← Chapters

အခန်း (၇၄၃)

Vol. 48 Ch. 743

အခန်း (၇၄၃)

Vol. 48 Ch. 743

ထိုနေ့လည်ခင်း နေ၀င်ခါနီးအချိန်တွင် ချမ်းဘော့ဒ်တိုင်းပြည်နှင့် ကီလိုမီတာ၅၀၀၀၀၀တစ်၀ိုက်ခန့်ဒေသတွင် အင်အားအကြီးမားဆုံး နံပါတ်၁ ကြေးစားစစ်သည်အဖွဲ့ဖြစ်သည့် မြင်းလေညှင်း ကြေးစားစစ်သည်အဖွဲ့ရောက်လာခဲ့သည်။ အဖွဲ့ခေါင်းဆောင် မယ်လ်ဘာ့နှင့် တစ်ခြားတပ်ဖွဲ့ခေါင်းဆောင်ခြောက်ယောက်တို့သည် တန်ဖိုးကြီးမားသည့် လက်ဆောင်ပနာများနှင့်အတူ ချမ်းဘော့ဒ်မြို့အ၀င်၀သို့ ရောက်ရှိလာကြ၏။

သူတို့ရောက်ရှိလာခြင်းသည် လူများထင်မထားသည့် ကိစ္စတစ်ခုပင်။

မြင်းလေညှင်း ကြေးစားစစ်သည်အဖွဲ့သည် အင်ပါယာတစ်ခုမဟုတ်သော်လည်း အင်ပါယာတစ်ခုကဲ့သို့ပင် အင်အားကြီးမားသည့်အဖွဲ့စည်းတစ်ခုပင်။

သူတို့သည် ဒေသတစ်၀ိုက်တွင် အင်အားအကြီးမားဆုံး ကြေးစားစစ်သည်တပ်ဖွဲ့တစ်ခုဖြစ်သည်။

ခေါင်းဆောင်မယ်လ်ဘာ့သည် အလွန်စွမ်းအားကြီးမား၏။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာခန့်က သူသည် နာမည်ကြီးသည့် လအဆင့်သိုင်းဆရာတစ်ယောက်ဖြစ်သည်။ ရန်သူပေါင်းများစွာကို အနိုင်ယူခဲ့ပြီး ဒေသတစ်၀ိုက်တွင် ထိပ်တန်းသိုင်းဆရာများထဲမှတစ်ယောက်ပင်။ မြင်းလေညှင်း ကြေးစားစစ်သည်အဖွဲ့ထဲတွင် စွမ်းအားမြင့်သိုင်းဆရာများစွာပါ၀င်သောကြောင့် အဖွဲ့၏အင်အားသည် သာမန်အင်ပါယာများထက်ပင် သာလွန်နေသည်။

တစ်ခြားသောကြေးစားစစ်သည်အဖွဲ့များနှင့်မတူသည့်အချက်မှာ မြင်းလေညှင်းကြေးစားစစ်သည်အဖွဲ့တွင် ကိုယ်ပိုင်နယ်နိမိတ် ကိုယ်ပိုင်မြို့သူမြို့သားများရှိနေခြင်းပင်။ ထို့အပြင် သူတို့၏ ကိုယ်ပိုင် ပင်မတပ်ဖွဲ့ကြီးများလည်းပိုင်ဆိုင်ထားသည်။ ပင်မတပ်ဖွဲ့တစ်ခုသာရှိသော်လည်း တပ်ဖွဲ့ထဲတွင်ရှိနေသည့်စစ်သည်များအားလုံးသည်အတွင်းအားစွမ်းအင်များကို ပိုင်ဆိုင်ထားသည့်သိုင်းဆရာများပင်။ ထို့ကြောင့် တပ်ဖွဲ့၏ တိုက်ရည်ခိုက်ရည်မှာ ကြောက်မက်ဖွယ်ပင်။

စတင်တည်ထောင်ခဲ့စဥ်ကတည်းက မြင်းလေညှင်းကြေးစားစစ်သည်တပ်ဖွဲ့သည် သေးငယ်သော ဆွေကြီးမျိုးကြီးမိသားစုများ၏ အလုပ်များကို လက်ခံပေးလေ့မရှိပဲ အင်ပါယာစစ်ပွဲများတွင်သာ ပါ၀င်တိုက်ခိုက်တတ်ကြသည်။ စစ်ပွဲမှ ပိုက်ဆံရှာနေသူများဖြစ်သည့်အတွက်ကြောင့် သူတို့၏ တိုက်ရည်ခိုက်ရည်သည် သာမန်တပ်ဖွဲ့များထက်သာလွန်နေ၏။

