အခန်း (၇၂၄)
Vol. 46 Ch. 724
ဆယ်မိနစ်ကြာခန့် လမ်းလျှောက်၍ အချိုးကွေ့များစွာကို ဖြတ်ကျော်လာခဲ့ပြီးသည့်နောက်တွင် သူတို့သည် မြေအောက်အကျဥ်းထောင်၏ အပြင်ကိုရောက်ကာ ပို၍လျို့၀ှက်သည့် အခန်းတစ်ခုထဲသို့ ရောက်လာခဲ့သည်။
ထိုအခန်းသည် မှောင်မိုက်နေသည့် ကျောက်တုံးအခန်းတစ်ခုပင်။
လျှောက်လမ်းတစ်လျှောက်လုံးတွင် ချပ်၀တ်အပြည့်စုံ၀တ်ဆင်ထားသည့် စစ်သည်များသည် သတိအပြည့်ဖြင့် ကင်းစောင့်နေကြသည်။
ထို့အပြင် မှော်အရှိန်၀ါများစွာလည်းရှိနေသည့်အတွက် စွမ်းအားမြင့်မှော်ဆရာများမှ ထောင်ချောက်များစီရင်ထားသည်မှာလည်း ထင်ရှားနေ၏။
အမူယာပြောင်းလဲခြင်းမရှိပဲ ရစ်ဘရီသည် ဤနေရာသို့ လာရောက်ခဲ့သည့် လမ်းကြောင်းများကို သေချာစွာမှတ်ထားလာခဲ့သည်။ သူ၏ အတွင်းအားစွမ်းအင်များ ဖျက်ဆီးခြင်းခံထားရသည်မှာ ဆိုး၀ါးလှသည်ဟုဆိုနိုင်၏။ သို့မဟုတ်ပါက သူသည် ဤနေရာမှ လွယ်ကူစွာပင် ထွက်ပြေးလာနိုင်မည်ဖြစ်သည်။
နန်းတော်ဆောင်ထဲသို့ ရောက်လာခဲ့ပြီးသည့်နောက်တွင် သူတို့သည် ကော်ဇောနီခန်းထားသည့် အခန်းတစ်ခုအတွင်းသို့ ရောက်လာခဲ့သည်။
နောက်ထပ်ဆယ်မိနစ်ခန့်ကြာသည့်အချိန်တွင် သူတို၏ အရှေ့တွင်ရှိနေသည့်မြင်ကွင်းသည် လင်းထိန်သွားတော့၏။
လွန်ခဲ့သည့် သုံးရက်အဖမ်းခံရအပြီးတွင် ရစ်ဘရီသည် ပထမဆုံးအနေဖြင့် ဤနေရာသို့ ရောက်ဖူးခြင်းပင်။
ဤနန်းတော်ဆောင်သည် လင်းထိန်နေပြီး ညင်သာချိုမိန်သည့် ရနှံ့တစ်ခုသည် လူတိုင်း၏နှာခေါင်းအတွင်းသို့ ၀င်ရောက်နေလျှက်ရှိသည်။ သွေးများဖြင့် စိုစွတ်နေသည့် ညှင်းပန်းနှိတ်စက်ရာအခန်းတစ်ခုနှင့်မတူပဲ ဤအခန်းသည် ငြိမ်းချမ်းတည်ငြိမ်နေလျှက်ရှိသည်။
ရွေကွပ်ထားသည့် ပရိဘောကပစ္စည်းများ၊ ရှည်လျားသော ကျွဲချိုများ၊ အခြောက်ခံထားသည့် သမင်ဦးခေါင်းခွံများ စစ်ပွဲတစ်ပွဲကို ခြယ်သထားသည့် ပန်းချီကားတစ်ချပ် စသည်တို့ရှိနေ၏။
