အခန်း (၇၃၇)
Vol. 47 Ch. 737
အလံနှစ်စုံမြို့တော်ထဲတွင်ဖြစ်သည်။
ရစ်ဘရီသည် အင်ပါယာ၏ မြောက်ဖက်အစွန်ဖျားတွင်ရှိနေသည့် ဤမြို့တော်အား ထိန်းချုပ်လိုက်ပြီးနောက်တွင် အရှေ့ဘက်ဂိတ်တံခါးတွင်ရှိနေသည့် မျှော်စင်ပေါ်သို့ တက်လာခဲ့သည်။ သူသည် ခံတပ်နံရံပေါ်တွင် စိုးရိမ်စွာဖြင့် ခေါက်တုန့်ခေါက်ပြန်လမ်းလျှောက်နေပြီး မြို့တော်စိန့်ပီတာစဘာ့တ်တည်ရှိရာအရပ်ကိုလည်း ခနခနလှမ်းကြည့်နေမိသည်။ ဂျက်အင်ပါယာမှ စစ်သည်ခြောက်ထောင်ခန့် ၀ိုင်းရံတိုက်ခိုက်ခြင်းကို ခံခဲ့ရစဥ်ကပင် စိုးရိမ်ခဲ့ခြင်းမရှိသည့် ခေါင်းဆောင်အတွက် လက်ရှိအချိန်တွင် အချိန်များနှေးကွေးနေသလိုပင် ခံစားနေရ၏။
သူ၏ဘေးတွင် ဂါဂိုအပါ၀င်စသည့် တစ်ခြားခေါင်းဆောင်များလည်း စိုးရိမ်နေကြသည်။
သူတို့အားလုံး လူတစ်ယောက်ကိုစောင့်နေကြခြင်းဖြစ်သည်။
မျှော်စင်၏ ဘေးတွင်ရှိသည့် ခံတပ်နံရံထဲတွင် စိုက်ထူထားသည့် သံမဏိလှံတံများပေါ်တွင် သွေးစက်များဖြင့်စီးကျနေသည့်ခေါင်းများကို စိုက်ထူထား၏။ ထိုခေါင်းများသည် မြို့တော်ထဲတွင်ရှိသော စစ်သည်များကို ဒုက္ခပေးခဲ့သည့် မြို့တော်၀န်ဆိုရိုယော့ခ်နှင့် သူ၏အပေါင်းပါဆွေကြီးမျိုးကြီးများ၏ ခေါင်းများပင်။
ဖှေးသည် လူသတ်သမားထရေ့စ်အား သတ်ဖြတ်ကာ အထူးသံတမန်မတ်၀ပ်ဆန်ကို ခေါ်ဆောင်သွားခဲ့သည့်အချိန်တွင် မြို့တော်၀န်ဆိုရိုယော့ခ်နှင့် ကြံရာပါဆွေကြီးမျိုးကြီးများသည် ဒေါသဖြစ်နေသည့် စစ်သည်များ၏ ဖြေးညှင်းစွာသတ်ဖြတ်ခြင်းကို ခံခဲ့ကြရသည်။ လွန်ခဲ့သည့် ကာလတွင် မြို့တော်ထဲတွင်ရှိနေသည့် အပြစ်ကင်းမဲ့သောစစ်သည်များစွာသည် မြို့တော်၀န်ဆိုရိုယော့ခ်နဲ့အပေါင်းပါများ၏လက်ချက်ဖြင့် ရက်ရက်စက်စက်သတ်ဖြတ်ခြင်းကို ခံခဲ့ကြရသည်။ သူတို့၏ သေဆုံးခြင်းများက