အခန်း (၇၂၃)
Vol. 46 Ch. 723
"ဆာ...ဆာ..." နောက်ဆုံးကျန်ရှိနေသည့် ကိုယ်ရံတော်စစ်သည်သည် ရစ်ဘရီ၏ မျက်နှာအမူယာကို မြင်လိုက်မိသဖြင့် မေးလိုက်သည်။ "ဆာ အဆင်ပြေရဲ့လား..."
ထိုကိုယ်ရံတော်စစ်သည်သည် ရုပ်ဖြောင့်သည့် လူငယ်တစ်ယောက်ပင်ဖြစ်ပြီး သူသည် အသက်၁၉နှစ်ခန့်သာရှိသေး၏။ သူသည် ငယ်ရွယ်သော်လည်း ရဲရင့်ပြီး လိမ္မာပါးနပ်သူတစ်ယောက်လဲဖြစ်၏။ သူသည် မိဘမဲ့ကလေးတစ်ယောက်ဖြစ်ပြီး သူ၏ စွမ်းဆောင်ရည်သည် တပ်ဖွဲ့ထဲသို့ ၀င်ရောက်ခဲ့ပြီးသည့်နောက်တွင် ထင်ပေါ်လာခဲ့သည်။ ထို့ကြောင့် ဤလူငယ်ကို ကိုယ်ရံတော်အဖြစ် မစ်စတာ ရစ်ဘရီမှ ကိုယ်တိုင်ရွေးချယ်ခဲ့ခြင်းပင်။ ထိုကောင်လေးသည်လည်း သူ့အား စိတ်ပျက်စေခဲ့ခြင်းမရှိပေ။ သူသည် မကြာသေးမှီအချိန်က ပြီးဆုံးသွားခဲ့သည့် စစ်ပွဲတွင်လည်း ဘုရင်အလတ်ဇန္ဒားကိုယ်တိုင် ချီးကျူးကာ ဆုတံဆိပ်များပေးအပ်ခဲ့သည့် စစ်သည်၂၀ထဲမှ တစ်ယောက်ပင်။
"ငါအဆင်ပြေပါတယ်..." ရစ်ဘရီသည် သူ၏မျက်လုံးများကို ဖွင့်လိုက်ပြီး ထိုလူငယ်အား ပြုံးပြလိုက်သည်။ "မစိုးရိမ်ပါနဲ့...မင်းကြောက်နေပြီလား ကောင်လေး..."
ထိုလူငယ်သည် သူ၏နှာခေါင်းကို ပွတ်သပ်ကာ ရယ်မောလိုက်သည်။ "ဆရာ ကျွန်တော့ကို အထင်သေးတာပဲ။ ကျွန်တော်မကြောက်ပါဘူး။ ကျွန်တော်က ဆရာတို့ ဘုရင်အလတ်ဇန္ဒားနဲ့အတူ ဂျက်အင်ပါယာက ကျူးကျော်သူတွေကို တိုက်ခိုက်ခဲ့တဲ့လူပဲ။ ကျွန်တော်က ဒီသူရဲကောင်းတံဆိပ်ကိုတောင် ရထားသေးတယ် ဒီမှာတွေ့လား..." ပြောရင်းဖြင့် သူ၏ လက်ဖ၀ါးကိုဖြန့်ကာ တစ်ဖက်တွင် ဇီးနစ်အင်ပါယာ၏ သိုင်းပညာတောင်တန်း တစ်ဖက်တွင် သူ၏နာမည်ကို ရေးထိုးထားသည့် ငွေရောင်ဆုတံဆိပ်ကို ပြသလိုက်သည်။
ချမ်းဘော့ဒ်ဘုရင်သည် ထိုဆုတံဆိပ်အခု၂၀ကို ကိုယ်တိုင်ဖန်တီးခဲ့ခြင်းဖြစ်ပြီး ဆုတံဆိပ်တစ်ခုခြင်းစီတိုင်းတွင် လက်ခံရရှိသူ၏ နာမည်များကို ရေးထိုးထား၏။ ဖှေးအလံနှစ်စုံမြို့တော်မှ မပြန်မှီအချိန်က သူသည် တိုက်ပွဲတွင်ထူးချွန်ပြောင်မြောက်ခဲ့သည့် သာမန်စစ်သည်များကို ထိုဆုတံဆိပ်များ ချီးမြှင့်ခဲ့ခြင်းပင်။