ခေါင်းဆောင် မယ်လ်ဘာ့တ်၏ နာမည်ပြောင်မှာ စစ်ပွဲပင်လယ်ဓားပြဖြစ်သည်။ သူ၏ စိတ်နေစိတ်ထားသည် ထူးဆန်းပြီး သူ၏လူများကို အလွန်အကာကွယ်ပေးတတ်သည်။ ထို့အပြင် သတ်ဖြတ်ရသည်ကို ကြိုက်နှစ်သက်သူတစ်ယောက်ဖြစ်ပြီး ငွေကိုသာမြင်သည့်လူတစ်ယောက်ဖြစ်သည်။ အင်ပါယာအရှင်သခင်များကိုပင် ကြိုက်စျေးမပေးနိုင်ပါက ဂရုမစိုက်ပဲမချေမငံတုန့်ပြန်တတ်၏။

သို့သော် ထိုကဲ့သို့သော မာနကြီးသည့်လူသည် ယနေ့အချိန်တွင် ချမ်းဘော့ဒ်တိုင်းပြည်သို့ ကိုယ်တိုင်ရောက်လာခဲ့၏။ ချမ်းဘော့ဒ်ဘုရင်သည် သူ့ထက်များစွာအတွေ့ကြုံနည်းသေးသူဖြစ်သော်လည်း မယ်ဘာ့တ်သည် သူ၏ အဖွဲ့မှ တစ်ခြားသောခေါင်းဆောင်များနှင့်အတူ ချမ်းဘော့ဒ်ဘုရင်အား ဂုဏ်ပြုပေးရန်အတွက် ရောက်ရှိလာခဲ့သည်။ ဤအချက်သည် အံ့သြစရာကောင်းလှပြီး အဓိပ္ပါယ်တစ်မျိုးဆောင်နေ၏။

လူများအား ထက်မံအံ့သြစေသည်မှာ ချမ်းဘော့ဒ်ဘုရင်လာရောက်မကြိုဆိုခြင်းပင်။

မြင်းလေညှင်း ကြေးစားစစ်သည်တပ်ဖွဲ့အား နှုတ်ဆက်ကြိုဆိုခဲ့သူမှာ အတွင်းအားစွမ်းအင်၊မှော်စွမ်းအင်ပိုင်ဆိုင်ထားခြင်းမရှိသည့် ချမ်းဘော့ဒ်တိုင်းပြည်၏ ၀န်ကြီးချုပ်ဘတ်စ်ပင်။ ဘိုဒွန်အင်ပါယာကဲ့သို့ပင် မြင်းလေညှင်းကြေးစားစစ်သည်အဖွဲ့ကိုလည်း မြို့အပြင်တွင်သာ စခန်းချရန်တောင်းဆိုခဲ့ပြီး အဖွဲခေါင်းဆောင်နှင့် တပ်ဖွဲ့ခေါင်းဆောင်ခြောက်ယောက်ကိုသာ ချမ်းဘော့ဒ်တိုင်းပြည်ထဲတွင် နေစရာစီစဥ်ပေးလိုက်သည်။

လူအများစုအတွက်ချမ်းဘော့ဒ်တိုင်းပြည်၏ ဆက်ဆံရေးသည် အနည်းငယ်ရိုင်းပြ၍ မလေးစားသလိုဖြစ်နေ၏။

ဂိုကော့နှင့် မယ်လ်ဘာ့ကဲ့သို့သောလူများသည် အရှိန်၀ါကြီးမားသည့်လူများဖြစ်သည့်အတွက် သူတို့ကိုယ်တိုင်လာရောက်ခြင်းကပင် ချမ်းဘော့ဒ်ဘုရင်အား အလေးပေးသလိုဖြစ်နေ၏။ သို့သော် ချမ်းဘော့ဒ်ဘုရင်သည် အလွန်အေးစက်ကာ ဂုဏ်သရေကြီးမားသော ဧည့်သည်နှစ်ယောက်အတွက် ဤကဲ့သို့ ဆက်ဆံခံရခြင်းသည် ရှက်စရာပင်ကောင်းနေတော့သည်။ ချမ်းဘော့ဒ်ဘုရင်သည် ငယ်သေးသည့်အတွက် မာနထောင်လွှားနေသည်ဟု လူပေါင်းများစွာမှ ယူဆလိုက်မိကြသည်။