ထိုပန်းချီကားချပ်၏ အရှေ့တွင် အဖြူရောင်၀တ်စုံများ၀တ်ဆင်ထားသည့် အစေခံဆယ်ယောက်လဲရှိနေကြ၏။
နန်းတော်ဆောင်၏ ပထမတစ်၀က်ခြမ်းတွင် သစ်သားတန်းလျားများရှိနေပြီး ချပ်၀တ်အမဲရောင်များ၀တ်ဆင်ထားသည့် ခေါင်းဆောင်ဆယ်ယောက်ရပ်နေ၏။ ထိုခေါင်းဆောင်များသည် ကြယ်သုံးလုံးလေးလုံးအဆင့်ရှိသော စွမ်းအားများပိုင်ဆိုင်ထားသူများဖြစ်ကြပြီး သူတို့၏ မျက်နှာအမူယာသည် ရက်စက်ကြမ်းကြုတ်ကြသော်လည်း ရစ်ဘရီအား သနားသည့်မျက်လုံးများဖြင့် ကြည့်နေကြ၏။
ပန်းချီကား၏အရှေ့တွင် ကျောက်တုံးထိုင်ခုံများ စားပွဲများရှိနေကြ၏။
ရစ်ဘရီသည် ကျောက်စားပွဲ၏ အလည်တွင်ထိုင်နေသည့် လူအားကြည့်လိုက်သည်။ ထိုလူသည် အထူးသံတမန် မတ်၀ပ်ဆန်ပင်။
ထိုလူသည် အသားမဲမဲနှင့် အသက်လတ်ပိုင်းအရွယ်လူတစ်ယောက်ပင်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင်ရှိနေသည့် အမွေးမျှင်များအားလုံးထောင်နေရင်းဖြင့် ထိုလူသည် ရစ်ဘရီအား အထင်မြင်သေးသည့်ပုံဖြင့်ကြည့်နေကာ ရက်စက်သည့်အပြုံးတစ်ခုသည် သူ၏မျက်နှာပေါ်တွင်ပေါ်လာခဲ့သည်။
"မင်းသားအာရှဗင်က ခင်ဗျားရဲ့အရည်ချင်းကို တန်ဖိုးထားလို့ ခင်ဗျားကို မသတ်ချင်ဘူး။ အဲ့တာကြောင့် ကျုပ်ခင်ဗျားကို နောက်ဆုံးအခွင့်ရေးတစ်ခုပေးမယ်။ ခင်ဗျား စကားပြောချင်လား..." မတ်၀ပ်ဆန်သည် သူ၏ ပါးစပ်ကို ဖွင့်ကာ ပြောလိုက်သည့်အချိန်တွင် အေးစက်သည့်အသံကြောင့် အခန်းထဲတွင်ရှိနေသည့် အပူချိန်ပင် ဒီဂရီပေါင်းများစွာကျဆင်းသွားသည့်အတိုင်းပင်။
"ဟမ်..." ဤလူများအားလုံး ကြားချင်သည့်အရာကို ရစ်ဘရီသိပြီးဖြစ်သည့်အတွက်ကြောင့် ပြန်လည် တုန့်ပြန်ဖြေကြားခြင်းမပြုပေ။
"ကောင်းပြီလေ..ခင်ဗျားကိုယ့်သေတွင်းကိုယ်တူးလိုက်တာပဲ..." မတ်၀ပ်ဆန် တစ်ဖက်သို့လည့်ကာ အသက်ငါးဆယ်အရွယ်ခန့်ရှိပုံရသည့် မျက်ပေါက်ကျဥ်းကျဥ်းနှင့်အဖိုးကြီးတစ်ယောက်အား ပြောလိုက်သည်။ "ဒီလိုဆိုရင်တော့ မစ်စတာ အယ်ဖာ ဆရာကြီးစိတ်ကြိုက်တာ လုပ်လိုက်ပါတော့..."
