အခန်း (၇၃၃)
Vol. 47 Ch. 733
"ချမ်းဘော့ဒ်ဘုရင် လက်မြှောက်လိုက်သည့်အချိန်တွင် မင်းသားအာရှဗင်၏ ဘေးပတ်ပတ်လည်တွင်ရှိနေကြသည့် စစ်သည်များ၊ သိုင်းဆရာများအားလုံးစိုးရိမ်သွားမိကြသည်။ သူတို့သည် မင်းသားအား ကာကွယ်စောင့်ရှောက်နေသူများဖြစ်ပြီး အကယ်၍ ချမ်းဘော့ဒ်ဘုရင် စိတ်လွတ်ပြီး မင်းသားအား သတ်ဖြတ်လိုက်မည်ကို စိုးရိမ်သည့်အတွက်ပင်။ ထိုကဲ့သို့ဖြစ်ပါက ဖြစ်ရပ်ဆိုးတစ်ခုဖြစ်သွားပေလိမ့်မည်ဖြစ်သည်။
"၀ှစ်.."
လိမ္မော်ရောက်မီးတောက်ကဲ့သို့သောအရာတစ်ခုသည် ကောင်းကင်ပေါ်မှကျလာပြီး ထိုအရာသည် မီတာ၀က်ခန့်ရှည်လျား၏။ သို့သော် ထိုအရာမှ မှော်စွမ်းအင်များ အတွင်းအားစွမ်းအင်အရိပ်ယောင်များကို ခံစားရခြင်းမရှိခြေ။
"အား မဟုတ်ဘူး။ အရှင့်သား ကျေးဇူးပြုပြီး ကျွန်တော့ကိုကယ်ပါဦး..." ကြောက်မက်ဖွယ်ကောင်းသည့် အော်ဟစ်သံများကို ထိုမီးတောက်ထံမှ ကြားလိုက်ကြရသည်။
ထိုအသံကို ကြားလိုက်ရသည့်အချိန်တွင် သူ၏မျက်နှာအမူယာသည် ချက်ချင်းပင်ပြောင်းလဲသွား၏။ သူသည် ထိုအသံနှင့် အလွန်ရင်းနှီးနေသလိုခံစားမိသည့်အတွက်ပင်။
"ဖယ်ကြစမ်း.." သူသည် အရှေ့တွင်ရှိသည့် စစ်သည်များကို တွန်းထုတ်လိုက်၏။
နောက်အခိုက်တန့်တစ်ခုတွင် ထိုမီးတောက်သည် မြေပြင်ပေါ်သို့ ကျဆင်းလာ၏။ သို့သော် ပျက်ဆီးသွားခြင်းမရှိပေ။ ချမ်းဘော့ဒ်ဘုရင်သည် အတွင်းအားစွမ်းအင်အား ကောင်းမွန်စွာထိန်းချုပ်နိုင်သည်မှာ ထင်ရှားလှသည်။
ဖြှေးညှင်းစွာပင် ထိုအရာ၏ ဘေးပတ်ပတ်လည်တွင် တောက်လောင်နေသည့်မီးတောက်များ ကွယ်ပျောက်သွားပြီး မီးလောင်ထားသည့် လူတစ်ယောက်အားမြင်လိုက်ရသည်။ ထိုလူ၏ အသားများသည် မီးလောင်ထားကာမဲနက်နေပြီး ထိုလူလှုပ်ရှားလိုက်သည့်အချိန်တိုင်းတွင် ကွဲအက်ပြီးသွေးများစိမ့်ထွက်လာမည်ဖြစ်သည်။ သို့သော် သူ၏မျက်နှာကိုမူ စွမ်းအင်အလွှာတစ်ခုက ကာကွယ်ပေးထားပုံရပြီး လောင်ကျွမ်းခြင်းမရှိသေးပေ။
ထိုမီးလောင်ထားသည့်လူသည် သူ၏လက်ကိုဖြှေးညှင်းစွာဆန့်တန်း၍ မင်းသားအာရှဗင်အား ကြမ်းရှသည့်အသံတစ်ခုနှင့်အတူပြောလိုက်သည်။ "မင်းသား အရှင့်သား ကျွန်တော်မျိုးကို ကယ်ပါဦး..."