ရစ်ဘရီနှင့် သူ၏ အစောင့်စစ်သည်များ ဖမ်းဆီးခံခဲ့ရသည့်အချိန်တွင် သူတို့ခန္ဓာကိုယ်အား ရှာဖွေစစ်ဆေးကာ ပစ္စည်းများအားလုံးကို သိမ်းဆည်းသွားခဲ့၏။ သို့သော် မည်ကဲ့လုပ်ခဲ့ကြောင်းမသိသော်လည်း ဤလူငယ်သည် ထိုဆုတံဆိပ်အား ၀ှက်ထားနိုင်ခဲ့ပြီး သူနှင့် သိမ်းထားနိုင်ခဲ့သည်။
ထိုဆုတံဆိပ်အား မြင်လိုက်ရသည့်အချိန်တွင် ရစ်ဘရီ၏မျက်နျာသည် ပို၍ပင်တောက်ပလာ၏။ ထိုဆုတံဆိပ်အား ပြုလုပ်ခဲ့သည့်လူအကြောင်းကို ရုတ်တရက်တွေးလိုက်မိသည်။ "အရှင်မင်းကြီးသာ ဒီမှာရှိနေသေးတယ်ဆိုရင် ဆိုရိုယော့ခ်တို့လိုကောင်တွေက ဒီလိုလုပ်ရဲမှာမဟုတ်ဘူး။ အရှင်မင်းကြီးက စွမ်းအားမြင့်မားပြီးတော့ ဘာကိုမှ ကြောက်တာမဟုတ်ဘူး..."
"ဆာ ဆရာစစ်ဆေးခံနေရတုန်းက ကျွန်တော်တို့ ဆရာ့အတွက် ဒါကို သိမ်းထားလိုက်တယ်။ ဒီမှာ အသားနည်းနည်းလည်းပါတယ်။ ဆရာဒါကို အခုစားလိုက်တော့ ဆရာပြန်ပြီးအားပြည့်သွားရင် ဒီကနေထွက်သွားနိုင်လောက်တယ်..." လူငယ်သည် ဆုတံဆိပ်အား ပြန်သိမ်းလိုက်ပြီး ထမင်းပန်းကန်ုလုံးတစ်ခုကို ထုတ်ယူလိုက်သည်။ ထို့နောက်တွင် သံချောင်းများကို ဖြတ်ကျော်၍ ရစ်ဘရီ၏ အခန်းထဲသို့ တွန်းပို့ပေးလိုက်သည်။
သူတို့ ဖမ်းခံထားရသည်မှာ သုံးရက်ပင်ရှိပြီဖြစ်သော်လည်း အစားစာနှစ်ခါသာလာပေးခဲ့သေးသည်။ ဤထမင်းများသည် သူ၏အစောင့်များသူ့အတွက် ချန်ထားခြင်းဖြစ်ကြောင်းကို သူသိလိုက်ရ၏။ သူဤကိစ္စအား တွေးကြည့်လိုက်မိသည့်အချိန်တွင် ဆိုရိုယော့ခ်နှင့် မတ်၀ပ်ဆန်တို့ကို ပို၍ဒေါသဖြစ်လာခဲ့ပြီး သူ၏ ဂရုမစိုက်ခဲ့မှုကိုလည်း နောင်တရလာခဲ့၏။
"အမှန်တိုင်းပြောရရင် ငါလဲဗိုက်ဆာနေပါတယ်။ ဒီလိုလုပ် ငါတို့တစ်ယောက်တစ်၀က်စားတာပေါ့..." သူ၏ ကိုယ်ရံတော်စစ်သည်သည် သူမစားပါက စားမည်မဟုတ်သည်ကို သိသည့်အတွက်ကြောင့် လူငယ်အားပြောလိုက်၏။ သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ထမင်းတစ်၀က်ကို စားကာ ကျန်ရှိနေသည့်တစ်၀က်ကို ကောင်လေးအား ပေးရန်ပြင်လိုက်သည်။
သုံးရက်လုံးတွင် နှစ်ခါသာ အစာစားရသေးသောကြောင့် မည်သည့်လူမဆို သတိလစ်မေ့မြောသွားနိုင်၏။
လူငယ်သည် ရစ်ဘရီအား ငြင်းရန်ပြင်နေသည့်အချိန်တွင် အကျဥ်းတံခါးရုတ်တရက်ပွင့်လာ၏။
ထို့နောက်တွက် ခြေသံများစွာကို ကြားလိုက်ရ၏။
ရစ်ဘရီ၏ နှလုံးတုန်ခါသွားသည်။ "လာကြပြန်ပြီလား..."