ရစ်ဘရီနှင့် ကျန်ရှိနေသောစစ်သည်များ၏ အမုန်းတရားများကို ကြီးထွားစေခဲ့၏။ သူတို့၏ နောက်တွင် ဖှေးရှိနေသည့်အတွက်ကြောင့် သူတို့သည် ဆိုရိုယော့ခ်ကဲ့သို့သော် လူယုတ်မာများကို အရှိန်၀ါမြင့်မားသည့်ဆွေကြီးမျိုးကြီးများဖြစ်သော်လည်း အလွတ်ပေးလိမ့်မည်မဟုတ်ပေ။
သို့သော် သူတို့၏ဒေါသများကို ဖောက်ကွဲပြီးသည့်အချိန်တွင် ဖြစ်ပေါ်လာမည့်အကျိုးဆက်များနှင့် ပတ်သက်၍ ဖှေးအတွက်စိတ်ပူနေခဲ့မိကြသည်။
၁၀၀၀ကီလိုမီတာခန့် ၀ေးသည့်နေရာတွင်ရှိနေသည့် မြို့တော်ထဲတွင် ဘာဖြစ်နေသည်ကို မည်သူမှမသိကြပေ။
"မစ်စတာ အလတ်ဇန္ဒားက ဒေါသဖြစ်ပြီးထွက်သွားတာပဲ...သူမြို့တော်ထဲမှာ အခုဘာလုပ်နေတာလဲမသိဘူး။ ဒုက္ခတွေးများရောက်နေပြီလား..."
အချိန်များ ဖြေးဖြေးခြင်းကုန်ဆုံးသွားသည်။
ရစ်ဘရီသည် မြို့တော်ထဲသို့ ကင်းထောက်တပ်ဖွဲ့တစ်ဖွဲ့စေလွှတ်တော့မည့်အချိန်တွင် စူးရှသည့် အသံတစ်ခုကို အ၀ေးမှကြားလိုက်ရသည်။ ရုတ်တရက်ပင် ငွေရောင်အလင်းတန်းတစ်ခုတောက်ပကာ ခံတပ်နံရံပေါ်သို့ ရောက်လာတော့သည်။
ထိုအလင်းတန်းသည် ချမ်းဘော့ဒ်ဘုရင် အလတ်ဇန္ဒားပင်။
"ဆာ..." ရစ်ဘရီနှင့်အတူ တစ်ခြားသော ခေါင်းဆောင်များပျော်ရွှင်သွားကြသည်။ သူတို့သည် ဖှေးအား ၀ိုင်းရံကာမေးလိုက်ကြသည်။ "မစ်စတာ အလတ်ဇန္ဒား ပြန်ရောက်လာပြီပေါ့...မြို့တော်စိန့်ပီတာစဘာ့တ်မှာ အရာအားလုံးရောအဆင်ပြေခဲ့ရဲ့လား..."
ဖှေးသည် သူ၏ ဘေးပတ်ပတ်လည်တွင်ရှိနေသည့် စိုးရိမ်ပူပန်သည့်အမူယာများကြောင့် အနည်းငယ်၀မ်းသာပီတိဖြစ်လိုက်မိသည်။ သူပြုံးကာပြောလိုက်သည်။ "မစိုးရိမ်ပါနဲ့ အားလုံးကို ဖြေရှင်းလိုက်ပါပြီ...စစ်ဘက်ဆိုင်ရာဌာနချုပ်က အမိန့်သစ်တွေမကြာခင်ရောက်လာလိမ့်မယ်။ စစ်သည်တွေနဲ့မြို့သူမြို့သားတွေကိုရော မစိုးရိမ်အောင် အားပေးထားလိုက်ပါ..."
