အခန်း (၇၄၄)
Vol. 48 Ch. 744
-ဓားငါးလတ်တောင်တန်း ကောင်းကင်နန်းတော်-
ဖှေးသည် စဥ့်ကလျားပုလ္လင်ပေါ်တွင် ထိုင်နေ၏။ အတန်ကြာသည့်အချိန်တွင် မျက်လုံးဖွင့်လိုက်ပြီး ရှည်လျားစွာအသက်ရှူထုတ်လိုက်သည်။ သူ၏ ၀ိဉာဥ်စွမ်းအားကျင့်စဥ်အား ကျေနပ်အားရသည့် ဟန်ဖြင့် ခေါင်းငြိမ့်လိုက်သည်။
သူ၏ မင်္ဂလာအခမ်းနားရောက်ရှိတော့မည်ဖြစ်ပြီး ချမ်းဘော့ဒ်တိုင်းပြည်အပြင်ဘက်တွင် စစ်သည်များနှင့် သိုင်းဆရာများစွာစခန်းချနေကြသည်။ ချမ်းဘော့ဒ်ဘုရင်၏ မင်္ဂလာအခမ်းနားကို ဂုဏ်ပြုပေးရန်အတွက် ရောက်လာသည်ဟုဆိုကြသော်လည်း ၄င်းတို့၏ ရည်ရွယ်ချက်အမှန်အား သိနိုင်ခြင်းမရှိပေ။ ထို့ကြောင့် ဖှေးသည် သူ၏အစွမ်းနှင့် သူ့လူယုံများ၏ အစွမ်းကို တိုးမြှင့်ရမည်ဖြစ်သည်။ သူတို့သည် ဖြစ်ပျက်လာတော့မည့်အရာများနှင့်ပတ်သက်၍ ရင်ဆိုင်နိုင်ရန်အသင့်ပြင်ထားရမည်ဖြစ်သည်။
ထို့ကြောင့် လွန်ခဲ့သည့်ရက်များတွင် သူ၏ စွမ်းအားကိုတိုးမြှင့်ခြင်းဖြင့်သာ အချိန်အများစုကို ကုန်ဆုံးစေခဲ့သည်။
လက်ရှိအခိုက်တန့်တွင် သူ၏ ၀ိဉာဥ်စွမ်းအားလယ်ဗယ်သည် ၉၀၀သို့ရောက်ရှိသွားပြီဖြစ်ပြီး သူ၏ ပတ်ပတ်လည် ၆ကီလိုမီတာအကွာ၀ေးကို ၀ိဉာဥ်စွမ်းအားဖြင့် ကြည့်ရှုနိုင်၏။ ထို့အပြင် သူ၏ ၀ိဉာဥ်စွမ်းအားသည် ဖိသိပ်နိုင်သည့် အဆင့်တစ်ခုရောက်နေပြီဖြစ်ပြီး ခရမ်းရောင်စာလိပ်ထဲတွင် ဖော်ပြထားသည့်လမ်းစဥ္မ်များအတိုင်း သူသည် လျို့၀ှက်နည်းစနစ်များကို လေ့ကျင့်နိုင်နေပြီဖြစ်သည်။ သူ၏ ၀ိဉာဥ်စွမ်းအင်အား ကျစ်လစ်သိပ်သည်းအောင်ပြုလုပ်၍ အစိုင်ခဲဖြစ်စေကာ တစ်ခြားလူများ၏ စိတ်၀ိဉာဥ်ကို ထိုးဖောက်နိုင်နေပြီဖြစ်၏။ သေစေနိုင်သည့် သိုင်းကွက်တစ်ခုပင်။
တစ်ချိန်တည်းမှာပင် ဒိုင်ယာဘလိုကမ္ဘာထဲတွင် မကောင်းဆိုး၀ါးများကို နေ့တိုင်းသတ်ဖြတ်နေခဲ့သည့်အတွက် ဖှေး၏ စွမ်းအားများသည်လည်း များစွာမြင့်တက်လာခဲ့ပြီဖြစ်သည်။
သူသည် ပန်ဒီမိုနီယမ်ခံတပ်မြေပုံမှ အလုပ်များအားလုံးကို ပြီးမြောက်သွားပြီဖြစ်ပြီး မြေပုံ၏ နောက်ဆုံးခေါင်းဆောင်ကြီးဖြစ်သည့် ဖျက်ဆီးခြင်းတို့ အရှင်သခင်ဒိုင်ယာဘလိုကိုလည်း သတ်ဖြတ်ပြီးဖြစ်သည်။
