အခန်း (၇၀၇)
Vol. 45 Ch. 707
ဖှေး သူတို့အား ကောင်းကင်မြို့တော်ထဲသို့ လိုက်လံပြသပြီးသည့်နောက်တွင် ပီတာနှင့် ဒရော့ဂ်ဘာတို့ကဲ့သို့သောလူများသည် မြို့တော်နှင့်ရင်းနှီးကျွမ်းကျင်လာကြ၏။ ထို့နောက်တွင် သူတို့အားလုံး ဘုရင်၏ နန်းတော်ဘေးတွင်ရှိသည့် အရံနန်းတော်ဆောင်များကို ရွေးချယ်လိုက်ကြသည်။ သူတို့သည် ဘုရင့်နန်းတော်အား ကာကွယ်ပေးရင်းဖြင့် သူတို့၏ ကျင့်ကြံခြင်းခရီးစဥ်ကို စတင်ကြတော့သည်။
မဟာဘုရင့်နန်းတော်ဆောင်သည် ဖှေးနေထိုင်မည့်နန်းတော်ဆောင်ပင်။
ဤအခိုက်တန့်တွင် အစေခံများ၊ သန့်ရှင်းရေး၀န်ထမ်းများသည် သူတို့၏အလုပ်တာ၀န်များကို စတင်ကြတော့သည်။ ဖှေးသည် သူ၏ ပစ္စည်းသိမ်းလက်စွပ်ထဲမှ ပစ္စည်းများအားလုံးကို ထုတ်ယူလိုက်ပြီး နန်းတော်ဆောင်ထဲတွင်နေရာချရန်ညွှန်ကြားလိုက်သည်။ ယခင် ချမ်းဘော့ဒ်နန်းတော်ဆောင်ထဲတွင်နေရာချခဲ့သလိုပြန်လည်ကာ နေရာချခိုင်းနေ၏။ အထူးသဖြင့် အန်ဂျယ်လာအတွက်ပင်ဖြစ်သည်။ အန်ဂျယ်လာအား ရင်းနှီးသည့် ပတ်၀န်းကျင်မှာဆက်လက်နေထိုင်ရသည့် ခံစားချက်မျိုးရအောင်ပင်။
ကောင်းကင်မြို့တော်တည်ရှိသည်မှာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်သည်။
မြို့တော်ထဲတွင် အဆောက်ဦးမျိုးစုံရှိနေပြီး နန်းတော်ထဲတွင်လည်း ပရိဘောဂအပြည့်စုံရှိနေဆဲပင်။
ကျောက်ထိုင်ခုံများ၊ ကျောက်စားပွဲများ၊ အိပ်ယာများ၊ အလင်းရောင်များ၊ မီးဖိုချောင်၊ ၀ိုင်သိုလှောင်ခမ်း၊ ဂိုဒေါင်၊ ပေါင်မုန့်ခန်းများ အရာအားလုံးတို့သည် အသစ်အတိုင်းပင်တည်ရှိနေကြသည်။ ဤနန်းတော်ထဲတွင် လူမနေသည်မှာ နှစ်ပေါင်းထောင်နှင့်ချီကြာခဲ့ပြီဖြစ်သောကြောင့် ဖှေးစတင်ရောက်လာသည့်အချိန်က အနည်းငယ်အေးစက်ကာ အသက်၀ိဉာဥ်ကင်းမဲ့နေခဲ့သည်။ ယခုအချိန်တွင် အစေခံများနှင့် သန့်ရှင်းရေး၀န်ထမ်းများသည် အလုပ်ရှုပ်ကာ နန်းတော်ဆောင်အား အလှဆင်နေကြ၏။ ထို့အတွက်ကြောင့် လေထုသည်လည်း ပို၍ နွေးထွေးလာနေလျှက်ရှိသည်။
