အခန်း (၇၀၁)
Vol. 45 Ch. 701
“ဒီကိစ္စကို တစ်ယောက်ယောက်လွှတ်ပြီးတော့ စုံစမ်းခိုင်းထားလိုက်။ သိသင့်သမျှအားလုံးကို ငါတို့ သိထားဖို့လိုလိမ့်မယ်။ ဘယ်သူက လအဆင့်ကို ရောက်သွားတာလဲဆိုတာကို ငါတို့သိမှဖြစ်မယ်။ ဒီကိစ္စကို မင်းသားစီမှာ ပြန်ပြီးတော့ တင်ပြမှဖြစ်မယ်...”
“ဟုတ်ကဲ့ပါ ဆရာ...” စစ်သည်တစ်ယောက်သည် ထိုနေရာမှ ထွက်ခွာသွား၏။
ဘားကော့တ်သည် ဟိုတယ်အရှေ့တွင် ရပ်နေရင်းဖြင့် လျှပ်စီးတန်းများ၊ ထူထပ်သည့် တိမ်တိုက်များကိုကြည့်ကာ စိုးရိမ်သည့်အမူယာတစ်ခုဖြင့် သက်ပြင်းချလိုက်မိသည်။
ဘားကော့တ်သည် မွဲတေသွားခဲ့သည့် ဆွေကြီးမျိုးကြီးမိသားစုတစ်ခုမှ ပေါက်ဖွားလာခဲ့သည့်လူတစ်ယောက်ပင်။ မြို့တော်ထဲတွင်ရှိသည့် လူဆင်းရဲများကပင် တစ်ချိန်က သူ့အား အထင်သေးသည့်အမြင်များဖြင့် ၀ိုင်းကြည့်ခဲ့ကြသည်။ ထို့နောက်တွင် သူသည် မင်းသားအာရှဗင်နှင့် တွေ့ဆုံခဲ့ပြီး မင်းသားသည်သူ့အား ချက်ချင်းပင် ကြိုက်နှစ်သက်သွားခဲ့သည်။ သူ့အား လူတော်တော်များများက မင်းသားအာရှဗင်၏ အိမ်မွေးခွေးဟူ၍ပင်ခေါ်ကြ၏။ သူသည် ရက်စက်ကြမ်းကြုတ်ကာ မည်သူ့ကိုမဆိုပင် သူ၏ အကြံစည်များဖြင့် ဖျက်ဆီးပစ်နိုင်ခဲ့သည်။ အကယ်၍ သူသည် ဆက်လက်၍ အသုံးမ၀င်တော့ပါက မင်းသားအာရှဗင်သည် သူ့အားရှင်းထုတ်ပစ်လိမ့်မည်ဟုလည်း လူများမှ ပြောနေကြသည်။
သို့သော် ထိုလူများသည် မင်းသားအာရှဗင်သူ့အားမည်သည့်အတွက်ကြောင့် ကြိုက်နှစ်သက်သည်ကို မသိကြပေ။ မင်းသားအာရှဗင်သူ့အား နှစ်သက်ရသည့်အဓိကအကြောင်းရင်းမှာ အန္တရာယ်ကို အာရုံခံနိုင်စွမ်းနှင့် ရှုပ်ထွေးနေသည့်အခြေအနေတစ်ခုတွင် အကောင်းဆုံးသောအဖြေကိုရှာထုတ်နိုင်သည့်စွမ်းရည်များကြောင့်ပင်။
အရည်ချင်းမရှိပဲ မြှောက်ပင့်ရုံသာကျွမ်းကျင်သည့်လူတစ်ယောက်သည် အရှိန်၀ါကြီးမားသောလူများသည့် ယုံကြည်မှုကို ရယူနိုင်လိမ့်မည်မဟုတ်ပေ။
လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်က ဘားကော့တ်သည် ချမ်းဘော့ဒ်တိုင်းပြည်မှ အန္တရာယ်အရှိန်၀ါများစွာတို့ကို ခံစားနေခဲ့ရသည်။ သူ၏ မျက်လုံးများထဲတွင် ချမ်းဘော့ဒ်ဘုရင်သည် နှိုင်းယှဥ်၍ မရနိုင်သည့် ပါရမီရှင်တစ်ယောက်ပင်။