ယခုအချိန်တွင် ဖှေး၏ လူရိုင်းဇာတ်ကောင်သည် အိမ်မက်ဆိုးခက်ခဲမှုအဆင့်တွင် လယ်ဗယ်၉၈သို့ရောက်ရှိသွားပြီဖြစ်ပြီး နောက်ဆုံးလယ်ဗယ်ဖြစ်သည့် လယ်ဗယ်၉၉သို့ရောက်ရှိရန်လယ်ဗယ်တစ်ခုသာလိုတော့၏။
နောက်ဆုံးအလုပ်အားပြီးမြောက်သွားသည့်အချိန်တွင် ဖှေးနှင့်အယ်လီနာတို့သည် ဆုလာဘ်များစွာရရှိခဲ့သည်။ ယခုအချိန်တွင် ဖှေးအလွန်ကံကောင်းခဲ့ပြီး အစိမ်းရောင်စုံတွဲပစ္စည်းနှစ်ခုကိုပင်ရရှိခဲ့သည်။
ထိုပစ္စည်းများထဲမှ တစ်ခုသည် [မသေမျိုးဘုရင်]စုံတွဲပစ္စည်းများထဲမှ တစ်ခုဖြစ်သည့် လက်အိပ်များပင်။ နောက်တစ်ခုမှာ [မာဗီနာ]စုံတွဲပစ္စည်းများထဲမှ တစ်ခုဖြစ်သည့် ချပ်၀တ်ကို ရရှိလိုက်ခြင်းပင်။
ထိုပစ္စည်းနှစ်ခုသည် ဖှေးနှင့်အယ်လီနာတို့အတွက် လက်ရှိအချိန်တွင် အလွန်အရေးကြီးနေသည်။
မူလက ဖှေးထံတွင် မသေမျိုးဘုရင်စုံတွဲပစ္စည်းများထဲမှ နှစ်ခုဖြစ်သည့် မသေမျိုးဘုရင်၏ ၀ိဉာဥ်အချုပ်နှောင် ချပ်၀တ်နှင့် မသေမျိုးဘုရင်၏ တူတို့ကို ပိုင်ဆိုင်ထားပြီးဖြစ်သည်။ စုံလိုက်ပစ္စည်းများကိုတွဲ၍ ကိုင်ဆောင်လေလေအပိုရရှိသည့်စွမ်းအားပို၍ကြီးမားလေလေဖြစ်သည်။ ထို့ကြောင့် ဖှေးအတွက် မသေမျိုးဘုရင် စုံလိုက်ပစ္စည်းတစ်ခုကို ထပ်မံရရှိလိုက်သည်မှာ ကြီးမားသည့်သက်ရောက်မှုတစ်ခုပင်။
တကယ်တန်းတွင် မသေမျိုးဘုရင်လက်အိပ် စုံလိုက်ပစ္စည်း၏ အစွမ်းသတ္တိမှာ အံ့သြလောက်ဖွယ်ပင်။
[ခုခံခြင်း-၄၃၀, အကြမ်းခံနိုင်မှု-၅၀, အတိုက်ခိုက်ခံရပါက အလိုလျှောက်တန်ပြန်တိုက်ခိုက်နိုင်ခြေ-၁၂ရာခိုင်နုုန်း...] စသည်တို့ပင်။
ထိုစွမ်းအင်ဂုဏ်သတ္တိများသည် ဘုရင်အား မျက်လုံးကန်းလုနီးပါးပင်ဖြစ်စေ၏။ ဤလက်အိပ်များသည် ဖှေးယခင်က အသုံးပြုခဲ့သည့်လက်အိပ်များအားလုံး စုပေါင်းသည်ထက်ပင် ပို၍ စွမ်းအားမြင့်မားနေသည့်အတွက်ပင်။