ထိုအဖိုးကြီးသည် မတ်၀ပ်ဆန်ထက်ရာထူးနိမ့်ကျပုံမရပဲ ရစ်ဘရီအား ၀င်လာစဥ်ကတည်းက ထူးဆန်းသည့်အမူယာတစ်ခုဖြင့် စောင့်ကြည့်နေလျှက်ရှိသည်။
အယ်ဖာဟု အမည်ရသည့်အဖိုးကြီးမှ ခေါင်းငြိမ့်ပြလိုက်သည်။
ထို့နောက်တွင် ရေဂုဏ်သတ္တိမှော်စွမ်းအင်အသုံးပြုသည့် မှော်ဆရာနှစ်ယောက်သည် ရှေ့သို့ ထွက်လာပြီး မန္တန်တစ်ခုကို ရွတ်ဆိုလိုက်ကြသည်။ သူတို့၏ လက်များကို ၀ှေ့ရမ်းလိုက်ရာ အပြုရောင်စွမ်းအင်မီးတောက်နှစ်ခုသည် ရစ်ဘရီ၏ ခန္ဓာကိုယ်အား လွှမ်းခြုံလိုက်၏။ သက်တောင့်သက်သာရှိသည့် ခံစားချက်များကို ခံစားလိုက်ရပြီး ရစ်ဘရီခံစားနေရသည့် နာကျင်မှုများအားလုံးပျောက်ကင်းသွားကာ ရရှိထားခဲ့သည့် ဒဏ်ရာများအားလုံးလည်းပျောက်ကင်းသွား၏။
ရစ်ဘရီသည် အံ့သြသွား၏။ သူ၏ ရန်သူများသည် မည်သည့်အတွက်ကြောင့် သူ့အားကုသပေးနေကြောင်း သူမသိချေ။
မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သည့်အမူယာတစ်ခုဖြင့် အယ်ဖာဟုခေါ်သော အဖိုးကြီးသည် အစိမ်းရောင်ဆေးပုလင်းတစ်ခုကို ထုတ်ယူကာ ပြောလိုက်၏။ "ဒီဆေးပုလင်းက ချမ်းဘော့ဒ်ဘုရင်ရဲ့ ပြန်လည်သစ်လွင်ဆေးပုလင်းပဲ။ သူက ဒီဆေးပုလင်းထုတ်လုပ်တဲ့ ဖော်မြူလာကို မင်းသားကို ပေးခဲ့တာပဲ။ အင်ပါယာရဲ့တော်၀င်ဆေးဆရာတွေက ဒီဆေးကို ထုတ်လုပ်နိုင်ခဲ့တယ်။ ဒီဆေးပုလင်းရဲ့ အာနိသင်က အံ့မခန်းပဲ။ မင်းသောက်လိုက်မယ်ဆိုရင် မင်းခန္ဓာကိုယ်ထဲမှာရှိတဲ့ အတွင်းအားစွမ်းအင်တွေကို ပြန်လည်ရရှိလာလိမ့်မယ်..."
ထိုကဲ့သို့ ပြောပြီးသည့်နောက်တွင် ရစ်ဘရီအား ဆေးပုလင်းပစ်ပေးလိုက်သည်။
"သောက်လိုက်..."
ရစ်ဘရီသည် ပုလင်းအား ဖမ်းယူလိုက်ပြီး အဖုံးဖွင့်ကာ အနံ့ခံကြည့်လိုက်သည်။
"ဒါက မစ်စတာ အလတ်ဇန္ဒားရဲ့ ပြန်လည်သစ်လွင်ဆေးပုလင်းပဲ..." သူတွေးလိုက်မိသည်။ သူသည် ဤဆေးပုလင်းကို ဖှေးနှင့်အတူတိုက်ခိုက်ခဲ့စဥ်က မြင်ခဲ့ဖူး သောက်ခဲ့ဖူးပြီးဖြစ်သည်။ ဤဆေးပုလင်းသည် နတ်ဘုရားအဆင့်ဆေးပုလင်းတစ်ခုဖြစ်ပြီး လူများကို သေမင်းလက်ထဲမှ ကယ်တင်နိုင်၏။
ဤအဖိုးကြီး ဘာအကြံရှိသည်ကို ရစ်ဘရီမသိသော်လည်း သူသည် တွန့်ဆုတ်ခြင်းမရှိပဲ ကောက်မော့လိုက်၏။
ချက်ချင်းပင် သူ၏ခန္ဓာကိုယ်အတွင်းသို့ စွမ်းအင်များ၀င်ရောက်လာသည်ကို ခံစားလိုက်မိ၏။ သူ၏ ခန္ဓာကိုယ်ထဲတွင် ပျက်ဆီးနေသည့်အတွင်းအားစွမ်းအင်များ ပြန်လည်ကောင်းမွန်လာသည်ကို ရှင်းလင်းစွာခံစားလိုက်ရသည်။ မကြာမှီတွင် ရစ်ဘရီ၏ ခန္ဓာကိုယ်ထဲဲဝွင်အတွင်းအားစွမ်းအင်များ စတင်၍ လည်ပတ်လာပြီး အစိမ်းရောင်စွမ်းအင်မီးတောက်များသည် သူ၏ခန္ဓာကိုယ်တစ်၀ိုက်တွင်တောက်ပလာတော့၏။ သူ၏ စွမ်းအားများသည်လည်း ကြယ်ငါးလုံးအဆင့်သို့ ပြန်လည်ရောက်ရှိသွားတော့၏။
သူသည် ပြန်ကောင်းလာပြီဖြစ်သည်။
သူ၏ခန္ဓာကိုယ်ထဲတွင်ပျောက်ဆုံးနေသည်မှာကြာပြီဖြစ်သည့် စွမ်းအင်များကို ပြန်လည်ခံစားလိုက်မိသည်။ သူသည် လွန်ခဲ့သည့်သုံးရက်ခန့်က လှည့်စားခြင်းခံရကာ အဆိပ်ခပ်ထားသည့် လက်ဖက်ရည်တစ်ခွက်ကို သောက်လိုက်မိပြီး သူ၏ စွမ်းအားများပျောက်ဆုံးခဲ့သည်။ ဤတစ်ကြိမ်တွင်မူ...
