← Chapters

"ကျောင်းအုပ်ဆရာကြီးဖှေး၏ သင်ကြားမှု၃"

Vol. 46 Ch. 714

"ကျောင်းအုပ်ဆရာကြီးဖှေး၏ သင်ကြားမှု၃"

Vol. 46 Ch. 714

ချမ်းဘော့ဒ်တိုင်းပြည်မှ သိုင်းဆရာများအတွက် အဓိပ္ပါယ်ရှိကာ အရေးကြီးသည့် သင်ကြားမှုပထမတစ်၀က်သည် ပြီးဆုံးသွားပြီဖြစ်သော်လည်း တစ်ချို့လူများဆိုလျှင် အားလပ်ချိန်ပင် မယူလိုကြပေ။ သူတို့ထဲမှ အများစုသည် အာစုံစူးစိုက်ကာ သူတို့၏ အတွင်းအားကျင့်စဥ်ကိုသာ အာရုံစိုက်နေကြ၏။

ထို့နောက်တွင် ဖှေးပြောထားသည့် အမေးဖြေအပိုင်းသို့ ရောက်ရှိလာခဲ့သည်။

အခိုက်တန့်တစ်ခုကြာခန့် သင်ယူနေသည့်လူများ၏ မျက်လုံးအရောင်များလင်းလက်လာခဲ့သည် သူတို့သည် ချမ်းဘော့ဒ်တိုင်းပြည်ထဲတွင် စွမ်းအားအမြင့်ဆုံးသိုင်းဆရာဖြစ်သည့် ဘုရင်အလတ်ဇန္ဒားအား သိလိုရာများမေးခွင့်ရတော့မည်ဖြစ်သောကြောင့်ပင်။

တောက်လောင်နေသည့်အကြည့်များကို ကြည့်ရင်းဖြင့် ဖှေးသည်အချိန်ကို တွက်ဆကြည့်ကာ ရယ်မောလိုက်သည်။ "မစိုးရိမ်ကြပါနဲ့ ဒီအခန်းထဲမှာရှိတဲ့လူတွေအားလုံး င့ါကို မေးခွန်းတစ်ခုစီမေးခွင့်ရမှာပါ..."

ဖှေးပြောလိုက်သည့်အရာကြောင့် လူများပျော်ရွှင်သွားကြသည်။

ဘုရင်၏ ကြင်နာတတ်သည့် အကျင့်စရိုက်ကြောင့် ကျောင်းသူကျောင်းသားများနှင့် စစ်သည်များ ပျော်ရွှင်သွားကာ သူ့အားပို၍ပင်လေးစားလာခဲ့ကြတော့သည်။ ထို့ကြောင့်တွင် သူတို့အားလုံးမိမိအလှည့်သို့ ရောက်လာမည့်အချိန်အား တိတ်ဆိတ်စွာပင်စောင့်ဆိုင်းနေကြသည်။

ပထမဆုံးတန်းတွင်ထိုင်နေသည့် ရွှေရောင်ဆံပင်နှင့် ၁၄နှစ်အရွယ်ကောင်လေးသည် ဖှေးအား အရင်ဆုံးမေးမြန်းခွင့်ကိုရသွား၏။ ချမ်းဘော့ဒ်ဘုရင်ကိုယ်တိုင်အား စကားပြောရမည်ဖြစ်သည့်အတွက်ကြောင့် ကောင်လေးသည် အလွန်ပင်စိတ်လှုပ်ရှားလာတော့သည်။ သူ၏ စိတ်ထဲတွင်ဘာမှမရှိတော့ပေ။ သူကြိုတင်ကာစဥ်းစားထားခဲ့သည့် မေးခွန်းကိုလည်း မေ့သွား၏။ သူ၏ မျက်နှာနီရဲသွားပြီး ဘာပြောရမှန်းမသိတော့ပဲဖြစ်သွားသည်။

