အခန်း (၇၂၂)
Vol. 46 Ch. 722
လက်ရှိတွင် ဖှေးသည် အလွန်ဒေါသဖြစ်နေသည့်အတွက်ကြောင့် သူ၏ စိတ်များကို ခက်ခဲစွာထိန်းချုပ်နေရသည်။ အနီရောင်သတ်ဖြတ်လိုသောအရှိန်၀ါများသည် သိပ်သည်းနေသည့်အတွက်ကြောင့် သူသည် ငရဲပြည်မှ လွတ်မြောက်လာသည့် နတ်ဆိုးတစ်ကောင်လိုပင်။
ဤအရာများအားလုံးသည် မင်းသားအာရှဗင်စီစဥ်ထားသည့် ထောင်ချောက်များပင်။ သူသည် တော်၀င်မိသားစု၏ အရှိန်၀ါကိုသုံး၍ ဖှေးကို ဖိအားပေးရန်စရန်အတွက် ကြိုးစားနေခြင်းပင်။
ဤအခိုက်တန့်တွင် ဖှေးသည် ဆက်လက်သည်းခံနိုင်ခြင်းမရှိတော့ပေ။ ထို့ကြောင့် သူ၏ အညှာတာကင်းမဲ့ပြီး ရက်စက်ကြမ်းကြုတ်သည့် သရုပ်ကို ထုတ်ဖော်ပြသလိုက်၏။
သတ်ဖြတ်ခြင်း။
သတ်ဖြတ်ခြင်းကသာလျှင် မိမိကိုယ်မိမိ အထင်းကြီးနေသည့် မင်းသားအား သူ၏ ရန်သူမည်မျှပင်စွမ်းအားကြီးမားကြောင်းကို သိရှိလာနိုင်စေမည်ဖြစ်သည်။
ဖှေးသည် မည်သည့် သာမန်စစ်သည်ကိုမှ သတ်ဖြတ်ခြင်းမရှိပေ။ သာမန်စစ်သည်များသည် သူတို့အထက်လူကြီးများ၏ အမိန့်ကိုသာ လိုက်နာရသည်ဖြစ်သောကြောင့် အပြစ်ကင်းသည်ဟုဆိုနိုင်၏။
သို့သော် တရားစီရင်ခြင်းသူရဲကောင်းဟုခေါ်သည့်လူများသည် ဖှေး၏ စိတ်ထဲတွင် ဆိုး၀ါးသည့်ပုံရိပ်ကိုချန်ထားခဲ့သည်။ ပါးကွပ်သားသူရဲကောင်းများကဲ့သို့ပင် သူတို့သည်ဖှေးအားတွေ့တွေ့ချင်းမှာပင် မတရားစွပ်စွဲကာ ဖမ်းဆီးရန်ကြိုးစားခဲ့သည်။ ထို့အပြင် သူတို့သည် ချမ်းဘော့ဒ်တိုင်းပြည်ကိုပါ ခြိမ်းခြောက်နေခြင်းပင်။ သူတို့ကဲ့သို့သော လူများသည် မင်းသားအာရှဗင်မွေးထားသည့် ခွေးများကဲ့သို့ပင်။ သူတို့တွင်စွမ်းအားရှိသည်မှာ မှန်သော်လည်း ဇီးနစ်အင်ပါယာအတွက် အကျိုးရှိစေသည့်လူများမဟုတ်ပေ။ ထို့ကြော့င် ဖှေးသည် သူတို့နှင့် ဆက်ဆံနေသည့်အချိန်တွင် ညှာတာနေခြင်းမရှိပေ။
ဖှေးသည် ပြင်းထန်စွာထိုးနှက်နေ၏။ ဇီးနစ်စစ်ပွဲနတ်ဘုရားဆိုသူသည် နာကျင်မှုကို ခံစားဖူးမှသာလျှင် သူလုပ်နေသည့်အရာ၏ နောက်ဆက်တွဲဆိုးကျိုးများကို သဘောပေါက်လာမည်ဖြစ်သောကြောင့်ပင်။
