အပိုင်း(၁၅၀)-ပေါင်းစပ်မှုအောင်မြင်ခြင်းနှင့် အသွင်ပြောင်းခြင်း
Vol. 002 Ch. 150
ဖက်တီးကျူ ဒဏ်ရာရထားသည်ကို မြင်သည်နှင့် ရှီမာယူယူသည် ကြင်နာစွာဖြင့် ဝက်ခြေထောက်ကင် ပြင်ပေးလိုက်သည်။ ထိုသို့ပြုလုပ်ရာတွင် အစွယ်ရှိဝက်အား နှစ်ပိုင်းခွဲကာ နောက်နေ့များအတွက် အသားဟင်းအဖြစ်သုံးရန် စီစဉ်လိုက်သည်။
သူမ ချက်ပြုတ်နေစဉ်တွင် ဖက်တီးကျူသည် ထိုင်ကာ အနားယူနေသည်။ သူမ ပြီးသည်နှင့် သူအားပြန်ပြည့်က လျှောက်လာခဲ့သည်။
“အမလေး မွှေးလိုက်တာ” ဖက်တီးကျူလျှောက်လာသည်။ ရှီမာယူယူအားလုံးပြင်ဆင်ပြီး လက်ရှိတွင် ဝက်ခြေထောက်များကင်နေသည်ကို မြင်သည်နှင့် သူပြောလိုက်သည် “ငါဒီအတိုင်းပြောလိုက်တာပါ၊ ယူယူ မင်း ဝက်ခြေထောက်ကို ဘယ်လိုကင်ရမလဲဆိုတာ မင်းတကယ်သိတာပဲ၊ မွှေးလိုက်တာ”
ရှီမာယူယူသည် ဝက်ခြေထောက်ဟင်းထဲသို့ နောက်ဆုံးပါဝင်ပစ္စည်းကို ထည့်ပြီးနောက် သူ့အား ခပ်မိုက်မိုက်ပုံစံဖြင့်ကြည့်ပြီး ပြောလိုက်သည် “တစ်ယောက်ယောက်က အရမ်းစားချင်နေလို့ ငါ့ကိုခြိမ်းခြောက်ရင်တောင် မင်းလည်းအဲဒါကို အရမ်းစားချင်နေတယ်ဆိုရင် ငါမင်းကိုပဲပေးဖို့ ဆုံးဖြတ်လိုက်မှာပဲ”
“ဟား ဟား ယူယူ မင်းအကောင်းဆုံးပဲ အနာဂတ်မှာ မင်းကိုဘယ်သူလက်ထပ်မလဲတော့ မသိပေမယ့် အဲလူကတော့ ကံကောင်းတာပဲ” ဖက်တီးကျူသည် သားရည်ကျရင်းနှင့် ကြွေးကြော်လိုက်သည်။
“ငါလက်ထပ်ဖို့ အစီအစဉ်မရှိဘူး” ရှီမာယူယူသည် ပြောရင်းနှင့် ပခုံးတွန့်လိုက်သည် “ငါ့ကိစ္စတွေဖြေရှင်းပြီးရင် ငါတော့အပျိုဟိုင်းဖြစ်နေလောက်ပြီ”
“စစ်သူကြီးနဲ့ တခြားသူတွေကယ်ပြီးတော့ ဘာလုပ်စရာရှိသေးတာလဲ” ဖက်တီးကျူသည် ကင်ပြီးသော ဝက်ခြေထောက်အား ကိုင်ရန် လက်ကိုဆန့်ထုတ်လိုက်သော်လည်း သူ့လက်အား ရှီမာယူယူ ရိုက်ချလိုက်လေသည်။
“ဟုတ်သားပဲ ယူယူ စစ်သူကြီးရှီမာကို ကယ်တာအပြင် မင်းမှာဘာလုပ်စရာရှိသေးတာလဲ” ဝေကျိရွှီ သိချင်စိတ်ဖြင့်မေးလိုက်သည်။
ရှီမာယူယူ ပြုံးလိုက်သော်လည်း ပြန်မဖြေပေ။