ထို့နောက်တွင် သူ၏ခန္ဓာကိုယ်သည် တောင့်တင်းသွားကာ ထိုနေရာ၌ပင် သေဆုံးသွား၏။
ထိုလူသည် အာရှဗင် အလံနှစ်စုံမြို့တော်သို့ အထူးသံတမန်အနေဖြင့် စေလွှတ်ထားသည့် မတ်တ်၀ပ်ဆန်ပင်။ ထိုလူအား ချမ်းဘော့ဒ်ဘုရင်သည် မင်းသားအား ဖီဆန်သည့်အနေဖြင့် မင်းသားရှေ့မှောက်တွင် သတ်ပြလိုက်ခြင်းပင်။
"အလတ်ဇန္ဒား..." သူသည် ဖှေးအား ရက်စက်ကြမ်းကြုတ်စွာစိုက်ကြည့်ရင်းအော်ဟစ်လိုက်သည်။ သူ့အား ဇီးနစ်စစ်ပွဲနတ်ဘုရားဟု ခေါ်ဆိုကြခြင်းမှာအကြောင်းမဲ့မဟုတ်ပေ။ သူ၏ အရှိန်၀ါနှင့် သတ်ဖြတ်လိုသော ဆန္ဒတို့မှာ ကြီးမားလှသည်။ သာမန်လူများသာ ဤအော်ဟစ်သံကို ကြားလိုက်ရပါက ကြောက်ရွံ့တုန်လှုပ်ပြီးချက်ချင်းပင် ဒူးထောက်လိုက်မိကြမည်ဖြစ်သည်။
သို့သော် ဖှေးအတွက်မည်သည့်သက်ရောက်မှုမှမရှိချေ။ အော်ဟစ်ရယ်မောမှုဖြင့်သာ တုန့်ပြန်လိုက်၏။
"ဟားဟား မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးပဲ။ ငါက ဒီနေရာကို လက်ဆောင်တစ်ခုပြန်ပေးဖို့ရောက်လာခဲ့ပါပဲ..." ဖှေးသည် ကစဥ့်ကလျားပုလ္လင်ပေါ်တွင် ရပ်နေရင်းဖြင့် မင်းသားအာရှဗင်အား ငုံ့ကြည့်ကာ သတ်ဖြတ်မှုများနှင့် မစိမ်းကားသော နတ်ဆိုးတစ်ကောင်ကဲ့သို့ ပေါ့ပေါ့ပါးပါးလေသံဖြင့်ပြောလိုက်၏။ "အရှင်က အလံနှစ်စုံမြို့တော်ကိုရောက်လာပြီး လူတိုင်းကိုနှုတ်ပိတ်သတ်ဖြတ်ဖို့ကြိုးစားခဲ့တာပဲ။ အဲ့လိုဆို ဒါအတွက်လဲပြင်ဆင်ထားသင့်တယ်။ အရှင်က ကျွန်တော့ကို ရက်စက်ကြမ်းကြုတ်တယ်ထင်နေတာလား။ တကယ်လို့ အရှင်သာ အရှင့်လူယုံတွေမြို့တော်ထဲမှာ ဘာတွေလုပ်နေလဲသိရင် ဒီလိုဒေါသဖြစ်နိုင်မှာမဟုတ်တော့ဘူးထင်တယ်..."