သူချမ်းဘော့ဒ်သို့ ရောက်ခါစနေ့ရက်များတွင် ချမ်းဘော့ဒ်ဘုရင်ဖန်တီးထားသည့် ဥပဒေဇယား၁၂ခုကိုလည်း လေ့လာကြည့်မိခဲ့သည်။
အစပိုင်းတွင် ဘားကော့တ်သည် ထိုဥပဒေများကို ဟာသဟုသာထင်နေခဲ့၏။ သို့သော် သူပို၍လေ့လာလေလေ ပို၍ တုန်လှုပ်လာလေလေဖြစ်သည်။ နောက်ဆုံးတွင် ထိုဥပဒေများကို သူတော်စင်ဥပဒေများဟုပင် တင်စားထားကြသည်မှာ ချဲ့ကားထားခြင်းမဟုတ်ကြောင်းသိလာရ၏။
ထို့အပြင် မှော်စွမ်းအင်သုံးမီးပွိုင့်များ၊ ထူးဆန်းသည့် ယာဥ်စည်းကမ်းလမ်းစည်းကမ်းများ၊ ရေပေး၀ေမှုစနစ်၊ မိလ္လာစနစ်နှင့် တယ်လီပေါ့တ်အစီရင်၊ စစ်သင်္ဘောများ၊ ဌာနခြောက်ခုဖွဲ့စည်းထားပုံ၊ ချမ်းဘော့ဒ်တက္ကသိုလ်...စသည့်အရာများအားလုံးသည် ဇီးနစ်အင်ပါယာနှ့င် နှိုင်းယှဥ်ကြည့်ပါက အလွန်ကွဲပြားခြားနားနေပြီး ဘားကော့တ်အား သူ၏ အရိုးများကွဲအက်လောက်သည်အထိပင် အေးစက်တုန်လှုပ်စေနေလျှက်ရှိသည်။
ချမ်းဘော့ဒ်တိုင်းပြည်သည် ဇီးနစ်အင်ပါယာထဲတွင်ရှိနေသည့် အင်ပါယာတစ်ခုလိုပင်ဖြစ်နေပြီး နတ်ဘုရားများခေတ်က မှော်စွမ်းအင်အခြေပြုလူနေမှုစနစ်တစ်ခုအား ပြန်လည်အသက်သွင်းရန်အတွက် ကြိုးစားနေသလိုပင်။
အရိုးသားဆုံးပြောရပါက ချမ်းဘော့ဒ်တိုင်းပြည်ထဲတွင်ဖြစ်ပျက်နေသည့်အရာများအားလုံးကို ကိုယ်တိုင်ကြားရမြင်ရပြီးသည့်နောက်တွင် ဘားကော့တ်သည် ချမ်းဘော့ဒ်ဘုရင်ကိုပင် မသိစိတ်အတွင်းမှ လေးစားမိလာ၏။
သွေးသံမဏိစခန်းမှ မာနထောင်လွှားနေကြသည့် စစ်သည်များနှင့် နှိုင်းယှဥ်ကြည့်ပါက ဘားကော့တ်သည် အနာဂတ်အတွက်ကို စိုးရိမ်နေမိခဲ့သည်။ ပုံမှန်အားဖြင့် ဉာဏ်ရည်မြင့်မားကာ အကျိုးကြောင်းဆင်ခြင်တတ်သည့် မင်းသားအာရှဗင်သည် မည်သည့်အတွက်ကြောင့် ချမ်းဘော့ဒ်ဘုရင်အပေါ်တွင် ရန်လိုနေသည်ကို သူနားမလည်နိုင်ဖြစ်နေ၏။
“သူတို့နှစ်ယောက်ကြားထဲက ရန်စကို ငါစဥ်းစားလို့မရဘူး။ တကယ်လို့ မင်းသားသာ ချမ်းဘော့ဒ်ဘုရင်ကို ရင်းရင်းနှီးနှီးဆက်ဆံပြီးတော့ မင်းသမီးနဲ့ ဆက်ဆံရေးကို အသုံးချမယ်ဆိုရင် ချမ်းဘော့ဒ်တိုင်းပြည်ကို သူ့ဘက်ပါလာအောင်သိမ်းသွင်းလို့ရနိုင်တယ်။ အဲ့လိုဆိုရင်တော့ သူက အင်ပါယာအရှင်သခင်ဖြစ်လာမှာ ကျိမ်းသေပဲ။ သူက ဘာလို့ ဒါကိုမမြင်နိုင်ရတာလဲ...ဘာတွေဖြစ်ကုန်တာလဲ...” ဘားကော့တ်သည် နက်ရှိုင်းစွာဖြင့် တွေးလိုက်မိ၏။
......