သူမတွင် လုပ်စရာအလုပ်များကျန်သေးသည်။ ရှီမာလိုင်နှင့် တခြားသူများကို ကယ်ခြင်းအပြင် သူမ ဖခင်အရင်းနှင့် သူမ ဘဝမှန်၏ နာကြည်းချက်များကို ဖြေရှင်းရမည်။ သူမ၏ မှတ်ဉာဏ်များသည် အလုံးစုံမမှတ်မိသော်လည်း သူမ အိမ်မက်ထဲတွင် ရှီမန်မျိုးနွယ်သည် လက်စားချေရန် သူမအားစောင့်နေသည်ကို ပြသနေသည်။
ထိုကိစ္စများအပြင် မိုရှားအား ကူညီ၍ သူ့လိပ်ပြာတစ်ခြမ်းအားရှာပေးရဦးမည်။ အရင်ဘဝက မိုရှား၏ စွမ်းအင်သည် မနိမ့်လှသည်ကို သူမ ခန့်မှန်းမိသည်။ သူနှင့် အပြန်အလှန်တုံ့ပြန်နေခြင်းသည် နတ်ဆိုးလောကနှင့် သဘောတူညီချက်ရခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သူမအတွက်တော့ ခေါင်းကိုက်စရာဖြစ်သည်။
သူမ ဟင်းလျာများကို ပြင်ဆင်ပြီးချိန်တွင် ဖက်တီးကျူအား ဝက်သားကင်ပေးလိုက်သည်။ သူသည် နေ့လည်ကတိုက်ခိုက်ရာတွင် မုန်သုန်နေသည့် အမူအရာမှ သွေဖယ်ကာ ပျော်ရွှင်စွာ စားသောက်နေခဲ့သည်။
နေ့လည်စာ စားပြီးချိန်တွင် အားလုံးသည် တောင်ဆီသို့ဆက်သွားကြသည်။ အထဲနှင့် နီးကပ်စွာရောက်လာခြင်းကြောင့် ဖြစ်နိုင်သည်၊ သူတို့သည် နေ့လည်တွင် အဆင့် အမြင့်ဝိညာဉ်သားရဲနှစ်ကောင်တွေ့လိုက်သည်။
သာမာန်အားသာရှိသော အစွယ်ရှိဝက်နှင့် မတူညီသော ဝိညာဉ်သားရဲနှစ်ကောင်သည် အနိုင်ရရန် ခက်ခဲလှသည်။ ပထမတစ်ကောင်အား ရှီမာယူယူနှင့် ဘေဂုံထန်တို့အနိုင်ယူပြီး နောက်တစ်ကောင်အား ဝူရန်ဖေနှင့် ဝေကျိရွှီတို့ သတ်ခဲ့ကြသည်။
ကိစ္စများရှင်းလင်းပြီးနောက် အားလုံးသည် စမ်းချောင်းငယ်တစ်ခုအနားတွင် စခန်းချကြသည်။ နေ့လည်က ဖြစ်ခဲ့သော တိုက်ပွဲများကြောင့် အားလုံးသည်ဒဏ်ရာကိုယ်စီရလာကြကာ စောစောနားရန် ဆုံးဖြတ်လိုက်ကြပြီး ဝိညာဉ်သားရဲများကိုသာ အစောင့်ထားလိုက်ကြသည်။
ရှီမာယူယူ အရင်ဆုံးအနေနှင့် ရွှေမြွေအသီးပင်အား ထုတ်ယူပြီးနောက် ဒဏ်ရာများသက်သာစေရန် ဆေးသောက်လိုက်သည်။ အချိန်တိုအတွင်းတွင် သူမ မျက်စိဖွင့်ကာ အိမ်ရာပေါ်မျ ဆင်းလိုက်သည်။ သူမ ဆေးဖိုနှင့် ဆေးဖက်ဝင်ပစ္စည်းများထုတ်ကာ ဆေးဖော်တော့သည်။