"စိတ်လှုပ်ရှားနေတာလဲ။ ဖြေးဖြေးပေါ့။ စာသင်ချိန်မှာဆိုရင် မင်းင့ါကို ကျောင်းအုပ်ကြီး၊ ဒါမှမဟုတ်ရင် ဆရာလို့ ခေါ်လို့ရပါတယ်။ အမ် ကြည့်ရအောင် မင်းက ရေခဲဂုဏ်သတ္တိအတွင်းအားစွမ်းအင်လေ့ကျင့်နေတာပဲ။ မင်း ကြယ်နှစ်လုံးအဆင့်ကို တက်နေတဲ့အချိန်မှာ မင်းညာဘက်မှာရှိတဲ့ တတိယမြောက်အတွင်းအားစီးကြောင်းက နည်းနည်း ပိတ်ဆို့နေသလို ခံစားနေရတယ်မလား..." ဖှေးပြုံးကာ ထိုကောင်လေးအား ပြောလိုက်သည်။ သူ၏ စွမ်းအားမြင့် ဖှေးသည် ကောင်လေးအား တစ်ချက်ကြည့်ရုံဖြင့်ပင် ကြယ်တစ်လုံးအမြင့်ဆုံးအဆင့်ကောင်းလေးအကြပ်ရိုက်နေခဲ့ရသည့် ကိစ္စကို မြင်လိုက်ရသည်။

"ဟုတ်တယ် ကျွန်တော်ဆရာတွေတော်တော်များများကိုလည်း မေးဖူးတယ်။ သူတို့ပြောတာက ကျွန်တော့မှာ စွမ်းအားမလုံလောက်သေးလို့ ဆက်လေ့ကျင့်ပါဦးတဲ့။ ဒါပေမယ့် ကျွန်တော် ကြယ်တစ်လုံးအမြင့်ဆုံးအဆင့်မှာတင် ဆက်မတက်နိုင်ဖြစ်နေတာ သုံးလလောက်ရှိပြီ။ ကျွန်တော့ထက်နောက်ကျမှ စပြီးတော့ ကျင့်ကြံတဲ့သူငယ်ချင်းတွေတောင် ကြယ်နှစ်လုံးအဆင့်ကို ရောက်သွားကြပြီလေ..." ထိုကောင်လေးသည် ဖှေး၏ အပြုံးကိုမြင်လိုက်ရသည့်အချိန်တွင် စိတ်အေးသွားပြီး သူ၏ မေးခွန်းကို ပြန်သတိရကာဖြေလိုက်သည်။

"အေး အဲ့တာကဘာလို့လဲဆိုရင် မင်းတတိယမြောက်အတွင်းအားစီကြောင်းကို ပထမဆုံးအသုံးပြုခဲ့တုန်းက မင်းက အလျှင်စလိုလုပ်ခဲ့လို့ပဲ။ အဲ့ဖြစ်စဥ်ကအတော်လေး ကြမ်းတမ်းသွားခဲ့တယ်။ အဲ့တာကြောင့် မင်းဒဏ်ရာရသွားခဲ့တာပဲ။ ဒဏ်ရာက သေးငယ်ပြီးတော့ အာရုံခံဖို့ခက်တယ်ဆိုပေမယ့် ဒီနေရာမှာ ရှိနေတုန်းပဲ။ မင်းကို အဆင့်တက်လို့မရအောင် တားဆီးနေတယ်။ မင်းကိုဆရာတွေပြောတာမှန်ပါတယ်။ မင်းစွမ်းအင်လုံလုံလောက်လောက်စုစည်းပြီးတော့ ပြန်ကြိုးစားမယ်ဆိုရင် အဆင့်တက်ပါလိမ့်မယ်။ ဒါပေမယ့် ဒီအတွင်းဒဏ်ရာကတော့ မင်းနဲ့အမြဲတန်းရှိနေလိမ့်မယ်။ မင်းကို လအဆင့်ရောက်ဖို့ သူများတွေထက်ပိုပြီးခက်ခဲစေလိမ့်မယ်။ ကျင့်ကြံခြင်းက အန္တရာယ်များတဲ့အရာတစ်ခုဆိုတာကို မင်းသတိရပါ။ မင်းက စိတ်ရှည်လက်ရှည်နဲ့ ရေရှည်အတွက် တွေးမှရမယ်။ နောက်ပြီးတော့ မင်းကိုယ်မင်း အတန်းဖော်တွေနဲ့ အများကြီးမနှိုင်းယှဥ်ပါနဲ့။ အဲ့လိုမှမဟုတ်ဘူးဆိုရင် အလျှင်စလိုနဲ့လုပ်ခဲ့ရာကနေဖြစ်လာတဲ့ ဒဏ်ရာလေးတွေက မင်းကို စွမ်းအားမြင့်သိုင်းဆရာတစ်ယောက်ဖြစ်လာဖို့အတွက် အနှောင့်ယှက်ဖြစ်စေလိမ့်မယ်..."