တစ်ချိန်တည်းမှာပင် ချမ်းဘော့ဒ်တိုင်းပြည်ထဲတွင်ရှိနေကြသည့် မတူညီသောလူများစွာသည်လည်း အံ့သြနေကြသည်။
ဖှေးကျော်ကြားလာမှုသည် လူများစွာ၏ အာရုံစိုက်မှုများကို ရရှိစေခဲ့သည့်အတွက်ကြော့င် အနီးနားအင်ပါယာများတွင်ရှိနေသည့် အင်အားစုများမှ ချမ်းဘော့ဒ်တိုင်းပြည်သို့ အဖွဲ့များစေလွှတ်၍ ဤမြို့တော်ထဲတွင်ဖြစ်ပျက်နေသည့်အရာများကို စောင့်ကြည့်လေ့လာစေလျှက်ရှိသည်။
အမှန်ပင် စောင့်ကြည့်လေ့လာခြင်းအပြင် သူတို့အားလုံးတွင် မတူညီသည့် ရည်ရွယ်ချက်များအကြံစည်များစွာရှိနေကြ၏။
လက်ရှိတွင်ဖြစ်ပျက်နေသည့် ဖြစ်စဥ်များသည် သူတို့၏ အာရုံစိုက်မှုများကို ဆွဲဆောင်လိုက်၏။
“တစ်ယောက်ယောက်က လအဆင့်ကို တက်လှမ်းနေတာပဲ...”
“ဘယ်သူလဲ...”
“ချမ်းဘော့ဒ်ဘုရင်က တကယ်ပါရမီရှင်တစ်ယောက်ပဲ။ တစ်နှင့်အတွင်းမှာတောင် အသုံးမကျတဲ့ဘုရင်တစ်ပါးအဖြစ်ကနေ လအဆင့်ကို ရောက်သွားပြီလား...”
“အမြန်လုပ် သွားစုံစမ်းကြ ဘယ်သူက ဒီသဘာ၀တရားစိန်ခေါ်မှုကို ရင်ဆိုင်နေရတာလဲ...”
“ဟီးဟီး တစ်ခြားစောက်ပိန်းတွေကတော့ သိမှာမဟုတ်ဘူး။ ငါတို့ကတော့ ဒီသတင်းကို ရပြီးသွားပြီ။ ချမ်းဘော့ဒ်ဘုရင်က လအဆင့်ကို ရောက်သွားတာအတော်ကြာနေပြီ။ သူကအခုဆိုရင် စိတ်ကူးမယဥ်နိုင်လောက်တဲ့အဆင့်ကိုတောင်ရောက်နေပြီ။ ဒီဘုရင် အလံနှစ်စုံမြို့တော်ထဲမှာ လအဆင့်စရောက်သွားတုန်းက ဖြစ်လာတဲ့ စိန်ခေါ်မှုကအတော်လေးကြီးမားတယ်။ ဒါပေမယ့် အဲ့စောက်ပိန်းတွေက ချမ်းဘော့ဒ်ဘုရင်ကြောင့် အဲ့ဖြစ်စဥ်ဖြစ်ခဲ့တယ်ဆိုတာကို မယုံခဲ့ကြဘူး။ ဘုရားရေ ဘာမှတောင်မကြာသေးဘူး။ နောက်ထပ်လအဆင့်သိုင်းဆရာတစ်ယောက်က ချမ်းဘော့ဒ်မှာ ထွက်ပေါ်လာနေပြန်ပြီ။ ဘယ်သူပါလိမ့်...”