သူသည် မတ်တ်၀ပ်ဆန်အား ကောင်းကင်ပေါ်မှ ပစ်ချလိုက်ခြင်းသည် သူ့အား အရှင်လတ်လတ်အရေခွံစုတ်ခံရသည်နှင့်တူညီသည့် နာကျင်မှုမျိုးကိုခံစားစေချင်သည့်အတွက်ပင်။ ထိုလူ နန်းတော်၏ ကာကွယ်စောင့်ရှောက်သူထရေ့စ်အား ပညာပေးခဲ့သလိုမျိုးပင်။ သူသည် ဤလူများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည့် ရစ်ဘရီ၏ စစ်သည်၁၉ယောက်အတွက် လက်စားချေပေးလိုသည့်အတွက်ပင်။
ဖှေးသည် မတ်တ်၀ပ်ဆန်အား ချမ်းသာပေးရန်စီစဥ်ထားခြင်းမရှိပေ။
"မင်းကိုယ်မင်းဘာထင်နေလဲ။ မင်းကများင့ါကိုစွတ်စွဲရဲတယ်ပေါ့။ မင်းမှာ င့ါကို လက်ညိုးထိုးနိုင်တဲ့အဆင့်မရှိဘူး။ ဇီးနစ်မြို့သူမြို့သားတွေအကုန်လုံး ငါ့အမိန့်အောက်မှာရှိတယ်။ ဇီးနစ်အင်ပါယာရဲ့ အမွေဆက်ခံသူမင်းသားတစ်ပါးအနေနဲ့ ငါလုပ်ချင်တာလုပ်လို့ရတယ်။ ငါက နှစ်တစ်ရာကျော်ရန်ဘက်အင်ပါယာဖြစ်တဲ့ စပါတပ်အင်ပါယာကိုလည်းအနိုင်ယူနိုင်ခဲ့တာပဲ။ မင်းက ငါ့ကို ဒီလိုစွပ်စွဲရဲတယ်ဆိုတာ အတော်မိုက်မဲတဲ့အပြုမူပဲ..." အာရှဗင်သည် သူ၏ ခေါင်းကိုခါရမ်းကာ မတ်တ်၀ပ်ဆန်၏ မီးလောင်ကျွမ်းကာ နံစော်နေသည့်အလောင်းကို ဘေးသို့ တွန်းပို့လိုက်ပြီး ဖှေးအားပြောလိုက်သည်။
အင်ပါယာစစ်ဘက်ဆိုင်ရာ ဌာနချုပ်မှ အရာရှိများနှင့် မင်းသားအာရှဗင်၏ ဘေးပတ်ပတ်လည်တွင်ရှိနေသည့် စစ်သည်များအားလုံး အေးစက်မှုကို ခံစားလိုက်ရ၏။ ဤအရာသည် ပထမဆုံးအနေဖြင့် မင်းသားဤကဲ့သို့ ပြုမူနေသည်ကို မြင်ဖူးခြင်းပင်။ မင်းသားသည် ပုံမှန်အားဖြင့် ကြင်နာတတ်ပြီး ဉာဏ်ပညာရှိရှိပြုမူတတ်သော်လည်း ယခုအချိန်တွင် ရက်စက်ကြမ်းကြုတ်၍ ဘ၀င်မြင့်နေသကဲ့သို့ ပြုမူနေသည့်အတွက်ပင်။ မင်းသားနှင့် နီးနီးကပ်ကပ်နေခဲ့ဖူးသည့်လူများအတွက် အလွန်ထူးဆန်းသလိုခံစားနေရ၏။
ဖှေးသည် မင်းသားအာရှဗင်အား ငုံ့ကြည့်နေရင်းဖြင့် အနည်းငယ်အံ့သြသွား၏။
သူသည် မျက်နှာပေါ်တွင် ထူးဆန်းသည့်အမူယာတစ်ခုဖြင့် အချိန်အတန်ကြာမျှတိတ်ဆိတ်နေ၏။
ထိုနောက်တွင် သူ၏ခေါင်းကို ခါရမ်းကာပြောလိုက်သည်။ "ကောင်းတယ်။ ဒါကောင်းတာပဲ။ အရှင်က နောက်ဆုံးတော့ အရှင့်စိတ်ရင်းအမှန်ကို ဖွင့်ပြောခဲ့ပြီပေါ့။ ကျွန်တော်အရှင့်ကို အတော်အထင်ကြီးလွန်းခဲ့မိတယ်ထင်တယ်။ ဒါက အရှင့်ရဲ့ စိတ်ရင်းအမှန်ပဲ။ အရှင်က သနားကြင်နာတတ်တဲ့ အရှင်သခင်တစ်ယောက်လို အထင်ခံချင်ပေမယ့် အခုတော့သရုပ်ဆောင်ရတာ ပင်ပန်းလာပုံရတယ်။ ကျွန်တော်က အရှင့်မျက်နှာဖုံးကိုခွာပေးလိုက်ပြီဆိုတော့ အရင်လို အပင်ပန်းခံပြီး ဟန်ဆောင်ဆရာမလိုတော့ဘူးပေါ့.." ဖှေး၏ အသံသည် မြို့တော်ကောင်းကင်ရံတွင် ဟိန်းထွက်သွားပြီး မင်းသားအာရှဗင်အား သွေးများအန်ထွက်တော့မလိုခံစားရစေသည်။