ယခုအချိန်တွင် ဖှေးထံတွင် မသေမျိုးဘုရင်စုံလိုက်ပစ္စည်းခြောက်ခုရှိသည့်အနက် သုံးခုကို ပိုင်ဆိုင်ထားပြီးဖြစ်သည်။ ဖှေးမရရှိသေးသည့်အရာသုံးခုသည် ခါးပတ်၊ ခေါင်းဆောင်းနှင့် ဖိနပ်တို့ပင်။ ဤမှော်၀င်ပစ္စည်းများအားလုံး၏ အစွမ်းသည် လက်ရှိအချိန်မှာပင် တောက်ပနေပြီဖြစ်၏။ ဖှေး ၀တ်ဆင်လိုက်သည့်အချိန်တိုင်းတွင် မှော်ဆန်သည့် ငွေရောင်အလင်းတန်းတစ်ခုတောက်ပသွားမည်ဖြစ်ပြီး ရန်သူများအား ထိတ်လန့်စေနိုင်၏။
[မာဗီနာချပ်၀တ်]သည်လည်း အယ်လီနာအတွက် အလွန်အသုံး၀င်လှသည်။
အယ်လီနာထံတွင် ဗာဗီနာစုံလိုက်ပစ္စည်းများထဲမှ တစ်ခုဖြစ်သည့် မာဗီနာလေးကိုရရှိပြီးသားဖြစ်သောကြောင့် ယခုအချိန်တွင် အပိုရရှိသည့်အစွမ်းတို့ကို အသုံးပြုနိုင်နေပြီဖြစ်သည်။
ချပ်၀တ်တစ်ခုတည်းကပင် အယ်လီနာအတွက် ၁၀၀၀ခုခံခြင်းအမှတ်ကိုရရှိစေပြီး အပိုရရှိသော မှော်စွမ်းအင်ခုခံနိုင်ခြင်း အစွမ်းများကို တိုးမြှင့်ပေးခြင်းတို့သည် ဗာဗီနာချပ်၀တ်အား ဒိုင်ယာဘလိုကမ္ဘာထဲတွင် စွမ်းအားအမြင့်ဆုံးချပ်၀တ်များထဲမှ တစ်ခုဖြစ်စေ၏။
ထို့ကြောင့် အိမ်မက်ဆိုးခက်ခဲမှုအဆင့်တွင် ဒိုင်ယာဘလိုအား သတ်ဖြတ်ခြင်းကြောင့် ရရှိလာခဲ့သည့် ဆုလာဘ်များကြောင့် ဖှေးနှင့် အယ်လီနာတို့၏ စွမ်းအားများသည် တဟုန်ထိုးမြင့်တက်သွားရ၏။ ထို့ကြောင့် သူတို့နှစ်ယောက်သည် ငါးခုမြောက်မြေပုံမှ ပထမဆုံးအလုပ်လေးခုကို မြန်မြန်ဆန်ဆန်ပြီးမြောက်အောင်လုပ်နိုင်၍ အချိန်တိုအတွင်းမှာပင် လယ်ဗယ်မြင့်တက်သွားခြင်းဖြစ်သည်။
ဖှေး၏ လူရိုင်းဇာတ်ကောင်သည် အိမ်မက်ဆိုးခက်ခဲမှုအဆင့် လယ်ဗယ်၉၈သို့ရောက်ရှိနေပြီဖြစ်ပြီး အယ်လီနာသည်လည်း အိမ်မက်ဆိုးခက်ခဲမှုအဆင့် လယ်ဗယ်၇၈သို့ရောက်ရှိနေပြီဖြစ်သည်။ အယ်လီနာသည် လယ်ဗယ်၈အဆင့်နိမ့်လပြည့်စစ်သည်တစ်ယောက်နှင့့် အစွမ်းညီမျှနေပြီဖြစ်ပြီး လမ်းပါ့ဒ်ပင် သူမ၏ စွမ်းအားများကို ယှဥ်နိုင်လိမ့်မည်မဟုတ်ပေ။ စွမ်းအားမြင့်တက်ခြင်းတွင် သူမ၏အမြန်နှုန်းသည် ဖှေးလောက်နီးနီးပင်မြန်ဆန်နေ၏။
ငါးခုမြောက်မြေပုံတွင်ရှိသည့် အလုပ်လေးခုကို ပြီးမြောက်ခဲ့ရာမှ ရရှိခဲ့သည့် ဆုလာဘတ်များသည်လည်း မနည်းလှပေ။