“ဒီအရှိန်၀ါက သူက ချမ်းဘော့ဒ်ဘုရင်မဟုတ်ဘူး။ လျှပ်စစ်ဂုဏ်သတ္တိအတွင်းအားစွမ်းအင်ပဲ။ ချမ်းဘော့ဒ်တိုင်းပြည်ရဲ့ အရင်နံပါတ်၁စစ်သည် လမ်းပါ့ဒ်များလား။ ဒါမဖြစ်နိုင်ဘူး။ သူက လွန်ခဲ့တဲ့တစ်လလောက်ကမှ အဆင့်နိမ့်ကြယ်ကိုးလုံးအဆင့်မှာပဲရှိသေးတာ။ သူက ဒီလိုအချိန်တိုအတွင်းမှာ ဘယ်လိုဖြစ်ပြီးတော့ လအဆင့်ကို ရောက်သွားခဲ့တာလဲ...တစ်ယောက်ယောက်သွားစုံစမ်းလိုက်စမ်း...”
မတူညီသည့်လူများစွာသည် အသီးသီးတုန့်ပြန်နေကြ၏။
လေများ၊ တိမ်တိုက်များသည် အချိန်တိုင်းတွင် ပြောင်းလဲနေလျှက်ရှိပြီး လျှပ်စီးအလင်းတန်းများလည်း ထွက်ပေါ်လာနေလျှက်ရှိသည်။
ဤရှေးဟောင်းမြို့တော်၏ အပေါ်တွင် တိမ်ညိုတိမ်မဲများ၀ှေ့ဆိုင်နေပြီး လျှပ်စီးအလင်းတန်းများသည် ပင်လယ်ကြီးတစ်ခုလိုပင် ချမ်းဘော့ဒ်မြို့တော်ထဲသို့ ကျဆင်းနေလျှက်ရှိသည်။
တစ်ချိန်တည်းမှာပင် ကြိုတင်သိထားကြသည့် ချမ်းဘော့ဒ်မြို့သူမြို့သားများသည် အိမ်ထဲတွင် စိတ်လှုပ်ရှားစွာဖြင့် နေနေကြရင်းဖြင့် ကောင်းကင်ပေါ်တွင်ရှိနေသည့် လျှပ်စီးအလင်းတန်းများကို ကြည့်နေကြ၏။ လမ်းပါ့ဒ်သည် ပို၍ မြင့်မားသည့်အဆင့်သို့ တက်ရောက်နေခြင်းဖြစ်ကြောင့် သိကြပြီး သူတို့သည် လမ်းပါ့ဒ်အတွက် ဆုတောင်းပေးနေကြ၏။
သောင်းနှင့်ချီသည့်လူများသည် တစ်ချိန်တည်းမှာပင် လမ်းပါ့ဒ်အတွက် ဆုတောင်းပေးနေကြသည်။
......
ရင်ပြင်ပေါ်တွင်ဖြစ်သည်။
လမ်းပါ့ဒ်အား မြို့လည်ခေါင်တွင် သဘာ၀တရား၏ စိန်ခေါ်မှုကို ရင်ဆိုင်ကာ လအဆင့်သိုင်းဆရာတစ်ယောက်ဖြစ်လာစေခြင်းသည် ဖှေး၏ အစီစဥ်၏ တစ်စိတ်တစ်ပိုင်းပင်။
ဖှေး၏ ရည်ရွယ်ချက်မှာ ချမ်းဘော့ဒ်တိုင်းပြည်၏ စွမ်းအားအနည်းငယ်ခန့်ကို ဖော်ပြလိုက်ပြီး တိုင်းပြည်ကို မကောင်းကြံနေကြသည့်လူများကို သတိပေးလို၍ပင်။ ထို့ကြောင့် အနာဂတ်တွင် ကြုံတွေ့ရမည့်ပြသနာတစ်ချို့ကို လျော့ပါးသွားစေနိုင်မည်ဖြစ်သည်။
ချမ်းဘော့ဒ်တိုင်းပြည်အား အမှောင်ထဲတွင် စောင့်ကြည့်နေကြသည့်လူများကို သူတို့ချမ်းဘော့ဒ်တိုင်းပြည်အား ယှဥ်နိုင်မည်မဟုတ်ကြောင်း သတိပေးလိုက်ခြင်းပင်။