ဖှေးသည် ဤကောင်လေးအား မျက်နှာခြင်းဆိုင်နေခြင်းဖြစ်သော်လည်း သူ၏စကားလုံးများသည် ဤအခန်းထဲတွင်ရှိနေသည့်လူများအားလုံးကို ရည်ညွှန်းနေသည်။

ယခုအချိန်တွင် ချမ်းဘော့ဒ်တိုင်းပြည်သည် လျှင်မြန်စွာဖွံ့ဖြိုးတိုးတက်လာသည့်အတွက် စစ်သည်များ၊ ချမ်းဘော့ဒ်တက္ကသိုလ်မှ ကျောင်းသားကျောင်းသူများသည်လည်း တစ်ယောက်နှင့်တစ်ယောက်ယှဥ်ပြိုင်နေကြ၏။ ယှဥ်ပြိုင်ခြင်းသည် ကိစ္စတော်တော်များများတွင်ကောင်းမွန်သည့်အရာတစ်ခုဖြစ်သော်လည်း ကျင့်ကြံခြင်းတွင်ထိုကဲ့သို့မဟုတ်ပေ။

အတွင်းအားစွမ်းအင်နှင့် မှော်စွမ်းအင်များကို ရရှိအောင်ကျင့်ကြံခြင်းနှင့် အသုံးပြုတိုက်ခိုက်ခြင်းတို့သည် အန္တရာယ်များလှ၏။ ဇွဲ၊ လုံ့လနှင့် သတ္တိတို့အပြင် ဉာဏ်ပညာလည်းရှိရန်လိုအပ်သည်။ အကယ်၍ တစ်စုံတစ်ယောက်သည် မြန်မြန်အဆင့်တက်ရန်ကိုသာ အာရုံစိုက်မိနေပါက ကျန်ရှိနေသည့်အရာများကို အာရုံစိုက်မိတော့မည်မဟုတ်ပေ။ အဆင့်မြန်မြန်တက်ရန်ကိုသာ အာရုံစိုက်ခဲ့သောကြောင့် ကျင့်ကြံခြင်းခရီးတစ်လျှောက်တွင် ဒဏ်ရာအသေးစားလေးများရရှိခဲ့ကာ အနာဂတ်တွင်ထိုဒဏ်ရာများကြောင့် အတားဆီးများနှင့်ကြုံခဲ့ရသည့် ပါရမီရှင်များစွာရှိခဲ့ဖူးသည့်အတွက်ပင်။

ဖှေး စကားပြောပြီးသည့်အချိန်တွင် ကောင်လေး၏ ညာလက်အား ညင်သာစွာပုတ်လိုက်သည်။

ကောင်းလေသည် သူ၏ ညာလက်ထဲတွင်ရှိသည့် တတိယမြောက်အတွင်းအားစွမ်းအင်စီးကြောင်းထဲသို့ အပူစွမ်းအင်တစ်ခုစီး၀င်သွားသည်ကိုချက်ချင်းခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်ထဲတွင် အတွင်းအားစွမ်းအင်အား ထက်မံ၍ လှည့်လည်စီးဆင်းစေလိုက်သည့်အချိန်တွင် အတွင်းအားစွမ်းအင်များသည် တတိယမြောက်စီးကြောင်းအတွင်းသို့ ချောမွေ့စွာစီးဆင်းသွားသည်ကို တွေ့လိုက်ရသည်။

နောက်ဆုံးတွင် အပြာရောင်စွမ်းအင်မီးတောက်တစ်ခုသည် သူ၏ ခန္ဓာကိုယ်မှတောက်ပလာတော့သည်။ ချက်ချင်းပင် သူသည် ကြယ်နှစ်လုံးအဆင့်သို့ ရောက်ရှိသွားတော့၏။

ဤမြင်ကွင်းသည် စာသင်ခန်းထဲတွင်ရှိနေသည့်လူများ၏ မျက်လုံးထဲတွင် ထူးဆန်းခြင်းမရှိတော့ပေ။ ဘုရင်ကိုယ်တိုင် သင်ပေးသည့်တိုင်အောင် ထိုကောင်လေး အဆင့်မတက်သွားပါက ထူးဆန်းသည်ဟု မြင်မိကြလိမ့်မည်ဖြစ်သည်။

ထို့နောက်တွင်...