တစ်ဖက်တွင်ရှိသော အကျဥ်းခန်းထဲတွင် စိတ်အေးသည့်ပုံပေါက်အောင်ကြိုးစားနေသည့် လူငယ်သည် ကြောက်လန့်သွား၏။ သူ၏မျက်နှာသည် ဖြူဖက်ဖြူယော်ဖြစ်သွားတော့သည်။ သူ၏ ရဲဘော်၁၉ယောက်လုံး သေဆုံးသွားကြောင်းကို သူသိသော်လည်း ရစ်ဘရီ၀မ်းနည်းမည်စိုးသောကြောင့် မကြောက်ဟန်ပြုနေခဲ့ခြင်းပင်။
သို့သော် သူသည် အသက်၂၀ပင် မပြည့်သေးသည့်လူငယ်တစ်ယောက်ဖြစ်သည့်အတွက်ကြောင့် သူသည် အမှန်တကယ်ပင် ကြောက်လန့်နေမိ၏။
ခြေသံများသည် ပို၍ပို၍နီးကပ်လာနေပြီး သေမင်း၏ ဆင့်ခေါ်သံလိုပင်။
"ဆာ ဆာ ဆရာ ဒီဟာကို သိမ်းထားပေးနိုင်မလား။ ကျွန်တော်တို့ အပြင်ထွက်နိုင်တဲ့အချိန်မှ ကျွန်တော့ကို ပြန်ပေပါ..." ထိုလူငယ်သည် ရုတ်တရက် တစ်စုံတစ်ခုအားတွေးလိုက်မိပြီး တုန်ရီသော အသံဖြင့် သူအမြတ်တနိုးသိမ်းထားသည့် ဆုတံဆိပ်ကို မစ်စတာ ရစ်ဘရီထံသို့ ပစ်ပေးလိုက်သည်။ ထို့နောက်တွင် သူဆက်ပြောလိုက်၏။ "ကျွန်တော်ပြန်မလာနိုင်တော့ဘူးဆိုရင် ကျွန်တော်က ရဲရင့်တဲ့စစ်သည်ကောင်းတစ်ယောက်ဖြစ်ခဲ့ပြီးတော့ နောက်ဆုံးအချိန်မှာတောင် ဒီဆုတံဆိပ်ရဲ့ ဂုဏ်သရေကို ညိုးနွမ်းအောင်မလုပ်ခဲ့ဘူးဆိုတာကို ပြောပေးပါ...."
ရစ်ဘရီသည် ရုတ်တရက် ငိုချင်သလိုခံစားလိုက်ရ၏။
"လာစမ်း လာစမ်း မင်းတို့ ခွေးသားတွေ စောက်ကြောက်တွေ။ ငါ့ကို ခေါ်သွားလေ။ သူ့ကို လွှတ်ပေးလိုက်ပါ။ သူက ကလေးပဲရှိသေးတယ် ဒီလိုကိစ္စတွေထဲမပါသင့်ဘူး။ မင်းတို့ လူသားမဆန်တဲ့ ခွေးသားတွေ။ တစ်နေ့ကျရင် ချမ်းဘော့ဒ်ဘုရင်က ဒီနေရာမှာဘာတွေဖြစ်ခဲ့လဲဆိုတာကို သိသွားလိမ့်မယ်။ အဲ့ကျရင်တော့ မင်းတို့အားလုံးရဲ့နောက်ဆုံးနေ့ပဲ..." ရစ်ဘရီသည် အကျဥ်းခန်းမှ သံတိုင်များကို သူ၏လက်ဖြင့် ဆွဲလှုပ်အာ အရူးတစ်ယောက်ကဲ့သို့ပင် အော်ဟစ်နေ၏။ သူ၏ စိတ်ထဲတွင်ရှိနေသည့် ဒေါသများသည် ပေါက်ကွဲထွက်လာတော့မလိုခံစားနေရ၏။
သို့သော် အဆင့်မြင့်ချပ်၀တ်များကို ၀တ်ဆင်ထားကြသည့် စစ်သည်ခြောက်ယောက်သည် တိတ်ဆိတ်စွာ၀င်လာပြီး ရစ်ဘရီ၏ ဘေးက အကျဥ်းခန်းကို ဖွင့်ကာ ထိုလူငယ်ကို ဆွဲထုတ်လိုက်ကြသည်။
ထိုစစ်သည်များကို ဦးဆောင်လာသည့် ဆွေကြီးမျိုးကြီးသည် ရုတ်တရက် ရစ်ဘရီဘက်ကိုလှည့်ကာ ပြောလိုက်သည်။ "မစိုးရိမ်ပါနဲ့ နောက်နှစ်နာရီဆို ခင်ဗျားအလှည့်ရောက်လာမှာပါ။ ဟီးဟီး အဲ့အချိန်ကျရင် ခင်ဗျား ကျုပ်တို့ကို သတ်ပေးပါတောင်းဆိုနေရမယ်....ချမ်းဘော့ဒ်တိုင်းပြည်အတွက်ကတော့ ဟီးဟီး မင်းသားအာရှဗင်က မကြာခင်မှာအဲ့မိုက်မဲတဲ့ ဘုရင်ကောင်ကို ကိုယ်တိုင်ရှင်းတော့မှာပါ ဟားဟား..."