ဤအစေခံများအားလုံးသည် ချမ်းဘော့ဒ်တိုင်းပြည်၏ သစ္စာရှိမြို့သူမြို့သားများဖြစ်ပြီး ဘရွတ်ကိုယ်တိုင်ရွေးချယ်ပေးထားခဲ့ခြင်းဖြစ်သည်။ သူတို့သည် ဖှေးအား နတ်ဘုရားတစ်ပါးကဲ့သို့ ကိုးကွယ်လိုသည်အထိပင်လေးစားကြသဖြင့် ကောင်းကင်နန်းတော်နှင့် ပတ်သက်သည့်သတင်းအပြင်သို့ ပေါက်ကြားမည်ကို စိုးရိမ်စရာမလိုပေ။
မြို့တော်ထဲတွင် သူတို့လွတ်လွတ်လပ်လပ်၀င်ထွက်နိုင်သည့် နေရာများကို မြေပုံဆွဲပေးပြီးသည့်နောက်တွင် သူတို့အားလပ်ချိန်တွင် လွတ်လွတ်လပ်လပ်နေကြရန်ဖှေးမှာကြားလိုက်သည်။
[ကစဥ့်ကလျားပုလ္လင်]အား ယခုအချိန်တွင် ဘုရင့်နန်းတော်ဆောင်ထဲတွင်ရှိသည့် မူလနေရာတွင်ထားထား၏။
ပုလ္လင်၏အရှေ့တွင်ရှိသည့် ရေကန်ငယ်လေးထဲတွင်ရေများစီးဆင်းနေလျှက်ရှိသည်။ ဤရေကန်အား လျို့၀ှက်သော ငွေရောင်ကျောက်တုံးများဖြင့် တည်ထောက်ထားခြင်းပင်။ ရေကန်ထဲတွင်ရှိနေသည့် အဖြူရောင်ကြာပန်းကဲ့သို့သော အပင်သည်လည်းယခုအချိန်တွင် ပို၍ပင် အသက်၀င်နေလျှက်ရှိပြီး အရောင်တွေးမတူညီသည့် ပန်းခြောက်ပွင့်ပွင့်လန်းနေ၏။ ပွင့်ဖက်များ အနည်းငယ်လှုပ်ခါသွားသည့်အချိန်တိုင်းတွင် သင်းပျံ့သည့် ရနှံ့တစ်ခုကို ထုတ်လွှတ်နေ၏။ ဖှေးရှူရှိုက်လိုက်သည့်အချိန်တွင် အလွန်မွှေးကြိုင်လှသဖြင့် ကောင်းကင်ဘုံသို့ ရောက်နေသည့်အတိုင်းပင်။
ဘုရင်သည် သူ၏အရှေ့တွင်ရှိသည့် လျို့၀ှက်သောကြာပန်းကို ကြည့်လိုက်သည့်အချိန်တွင် ထိုကြာပန်းသည်လည်း ကောင်းကင်မြို့တော်နှင့် နက်ရှိုင်းစွာဆက်နွယ်နေသလိုခံစားလိုက်ရသည်။ ကောင်းကင်မြို့တော်အသက်၀င်လာသည့်အချိန်တွင် ဤကြာပန်းသည်လည်း ပန်းများပွင့်လာခြင်းပင်။
သို့သော် ဖှေးသည် ဤမြို့တော်ထဲတွင်ရှိနေသည့် ပို၍နက်ရှိုင်းသောလျို့၀ှက်ချက်များကိုမူ ဖော်ထုတ်နိင်ခြင်းမရှိသေးပေ။
ပန်းပွင့်များပွင့်နေသည့်အချိန်တွင် ဘုရင့်နန်းတော်ဆောင်တစ်ခုလုံးတွင် ရနှံ့များသင်းပျံ့နေ၏။ သို့သော် ထိုရနှံ့များသည် အပြင်သို့ လွှင့်ပျံ့ခြင်းလုံး၀မရှိပေ။