သူမသည် ရှီမာမျိုးနွယ်အတွက် ဆေးထုတ်လုပ်ခြင်းတွင် တာဝန်ရှိဆဲဖြစ်သောကြောင့် နားချိန်တွင် ပုံမှန်အားဖြင့် ဆေးဖော်လေ့ရှိသည်။ ထို့နောက်တွင် သဘောတူထားသော နေရာသို့ ဟိန်းသံလေးအားလွှတ်ကာ ဆေးယူရန်လာသော လူဆီသို့ထည့်ပေးလိုက်သည်။
တစ်ချိန်တည်းမှာပင် သူမ ဆေးဖော်ခြင်းကျမ်းကို လေ့ကျင့်သည်။
ညဉ့်နက်ပိုင်းတွင် သူမဆေးမဖော်ပဲ ကျင့်ကြံခြင်းသို့မဟုတ် နေရာများအာရုံခံခြင်းကို လုပ်လေ့ရှိသည်။ သည်လိုနှင့် သူမ အာရုံခံနိုင်သော နေရာပမာဏမှာ ကျယ်လာပြီး သူမသည်လည်း ပိုပိုပြီးနားလည်လာရသည်။ လောကကြီးအား ကြည့်သော သူမအမြင်မှာလည်း ပြောင်းလဲလာသည်။
အခုတော့ နေရာဆိုသည်မှာ နားမလည်နိုင်သောအရာမဟုတ်တော့ပေ။ နေရာသည်လည်း ဘဝကဲ့သို့ပင် ပြောင်းလဲသွားသော အချိန်ရှိသည်။
တောင်သို့ဝင်သော လတစ်ဝက်အကြာတွင် သူုတို့သည် သဘာဝလိုဏ်ဂူအားတွေ့လိုက်သည်။ ထိုဂူ၏ အထဲသို့ဝင်ပေါက်သည် မှောင်မိုက်နေခဲ့သည်။ အားလုံးသည် ရှင်းလင်းပြီး နေရာများ ပြုလုပ်ပြီးနောက် ကိုယ်ပိုင်အခန်းများ ခင်းကျင်းလိုက်ကြသည်။ ထိုနေရာများ လက်ရှိအတွက် အခြေစိုက်စခန်းအဖြစ်သုံးလိုက်ကြသည်။
မနက်တွင် အတွဲလိုက် ဝိညာဉ်သားရဲများရှာဖွေကာ တိုက်ခိုက်မှုလေ့ကျင့်ကြပြီး ညပိုင်းတွင် တစ်မျိုးတစ်မည် စီစဉ်ကြသည်။ သူတို့တစ်နေ့လုံး အစီအစဉ်ကို ရှီမာယူယူဆွဲသည်။
သို့သော် ရွှေမြွေအသီးသည် လရောင်လိုအပ်သဖြင့် ညများတွင် ရှီမာယူယူအပြင်မှာပဲနေခဲ့သည်။
ဒီနေရာတွင် ဝိညာဉ်ချီများထူထပ်သောကြောင့် သူတို့တိုက်ခိုက်သည့် အချိန်တိုင်းတွင် သူတို့၏ ဝိညာဉ်ချီပြန်အားပြည့်သည်မှာ အချိန်တစ်ခုသာကြာသည်။ အချိန်တိုင်းတွင် အကျိုးအမြတ်တစ်ခုတော့ ခံစားရမြဲဖြစ်သည်။
တောင်တွင် နေထိုင်ရာ တစ်လအကြာတွင် ရှီမာယူယူသည် အဆင့်ကိုးဝိညာဉ်သခင်အဖြစ်အဆင့်တက်သည်။ နောက်တစ်လအကြာ သူတော်စင်သားရဲများနှင့် တိုက်ခိုက်ပြီးနောက်တွင် သူမ ဝိညာဉ်သခင်အဆင့်များကို ကျော်ဖြတ်ကာ အဆင့်မြင့် ဝိညာဉ်သခင် ပထမအဆင့်ဖြစ်လာသည်။