ဖှေးညင်သာစွာပြောလိုက်သည့်အသံသည် သူရဲကောင်းနန်းတော်မှ နောက်ဆုံးကျန်ရှိနေသည့် သိုင်းဆရာနှင့် မိုးကြိုးသခင်တပ်ဖွဲ့မှ စစ်သည်များ၏ခေါင်းထဲတွင် မိုးချုန်းသံကဲ့သို့ပင်ဖြစ်နေ၏။ သူတို့၏ ခေါင်းထဲတွင် တွေ၀ေလာကြပြီး အကြောက်တရားကို ထိန်းချုပ်နိုင်ခြင်းမရှိတော့ပေ။
အစိမ်းရောင်စွမ်းအင်မီးတောက်တစ်ခုတောက်ပသွားသည်။
လေခွင်းသည့်အသံတစ်ခုထွက်ပေါ်လာပြီး သူရဲကောင်းနန်းတော်မှ နောက်ဆုံးကျန်ရှိနေခဲ့သည့်သိုင်းဆရာသည် ဘာမှပြန်ပြောရဲခြင်းမရှိပဲ ထွက်ပြေးသွားတော့၏။
"ခေါင်းဆောင်ကြီးက ပြိုင်ဘက်ကင်းလိုက်တာ..."
"ခေါင်းဆောင်ကြီးက နတ်ဘုရားတစ်ပါးလိုပဲ..."
မြို့ခံစစ်သည်များနှင့် ခေါင်းဆောင်များသည် ဖှေးအား အနောက်မှလေးစားစွာဖြင့် ငေးကြည့်နေကြသည်။ သူတို့သည် ထိုကဲ့သို့အားပေးသည့် စကားလုံးများကို မိမိကိုယ်မိမိပင် သတိမထားမိပဲ အော်ဟစ်နေမိကြ၏။ သူတို့၏ သွေးများဆူပွက်ကာ မီးထတောက်မည့်အတိုင်းပင် ခံစားနေရ၏။
"ဘုရင်အလတ်ဇန္ဒားရဲ့ အရှိန်၀ါက ငါတို့ ဒီရက်ပိုင်းမှာ ခံစားနေခဲ့ရတဲ့ ဒေါသတွေ အနိုင်ကျင့်ခံခဲ့ရမှုတွေကို ချက်ချင်းရှင်းလင်းပေးလိုက်နိုင်တာပဲ.." သူတို့အားလုံးတွေးလိုက်မိကြသည်။
သူတို့၏ စိတ်ထဲတွင် ဖှေးသည် လုံး၀လေးစားမှုနှင့် ထိုက်တန်သည့် သူရဲကောင်းအစစ်မှန်တစ်ယောက်ဖြစ်ပြီး တစ်ချို့လူများဆိုလျှင် ဖှေးကိုပင် ယုံကြည်ကိုးကွယ်လာကြ၏။
ဖှေးအရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်ရာ သူ၏ ဆူနာမီရေလှိုင်းကဲ့သို့သော အရှိန်၀ါသည် ရှေ့သို့ တက်လာပြီး မြေပြင်ကိုပါတုန်ခါသွားစေသည်။
မိုးကြိုးသခင်တပ်ဖွဲ့မှစစ်သည်များသည် သူတို့၏ တပ်ဖွဲ့အား ဆက်လက်ထိန်းသိမ်းနိုင်ခြင်းမရှိတော့ပေ။ ထို့ကြောင့် သူတို့သည် အကွဲကွဲအပြားပြားဖြစ်ကုန်ကြ၏။ သူတို့၏အသက်ရှူထံများပြင်းထန်နေပြီး ပြောစရာစကားလုံးများပင်မရှိတော့ချေ။
"အမြန်လုပ်ကြ အနောက်ကို မီတာ၂၀၀၀လောက်ဆုတ်ခွာလိုက်.."
"အမြန် ဆုတ်ခွာကြ။ ချမ်းဘော့ဒ်ဘုရင်က ငါတို့ ရင်ဆိုင်နိုင်တဲ့လူမဟုတ်ဘူး..."