ဘာကြောင့်လဲဆိုသည်အား ဖှေးစဥ်းစားနိုင်ခြင်းမရှိပေ။ ထို့ကြောင့် ဖှေးဆက်လက်မစဥ်းစားရန်ဆုံးဖြတ်လိုက်သည်။ သူနှင့်ကောင်းကင်မြို့တော်တို့တွင် ထူးခြားသည့် ဆက်နွယ်မှုတစ်ခုရှိနေသည့်အတွက်ကြောင့် သူသည် မြို့တော်ထဲတွင်အန္တရာယ်တစ်စုံတစ်ရာမရှိကြောင်း သေချာပေါက်သိထားသည်။ ထို့ကြောင့် သူသည် ကစဥ့်ကလျားပုလ္လင်ပေါ်တွင်ထိုင်၍ သူ၏ ၀ိဉာဥ်စွမ်းအားကိုလေ့ကျင့်တော့သည်။
အဆော့မက်သည့်ကလေးတစ်ယောက်လိုပင် ရက်ကွန်းကောင်လေးသည် ပန်းရနှံ့များကို လောဘတကြီးရှူရိုက်နေ၏။ ထို့နောက်တွင် စိတ်၀င်စားစရာတစ်စုံတစ်ခုအား ရှာတွေ့သွားသလိုပင် သူ၏မျက်လုံးများကို မှတ်လိုက်သည်။ ထို့နောက်တွင် ရေကန်ထဲသို့ ဆော့ကစားရန်အတွက် ခုန်ဆင်သွားတော့သည်။ ရေကန်ထဲတွင် ဆော့ကစားကာ ရေချိုးနေရင်းဖြင့် တစ်ယောက်တည်းပျော်ရွှင်နေတော့၏။
ဘုရင့်နန်းတော်ပေါ်တွင်ရှိသည့် ကောင်းကင်တွင် နဂါးငယ်သုံးကောင်သည် ဘလတ်ကီ၏ ဦးဆောင်မှုနှင့်အတူ ပျံသန်းနေ၏။ သူတို့သည်လည်း ပျော်ရွှင်နေကြသည်။ သူတို့၏ သဘာ၀ကျက်စားရာနေရာသို့ ရောက်ရှိနေသည့်အတိုင်းပင်။
ညအချိန်သည်မကြာမှီမှာပင် ရောက်ရှိလာတော့သည်။
ဖှေးသည် လေးနာရီခန့်ကြာပြီးသည့််နောက်တွင် သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။ “ငါ့ရဲ့ ၀ိဉာဥ်စွမ်းအင်အဆင့်မြင့်လာတဲ့နှုန်းက ဒီနန်းတော်ထဲမှာ နှစ်ဆလောက်ပိုပြီးတော့ မြန်လာတာပဲ။ ဒီရနှံ့ကြောင့်များလား။ အခုဆိုရင် ငါပိုပြီးတော့ ကောင်းကောင်းမွန်မွန်အာရုံစိုက်လို့ရနေပြီ...”
ဖှေး ပျော်ရွှင်စွာခေါင်းငြိမ့်လိုက်မိသည်။
ကောင်းကင်မြို့တော်၏ လျို့၀ှက်ချက်များသည် ဖှေး၏ရှေ့တွင်တစ်ခုပြီးတစ်ခုပေါ်လာနေလျှက်ရှိ၏။
ဖှေးသိသမျှဆိုပါက ဤကောင်းကင်မြို့တော်ကြီး ကျော်ကြားသည်မှာအကြောင်းမဲ့မဟုတ်ပေ။ သိုင်းဧကရာဇ် မာရာဒိုနာသည် ဤကောင်းကင်မြို့တော်ထဲသို့ တစ်ကြိမ်သာ၀င်ခဲ့ဖူးသော်လည်း တစ်ကမ္ဘာလုံးတွင် စွမ်းအားအမြင့်မားဆုံးသိုင်းဆရာတစ်ယောက်ဖြစ်လာခဲ့သည်။
လေ့ကျင့်ပြီးသည့်နောက်တွင် ဖှေးသည် သူ၏၀ိဉာဥ်စွမ်းအားများကို မြို့တော်ထဲသို့ ဖြန့်ကျက်လိုက်သည်။
သူ၏ စိတ်အာရုံထဲတွင် ကောင်းကင်မြို့တော်ကြီးတစ်ခုလုံးကို မြင်တွေ့လိုက်ရပြီး သူသည် အစေခံများ၊ ကြိုးစားကျင့်ကြံနေကြသည့် ချမ်းဘော့ဒ်မှ သိုင်းဆရာများအားလုံးကို အာရုံခံနိုင်နေ၏။ သူသည် ခေါင်းငြိမ့်ကာ ကစဥ့်ကလျားပုလ္လင်အား ကောင်းကင်ပေါ်သို့ ပျံသန်းစေလိုက်သည်။