နောက်တစ်ရက်တွင် စိန့်ဂျာမိန်းအင်ပါယာ၏ မင်းသားဖြစ်သူ ဂါရာနိုချမ်းဘော့ဒ်တိုင်းပြည်သို့ ရောက်ရှိလာ၏။ သူသည် သူ၏ အစေခံကောင်မလေးလေးယောက်နှင့်အတူ အင်ပါယာမှ ကျွမ်းကျင်စစ်သည် လေးရာခန့်ဖြင့် ရောက်ရှိလာခြင်းဖြစ်သည်။

မျှော်လင့်မထားစွာပင် ချမ်းဘော့ဒ်ဘုရင်အလတ်ဇန္ဒားကိုယ်တိုင်ရောက်ရှိလာခဲ့ပြီး ဂါရာနိုအား နွေးနွေးထွေးထွေးကြိုဆိုခဲ့သည်။

ချမ်းဘော့ဒ်ဘုရင်သည် မြို့ပြင်သို့ ထွက်လာပြီး ဂါရာနိုနှင့် သူ၏လူများကို ကြိုဆိုကာ နန်းတော်အတွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။

သိုင်းဆရာအများစုသည် နာမည်ကျော်ကြားသည့်ဘုရင်ကို မြင်နိုင်ရန်အတွက်ကြိုးစားခဲ့ကြသော်လည်း မအောင်မြင်ခဲ့ပေ။ ဘုရင်၏ မျက်နှာတစ်၀ိုက်တွင် စွမ်းအင်အလွှာတစ်ခုရှိနေပြီး သူတို့၏ မြင်နိုင်စွမ်းကို ကာရံနေသည့်အတွက်ပင်။ ကြယ်ခြောက်လုံး၇လုံးစစ်သည်များပင် စွမ်းအားကုန်သုံး၍ မြင်နိုင်ရန်ကြိုးစားကြည့်သော်လည်း အောင်မြင်ခြင်းမရှိပေ။

အပြင်လူများ အထူးသဖြင့် ဇီးနစ်အင်ပါယာအပြင်ဘက်မှ လာရောက်သည့်လူများသည် ပထမဆုံးအနေဖြင့် ချမ်းဘော့ဒ်ဘုရင်မည်မျှစွမ်းအားကြီးမားကြောင်းကို ကိုယ်တိုင်ကိုယ်ကျမြင်တွေ့လိုက်ကြရသည်။

ဘုရင်၏ မျက်နှာကို မြင်နိုင်ခြင်းမရှိသော်လည်း ဘုရင်၏ အရှိန်၀ါသည်သူတို့အား မွန်းကြပ်သည့် ခံစားချက်မျိုးကို ဖြစ်ပေါ်စေသည့်အတွက်ပင်။ ဘုရင်၏ ပတ်ပတ်လည်ငါးရာမီတာခန့်တွင်ရှိနေသည့် သိုင်းဆရာများသည် တောင်ကြီးတစ်ခုလုံးသူတို့၏ခေါင်းပေါ်တွင်ရှိနေသလိုခံစားချက်ကိုခံစားလိုက်ရ၏။

"ကောင်းကင်လက်သီး...သူက အဲ့နာမည်နဲ့ထိုက်တန်ပါတယ်...သူက ပါရမီရှင်သိုင်းဆရာတစ်ယောက် ကြီးမြတ်တဲ့ဘုရင်တစ်ယောက်ပဲ..." လူပေါင်းများစွာ တွေးလိုက်မိကြသည်။

ချမ်းဘော့ဒ်ဘုရင်ရုတ်တရက်ရောက်ရှိလာခြင်းသည် လူပေါင်းများစွာကို ထိတ်လန့်သွားစေသည်။ စိတ်မရှည်၍ တစ်ခြားအရာများပြုမူရန်ကြံစည်နေကြသည့် လူများ ထိတ်လန့်သွားကြပြီး စိတ်ရှည်လက်ရှည်ဖြင့် ထက်မံစောင့်ဆိုင်းနေကြရ၏။

ထိုနေ့လည်ခင်းမှာပင် မာ့စ်အင်ပါယာမှာ မင်းသားဆိုင်မွန် သူ၏စစ်သည်၅၀၀နှင့်အတူရောက်ရှိလာခဲ့သည်။

ညဘက်တွင် ၀င်္ကဘာအင်ပါယာမှ မင်းသားဆာ့ခ်သည်လည်း သံတမန်အဖွဲ့များနှင့်အတူရောက်ရှိလာ၏။

တတိယမြောက်နေ့တွင် ဒေသတွင်း နံပါတ်၂ကြေးစားစစ်သည်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် သွေးမီးတောက်အဖွဲ့ရောက်ရှိလာ၏။ သူတို့၏ အဖွဲ့ခေါင်းဆောင် ဂျွန်နသန်သည် အဖွဲ့မှ အဆင့်မြင့်သိုင်းဆရာများနှင့်အတူ ချမ်းဘော့ဒ်တိုင်းပြည်သို့ လာရောက်ခဲ့သည်။

တတိယမြောက်နေ့...စတုတ္တထမြောက်နေ့....