တပ်စိတ်ခေါင်းဆောင်များသည် မျှော်လင့်ချက်မဲ့ကုန်ကြ၏။ သူတို့၏ ခုခံမှုသည် အသုံး၀င်ခြင်းမရှိသည်ကို သိလိုက်ကြသည်။ သစ်ပင်ကြီးတစ်ပင်ကို လဲဖြိုရန်ကြိုးစားနေသည့် ပုရွတ်ဆိတ်တစ်ကောင်လိုပင်။ လှည်းတစ်စီးအား ရပ်တန့်အောင်ကြိုးစားနေသည့် ဓားခုတ်ကောင်တစ်ကောင်လိုပင် သူတို့၏ ကြိုးစားမှုများသည် သေဆုံးခြင်းမှလွှဲ၍ တခြားရလဒ်ထွက်ပေါ်လာလိမ့်မည်မဟုတ်ပေ။
သူတို့ ဤနေရာတွင် ဆက်နေပါက ဇီးနစ်အင်ပါယာ၏ ကျွမ်းကျင်စစ်သည်၂၀၀၀ခန့်သည် အလကားနေအလကားသေဆုံးသွားနိုင်၏။ ထို့ကြောင့် ခေါင်းဆောင်များသည် သူတို့၏ ယခင်အမိန့်များကို မေ့ပစ်ကာ သူတို့၏စစ်သည်များကို အနောက်သို့ ဆုတ်ပေးကြရန်အမိန့်ပေးလိုက်ခြင်းပင်။
ရေလှိုင်းများကဲ့သို့ပင် မိုးကြိုးသခင်တပ်ဖွဲ့မှ စစ်သည်များသည် အနောက်သို့ လျှင်မြန်စွာဆုတ်ခွာကုန်တော့၏။
သူတို့သည် ဖှေးစကားကိုနားထောင်ကာ အနောက်သို့ မီတာ၂၀၀၀ထက်ပင် ပိုမိုကာ ဆုတ်ခွာပေးလိုက်ကြသည်။ သူတို့သည် မြို့ခံတပ်ဖွဲ့၏ စခန်းကို ထိန်းချုပ်ထားရမည့်အကြံစည်ကို စွန့်လွှတ်လိုက်ရပြီး စိတ်ဓာတ်ကျကာ ရှုံးနိမ့်သွားခဲ့သည့်ပုံပင်။
ရုတ်တရက် မြို့ခံစစ်သည်များထံမှ အော်ဟစ်အားပေးသံများထွက်ပေါ်လာတော့သည်။
သူတို့သည် ဖှေးအား လေပေါ်သို့ပင် ကိုင်မြှောက်လိုနေကြ၏။
"သွား သူရဲကောင်းစစ်သည်တွေရဲ့ရုပ်အလောင်းကို ကြိုးစင်တွေကနေချပေးလိုက်ကြ။ သူတို့အတွက် အသစ်ဆုံးယူနီဖောင်းတွေ၀တ်ပေးလိုက်။ သူတို့ ရရှိခဲ့တဲ့ ဆုတံဆိပ်တွေကိုလည်း ၀တ်ဆင်ပေးလိုက်။ နောက်ပြီးတော့ ဟိုဘက်ကကောင်တွေကိုလည်း ပြောလိုက် ဒီသူရဲကောင်းစစ်သည်တွေကို ကြိုးပေးခဲ့တဲ့ကိစ္စမှာ တာ၀န်ရှိတဲ့လူတွေအကုန်လုံးကို မနက်ဖြန်မနက်အရောက်ပို့ပေးလို့..." ဖှေးသည် တစ်ဖက်သို့လှည့်ကာ ဂါဂိုကဲ့သို့သော ခေါင်းဆောင်များကိုပြောလိုက်သည်။
"ဟုတ်ကဲ့ပါက အရှင်မင်းကြီး..." သူတို့သည် တက်ကြွစွာပြန်ဖြေလိုက်ကြသည်။
ချမ်းဘော့ဒ်ဘုရင်သူတို့ဘက်တွင်ရှိနေသည့်အတွက်ကြောင့် မည်သူမှသူတို့အား လျှော့တွက်ကာ အနိုင်ကျင့်ရဲခြင်းမရှိကြပေ။ မိုးကြိုးသခင်တပ်ဖွဲ့မှ ဂုဏ်ယူ၀င့်ကြွားနေခဲ့ကြသည့်ခေါင်းဆောင်များပင် ခေါင်းများကို ငုံ့ကာ သူတို့မှားကြောင်း၀န်ခံနေရ၏။
"ကောင်းပြီလေ ဒီနေရာက အခြေအနေကိုတော့ ထိန်းချုပ်ပြီးသွားပြီ။ ခင်ဗျားတို့တွေ စစ်သည်တွေကို နေရာချပြီးတော့ ဒီနေရာက အခြေအနေတွေကို ထိန်းထားလိုက်ပါ။ ပြသနာရှာတဲ့လူမှန်သမျှကို သတ်ပစ်လိုက်။ ညှာတာနေစရာမလိုဘူး။ ငါရစ်ဘရီကို သွားရှာလိုက်ဦးမယ်..."