တောက်ပသည့်လျှပ်စီးအလင်းတန်းများသည် လူများ၏ အမြင်အာရုံများကို ၀ေ၀ါးစေလျှက်ရှိကြီး ကောင်းကင်ပေါ်မှ ကျဆင်းလာနေသည့် မိုးကြိုးမုန်တိုင်းများသည် အဆုံးမရှိဟု ထင်ရလောက်အောင်ပင်။
ကံကောင်းစွာပင် ရင်ပြင်ပတ်ပတ်လည်တွင် အကာကွယ်မှော်အစီရင်များကို နေရာချထားသည့်အတွက်ကြောင့် လျှပ်စီးစွမ်းအင်များသည် အပြင်သို့ ထွက်နိုင်ခြင်းမရှိချေ။ သို့မဟုတ်ပါက မြို့ထဲတွင်ရှိနေသည့် အဆောက်ဦးများပင် ပျက်ဆီးသွားနိုင်၏။
ဤအခိုက်တန့်တွင် ချမ်းဘော့ဒ်တိုင်းပြည်မှစစ်သည်များသည် အသက်ပင် ရဲရဲမရှူရဲကြပဲ လမ်းပါ့ဒ်အား စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေကြသည်။
ပုံမှန်အရဆိုပေက သဘာ၀တရား၏ စိန်ခေါ်မှုသည် ယခုအချိန်တွင် ပြီးဆုံးသင့်နေပြီဖြစ်သည်။ သို့သော် လမ်းပါ့ဒ်ရင်ဆိုင်နေရသည့် စိန်ခေါ်မှုမှာ တူညီခြင်းမရှိပေ။ လျှပ်စီးအလင်းတန်းများသည် ဆက်တိုက်ပင်ကျဆင်းလာနေလျှက်ရှိပြီး သူတို့သည် ပို၍ပင် သိပ်သည်းကာစွမ်းအားမြင့်မားလာနေ၏။ စွမ်းအားအမြင့်မားဆုံးအခက်ခဲဆုံးအခြေအနေသည် ရောက်မလာသေးသည့်ပုံပင်။
ရင်ပြင်ပေါ်တွင်ရှိနေသည့် လျှပ်စစ်ပင်လယ်ပြင်ကြီးအတွင်းမှ ခြင်္သေ့တစ်ကောင်ကဲ့သို့သော ဟိန်းဟောက်သံများထွက်ပေါ်လာနေလျှက်ရှိသည်။ လမ်းပါ့ဒ်၏ အရှိန်၀ါသည်လည်း ပို၍ပို၍ စွမ်းအားမြင့်မားလာ၏။
ဖှေးသည် ကစဥ့်ကလျားပုလ္လင်ပေါ်တွင်ရပ်နေရင်းဖြင့် လေ့လာကြည့်နေလျှက်ရှိသည်။ သူ၏အမြင်အာရုံသည် လျှပ်စီးအလင်းတန်းများကိုကျော်လွန်ကာ အလည်ခေါင်တွင်ရပ်နေသည့် လမ်းပါ့ဒ်အား မြင်နေရလျှက်ရှိ၏။
ချမ်းဘော့ဒ်တိုင်းပြည်၏ ယခင်နံပါတ်၁စစ်သည်သည် တည်ငြိမ်စွာပင် လျှပ်စီးစွမ်းအင်များကို သူ၏ခန္ဓာကိုယ်အတွင်းသို့ စီး၀င်စေလျှက်ရှိပြီး သူ၏ ခန္ဓာကိုယ်သည်လည်း ဖြေးညှင်းစွာဖြင့် ဆင့်ကဲပြောင်းလဲနေလာလျှက်ရှိ၏။
“အရေးကြီးဆုံးအချိန်ကရောက်လာပြီ ဦးလေးလမ်းပါ့ဒ်က ဒီလောက်ကျွမ်းကျင်နေလိမ့်မယ်လို့ ငါထင်မထားခဲ့ဘူး။ သူ့ရဲ သဘာ၀တရားစိန်ခေါ်မှုက တစ်ခြားလူတွေအများကြီးထက်တောင်ပိုပြီးတော့ ခက်ခဲနေတယ်...” ဖှေးစိတ်အေးသွားသည်။
သို့သော် ရုတ်တရက်ပြောင်းလဲမှုများဖြစ်ပေါ်လာ၏။
“၀ှစ်...”