"မင်းခန္ဓာကိုယ်ပုံအရဆိုရင် မင်းက သစ်တောဂုဏ်သတ္တိအတွင်းအားစွမ်းအင်ကို ကျင့်ကြံဖို့ပိုပြီးသင့်လျှော်လိမ့်မယ်။ သစ်တောအတွင်းအားစွမ်းအင်က မီးအတွင်းအားစွမ်းအင်လည်းဖြစ်သွားနိုင်တယ်။ အဲ့တာဆို သန့်စင်မှာမဟုတ်တော့ဘူး။ ငါမင်းကို စာကြည့်တိုက်ကနေ သစ်တောစွမ်းအင်ကျင့်စဥ်စာလိပ်တစ်ခုရှာဖို့အကြံပေးတယ်။ သစ်တောစွမ်းအင်နဲ့ မီးစွမ်းကိုအတူတူကျင့်ကြံတာကလည်း မကောင်းတဲ့အရာတော့မဟုတ်ပါဘူး။ အစိမ်းရောင်သစ်တော ကျင့်စဥ်စာလိပ်နဲ့ မီးတောက်ကျင့်စဥ်စာလိပ်ကို အတူကျင့်ကြံကြည့်လိုက်..."

"ဟားဟား ကောင်မလေး နင်က အတော်လေး စိတ်မရှည်ဖြစ်နေတာပဲ။ ဒီသိုင်းကွက်က ကြယ်သုံးလုံးအဆင့်ကို ရောက်မှသုံးလို့ရမှာလေ..."

"လျှင်မြန်ဓားသိုင်းကွက်အတွက် ခန္ဓာကိုယ်ကို လိုသလို လှုပ်ရှားနိုင်ဖို့က အရေးကြီးတယ်။ မင်းက မွေးရာပါကြီးမားတဲ့ခွန်အားကို ပိုင်ဆိုင်ထားတာပဲ။ ဒါပေမယ့် မင်းက ခန္ဓာကိုယ်ပျော့ပျောင်းမှုမရှိဘူး။ ဒီဓားသိုင်းကို မကျင့်ပဲနဲ့ တစ်ချက်ခုတ်ဓားသိုင်းကို ပြောင်းကျင့်သင့်တယ်။ အဲ့သိုင်းကွက်က မင်းခန္ဓာကိုယ်အနေထားနဲ့လဲကိုက်တယ်..."

"ကြာပန်းသိုင်းကွက်လား...ဒီသိုင်းကွက်ကို မှန်မှန်ကန်ကန်အသုံးပြုဖို့ဆိုရင် ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ လျို့၀ှက်အတွင်းအားစီးကြောင်း၃၁ခုကို တုန်ခါစေမှရမယ်။ မင်းမျက်လုံးကိုမှိတ်ထားလိုက် ငါမင်းအတွက် ခန္ဓာကိုယ်ထဲက အတွင်းအားစီးကြောင်းတွေကို တုန်ခါပြမယ်။ သေချာအာရုံခံကြည့်လိုက်...။ ဒီသိုင်းကွက်ကို ရွေးတာကောင်းတဲ့အရာတစ်ခုပဲ။ အစပိုင်းမှာ စွမ်းအားမြင့်မားတဲ့ သိုင်းကွက်တစ်ခုမဟုတ်ပေမယ့် မင်းကြယ်ခြောက်လုံးအဆင့်ကို ကျော်လာတဲ့အချိန်ကျရင်တော့ မင်းဒီသိုင်းကွက်ရဲ့စွမ်းအားအစစ်မှန်ကို တွေ့လာပါလိမ့်မယ်။ ဒီသိုင်းကွက်ကိုအသုံးပြုမယ်ဆိုရင် မင်းနဲ့အဆင့်တူတဲ့တိုက်ခိုက်တဲ့ သိုင်းဆရာတွေနဲ့တိုက်ခိုက်မယ်ဆိုရင်တောင် မင်းက အသာစီးရနေတာကို တွေ့ပါလိမ့်မယ်..."