ထိုကဲ့သို့ပြောပြီးသည့်နောက်တွင် ဖှေးသည် အမှောင်ထဲတွင် ပျောက်ကွယ်သွားတော့၏။
......
အလံနှစ်စုံမြို့တော်ထဲတွင်ဖြစ်သည်။
မြို့တော်၀န်စံအိမ်သည် မီးအလင်းရောင်များဖြင့် လင်းထိန်နေကာ အစောင့်များလည်း တင်းကြပ်စွာချထား၏။
ယခင်မြို့တော်၀င်စံအိမ်သည် နှင်းတောင်သိုင်းဆရာနှင့် သူ၏ တိတ်တိတ်ပုန်းသား တိုနီကြောင့် ပျက်ဆီးသွားခဲ့သည်။
ဖှေးချမ်းဘော့ဒ်သားများနှင့်အတူ ပြန်သွားပြီးသည့်အချိန်တွင် အထူးသံတမန်မတ်၀ပ်ဆန်သည် ဤနေရာအား ထိန်းချုပ်ထားခဲ့၏။ ရလဒ်အနေဖြင့် ဖှေး ဖိနှိပ်ခဲ့သော မြို့တော်၀န်ဆိုရိုယော့ခ်နှင့် ကျန်ရှိနေသည့် ဆွေကြီးမျိုးကြီးများသည် ယခုအချိန်တွင် မျက်နှာသာ ပေးခံနေရ၏။ ထို့ကြောင့် သူတို့သည်လည်း ပြန်လည်ကာ အရှိန်၀ါမြင့်မားလာတော့သည်။
ဆိုရိုယော့ခ်သည် မြို့တော်၀န်စံအိမ်အား ပြန်လည်တည်ဆောက်ရန်အမိန့်ပေးခဲ့ပြီး တခမ်းတနားဖြင့် ပြန်လည်ပြုပြင်တည်ဆောက်ခဲ့သည်။ ထို့နောက်တွင် ထိုနေရာတွင် ပြန်လည်ပြောင်းရွေ့နေထိုင်၏။
အမှန်ပင် သူသည် စံအိမ်ထဲတွင် အာဏာအရှိဆုံးလူမဟုတ်ပေ။ သံတမန် မတ်၀ပ်ဆန်နှင့် သူရဲကောင်းနန်းတော်မှ စေလွှတ်လိုက်သည့်တခြားလူများသည်လည်း ထိုစံအိမ်ထဲတွင်နေထိုင်နေကြ၏။
မြို့တော် စိန့်ပီတာစဘာ့တ်မှ ရောက်လာခဲ့သည့်လူများကို ဧည့်ခံရန်အတွက် အရာများစွာကို ပြောင်းလဲပြုပြင်ထားသည်။
ပထမဆုံးအနေဖြင့် မြို့တော်၀န်၏ စံအိမ်သည် ညပိုင်းတွင်မီးရောင်များဖြင့် လင်းထိန်နေသည့်အဆောက်ဦးအနည်းငယ်ထဲမှတစ်ခုပင်။
ထို့ပြင် ချပ်၀တ်အပြည့်စုံ၀တ်ဆင်ထားသည့် စစ်သည်များသည် စံအိမ်၏အတွင်းပြင်တို့တွင်ကင်းလှည့်နေကြ၏။ လျို့၀ှက်ထားသည့်မှော်အစီရင်များမှလဲ မှော်စွမ်းအင်အရှိန်၀ါများကို ခံစားနေရ၏။ ဤစံအိမ်အား တင်းကြပ်စွာကာကွယ်ထားပြီးမည်သည့်အရာမှ ဖောက်ထွင်း၀င်ရောက်၍မရနိုင်သလိုပင်။