ခြေသံများသည် အ၀ေးသို့ ပျောက်ကွယ်သွားပြီး အကျဥ်းဂိတ်တံခါးပိတ်လိုက်သည်ကို ရစ်ဘရီ ခံစားလိုက်ရသည်။
ရစ်ဘရီ၏ မျက်လုံးများသည် ပြူးကျယ်နေပြီး သူ၏လက်ချောင်းများသည် အကျဥ်းခန်းသံတိုင်များပေါ်တွင် သွေးရာများကို ချန်ထားခဲ့၏။ သူသည် အလွန်အားနည်းနေပြီဖြစ်သည့်အတွက်ကြောင့် ဘာမှမလုပ်နိုင်ပေ။ သူ၏ အတွင်းအားစွမ်းအင်စီးကြောင်းများ၊ အတွင်းအားစွမ်းအင်ဗဟိုချက်များသည် ဖျက်ဆီးခံထားရ၏။ ယခုအချိန်တွင် သူသည် သာမန်လူထက်အနည်းငယ်သာ ပို၍ သန်မာတော့၏။
သူ၏ ပြင်းထန်သောအသက်ရှူသံများသည် တဖြည်းဖြည်းခြင်းဖြင့် ငြိမ်သက်လာ၏။
သူသည် ကြမ်းပြင်ပေါ်တွင်ထိုင်ကာ ပန်းကန်ထဲတွင်ရှိနေသည့် အစားစာများအားလုံးကို စားလိုက်သည်။ သူသည် အလွန်အာရုံစိုက်ထားပြီး ဆန်တစ်စေ့ကိုမှ ချန်ထားခဲ့ခြင်းမရှိပေ။ ထို့နောက်တွင် သူ၏ မျက်လုံးများကို မှိတ်လိုက်ပြီး သက်လုံစွမ်းအင်များကို ချွေတာနေ၏။
နှစ်နာရီခန့်ကြာသည့်အချိန်တွင် သံမဏိဂိတ်တံခါးသည် ပြန်ပွင့်လာတော့၏။
"ရစ်ဘရီ ဟားဟား စစ်ရေးခေါင်းဆောင်ကြီး ခင်ဗျားအလှည့်ပဲ။ ခင်ဗျားရဲ့ ကိုယ်ရံတော်၂၀ ဘယ်ကို ရောက်သွားလဲဆိုတာကို ခင်ဗျားမသိချင်ဘူးလား။ သွားရအောင် ခင်ဗျား မကြာခင်မှာ သိရပါလိမ့်မယ်..." ရစ်ဘရီအား လာခေါ်သည့် လူမှာ မြို့တော်၀င် ဆိုရိုယော့ခ်ပင်။ ထိုလူ၏ မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သည့်အမူယာတစ်ခုရှိနေ၏။ သူ၏လက်ကို ၀ှေ့ရမ်းလိုက်သည့်အချိန်တွင် ချပ်၀တ်အပြည့်စုံ၀တ်ဆင်ထားသည့် စစ်သည်ခြောက်ယောက်သည် ရစ်ဘရီ၏ အကျဥ်းခန်းထဲသို့ ၀င်ကာ သူ့အားအပြင်သို့ ခေါ်ဆောင်သွားကြတော့သည်။