ဖေးပြောသည်ကို ကြားပြီး ဖှေး၏ ခန္ဓာကိုယ်ပေါ်တွင်လည်း ဒဏ်ရာများမတွေ့ရသောကြောင့် ရစ်ဘရီတို့ စိတ်အေးသွားကြသည်။ သူတို့သည် လှေကားများမှတဆင့် ခံတပ်နံရံပေါ်မှ ဆင်းသွားကြပြီး စခန်းသို့ ပြန်လိုက်ကြသည်။
လမ်းတွင် ရစ်ဘရီသည် ဖှေးအား အသေးစိတ်အချက်လက်များပြောပြလိုက်သည်။
ဖှေး၏ သတိပေးမှုနှင့် ထရေ့နှင့် မတ်၀ပ်ဆန်စသည့် ခေါင်းဆောင်များလည်းမရှိတော့သောကြောင့် မိုးကြိုးနတ်ဘုရားတပ်ဖွဲ့မှ စစ်သည်များသည် တိုက်ရည်ခိုက်ရည်ဆုံးရှုံးကုန်ခဲ့ကြသည်။ ထို့နောက်တွင် အလံနှစ်စုံမြို့တော်မှ မြို့ခံစစ်သည်များ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး အပြစ်ကင်းမဲ့သော စစ်သည်များကို သတ်ဖြတ်ခဲ့သည့် တရားခံများကိုလည်း ထုတ်ပေးခဲ့သည်ဖြစ်သည်။
မြို့ခံစစ်သည်များသည်လည်း အလံနှစ်စုံမြို့တော်ကို အပြည့်၀ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။
"ဆာ..ကျွန်တော်တို့ အရှင့်အမိန့်ကိုပဲနားထောင်ပါ့မယ်။ အလံနှစ်စုံမြို့တော်မှာရှိတဲ့ စစ်သည်၃၀၄၅၁ယောက်က အရှင့်အမိန့်အောက်မှာပဲ ရှိပါတယ်။ ဒီနေ့ကစပြီး အရှင်က ကျွန်တော်တို့တပ်ဖွဲ့ရဲ့ခေါင်းဆောင်ပါပဲ..."
"ဟုတ်တယ် မစ်စတာ အလတ်ဇန္ဒား ကျွန်တော်တို့ ဒီအချိန်ကစပြီး အရှင့်အမိန့်ကိုပဲ နားထောင်ပါ့မယ်..."
စခန်းအလည်တွင်ရှိသော တဲထဲတွင် ခေါင်းဆောင်များအားလုံးသည် ဖှေးအား လေးစားသည့်မျက်လုံးများဖြင့်ကြည့်ကာ သစ္စာပြုလိုက်ကြသည်။ လက်တလောဖြစ်ပျက်ခဲ့သည့် ဖြစ်စဥ်များကြောင့် ဤစစ်သည်များအပေါ်ဖှေး၏ အာဏာသက်ရောက်မှုသည် အမြင့်ဆုံးသို့ ရောက်ရှိသွားပြီဖြစ်သည်။ တကယ်တန်းတွင် သူတို့သည် ဖှေး၏အမိန့်ကို စစ်ဘက်ဆိုင်ရာဌာနချုပ်နှင့် တော်၀င်မိသားစုထက်ပင် ပို၍ နာခံကြတော့မည်ဖြစ်သည်။
ဖှေးသည် ညင်သာစွာပြုံး၍ ပြန်ဖြေလိုက်သည်။ "အလံနှစ်စုံမြို့တော်က ဇီးနစ်အင်ပါယာထဲက နယ်မြေပဲ။ စစ်သည်တွေကလည်း အင်ပါယာရဲ့စစ်သည်တွေပါပဲ..ငါဒီနေ့လုပ်ခဲ့တာကလည်း မိတ်ဆွေတစ်ယောက်အနေနဲ့ မင်းတို့ဘက်က ရပ်တည်ခဲ့ရုံပါပဲ။ မကြာခင်မှာပဲ အင်ပါယာက မြို့တော်၀န်အသစ်တစ်ယောက်နဲ့ စစ်ရေးခေါင်းဆောင်အသစ်တစ်ယောက်ခန့်မယ်ထင်တယ်။ မင်းတို့ စိတ်ရှည်ရှည်စောင့်ပေးလိုက်ကြပါ..."