မြို့တော်၀င် စံအိမ်၏ မှောင်မိုက်အေးစက်နေသည့် မြေအောက်ခန်းတစ်ခုထဲတွင်ဖြစ်သည်။ ထိုအရာသည် ကြောက်မက်ဖွယ်ကောင်းကာ အေးစက်နေသည့် အကျဥ်းထောင်တစ်ခုပင်။
ကျယ်လောင်သည့် သားရဲကောင်အော်ဟစ်နေသလိုအသံများကိုလည်း မကြာခနကြားနေရ၏။ ထိုကြောက်မက်ဖွယ်ဆူညံသံများသည် မြေအောက်အကျဥ်းထောင်တစ်ခုလုံးတွင် ဟိန်းရံနေ၏။
ရစ်ဘရီသည် ထိုအကျဥ်းထောင်၏ အနက်ရှိုင်းဆုံးနေရာတွင်ရှိသည့်အကျဥ်းခံတစ်ခုထဲတွင် ချုပ်နှောင်ထားခြင်းခံရ၏။ ထိုအကျဥ်းခန်းသည် သွေးများဖြင့် စွန်းထင်နေပြီး လက်ရှိအခိုက်တန့်တွင် သူ၏ ခန္ဓာကိုယ်တွင်လည်း ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေ၏။
အော်ဟစ်သံများကိုကြားသည့်အချိန်တွင် အကျဥ်းသားများသည် အလွန်ပြင်းထန်စွာနှိပ်စက်ခံနေရကြောင်းကို သူသိလိုက်၏။ ထိုအော်သံများသည် လူအော်သံနှင့်ပင်မတူတော့သည့်အတွက်ပင်။
လွန်ခဲ့သည့်သုံးရက်ခန့်လုံးတွင် ရစ်ဘရီသည် ဤအကျဥ်းထောင်ထဲတွင် ရိုက်နှက်ကာ စစ်ဆေးမေးမြန်းခြင်းကိုခံခဲ့ရသည်။ သူသည် ပြင်းထန်စွာဒဏ်ရာရနေပြီး နာကျဥ်မှု၀ေဒနာများစွာကို ခံစားနေခဲ့ရသော်လည်း သူ၏ သိမ်းငှက်ကဲ့သို့သော မျက်လုံးများသည် အမှောင်ထဲတွင်တောက်ပနေဆဲပင်။
တစ်ဖက်တွင်ရှိသည့် ပို၍ကျယ်သော အကျဥ်းခန်းထဲတွင် မြို့ခံတပ်ဖွဲ့၏ ယူနီဖောင်းချပ်၀တ်ကို ၀တ်ဆင်ထားသည့်လူငယ်တစ်ယောက်ရှိနေ၏။ ထိုလူငယ်သည် မစ်စတာ ရစ်ဘရီ၏ ကိုယ်ရံတော်တပ်ဖွဲ့ထဲမှ စစ်သည်တစ်ယောက်ပင်။
လွန်ခဲ့သည့် ၃ရက်က ရစ်ဘရီနှ့င် သူ၏ ကိုယ်ရံတော်စစ်သည်များသည် မြို့တော်၀န်စံအိမ်ထဲသို့ လိမ်ညာဆင့်ခေါ်ခြင်းခံခဲ့ရပြီး မြို့တော်၀န်ဆိုရိုယော့ခ်နှင့် အထူးသံသမန် မတ်၀ပ်ဆန်တို့၏ ဖမ်းဆီးခြင်းကိုခံခဲ့ရသည်။ ရစ်ဘရီအား ဤသေးငယ်သည့် အကျဥ်းခန်းထဲတွင် ချုပ်နှောင်ထားပြီး သူ၏ ကိုယ်ရံတော်စစ်သည်၂၀အား တစ်ဖက်တွင်ရှိသော ပို၍ကျယ်သည့် အကျဥ်းခန်းများထဲတွင် ချုပ်နှောင်ထား၏။