ဤသည်မှာ အာရှဗင် တစ်ခါမှ မခံစားဖူးသေးသည့် ခံစားချက်မျိုးဖြစ်သည်။ သူသည် အချိန်တိုင်းတွင် အရာအားလုံးကို ထိန်းချုပ်ထားနိုင်သူဖြစ်သော်လည်း ယခုအချိန်တွင် သူအလွန်မုန်းတီးသည့်လူတစ်ယောက်အား မည်ကဲ့သို့မှတုန့်ပြန်နိုင်ခြင်းမရှိပေ။ သူတို့နှစ်ဦး၏ ကြားထဲတွင်ရှိသည့် ကွာခြားချက်အား စစ်သည်များ လက်နက်များဖြင့် ဖြည့်စည်းနိုင်ခြင်းမရှိပေ။
ဤသည်မှာ စစ်သည်များသိုင်းဆရာများ၏ ကြောက်မက်ဖွယ်ကောင်းသောအချက်ပင်။ အဆင့်တစ်ခုထိရောက်ရှိသွားပါက စစ်အင်အား ရာထူးအရှိန်၀ါများဖြင့် ချုပ်နှောင်ထားနိုင်ခြင်းမရှိတော့ပေ။
ချမ်းဘော့ဒ်ဘုရင်သည် အလွန်လျှင်မြန်စွာအဆင့်တက်နေခဲ့သည့်အတွက်ကြောင့် မင်းသားအာရှဗင်နှင့် လောကခြင်းမတူတော့သကဲ့သို့ပေ။
သို့သော် မင်းသားသည် မည်သည့်အရာကိုမှ နောင်တရခြင်းမရှိပေ။ သူသည် ချမ်းဘော့ဒ်ဘုရင်အား သူနှင့်ဆန့်ကျင်ဘက်သို့ တွန်းထုတ်လိုက်ခဲ့ခြင်းအတွက်လဲနောင်တရခြင်းမရှိပေ။
သူသည် လွန်ခဲ့သည့်တစ်နှစ်အခန့်က တော်၀န်နန်းတော်ထဲတွင်ရှိသည့် လျို့၀ှက်ချက်တစ်ခုကို မြင်ခဲ့ပြီးသည့်အချိန်ကတည်းက ဆုံးဖြတ်ချက်တစ်ခုချရမည်ဆိုသည်ကို အာရှဗင်နားလည်သဘောပေါက်ခဲ့သည်။ သူသည် အင်ပါယာပုလ္လင်အား လက်မလွှတ်ချင်ပါက ယခုအချိန်တွင် ကောင်းကင်ပေါ်တွင်ရှိနေသည့် နတ်ဆိုးကဲ့သို့သောလူကို သူ၏ ရန်သူတော်အဖြစ်သတ်မှတ်ရမည်ဖြစ်သည်။
သူသည် လက်ရှိအချိန်တွင် ဒေါသဖြစ်ကာ ရက်စက်ကြမ်းကြုပ်သည့်ပုံပေါက်နေသော်လည်း တကယ်တန်းတွင် အများထင်သလောက်စိတ်လှုပ်ရှားစိုးရိမ်နေခြင်းမရှိပေ။
တကယ်တန်းတွင် သူသည် စောင့်စိုင်းနေခြင်းဖြစ်၏။ တော်၀န်နန်းတော်ထဲတွင်ရှိနေသည့် ထိုသူဆုံးဖြတ်ချက်ချမည့်အချိန်အားစောင့်စိုင်းနေခြင်းဖြစ်သည်။
အလောင်းစားပြုလုပ်သကဲ့သို့ပင်။ အာရှဗင်ရှုံးနိမ့်လိုခြင်းမရှိသော်လည်း ထွက်ပေါ်လာမည့်ရလဒ်အား ထိန်းချုပ်နိုင်ခြင်းမရှိပေ။
ထွက်ပေါ်လာမည့်ရလဒ်သည် သူ့အား စိတ်ပျက်လက်ပျက်ဖြစ်စေမည်ကိုမူအား စိုးရိမ်နေ၏။
အင်ပါယာပုလ္လင်တစ်ခုထဲကြောင့်သာမဟုတ်ပေ...