ငွေရောင်ဓားသွားစွမ်းအင်တစ်ခုသည် လျှပ်စီးအလင်းတန်းများထဲတွင် ပုန်းကွယ်၏ လမ်းပါ့ဒ်ထံသို့ ဦးတည်ကာ ပျံသန်းသွား၏။
“ဟီးဟီးဟီး ချမ်းဘော့ဒ်လို့ တိုင်းပြည်ငယ်လေးမှာ လအဆင့်သိုင်းဆရာနောက်တစ်ယောက်ရှိမနေသင့်ဘူး။ မင်းသေလိုက်တာကောင်းမယ်...” ကွဲအက်အက်အသံတစ်ခုနှင့်အတူ သတ်ဖြတ်လိုသောအရှိန်၀ါတစ်ခုထွက်ပေါ်လာ၏။
သိုင်းဆရာတစ်ယောက် သဘာ၀တရား၏ စိန်ခေါ်မှုနှင့်ရင်ဆိုင်နေရသည့်အချိန်တွင် သူ၏စွမ်းအားများအားလုံးနှင့် စိတ်ကို သဘာ၀တရား၏ စွမ်းအင်များနှင့် ရင်ဆိုင်တိုက်ခိုက်ရန်အတွက် အာရုံစိုက်ထားရမည်ဖြစ်သည်။ တစ်ခြားအရာများအတွက် စွမ်းအင်သုံး၍မရပေ။ သူတို့အနှောင့်ယှက်ခံလိုက်ရပါက သဘာ၀တရား၏စွမ်းအင်များသည် ချက်ချင်းပင် သူတို့အား သေဆုံးသွားစေမည်ဖြစ်သည်။
ဤအခိုက်တန့်တွင် တစ်စုံတစ်ယောက်မှ ချောင်းမြောင်းတိုက်ခိုက်လိုက်ခြင်းသည် သူတို့၏ ရက်စက်ကြမ်းကြုတ်မှုကို ဖော်ပြနေ၏။
ဤနေရာတွင်ရှိနေကြသည့် စွမ်းအားအမြင့်မားဆုံး သူတော်စင်တပ်ဖွဲ့၀င်များမှ စိုးရိမ်လာကြပြီးအော်ဟစ်လိုက်ကြသည်။
ဖှေး၏ အမူယာသည်လည်း ပြောင်းလဲသွား၏။
သူ၏ စိတ်ပြောင်းလဲသွားသည့်အချိန်တွင် သူနှင့် ကစဥ့်ကလျားခြင်းပုလ္လင်တို့သည် ချက်ချင်းပင် ပျောက်ကွယ်သွား၏။ နောက်စက္ကန့်တွင် သူသည် ထိုဓားသွားစွမ်းအင်၏ အရှေ့တွင်ပေါ်လာပြီး လသစ်အဆင့်သိုင်းဆရာတစ်ယောက်အား သတ်ဖြတ်နိုင်သည့် ဓားသွားစွမ်းအင်ကို လက်ဖြင့် ဖမ်းကာဖျက်ဆီးပစ်လိုက်သည်။
“ဟမ်...” အံ့သြသည့်အသံတစ်ခုထွက်ပေါ်လာသည်။ ထိုလူသည် သူ၏ တိုက်ခိုက်မှုအား ချမ်းဘော့ဒ်ဘုရင်မှ လွယ်ကူစွာဖျက်ဆီးနိုင်လိုက်သည့်အတွက် တုန်လှုပ်သွားသည့်ပုံပင်။
“၀ှစ် ၀ှစ် ၀ှစ်...”
တစ်ချိန်တည်းလိုလိုပင် ပို၍စွမ်းအားမြင့်မားသည့် ဓားသွားစွမ်းအင်များသည် မတူညီသည့် နေရာသုံးခုမှနေ၍ လမ်းပါ့ဒ်ထံသို့ ပျံသန်းလာတော့သည်။
လျို့၀ှက်သည့် ရန်သူသည် စွမ်းအားမြင့်မားသည်ဟုဆိုနိုင်ပြီး ထိုလူသည် လမ်းပါ့ဒ်အား သတ်ဖြတ်ရန်အတွက် စိတ်ပိုင်းဖြတ်ထားသည့်ပုံပင်။
အန္တရာယ်ကျရောက်လာနေပြီဖြစ်သည်။