အချိန်များကုန်ဆုံးလာသည်နှင့်အမျှ လူများသိပ်မြင်တွေ့ရလေ့မရှိသည့် အင်ပါယာမှ မင်းသသားများ ရောက်ရှိလာကြ၏။ ဇူလီမြစ်ကမ်းတွင် စခန်းချနေကြသည့် စစ်သည်အရေတွက်မှာ တစ်သောင်းခန့်ပင်ရှိနေပြီဖြစ်ပြီး ထိုစစ်သည်များအားလုံးသည် တစ်ခြားသော အင်ပါယာများမှ ကျွမ်းကျင်စစ်သည်များပင်။

တောက်ပသည့်နေရောင်အောက်တွင် အလံမျိုးစုံလွှင့်ပျံနေ၏။

ချမ်းဘော့ဒ်ခံတပ်နံရံပေါ်မှနေ၍ ရပ်ကြည့်ပါက အရောင်စုံအလံများ၊ တောက်ပနေသည့်လက်နက်များ၊ စခန်းများစွာကိုမြင်တွေ့နေရ၏။

ချမ်းဘော့ဒ်တိုင်းပြည်၏ အပြင်ဘက်တွင် စခန်းချနေသည့် စစ်သည်များ၊ သိုင်းဆရာများသည် ကြောက်မက်ဖွယ်ကောင်းသည့်အရေတွက်တစ်ခုကိုပင်ရောက်နေတော့သည်။

ထိုတပ်ဖွဲ့များပေါင်းစပ်လိုက်ပါက လယ်ဗယ်၁အင်ပါယာတစ်ခုကိုပင် သိမ်းပိုက်ရန်မှာ ခက်ခဲလိမ့်မည်မဟုတ်ပေ။

ဤအချိန်တွင် ငတုံးတစ်ယောက်ပင် လေထုထဲတွင် ပျံ့နှံ့နေသည့် ထူးခြားမှုကို အာရုံခံမိနိုင်၏။ တစ်စုံတစ်ခုသည် အမှန်တကယ်ပင်ဖြစ်ပျက်နေခြင်းဖြစ်သည်။

အခမ်းနားစည်ကားမှုမှာ အဖွဲ့၀င်တိုင်းပြည်တစ်ခု၏ ဘုရင်တစ်ပါး၏လက်ထပ်ပွဲအဆင့်ထက်ကျော်လွန်နေသည့်အတွက်ပင်။ တကယ်တန်းပြောရပါက အင်ပါယာအရှင်သခင်တစ်ပါး၏ လက်ထပ်ပွဲ၌ပင် ဤမျှစွမ်းအားမြင့်မားသည့် ပုဂ္ဂိုလ်များစွာလာရောက်ဂုဏ်ပြုကြလိမ့်မည်မဟုတ်ပေ။

ချမ်းဘော့ဒ်ဘုရင်သည် အရည်ချင်းရှိသည့် လူငယ်တစ်ယောက်ဖြစ်ပြီး အင်ပါယာထဲတွင် နာမည်ကျော်ကျားသူတစ်ယောက်ဖြစ်သည်မှာ မှန်သော်လည်း သူသည် ဤမျှလောက်အရှိန်၀ါကြီးမားခြင်းမရှိသေးပေ။

သူသည် ဇီးနစ်အင်ပါယာထဲတွင် စွမ်းအားမြင့်မားသောပုဂ္ဂိုလ်တစ်ယောက်ဟု ဆိုနိုင်သော်လည်း တစ်ခြားအင်ပါယာများကို လွှမ်းမိုးနိုင်စွမ်းမရှိသေးပေ။ ထိုကဲ့သို့ဆိုပါက မည်သည့်အတွက်ကြောင့် အင်အားကြီးအဖွဲ့စည်းများစွာသည် ချမ်းဘော့ဒ်ဘုရင်အား လာရောက်ဂုဏ်ပြုနေပါသလဲ။