အသက်ပြင်းပြင်းရှုလိုက်ပြီးသည့်နောက်တွင် ရှားပါးသည့်အေးစက်ခြင်းအား သူ၏ အဆုတ်ထဲတွင် ခံစားလိုက်ရသည်။
အာရှဗင်သည် ဘာမှပြန်ပြောခြင်းမရှိတော့ပေ။ ချမ်းဘော့ဒ်ဘုရင်သည် ဘုရင်တစ်ပါးဆိုသည့် ရာထူးအားမေ့ထားပြီး သူ့အား ကြိုက်သလောက်ရန်စနိုင်သည်။ သို့သော် အာရှဗင်အတွက် စိတ်လိုလက်ရတစ်ကြိမ်ပြုမူလိုက်ခြင်းသည် လုံလောက်သွားပြီဖြစ်၏။
စစ်ဘက်ဆိုင်ရာလောကတွင် ကျင်လည်နေသည့် ယောက်ျားတစ်ယောက်အတွက် ထိုကဲ့သို့ ပြုမူခြင်းသည် အားနည်းသည့် အမူယာတစ်ခုပင်။
ဤအခိုက်တန့်တွင် မြို့တော်ထဲတွင်ရှိနေသည့် ခုခံရေးအင်အားများမှာ စတင်၍ လှုပ်ရှားလာကြပြီဖြစ်သည်။ လိမ္မော်ရောင်စွမ်းအင်စက်လုံးသည် ပျောက်ကွယ်သွားခြင်းမရှိသော်လည်း သိုင်းဆရာများသည် စစ်ဘက်ဆိုင်ရာဌာနများထံသို့ ပျံသန်းလာနေ၏။ တော်၀င်ကင်းလှည့်တပ်ဖွဲ့မှ သိုင်းဆရာများ၊ တော်၀င်ကိုယ်ရံတော်စစ်သည်များ၊ သွေးသံမဏိတပ်ဖွဲ့၊ သူရဲကောင်းနန်းတော်နှင့် အင်ပါယာကာကွယ်စောင့်ရှောက်သူများနှင့်အတူ စစ်သည်အင်အားအများပြားသည်လည်း မင်းသားအာရှဗင်ထံသို့ ရောက်ရှိလာနေလျှက်ရှိသည်။
ဖှေးသည် လေပေါ်တွင်ပျံ၀ဲနေလျှက်သာရှိပြီး တစ်စုံတစ်ရာပြောခြင်းမရှိသေးပေ။
သူဘေးပတ်ပတ်လည်သို့ ကြည့်လိုက်သည့်အချိန်တွင် ဒုတိယမင်းသားဒိုမင်းဂူ၊ စတ္တုထမင်းသား ခရစ်စတယ်၊ ပဲရစ်၊ ဂရန်နယ်လို၊ ဆွေကြီးမျိုးကြီးမိသားစုခေါင်းဆောင်များ၊ အရာရှိများ၊ အရှိန်၀ါကြီးများသည့်လူများကိုတွေ့လိုက်ရသည်။ ဇီးနစ်အင်ပါယာမှ အရေးကြီးပုဂ္ဂိုလ်များ အားလုံးလိုလိုရောက်ရှိနေကြပြီး ၄င်းတို့ထဲမှ တစ်ချို့လူများသည် ဖှေးသိသည့်လူများပင်။
ထိုအချိန်တွင် ငယ်ရွယ်သည့်ဘုရင်မှာ ထိုလူများအားလုံးကို ငုံ့ကြည့်နေ၏။