"သစ်တောမှော်စွမ်းအင်ဟုတ်လား။ ဒါကခက်ခဲတဲ့အရာတစ်ခုပဲ။ မင်းခန္ဓာကိုယ်ထဲမှာ မှော်စွမ်းအင်တွေပေါများတာကို ငါအာရုံခံမိတယ်။ မင်းကလည်း ကမ္ဘာပေါ်က သဘာ၀စွမ်းအင်တွေကို ကောင်းကောင်းအာရုံခံနိုင်တဲ့ပုံပဲ။ ဒါပေမယ့် မင်းရဲ့၀ိဉာဥ်စွမ်းအားက အတော်လေးအားနည်းနေတာပဲ။ ဟားဟား ကောင်လေး။ မင်းက ၀ိဉာဥ်စွမ်းအင်ကို အရေးမကြီးဘူးထင်နေတာပဲ။ ဟားဟား မင်းမှားနေပြီ။ စွမ်းအားမြင့်မှော်ဆရာတွေအများကြီးက ၀ိဉာဥ်စွမ်းအင်ကို အတော်လေးကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ထားကြတယ်။ အဲ့တာကြောင့် မင်းအတွက် ၀ိဉာဥ်စွမ်းအားကျင့်စဥ်ကို စာကြည့်တိုက်ကနေရှာဖတ်ပါလို့ ငါအကြံပေးချင်တယ်..."

"အမ် မင်းရဲ့ ၃၅ခုမြောက်အတွင်းအားစီးကြောင်းက မပွင့်သေးဘူးဟုတ်လား။ ငါပြပေးမယ်..."

"သတ္တုမီးတောက်က အဆင့်မြင့် သိုင်းကွက်တစ်ခုပဲကွ။ ဒီသိုင်းကွက်ကိုအသုံးပြုဖို့ အတွင်းအားစွမ်းအင်ကို ပိုင်ပိုင်နိုင်နိုင်ထိန်းချုပ်နိုင်ဖို့လိုတယ်။ မင်းလိုအပ်နေတာက..."

"....."

အချိန်များသည် တရွေ့ရွေ့ကုန်ဆုံးသွား၏။

ဤအချိန်တွင် ဘုရင်သည် သူ၏ အတွင်းအားစွမ်းအင်၊ မှော်စွမ်းအင်နှင့် ကျန်ရှိနေသည့် ကျင့်စဥ်များနှင့်ပတ်သက်သည့် ကျွမ်းကျင်မှုများကို ၀ေမျှနေလျှက်ရှိသည်။ သူသိနေသည့်အရာများအတွက် သူကိုယ်တိုင်ပင် အနည်းငယ်တုန်လှုပ်နေမိသလို ဂုဏ်လဲယူမိခဲ့သည်။

ပထမဆုံးအနေဖြင့် ဖှေးသည် သူဗဟုသုတများစွာစုဆောင်းခဲ့မိသည်ကို သတိထားလိုက်မိသည်။ သူသည် မေးခွန်းများအားလုံးကို အထစ်ငေါ့မရှိဖြေနိုင်၏။ တစ်ချို့လူများအတွက်ဆိုလျှင် မေးခွန်းမေးခြင်းမပြုမီတွင် ပြသနာကို သတိထားမိလိုက်ကာ အဖြေတန်းပေးနိုင်ခဲ့သည်။

အမေးဖြေများသည် လျှင်မြန်စွာပြီးဆုံးသွားပြီး စစ်သည်များနှင့် ကျောင်းသားများသည် ဖှေးအားပို၍ပင် လေးစားလာတော့သည်။

ချမ်းဘော့ဒ်တိုင်းပြည်စာကြည့််တိုက်ထဲတွင် ကျင့်စဥ်စာလိပ်ပေါင်း၁၀၀၀၀ခန့်ရှိနေပြီး ဘုရင်သည် ထိုစာလိပ်တစ်ခုခြင်းစီတိုင်းကို အသေးစိတ်သိနေသည့်အတိုင်းပင်။ သူ့အား မေးလာသည့်လူတိုင်းကို အသေးစိတ်သင့်လျှော်သည့်အကျင့်စဥ်စာလိပ်များကို ညွှန်ပြပေးနေလျှက်ရှိသည်။

"အရှင်မင်းကြီးက ဒီစာလိပ်တွေကို ဘယ်နှစ်ခါလောက်များ ဖတ်ထားတာလဲ။ သူက ဒီသိုင်းကွက်နည်းပညာတွေကို အလွတ်ရနေတဲ့ပုံပဲ။ သူက အကုန်လုံးကိုနားလည်နေတာ နတ်ဘုရားတစ်ပါးလိုပဲ..." သူတို့တွေးလိုက်မိကြသည်။

ဘုရင်၏ နားလည်ပိုင်နိုင်မှုနှ့င် ကောင်းမွန်သော မှတ်ဉာဏ်တို့သည် လူများစွာကို တုန်လှုပ်သွားစေသည်။