ရစ်ဘရီသည် လုံး၀ပင်ခုခံခြင်းမရှိပေ။ ထိုအစား သူ၏ စွမ်းအင်များကို ချွေတာထားပြီး ဆိုရိုယော့ခ်နှင့် စစ်သည်များခေါ်ဆောင်သွားရာနောက်သို့ အေးဆေးလိုက်နေလျှက်ရှိသည်။
မြေအောက်အကျဥ်ထောင်သည် အေးစက်စိုစွတ်ပြီး ကြောက်မက်ဖွယ်ကောင်းလှသည်။ အနီးကပ်ကြည့်ပါက နံရံများပေါ်တွင် အမဲရောင်အစက်များပင်ရှိနေပြီး ထိုအမဲရောင်အကွက်များမှ ညှီစို့စို့အနံ့တစ်မျိုးကို ထုတ်လွှတ်ပေးနေလျှက်ရှိသည်။ ထိုအမဲရောင်အစက်များသည် စွန်းထင်းနေသည့် သွေးများပင်ဖြစ်ပြီး နံရံပေါ်တွင်ခြောက်သွေ့သွားခြင်းပင်။
အချိန်ကြာသည့်အချိန်တွင် နံရံပေါ်တွင်စွန်းထင်းနေသည့် အသွေးစက်များသည် အနက်ရောက်အဖြစ်သို့ ပြောင်းလဲသွား၏။
အကျဥ်းခန်းနံရံများသည် မဲနက်နေသည့်အတွက်ကြောင့် ဤအကျဥ်းခန်းထဲတွင် လူပေါင်းမည်မျှအသက်ခံခဲ့ရသည်ကို မည်သူမှမသိပေ။
ငရဲနှင့်မခြားသည့်နေရာတစ်ခုပင်။
"ဟီးဟီး မစ်စတာ ရစ်ဘရီ ပြန်ကြည့်လိုက်မယ်ဆိုရင် ကျုပ်တို့နှစ်ယောက်အတူအလုပ်လုပ်ခဲ့တာ နှစ်ပေါင်း၁၀နှစ်တောင်ကျော်လာခဲ့ပြီပဲ။ ကျုပ်တို့ဆက်ဆံရေးက အမြဲတမ်းတည်ငြိမ်နေခဲ့ပါတယ်။ ဒါပေမယ့် ခင်ဗျားက ချမ်းဘော့ဒ်ဘုရင်လဲရောက်လာရော ကျုပ်ကို စွန့်ပစ်ခဲ့တာပဲ။ ခင်ဗျားက မိတ်ဆွေဟောင်းတွေကိုတောင် ချမ်းဘော့ဒ်ဘုရင်ကွပ်မျက်တာကို ဒီတိုင်းကြည့်နေခဲ့တယ်ပေါ့။ အဲ့သောက်ဘုရင်ဘက်ကို ခင်ဗျားချက်ချင်းပါသွားတာလား။ ခင်ဗျား အတော်ယုတ်မာတဲ့လူပဲ..." ဆိုရိုယော့ခ်သည် ရစ်ဘရီအား ယုံကြည်ချက်ရှိသည့် အပြုံးတစ်ခုနှင့်အတူ ခနဲံလိုက်၏။ သူသည် အခြေအနေတစ်ခုလုံးကို ထိန်းချုပ်ထားနိုင်သည့်အတိုင်းပင်။
ရစ်ဘရီသည် သူ့အား မော့ကြည့်ပြီး ပြန်ပြောလိုက်၏။ "အခုတော့ ကျုပ်လဲနောင်တရပါပြီ။ အဲ့ကတည်းက အရှင်အလတ်ဇန္ဒားကို သောက်သုံးမကျတဲ့ ခင်ဗျားကို သတ်ဖို့မပြောခဲ့လိုက်ခဲ့မိတာကို..."