ဒုတိယအလုပ်ဖြစ်သည့် အေးရိတောင်ပေါ်မှ ကယ်တင်ခြင်းတွင် ဖှေး သာမန်ခက်ခဲမှုအဆင့်မှ ရရှိခဲ့သည့် လူရိုင်းစစ်သည်၁၅ယောက်၏ စွမ်းအားများတိုးမြှင့်လာခဲ့သည်။ သူတို့၏ စွမ်းအားများသည် ကြယ်၇လုံးအဆင့်စစ်သည်များနှင့် ညီမျှနေပြီဖြစ်ပြီး တိုက်ခိုက်ခြင်းအသိဉာဏ်များလည်း တိုးမြှင့်လာခဲ့သည်။ ထို့အပြင် ဆင့်ခေါ်နိုင်မှုမှာလည်း တနေ့လျှင် သုံးခါဆင့်ခေါ်နိုင်သည်အထိတိုးမြှင့်လာခဲ့သည်။ သူတို့အား ဆင့်ခေါ်အသုံးပြုရင်း တိုက်ပွဲတွင် သေဆုံးသွားခဲ့ပါက ထက်မံဆင့်ခေါ်နိုင်ရန်အတွက် ၂၄နာရီစောင့်ဆိုင်းရမည်ဖြစ်သည်။
တတိယမြောက်အလုပ်ဖြစ်သည့် ရေခဲအကျဥ်းထောင်တွင် သူ၏ခုခံနိုင်စွမ်းကို ၁၀ရာခိုင်နှုန်းအထိတိုးမြှင့်ပေးနိုင်သည့် မှော်စာလိပ်တစ်ခုကို ရရှိခဲ့သည်။ သူသည် ထိုစာလိပ်ကို ချက်ချင်းအသုံးမပြုသေးပဲသိမ်းထားလိုက်သည်။ ထိုစာလိပ်သည် အချိန်မှန်တွင်အသုံးပြုပါက၀ှက်ဖဲများဖြစ်လာနိုင်သည့်အတွက်ပင်။
သူသည် ကစဥ့်ကလျားပုလ္လင်ပေါ်တွင်ထိုင်နေရင်းဖြင့် လွန်ခဲ့သည့် ၁၂ရက်လုံးတွင်ရရှိခဲ့သည့်အရာအားလုံးကို စနစ်တကျပြန်သုံးသပ်လိုက်သည်။ ထို့နောက်တွင် နတ်ဘုရားဘုရင်နန်းတော်၏အပြင်ကို လှမ်းကြည့်ကာ သူ၏ မင်္ဂလာပွဲအကြောင်းကို စဥ်းစားကြည့်လိုက်မိ၏။
ရုတ်တရက်ပင် ဖှေးတစ်စုံတစ်ရာကို သတိထားလိုက်မိသည်။ မျက်ခုံးများပင့်လိုက်ပြီး သူ၏ လက်သီးများကို ဆန့်တန်းကာ ငွေရောင်ဓားသွားစွမ်းအင်တစ်ခုကို ထုတ်လွှတ်လိုက်သည်။
"အမ် အတော်ရဲတင်းပါလား။ မင်းက ဒီကိုလာရဲတယ်တယ်ပေါ့..." ထိုငွေရောင်ဓားသွားစွမ်းအင်သည် ကောင်းကင်ပေါ်တွင် တောက်ပသွားပြီး မီးပန်းတစ်ခုကဲ့သို့ပင် လျှင်မြန်စွာပျောက်ကွယ်သွားသည်။
တစ်ချိန်တည်းမှာပင် ရွှေရောင်သူတော်စင်တောင်၁၂လုံးအပေါ်ဘက်တွင်ရှိသော ကောင်းကင်ပေါ်တွင် လူတစ်ယောက်၏ ပုံရိပ်တစ်ခု၀ေ၀ေ၀ါး၀ါးထွက်ပေါ်လာ၏။ သူသည် ဖှေးနှင့် ခြောက်ကီလိုမီတာခန့်၀ေးသည့်နေရာတွင်ရှိနေပြီး သူသည် ချက်ချင်းပင် ဖှေး၏သတ်ဖြတ်လိုသောဆန္ဒများကို အာရုံခံလိုက်မိသည်။
"မဟုတ်ဘူး ချမ်းဘော့ဒ်ဘုရင် ကျေးဇူးပြုပြီး ညှာတာပေးပါ...ကျွန်တော်..."
"ဖုန်း.."