အမှန်ပင် ချမ်းဘော့ဒ်တိုင်းပြည်ထဲတွင်ရှိနေသည့် အတွင်းအားစွမ်းအင်ကျင့်စဥ်များ၊ မှော်စွမ်းအင်ကျင့်စဥ်များအားလုံးနီးပါးကို ဘုရင်ကိုယ်တိုင်ဖန်တီးထားခြင်းအပြင် ချမ်းဘော့ဒ်တိုင်းပြည် သူရဲကောင်းမြို့တော်ထဲတွင်ရှိသည့်လျို့၀ှက်လက်နက်တိက်ထဲတွင် လအဆင့် သိုင်းကွက်၃၀ကျော်နှင့် အဆင့်မြင့်လက်စွဲတော်လက်နက်အခု၁၀၀ကျော်ခန့်ရှိသည်ဆိုသည်အား သူတို့အားလုံးသိပါက အဆတစ်ထောင်ခန့်ပင် ပို၍ တုန်လှုပ်မိသွားမည်ဖြစ်သည်။

နောက်ဆုံးတန်းတွင် ထိုင်နေကြသည့်လူများသည် အစပိုင်းက သူတို့၏မေးခွန်းများမေးရန်အတွက် အချိန်မရဖြစ်မည်ကို စိုးရိမ်နေခဲ့ကြသည်။ သို့သော် ယခုအချိန်တွင် မေးခွန်း၉၀ရာခိုင်နှုန်းခန့်ကို ဖှေးဖြေပေးပြီးသွားပြီဖြစ်သည်။

လူတိုင်း၏ မေးခွန်းများကို ဖြေပြီးသည့်အချိန်တွင် ညသို့ပင်ရောက်ရှိနေပြီဖြစ်သည်။

ဘုရင်သည် နေ့ခင်းတစ်ခင်းလုံးစာသင်ကြားမှုအား အဆုံးသက်လိုက်ပြီး သူရဲကောင်းမြို့တော်မှ ထွက်လာခဲ့တော့သည်။

လူတိုင်းသည် နောက်ထပ်အတန်းကို စောင့်မျှော်နေကြ၏။

အလွန်စွမ်းအားမြင့်သည့်သိုင်းဆရာတစ်ယောက်မှ သူတို့အား ကျင့်ကြံခြင်းနှင့်ပတ်သက်၍ သင်ကြားပြသပေးခြင်းသည် ရှားပါးသည့်အခွင့်ရေးတစ်ခုဖြစ်ပြီး မြို့တော်စိန့်ပီတာစဘာ့တ်မှ ဆွေကြီးမျိုးကြီးလူငယ်များပင် ဤကဲ့သို့သော အခွင့်ရေးမျိုးရလေ့မရှိကြပေ။ သို့သော် ချမ်းဘော့ဒ်တိုင်းပြည်မှ ကလေးများမှာမူ ဆင်းရဲချမ်းသာမရွေးဤကဲ့သို့သော အခွင့်ရေးမျိုးကို ရရှိလိုက်ကြရ၏။

ပထမဆုံးအတန်းသည် မေ့နိုင်ဖွယ်မရှိပေ။

သူတို့ထဲမှအများစုအတွက် ထိုအတန်းထဲတွင် ဘုရင်နှင့် ကိုယ်တိုင်ဆက်ဆံစကားပြောဖူးခြင်းပင်။ သူတို့အဖေများကိုယ်တိုင်ပြောခဲ့သည့် ဖြစ်ရပ်များနှင့်နှိုင်းယှဥ်ကြည့်ပါက ဘုရင်နှင့်ကိုယ်တိုင်စကားပြောခဲ့ရခြင်း၏ အတွေ့ကြုံသည် ပို၍စိတ်လှုပ်ရှားဖွယ်ပင်။

သူတို့သည် ဘုရင်စာသင်ခန်းအတွင်းမှ ထွက်ခွာသွားသည်ကို ကြည့်ရင်းဖြင့် သူတို့သည် ဘုရင်အတွက် မည်မျှပင်အန္တရာယ်များ၊ ခက်ခဲကြမ်းတမ်းစေကာမူ တိုက်ခိုက်ပေးမည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။ သူတို့သည် တိုင်းပြည်အား အသက်စွန့်၍ ကာကွယ်ပေးသွားမည်ဖြစ်သည်။

သစ္စာဖောက်ကြလိမ့်မည်မဟုတ်ပေ။

All Chapters