်၏ ဘေးတွင် ဗလတောင့်တောင့်နှင့် စစ်သည်တော်တစ်ဦးမှ အထိတ်တလန့်ဖြင့် ထပြောလိုက်သည်။ သူသည် အာရှဗင်၏ သွေးသံမဏိတပ်ဖွဲ့အမှတ်သားပါသည့် ချပ်၀တ်တစ်စုံကို၀တ်ဆင်ထားပြီး ရာထူးမြင့်မားသည့်လူတစ်ယာက်ဖြစ်ပုံပင်။

သူ၏မျက်နှာသည် ဖြူဖက်ဖြူယော်ဖြစ်နေပြီး တုန်ယဥ်သောအသံတစ်ခုဖြင့်ပြောလိုက်သည်။ “ဒီလိုဖြစ်တာက သိုင်းဆရာတစ်ယောက်လအဆင့်ကိုရောက်သွားလို့လား...ဒါက သဘာ၀တရားရဲ့ စိန်ခေါ်မှုနဲ့တူနေတယ်...”

“လအဆင့်ဟုတ်လား..” ဘားကော့တ် တုန်လှုပ်သွားသည်။ သူသည် ဤအချက်ကို လက်ခံနိုင်ပုံမရပေ။

သူသည် အကြံပေးတစ်ယောက်သာဖြစ်ပြီး သိုင်းပညာကျင့်ကြံခြင်းများနှင့် ပတ်သက်၍ ကျွမ်းကျင်သည့်လူတစ်ယောက်မဟုတ်သော်လည်း လအဆင့်ဟူသည့် အဓိပ္ပါယ်ကိုမူ ကောင်းစွာသိရှိသည်။ ဇီးနစ်အင်ပါယာထဲတွင် လအဆင့်သိုင်းဆရာများသည် ဗျူဟာမြောက်လက်နက်များဖြစ်ပြီး လူအနည်းငယ်သာရှိ၏။ ထိုလူများအားလုံးသည်လည်း မြင့်မားသည့် ရာထူးများကို ပိုင်ဆိုင်ထားကြသည်။

“လအဆင့်ကိုတက်နေတဲ့လူက ဘယ်လိုဖြစ်ပြီးတော့ ဒီလိုအဖွဲ့၀င်တိုင်းပြည်ငယ်လေးထဲမှာရှိနေမှာလဲ...” ဘားကော့တ် ထိတ်လန့်သွားသည်။ “ချမ်းဘော့ဒ်ဘုရင်များလား။ ချမ်းဘော့ဒ်ဘုရင်များလား ဟုတ်တယ် သူပဲဖြစ်ရမယ် လွန်ခဲ့တဲ့တစ်နှစ်လောက်က သူက ကြယ်၇လုံးအဆင့်ကို ရောက်သွားတယ်ပြောတယ်။ သူ့ရဲ့အရည်ချင်းနဲ့ဆိုရင် သူက လက်ရှိမှာ ကြယ်ကိုးလုံးအဆင့်သိုင်းဆရာတစ်ယောက်တောင်ဖြစ်နေလောက်ပြီ။ အခုဆိုရင်တော့....မင်းသားအတွက်ကတော့ ချမ်းဘော့ဒ်ဘုရင်က လအဆင့်ကိုရောက်သွားပြီဆိုတော့ ကိုင်တွယ်ရလွယ်ကူတော့မှာမဟုတ်တော့ဘူး...”

“မင်းသားအာရှဗင်က စစ်ဘက်ဆိုင်ရာခေါင်းဆောင်တစ်ယောက် ထီးနန်းဆက်ခံရမယ့်လူတစ်ယောက်ဆိုပေမယ့်။ သူက ချမ်းဘော့ဒ်ဘုရင်ကို ကိုင်တွယ်ရဖို့အတော်ခက်နေတာပဲ။ သူကအခုလအဆင့်ရောက်သွားပြီဆိုတော့လေ...” သူတွေးလိုက်မိသည်။

All Chapters