ထိုလူ၏ စကားမဆုံးသေးခင်မှာပင် ငွေရောင်ဓားသွားစွမ်းအင်သည် သူ၏ခန္ဓာကိုယ်ထဲသို့ အညှာတာကင်းမဲ့စွာဖောက်၀င်သွား၏။ ထိုလူ၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် အပြင်သို့ကားထွက်လာပြီး ဘောလုံးတစ်လုံးကဲ့သို့ပင် ပေါက်ကွဲသွားတော့သည်။ ကွဲအက်နေသည့် ချပ်၀တ်များ၊ အ၀တ်စများနှင့် အတူသွေးများ အရိုးစများသည် ကောင်းကင်ပေါ်မှ မိုးစက်များကဲ့သို့ရွာကျလာတော့သည်။
ထိုလူသည် လအဆင့်သိုင်းဆရာတစ်ယောက်ဖြစ်သော်လည်း ချက်ချင်းပင် ဖျက်ဆီးခံလိုက်ရသည်။
ဖှေး၏ လက်ရှိအစွမ်းဖြင့် သူသည် လအဆင့်သိုင်းဆရာများကို ချက်ချင်းပင်သတ်ဖြတ်နိုင်၏။
"ဒါကအတော်လေးစိတ်ရှုပ်စရာပဲ။ ဒီတစ်ယောက်နဲ့ဆို ဒီဆယ်ရက်အတွင်းမှာ လေးယောက်မြောက်ပဲ။ ဒီကောင်တွေက အတော်အကြောက်လန့်ကင်းတာပဲ သူတို့က င့ါမင်္ဂလာပွဲကို ဂုဏ်ပြုရအောင်လာတယ်ဆိုရင် စခန်းချတဲ့နေရာမှာပဲ နေသင့်တယ်။ ဘာလို့ ဒီနေရာထိရောက်လာပြီး မသင်္ကာစရာတွေလုပ်နေတာလဲ။ ဒီကောင်တွေက ချမ်းဘော့ဒ်တိုင်းပြည်ကို ထင်ရာလုပ်လို့ရတယ်ထင်နေကြတာလား။ မင်းတို့ကောင်တွေက ကန့်သက်နယ်မြေထဲထိတောင် ခိုး၀င်လာရဲတယ်ဆိုတော့ ငါကလဲသတ်ပစ်ရမှာပဲ..."
ဖှေးသည် နတ်ဘုရားဘုရင်နန်းတော်ထဲတွင် နေနေရင်းဖြင့် အတော်ဒေါသဖြစ်နေလျှက်ရှိသည်။
ချမ်းဘော့ဒ်တိုင်းပြည် အတွင်းနှင့်အပြင်တွင်ရောက်ရှိနေကြသည့် ဧည့်သည်များအနက်တစ်ချို့သည် ကောင်းကောင်းမွန်မွန်နေထိုင်ခြင်းမရှိကြပေ။ ဖှေးသူတို့အား တိတ်တဆိတ်သတိပေးထားပြီးဖြစ်ပြီး ပို၍ ရန်လိုသည့်လူများကိုလည်း အပြစ်ပေးပြီးဖြစ်သည်။ ထိုကဲ့သို့ပြုလုပ်ခြင်းဖြင့် ဖှေးသည် ကျန်ရှိနေသည့်လူများကိုလည်း ထိုကဲ့သို့ မပြုမူစေရန်တားမြစ်ခဲ့သည်။
သို့သော် မာနထောင်လွှားနေကြသည့် လအဆင့်သိုင်းဆရာတစ်ချို့သည် ဖှေး၏ သတိပေးမှုကို လျစ်လျူရှုကာ တားမြစ်ထားသည့် နန်းတော်အတွင်းသို့ ခိုး၀င်လာခဲ့ကြသည်။ ရလဒ်အနေဖြင့် ဖှေးဒေါသဖြစ်ကာ ရောက်ရှိလာသည့်လူများကို ကစဥ့်ကလျားပုလ္လင်ပေါ်တွင် ထိုင်နေရင်းဖြင့် သတ်ပစ်ခဲ့သည်။
"ကျွီ ကျွီ ကျွီ..." ၀ဖိုင့်ဖိုင့်ဖြင့် ရက်ကွန်းကောင်လေးသည် နန်းတော်ဆောင်ထဲသို့ ရုတ်တရက်ရောက်လာခဲ့သည်။