ဆိုရိုယော့ခ်၏ မျက်နှာပေါ်တွင် ဒေါသဖြစ်သည့်အရိပ်ယောင်များနှင့်လွှမ်းခြုံသွား၏။ သို့သော် ထို့နောက်တွင် ရယ်သံများထွက်ပေါ်လာတော့သည်။
"ဘာလို့လဲ...အဲ့သောက်ပိန်းဘုရင်က မင်းသားအာရှဗင်သတ်တာ အခုမဟုတ်တောင် နောက်ကျရင်ခံတော့မှာပဲ။ အဲ့အလတ်ဇန္ဒားဆိုတဲ့ကောင်ကိုယ့်အခြေနေကိုယ်ပြန်ကြည့်သင့်တယ်။ သူက မင်းသားအာရှဗင်ကိုတောင် သွားပြီးတော့ ယှဥ်ရဲတယ်ပေါ့။ ခင်ဗျားလဲ သူ့ဘက်မှာဆက်နေနေမယ်ဆိုရင် လွယ်လွယ်ကူကူအသတ်ခံရတော့မှာပဲ။ ဘာပဲပြောပြော ကျုပ်တို့က အရင်တုန်းက အလုပ်အတူတူလုပ်ခဲ့ကြတဲ့ မိတ်ဆွေတွေမို့လို့ ခင်ဗျားကို နောက်ဆုံးအခွင့်ရေးတစ်ခုပေးလိုက်မယ်။ ခင်ဗျားကသာ ဘုရင်အလတ်ဇန္ဒားကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတစ်ခုကို သက်သေခံပေးမယ်ဆိုရင် ကျုပ်ကလည်း သံတမန်တော်ကြီး မတ်၀ပ်ဆန်ကို ခင်ဗျားကို ချမ်းသာပေးဖို့ ပြောပေးမယ်.." မြို့တော်၀င်ဆိုရိုယော့ခ်သည် ရစ်ဘရီအား ခြံခုန်ရန်ကြိုးစားကြည့်လိုက်၏။
"ဟ မစ်စတာ အလတ်ဇန္ဒားက စွမ်းအားမြင့်မားတဲ့ သိုင်းဆရာတစ်ယောက်ပဲ။ ဘယ်သူမှ သူ့ကို အန္တရာယ်ပေးနိုင်မှာမဟုတ်ဘူး။ ခွေးသားကြီး ကျုပ်ဆိုတဲ့ ရစ်ဘရီက သူရဲကောင်းတစ်ယောက်မဟုတ်ပေမယ့် ခင်ဗျားလို သခင်ရှေ့မှာ အမြှီးနှံ့ပြနေမယ့် ခွေးတစ်ကောင်တော့မဟုတ်ဘူး..."
"ခင်ဗျား..." ဆိုရိုယော့ခ်သည် သူ၏ဒေါသကို ဆက်လက်ထိန်းချုပ်နိုင်ခြင်းမရှိတော့ပေ။
သူ၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သည့် အမူယာတစ်ခုပေါ်လာပြီး သူသည် ရစ်ဘရီ၏ ဒဏ်ရာများဖြင့် ပြည့်နှက်နေသည့် ကြောကုံးကို ပြင်းထန်စွာပွတ်လိုက်သည်။ ရစ်ဘရီ၏ မျက်နှာပေါ်တွင် နာကျင်သည့် အမူယာများပေါ်လာသည့်အချိန်မှသာ ဆိုရိုယော့ခ်အော်ဟစ်လိုက်သည်။ "ကောင်းပြီလေ ခင်ဗျားရွေးချယ်မှုအတိုင်း သေရမယ့်အချိန်ကိုပဲ စောင့်လိုက်တော့။ မကြာခင်မှာပဲ ခင်ဗျားအစောင့်စစ်သည် ၂၀လိုပဲ သေချင်လာမှာပါ..."
ရစ်ဘရီ၏ မျက်နှာအရောင်ပြောင်းလဲသွားပြီး သူစိုးရိမ်စွာဖြင့် မေးလိုက်သည်။ "ခင်ဗျားတို့ ကျုပ်ညီကိုတွေကို ဘာလုပ်လိုက်ကြတာလဲ..."
တစ်စုံတစ်ခုကို ပြန်စဥ်းစားလိုက်မိသည့်အတွက်ကြောင့် ဆိုရိုယော့ခ်၏ မျက်လုံးများထဲတွင် ကြောက်လန့်သည့်အရိပ်ယောင်များပြန်ပေါ်လာ၏။ ထို့နောက်တွင် သူရယ်မောကာ ပြောလိုက်သည်။ မစိုးရိမ်ပါနဲ့ ခင်ဗျားမကြာခင်မှာ သိရမှာပါ..."