ထိုညတွင် အဆင့်မြင့်ဝိညာဉ်သခင်ဖြစ်လာခြင်း၏ သက်ရောက်မှုကို သူမ နတ်ဆိုးညွှတ်လက်ကောက်မှ လှုပ်ရှားမှုကိုခံစားရချိန်တွင် သဘောပေါက်သွားရသည်။ သူမ ဟိန်းသံလေးအားလျင်မြန်စွာခေါ်ကာ နယ်နိမိတ်တစ်ခုအား ဖန်တီးခိုင်းလေသည်။
စည်းတားပြီးသည်နှင့် မိုရှားသည် ဂူထဲတွင်ပေါ်လာသည်။
“ပြီးသွားပြီလား” ရှီမာယူယူသည် စိတ်လှုပ်ရှားစွာမေးလိုက်သည်။
စဉ်းစားကြည့်လျှင် မိုရှားဆီမှ သတင်မကြားရသည်မှာ နှစ်တစ်ဝက်လောက်ရှိပြီဖြစ်၍ ဝိညာဉ်ပုလဲ ပေါင်းစပ်ခြင်းဖြစ်စဉ်အတွင်းတွင် တစ်ခုခုဖြစ်မည်ကို သူမ စိုးရိမ်ခဲ့သည်။ သူမသည် မိုရှားမလုပ်နိုင်မည်ကို စိုးရိမ်နေသကဲ့သို့ သူမ၏ ဝိညာဉ်ပုလဲထိခိုက်မည်ကိုလည်း စိုးရိမ်ခဲ့သည်။ သို့သော် သူ သူမအား မဆက်သွယ်သဖြင့် သူမ အလောတကြီး မဆက်သွယ်ရဲပေ။
မိုရှားခေါင်းညိတ်ပြီးနောက်တါင် စေတီငယ်သည် သူမရှေ့တွင်ပေါ်လာသည် ထိုအရာသည် အရင်က ဘုံခုနှစ်ဆင့် စေတီနှင့် ကွဲပြားခြင်းသိပ်မရှိပေ။
“ဘုံခုနှစ်ဆင့် စေတီလား၊ ဒါဆို ဝိညာဉ်ပုလဲကရော” ရှီမာယူယူသည် စေတီငယ်အားကြည့်ပြီး မေးလိုက်သည်။
“မင်းနဲ့ ဒါနဲ့ ဆက်သွယ်မှုရှိလားဆိုတာ စမ်းကြည့်ပြီး မြင်အောင်ကြည့်ကြည့်” မိုရှားပြောလိုက်သည်။
ရှီမာယူယူ စေတီငယ်အားကောက်ယူပြီး ခံစားနိုင်ရန် မျက်စိမှိတ်လိုက်သည်။ သူမ နှင့် စေတီတို့ ဆက်သွယ်မှုကို ခံစားရသည်။ သူမ တွေးလိုက်ရာ သူမ၊ မိုရှားနှင့် ဟိန်းသံလေးတို့သည် မတူညီသော ပတ်ဝန်းကျင်တစ်ခုအထဲသို့ ရောက်ရှိသွားကြသည်။
“ဝိညာဉ်လေးဘယ်မှာလဲ”
ရှီမာယူယူ ပတ်ကြည့်သော်လည်း ဝိညာဉ်လေး၏ အရိပ်အယောင်အား မမြင်မိပေ။
“ငါဒီမှာ” ဝိညာဉ်လေးသည် လေးထဲတွင် တဖြည်းဖြည်းပေါ်လာသည်။
ရှီမာယူယူ ခြေလှမ်းလှမ်းလိုက်ကာ ဝိညာဉ်လေးအား ကြည့်ပြီး ဖက်ထားလေသည်။ သူမ သူ့ပါးအား ဆွဲရန် လက်ဆန့်ထုတ်လိုက်သော်လည်း သူမလက်အား ပုတ်ချလိုက်သည်။
“အင်း၊ ညှိနှိုင်းလို့မရတဲ့ ပုံစံပေါက်နေတာကို ကြည့်ရတာ အရင်က ဝိညာဉ်လေးဖြစ်နေတုန်းပဲ” ရှီမာယူယူ ပြောပြီး ဝိညာဉ်လေးအား ဖက်ကာ နမ်းလိုက်လေသည်။