ခနတာစဥ်းစားပြီးသည့်နောက်တွင် သူသည် ကောင်းကင်ဓားသွား တောင်ငါးလုံးနှင့် ပတ်ပတ်လည်၁၀၀၀ကီလိုမီတာခန်အား ပျံသန်းကြည့်ရန်ဆုံးဖြတ်လိုက်သည်။
သူထင်ထားသလိုပင်။ သူသည် အရိုင်းဆန်ကာ သတ်ဖြတ်လိုစိတ်များပြည့်နှက်နေပြီး စွမ်းအားမြင့်မားသည့် မဟာဘုရင်အဆင့်သားရဲကောင်ကြီးများ၏ အရှိန်၀ါကို နက်ရှိုင်းသည့် သစ်တောများ၊ တောင်တန်းများထံမှ ခံစားလိုက်မိသည်။
သူသည် ကီလိုမီတာ၁၀၀၀ခန့်အကွာ၀ေးအား သွားလာပြီးချန်တွင် ထိုသားရဲကောင်များ၏ အရှိန်၀ါအား စတင်၍ ခံစားနေရပြီဖြစ်သည်။ တစ်ချို့သားရဲကောင်များ၏ အရှိန်၀ါသည် နေအဆင့်သခင်များကဲ့သို့ပင် ဖြစ်နေ၏။ အကယ်၍ ဖှေးတွင်သာ တယ်လီပေါ့တ်ပြုလုပ်နိုင်သည့် ကစဥ့်ကလျားပုလ္လင်မရှိပါက ဤကဲ့သို့သော စါမ်းအားမြင့်မားလှသည့် သတ္တ၀ါကြီးများ၏ အနီးသို့ သွားရဲလိမ့်မည်မဟုတ်ပေ။
ပို၍ နက်ရှိုင်းစွာခရီးဆက်လာခဲ့ပြီးသည့်နောက်တွင် သူ့တွင် ပုလ္လင်ရှိနေသော်လည်း ဖှေးရှေ့သို့ ဆက်သွားရဲခြင်းမရှိတော့ပေ။
ပို၍နက်ရှိုင်းသောနေရာတွင် ကြောက်မက်ဖွယ်ကောင်းသော သတ္တ၀ါကြီးများရှိနေသည်ဟု သူ၏ လူရိုင်းဇာတ်ကောင်၏ မသိစိတ်မှ သတိပေးနေသည့်အတွက်ပင်။ အန္တရာယ်အရှိန်၀ါများသည် သူ၏ အရေပြားကို အပ်များကဲ့သို့ထိုးစိုက်နေသလိုခံစားနေရကာ ဖှေးမသက်မသာဖြစ်နေ၏။
သူသည် စွန့်စားလိုခြင်းမရှိသည့်အတွက် လှည့်ပြန်လာခဲ့တော့သည်။
အေဇာရုတိုက်၏ မြေပုံသမိုင်းမှတ်တမ်းများအရ ဇီးနစ်အင်ပါယာသည် မြောက်ဘက်အစွန်ဆုံးတွင်ရှိနေသည့် အင်ပါယာဖြစ်ပြီး ချမ်းဘော့ဒ်တိုင်းပြည်သည် ဇီးနစ်အင်ပါယာ၏ မြောက်ဘက်ဆုံးတွင်တည်ရှိရာ လူသားများတစ်ခါမှ ခြေမချဖူးသည့် နယ်နိမိတ်နှင့် ထိစက်နေ၏။ ထို့ကြောင့် ချမ်းဘော့ဒ်တိုင်းပြည်၏အနောက်ဘက်တွင်ရှိသော တောင်တန်းများထဲတွင် မည်ကဲ့သို့သော သတ္တ၀ါများနေထိုင်သည်ကို မည်သူမှမသိကြပေ။