ဖှေးသည် ပြတ်ပြတ်သားသားဆုံးဖြတ်ချက်ချထားသည့်အတွက်ကြောင့် ဤလူများသည် ဖှေးအား ထက်မံ၍ တိုက်တွန်းခြင်းမရှိကြတော့ပေ။ သို့သော် သူတို့သည် အမှန်တကယ်ပင် ဖှေးအားသူတို့၏ ခေါင်းဆောင်အဖြစ်တင်မြောက်လိုကြသည်။
သူတို့ပြောလိုက်သည့်အရာသည် တကယ်တန်းတွင် တရား၀င်ခြင်းမရှိပေ။ သို့သော် သူတို့၏ ရပ်တည်မှုကို ရှင်းရှင်းလင်းလင်းဖော်ပြလိုသောကြောင့်ပင်။ တကယ်၍ ချမ်းဘော့ဒ်ဘုရင်ကသာ အမိန့်ပေးလိုက်ပါက မြို့တော်ထဲတွင်ရှိသည့် စစ်သည်၃၀၄၅၁ယောက်သည် ဘုရင်အတွက် အသက်ပေးကာ မည်သူ့ကို မဆိုတိုက်ခိုက်လိမ့်မည်ဖြစ်သည်။
စကားပြောပြီးသည့်နောက်တွင် ခေါင်းဆောင်များ တဲအတွင်းမှ ထွက်သွားကြတော့၏။
ဖှေးသည် ဖြစ်ပျက်ခဲ့သည့်အရာများကို သူတို့အား အသေးစိတ်ပြောပြခဲ့ခြင်းမရှိပေ။ ဖြစ်ခဲ့သည်ကို မြို့တော် စိန့်ပီတာစဘာ့တ်အတွင်းမှ လူများအားလုံးသိရှိသည်ဖြစ်သောကြောင့် မကြာခင်တွင် ပြန့်နှံ့သွားမည်ဖြစ်သောကြောင့်ပင်။ ထိုအခါတွင် အလံနှစ်စုံမြို့တော်အတွင်းမှ ခေါင်းဆောင်များသည်လည်း သိရှိမည်ဖြစ်သည်။
ယနေ့တွင် မြို့တော်စိန့်ပီတာစဘာ့တ်ထဲတွင် ဘုရင် သူ့စိတ်ကြိုက်လုပ်နိုင်ခဲ့ခြင်းသည် စွမ်းအားမြင့်မားသောကြောင့်ဖြစ်သည်။
သို့သော် သူသည် အင်ပါယာအရှင်သခင်ယရှင်းနှင့် တိုက်ခိုက်ခဲ့ခြင်းမရှိသော်လည်း တော်၀န်နန်းတော်ထဲတွင် လျို့၀ှက်ထားသည့် ကြီးမားသောစွမ်းအားအရှိန်၀ါများကို အာရုံခံခဲ့ရသည်။ သူ၏ လက်ရှိစွမ်းအားသည် အင်ပါယာအရှင်သခင်ယရှင်းနှင့် ယှဥ်ပြုင်နိုင်ခြင်းမရှိသေးသည်ကို ၀န်ခံရလိမ့်မည်ဖြစ်သည်။ သူသည် အင်ပါယာအရှင်သခင်ယရှင်းနှင့် ပို၍ နီးကပ်လေလေ စွမ်းအားခြင်းကွာခြားသည်မှာ ပို၍ထင်ရှားလာသည့်အတွက်ပင်။
ထို့ကြောင့် အခြေနေဆိုးများဖြစ်ပေါ်မလာမှီ ဖှေးသည် သူ၏ စွမ်းအားများကို အမြန်မြှင့်တင်ရမည်ဖြစ်သည်။ အနာဂတ်တွင်ဖြစ်ပေါ်လာမည့် အခြေနေဆိုးများကို နေအဆင့်သခင်များသာလျှင် အသက်ရှင်နိုင်လိမ့်မည်ဟု ခံစားနေရသည့်အတွက်ပင်။