ထို့အပြင် ဇီးနစ်အင်ပါယာသည် မာ့စ်အင်ပါယာ၊ ဘိုဒွန်အင်ပါယာ၊ စိန့်ဂျာမိန်းအင်ပါယာမှ ကျွမ်းကျင်စစ်သည်များအပြင် အကြီးဆုံးကြေးစားစစ်သည်အဖွဲ့များမှ စစ်သည်တပ်ဖွဲ့များကိုပင် အင်ပါယာနယ်နိမိတ်အတွင်းသို့ ၀င်ခွင့်ပေးခဲ့သည့်အချက်မှာလည်း ထူးဆန်းနေသေးသည်။

လက်ရှိတွင် ဇီးနစ်အင်ပါယာတစ်၀ိုက်ဒေသတွင် အခြေအနေတင်းမာနေပြီး စစ်ပွဲများအချိန်မရွေးဖြစ်ပွားလာနိုင်သည်။ ကျွမ်းကျင်စစ်သည်များစွာနှင့် စွမ်းအားမြင့်သိုင်းဆရာများစွာတို့ကို မိမိနယ်နိမိတ်အတွင်းသို့ ပေး၀င်ခြင်းသည် အန္တရာယ်များသည့် လုပ်ရပ်တစ်ခုပင်။ အကယ်၍ စစ်ပွဲကောက်ဖြစ်ပါက ဤလူများသည် ဇီးနစ်အင်ပါယာနယ်နိမိတ်အတွင်းတွင်ရောက်ရှိနေသည့်အတွက်ကြောင့် ကိုင်တွယ်ရခက်ခဲလိမ့်မည်ဖြစ်သည်။

ဇီးနစ်အင်ပါယာတော်၀င်မိသားစုသည် ကန့်ကွက်တားမြစ်ခြင်းမရှိသော်လည်း အင်ပါယာတပ်ဖွဲ့များ သိုင်းဆရာများကိုလည်း ချမ်းဘော့ဒ်တိုင်းပြည်သို့ စေလွှတ်ခြင်းမရှိပဲ အဆင့်၁အဖွဲ့၀င်တိုင်းပြည်ဖြစ်သည့် ချမ်းဘော့ဒ်တိုင်းပြည်တစ်ခုတည်းကိုသာ ယုံကြည်၍ ဤကိစ္စများအားလုံးကို ကိုင်တွယ်ခိုင်းနေခြင်းပင်။

"သူတို့က ချမ်းဘော့ဒ်ဘုရင်ကို ဒီလောက်တောင်ယုံထားတာလား ဒါမမဟုတ် ဇီးနစ်အင်ပါယာက ချမ်းဘော့ဒ်ကို စတေးလိုက်တော့တာလား။ ဒါမှမမဟုတ် အင်ပါယာက ဒီတိုင်းပဲရပ်ကြည့်နေတော့မယ်စိတ်ကူးတာလား..."

ထိုမေးခွန်းများအားလုံးသည် ညဘက်ကောင်းကင်ရံတွေရှိနေသည့် တိမ်တိုက်များကဲ့သို့ ချမ်းဘော့ဒ်တိုင်းပြည်အား လွှမ်းခြုံနေလျှက်ရှိသည်။

ချမ်းဘော့ဒ်ဘုရင်၏ လက်ထပ်ပွဲသည် မတူညီသော အင်အားကြီးအဖွဲ့စည်းများအတွက် စစ်တုရင်ခုံတစ်ခုကဲ့သို့ပင်။

စစ်တုရင်ရုပ်တစ်ခုအား စတင်၍ ရွေ့လိုက်ပါက ဒေသတွင်းတွင်ရှိနေသည့် အခြေအနေသည် ရုတ်ခြည်းပြောင်းလဲသွားမည်ဖြစ်ပြီး လှိုင်းများစတင်ပေါ်ပေါက်လာတော့မည်ဖြစ်သည်။

စစ်ပွဲများနှင့် ပြည့်နှက်နေတော့မည်ဖြစ်သည့် အမှောင်ခေတ်၏ ကနေဦးအစပိုင်းသည် ဇီးနစ်အင်ပါယာ၏ မြောက်ဘက်အစွန်ဆုံးတိုင်းပြည်သို့ ရောက်ရှိလာနေပြီဖြစ်၏။ လေညှင်းများ တိမ်တိုက်များစတင်တိုက်ခိုက်ရွေ့လျားနေရင်းဖြင့် ကြီးမားသော မုန်တိုင်းကြီးတစ်ခုမှာ အစပျိုးနေပြီဖြစ်သည်။

All Chapters