မည်သည့်မှတ်တမ်းများ သမိုင်းစာအုပ်များထဲတွင်မဆို လူသားများ မြောက်ဘက်စွန်ဆုံးတွင်ရှိသည့် သစ်တောများ၊ တောင်တန်းများထဲသို့ သွားလာဖူးသည့်မှတ်တမ်းများမရှိပေ။
ထိုတောင်တန်းများနှင့် သစ်တောများထဲတွင် စွမ်းအားမြင့်မားသည့် ဖြစ်တည်မှုများစွာရှိနေသည့်အတွက်ပင်။ ငှက်များပင် ၀င်ရောက်ပျံသန်းပါက ပြုတ်ကျသေဆုံးကြပြီး လူများ၀င်ရောက်ပါက ချက်ချင်းပင် အရိုးစုများအဖြစ်သို့ ပြောင်းလဲသွားစေနိုင်သည့် အန္တရာယ်ရှိသောနေရာများလည်းရှိနေသည့်အတွက်ပင်။
ထိုနေရာသည် အဆင့်မြင့်နတ်ဆိုးသားရဲကောင်များအတွက် သုခဘုံဖြစ်ပြီး လူသားများအတွက် ငရဲပင်။
သို့သော် ဖှေးသည် ဇီးနစ်အင်ပါယာ၏ ကာကွယ်စောင့်ရှောက်သူသိုင်းဆရာကြီး ခါဆစ်အသက်ရှင်တုန်းက ပြောခဲ့ဖူးသည့် ပုံပြင်တစ်ပုဒ်အား ကြားဖူးခဲ့သည်။ နတ်ဘုရားခေတ်တွင် နတ်ဆိုးများ ကျဆုံးသွားခဲ့သည့်အတွက်ကြောင့် နတ်ဆိုးမျိုးနွယ်များဖြစ်ကြသည့် နတ်သူငယ်များ၊ လူပုမျိုးနွယ်များ၊ မှင်စာများနှင့် လူ့ဘီလူးကြီးများသည် အန္တရာယ်ရှိသော လမ်းကြောင်းတစ်ခုအား ရွေးရန်တွန်းအားပေးခံခဲ့ရသည်ဟူ၍ပင်။ သူတို့မျိုးနွယ်စုထဲတွင်ရှိသည့် စွမ်းအားအမြင့်ဆုံးသော သိုင်းဆရာများ၏ ကာကွယ်မှအောက်တွင် သူတို့သည် မြောက်ဘက်ဆုံးတွင်ရှိသည့် တောင်တန်းများ၊ သစ်တောများထဲသို့ ဆုတ်ခွာသွားကာ ထိုနေရာတွင်သာ ဆက်လက်နေထိုင်နေကြသည်ဟု ဆရာကြီးခါဆစ်မှ ပုံပြင်လိုလို ဒဏာရီလိုလိုတစ်ခါပြောခဲ့ဖူး၏။
သို့သော် တစ်ချို့လူများပြောသည့်ပုံအရ ထိုမျိုးနွယ်စုများသည် မြောက်ပိုင်းတောအုပ်များထဲတွင် သားရဲကောင်များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ပြီး သူတို့၏အလောင်းများသည် သားရိုင်းများ၏အစာဖြစ်ခဲ့ကြသည်။ သူတို့အား ထက်မံ၍ ရှာဖွေနိုင်ခြင်းမရှိတော့ပေ။
လွန်ခဲ့သည့် တစ်ရက်ခန့်က ဖှေးသည် လူပုမျိုးနွယ်များ၏ နောက်ဆုံးဘိုးဘေးနန်းတော်အား ရှာတွေ့ခဲ့ပြီး လူပုအင်ပါယာအရှင်သခင်ဂါရက်ဘေးလ်၏ ဒိုင်ယာယီစာအုပ်မှ တဆင့်မတူညီသည့် သမိုင်းတစ်ခုကိုလည်း သိခဲ့ရသည်။ သူသည် တိုက်ပေါ်တွင်ရှိနေသည့် သမိုင်းမှတ်တမ်းများပုံပြင်များနှင့် ဆက်စက်ကြည့်နေခဲ့ပြီး ဆရာကြီးခါဆစ်ပြောခဲ့သည့် ပုံပြင်သည် သူ့အတွက် အလွန်အရေးကြီးသလိုခံစားလိုက်မိသည်။