လွန်ခဲ့သည့် သုံးရက်ခန့်လုံးတွင် ရစ်ဘရီအား ရိုက်နှက်ကာ စစ်ဆေးမေးမြန်းခဲ့သော်လည်း ကံကောင်းစွာပင် သူ၏အစောင့်စစ်သည်၂၀အား ထိုကဲ့သို့ ပြုလုပ်ခဲ့ခြင်းမရှိပေ။
သို့သော် မနေ့ကစတင်၍ ထောင်စောင့်တစ်ယောက်သည် နှစ်နာရီကြာတိုင်း အကျဥ်းသားတစ်ယောက်ကို လာခေါ်သွားခဲ့သည်။ ခေါ်သွားခံခဲ့ရသည့် စစ်သည်များသည် ပြန်ရောက်လာခဲ့ခြင်းမရှိပေ။ ယခုအချိန်တွင် သူ၏ ဘေးတွင်ရှိနေသည့် လူငယ်စစ်သည်သည် ရစ်ဘရီမှလွဲ၍ တစ်ယောက်တည်းကျန်ရှိနေခဲ့သည့် အကျဥ်းသားပင်။ ထိုလူငယ်တို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ အားပေးနေကြ၏။
ရစ်ဘရီသည် သူ၏ အစောင့်စစ်သည်၁၉ယောက်ဘာဖြစ်သွားသည်ကို မသိသော်လည်း ဤကိစ္စ၏နောက်ကွယ်တွင် မြို့တော်၀န်ဆိုရိုယော့ခ်နှင့် သံတမန် မတ်၀ပ်ဆန်တို့ရှိနေသည့်အတွက်ကြောင့် သူ၏ ညီအကိုများကဲ့သို့ဖြစ်နေသည့်အစောင့်စစ်သည်များသည် ယခုအချိန်တွင် သေလောက်ပြီဖြစ်ကြောင်းကို နားလည်ထား၏။
ထိုအကြောင်းကို တွေးရင်းဖြင့် ရစ်ဘရီသည် စိတ်ပိုင်းဆိုင်ရာပြင်းထန်သည့်နာကျင်မှုကို ခံစားလိုက်ရပြီး သူ၏ ဂရုမစိုက်ခဲ့ခြင်းအပေါ်တွင်လည်း နောင်တရနေ၏။
"ဒါက င့ါအမှားတွေပါ။ ငါ ဒီခွေးသားတွေ ဒီလို မလုပ်လောက်ဘူးထင်လို့ ငါ့ရဲ့အစောင့်စစ်သည်၂၀ကိုရော အန္တရာယ်ထဲဆွဲခေါ်ခဲ့မိတာပဲ။ ငါတို့ကျန်ခဲ့တဲ့ တပ်ဖွဲ့၀င်တွေရော ဘာဖြစ်နေပြီလဲ။ ခေါင်းဆောင်ဂါဂိုလိုမျိုး ရဲရင့်ပြီး လိမ္မာပါးနပ်တဲ့လူတွေလဲ ရှိနေတော့ သူတို့အဆင်ပြေလောက်မှာပါ..."
ဤကဲ့သို့သော ဆိုး၀ါးသည့်အခြေအနေတွင် ရစ်ဘရီသည် အကောင်းမြင်ရန်သာတတ်နိုင်တော့၏။