“ဟင်း ဟင်း ငါပဲလေ သေချာတာပေါ့” ဝိညာဉ်လေးသည် မရှိသော တံတွေးအား သုတ်ပစ်လိုက်ပြီး ရှီမာယူယူ အား အိမ်ထောင်သည်မိန်းကလေးအားကြည့်သည့်အကြည့်နှင့် ကြည့်လိုက်သည်။ ထိုအကြည့်မှာ ရှီမာယူယူအားပျော်ရွှင်သွားစေသည်။
“မိုရှား မင်းဘယ်လိုနေလဲ” မိုရှား၏ လိပ်ပြာသည် အရင်ကထက်မှေးမှိန်နေသည်ကို ရှီမာယူယူ မြင်သော် စိုးရိမ်စွာနှင့် မေးလိုက်သည်။
“အဆင်ပြေတုန်းပဲ အရေးမကြီးပါဘူး” မိုရှားပြောလိုက်သည်။
“ကြည့်ရတာ မင်းရဲ့လိပ်ပြာက အရင်ကထက်မှိန်သွားပြီနဲ့တူတယ်” ရှီမာယူယူပြောလိုက်သည်။
“ငါ့ရဲ့ ဝိညာဉ်စွမ်းအင်က နည်းနည်းလောက်ပြန့်လာရုံပါပဲ” မိုရှားသည် ဂရုမစိုက်သလိုပြောလိုက်သည်။
သူ၏ လက်ရှိအခြေအနေသည် မကောင်းသည်ကို ရှီမာယူယူသိသည်။ သို့သော် သူ ထိုသို့ပြုမူနေခြင်းသည် သူမအား မစိုးရိမ်စေလိုသည်ကိုလည်း သိသည်။
“ငါ ရွှေမြွေသီးအပင်ကို ကောင်းကောင်းဂရုမစိုက်နိုင်ဘူး” ရှီမာယူယူ အပြစ်ရှိသည့် ပုံစံဖြင့်ပြောလိုက်သည်။
“ငါသိတယ်” မြန်မြန်ခြောက်သွေ့သွားသည့် ရွှေမြွေသီးအပင်အား မိုရှားတွေ့သည်မှာ ကြာပြီ။
“မင်းရက်နည်းနည်းလောက် ပြန်ပြုစုလိုက်တာနဲ့ ပြန်ကောင်းသွားမှာပါ” ဝိညာဉ်လေးပြောလိုက်သည်။ “ပြီးတော့ ညတိုင်း ထုတ်စရာမလိုတော့ဘူး”
“ဘာဖြစ်လို့လဲ” ရှီမာယူယူ ခေါင်းငုံ့ကာ ဝိညာဉ်လေးအားကြည့်ပြီးမေးလိုက်သည်။
“တုံးလိုက်တဲ့ပိုင်ရှင်ရယ်၊ ဒီနေရာရဲ့ ပြောင်းလဲတာကို သတိမထားမိဘူးလား” ဝိညာဉ်လေးသည် အထက်စီးဆန်စွာပြောလိုက်သည်။
“ငါဝင်လာတုန်းက မင်းတို့ကိုပဲ စစ်ဆေးနေတာလေ၊ ဒီနေရာမှာဖြစ်နေတဲ့ ပြောင်းလဲတာတွေကို သတိမထားမိတာ ဖြစ်သင့်တာပဲ” ရှီမာယူယူသည် ပတ်ဝန်းကျင်အားအကဲခတ်ကာ ပြောလိုက်သည် “ဒီနေရာနဲ့ အရင်နေရာနဲ့က ဘာတွေကွာသွားလို့လဲ”
ဝိညာဉ်လေးသည် ရှီမာယူယူအားပြောလိုက်သည် “မင်းခေါင်းကို အောက်ငုံ့ကြည့်လိုက်ဦး”
ရှီမာယူယူ ငုံ့ကြည့်ရာ သူမအရိပ်အားတွေ့လိုက်ရသည်။ သူမ ခေါင်းမော့လိုက်ရာ ထိုနေရာတွင် ပြာလဲ့သော ကောင်းကင်နှင့် တိမ်တိုက်များ၊ တောက်ပသော နေတောင် ရှိလိုက်သေးသည်။