ထို့ကြောင့် ဘုရင်သည် ဤတောင်တန်းများထဲသို့ သူ၏ ပုလ္လင်ဖြင့် လေ့လာကြည့်ရန်ဆုံးဖြတ်ခဲ့ခြင်းပင်။
သို့သော် ဤကဲ့သို့လေ့လာရာတွင်ဖြစ်လာနိုင်သည့် အန္တရာယ်များသည် သူထင်ထားသည်ထက်များစွာကျော်လွန်နေ၏။ ထို့ကြောင့် နောက်မှလေ့လာခြင်းသည်သာ အကောင်းဆုံးဖြစ်လိမ့်မည်ဟု ဆုံးဖြတ်ချက်ချလိုက်မိသည်။
ဖှေးသည် ကိုယ့်စိတ်ကိုယ်ထိန်းနိုင်လိုက်သော်လည်း သူ၏ စိတ်၀င်စားမှုများသည် ပို၍ကြီးမားကျယ်ပြန့်လာခဲ့၏။ ထိုတောင်တန်းများ၊ သစ်တောများ၏ တစ်ဖက်တွင် ပုန်းကွယ်နေသည့် လျို့၀ှက်ချက်ကြီးတစ်ခုရှိနေသည်ဟု သူသေချာပေါက်သိလိုက်သည်။
လေ့လာရာမှ ပြန်လာခဲ့ပြီးသည့်နောက်တွက် နောက်တစ်နေ့အတွက် နေပင်ထွက်လာတော့မည်ဖြစ်သည်။
သူသည် ကောင်းကင်မြို့တော်သို့ ပြန်သွားခြင်းမရှိပဲ ချမ်းဘော့ဒ်တိုင်းပြည်ဘက်သို့ ထွက်လာခဲ့၏။
သူသည် မည်သူ့ကိုမှ ကြိုတင်အကြောင်းကြားထားခြင်းမရှိပေ။ ထို့အပြင် သူ၏ အ ရှိန်၀ါကိုလည်း ဖုံးကွယ်ထားခြင်းမရှိပေ။ သူ၏ ပစ်မှတ်နေရာမှာ မြို့တော်ထဲတွင်ရှိသည့် ဘုရားကျောင်းပင်။
သူသည် ဘုရားကျောင်းထဲတွင် ပုန်းအောင်းနေသည့် သိုင်းဆရာတစ်ယောက်ရှိသည်ကို သိရှိပြီးဖြစ်သည်။ ထိုလူသည် ယခုအချိန်ထိတိုင်အောင် ချမ်းဘော့ဒ်တိုင်းပြည်ထဲမှ ထွက်ခွာသွားခြင်းမရှိသေးသည့်အတွက်ကြောင့် ဖှေးစိတ်အနှောင့်ယှက်ဖြစ်နေလျှက်ရှိသည်။ ထိုလူ့ထံတွင် ရန်လိုသည့် ရည်ရွယ်ချက်တစ်စုံတစ်ရာမရှိသည့်အတွက် ထိုလူအား စိုးရိမ်ခြင်းမရှိသော်လည်း လာမည့် ၁၅ရက်တွင် သူ၏ မင်္ဂလာပွဲကျင်းပတော့မည်ဖြစ်သောကြောင့် သူသည် မသေချာမရေရာသည့်အရာများကို ကြိုတင်ကာ ရှင်းလင်ထားရမည်ဖြစ်သည်။
......
ဘုရားကျောင်းမြေအောက်တွင်ရှိသည့် လျို့၀ှက်အခန်းထဲတွင်ဖြစ်သည်။
ကျင့်ကြံနေသည့် သိုင်းဆရာတစ်ယောက်သည် သူ၏မျက်လုံးများကို ရုတ်တရက်ဖွင့်လိုက်သည်။ သူ၏မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်သည့်အမူယာသည် အထင်းသားပေါ်နေ၏။