သူသည် အပေါ်သို့မော့ကြည့်လိုက်ပြီး သူ၏ မျက်လုံးများသည် တောက်ပနေလျှက်ရှိသည်။ သူ၏ သတ်ဖြတ်လိုသော ဆန္ဒများကိုလည်း ဖုံးကွယ်ထားခြင်းမရှိပေ။
သူ၏ စွမ်းအားများအားလုံးကို ထုတ်လွှင့်လိုက်ရာ နန်းတော်ဆောင်ထဲတွင် လေပြင်းများတိုက်ခတ်လာ၏။ သူ၏မျက်လုံးများသည် မတ်၀ပ်ဆန်အား စိုက်ကြည့်နေပြီး သူသည်အရှေ့သို့ တိုးလာကာ စကားလုံးတစ်လုံးခြင်းစီတိုင်းကို ရှင်းလင်းပြတ်သားစွာဖြင့် မေးလိုက်သည်။ "ခွေးသား ငါ့ညီအကိုတွေဘယ်မှာလဲ..."
"ဟားဟား ဟားဟားဟားဟား မစိုးရိမ်ပါနဲ့ ခင်ဗျားမကြာခင်သိပါလိမ့်မယ်..." မတ်၀ပ်ဆန်သည် ရစ်ဘရီ၏ တိုက်ပွဲဆာလောင်မှုများကို ခံစားလိုက်မိသော်လည်း ရယ်မောလိုက်သည်။ သူ၏ ရယ်သံသည် အထင်မြင်သေးမှုများဖြင့် ပြည့်နှက်နေ၏။
အယ်ဖာဟုအမည်ရသည့်အဖိုးကြီးသည်လည်း ယခုအခိုက်တန့်၌ သူမ၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားခြင်း ရက်စက်ကြမ်းကြုတ်ခြင်းတို့ဖြင့် ပြည့်နှက်နေ၏။
ရုတ်တရက် ထိုအဖိုးကြီးသည် နားတစ်ဖက်သာရှိသည်ကို ရစ်ဘရီသတိထားလိုက်မိ၏။
"ငါ သူတို့ရဲ့ခေါင်းဆောင်ကို ဖမ်းမှရမယ်။ နောက်ပြီးတော့ မတ်၀ပ်ဆန်ကို ဓားစာခံလုပ်ပြီးတော့ ငါ့ရဲ့စစ်သည်နှစ်ဆယ်ကို ပြန်ကယ်ရမယ်။ သူတို့ ဘာမှမဖြစ်လောက်ပါဘူး။ အဲ့လိုမှ မဟုတ်ဘူးဆိုရင်တော့..." ရစ်ဘရီသည် ဘေးပတ်၀န်းကျင်သို့ လှည့်ကြည့်ကာ တွေးလိုက်မိသည်။ "တကယ်လို့ ငါ့စစ်သည်တွေသာ အသက်မရှိတော့ဘူးဆိုရင် ငါလဲ မြို့တော်၀န်စံအိမ်ထဲမှာရှိတဲ့ လူတွေအကုန်လုံးကို သတ်ပစ်မယ်..."
ရစ်ဘရီ ဆုံးဖြတ်လိုက်၏။
သူရှေ့သို့ ခုန်၀င်ကာတိုက်ခိုက်တော့မည့်အချိန်တွင် ရုတ်တရက် ပန်းချီကား၏ နောက်ကွယ်မှ ရယ်မောသံတစ်ခုကို ကြားလိုက်ရသည်။
"ဟားဟား အောင်မြင်သွားပြီ နောက်တစ်ယောက်ခေါ်လာခဲ့..."
ထိုရယ်မောသံသည် ကျောက်တုံးအခန်းထဲတွင် ဟိန်းနေလျှက်ရှိသည်။