ထိုအကောင်လေးသည် သူ၏သခင်စိတ်မကြည်လင်သည်ကို သိသည့်အတိုင်းပင် တစ်နေရာရာမှ အဖြူရောင်ပန်းတစ်ပွင့်ကို ခူးလာခဲ့သည်။ ထို့နောက်တွင် ဖှေး၏ ပခုံးပေါ်သို့ ခုန်တက်ကာ ပန်းပွင့်အား နှာခေါင်းထံသို့ ထိုးပေးလိုက်သည်။
"အတော်နောက်တဲ့ကောင်ပဲ..." ဖှေးရယ်မောလိုက်ပြီး ရက်ကွန်းကောင်လေးကို လေပေါ်သို့ ပွေ့ချီကိုင်မြှောက်လိုက်သည်။
အဖြူရောင်ပန်းပွင့်လေးသည် သင်းပျံ့သည့်ရနှံ့တစ်ခုကို ထုတ်လွှတ်လျှက်ရှိကာ ရှားပါးဆေးပင်တစ်ခုဖြစ်သည်မှာ ထင်ရှားလှသည်။ အနံ့ရရုံဖြင့်ပင် ဖှေး သက်တောင့်သက်သာရှိသလိုခံစားလိုက်ရသည်။
ရက်ကွန်းကောင်လေးသည် ရတနာရှာဖွေတတ်သည့် သားရဲတစ်ကောင်ဖြစ်သည့် အတွက် သာမန်ရတနာများကို လျစ်လျူရှုမည်ဖြစ်ပြီး ရှားပါးကာ တန်ဖိုးကြီးမားသည့် ရတနာများကိုသာ ရှာဖွေတတ်သည်ဖြစ်သည်။
ရက်ကွန်းကောင်လေး၏ ပါးများကို ပွတ်သပ်ပြီးသည့်အချိန်တွင် ဖှေးသည် သူ၏ ၀ိဉာဥ်စွမ်းအားများကို ဖြန့်ကျက်လိုက်ပြီး ကျင့်ကြံနေကြသည့် ချမ်းဘော့ဒ်စစ်သည်များ၏ ခရီးပေါက်မှုကို လေ့လာကြည့်လိုက်သည်။
ဖှေး ခေါင်းငြိမ့်ကာ ပြုံးလိုက်မိသည်။ "ဒီကောင်တွေက တကယ်ကြိုးစားလေ့ကျင့်နေကြတာပဲ။ နတ်ဘုရားဆေးပင်တွေက သူတို့ခန္ဓာကိုယ်ကို ပြောင်းလဲပေးပြီးသွားပြီ။ သူတို့အစွမ်းတွေကလည်း အများကြီးတိုးတက်လာပြီးပြီ။ ပီတာတို့လိုအရင်ကတည်းက စွမ်းအားကြီးနေတဲ့လူတွေက အခုဆို လအဆင့်နဲ့အတော်လေးနီးကပ်နေပြီ..."
ဖှေး၏ မင်္ဂလာဆောင်မှာ နီးကပ်လာပြီဖြစ်၏။ ချမ်းဘော့ဒ်တိုင်းပြည်မှ စစ်သည်များ သူတို့၏ စွမ်းအားကို ပြသလိုက်ပါက လူတိုင်းထိတ်လန့်သွားကြလိမ့်မည်ဖြစ်သည်။
"ဟမ်...အစ်ဇာနီ.. သူက အရည်ချင်းရှိတဲ့ ကလေးတစ်ယောက်ပါ။ ဒီလိုဖြစ်မနေသင့်ဘူး...ဘာလို့သူက လုံး၀အဆင့်မတက်ပဲဖြစ်နေတာလဲ...မဟုတ်မှလွဲရော..." ဖှေးသည် အစ်ဇာနီ၏ အရှိန်၀ါကို အာရုံခံလိုက်မိပြီး ထူးဆန်းသည့်အရာတစ်ခုကို သတိထားလိုက်မိသည်။
"အစ်ဇာနီကို သွားခေါ်လိုက်..." ဖှေးသည် ရက်ကွန်းကောင်လေး၏ ခေါင်းကို ပွတ်ကာအမိန့်ပေးလိုက်သည်။
ထိုအကောင်လေးသည် ဉာဏ်ကောင်းသည့်အတွက်ကြောင့် ဖှေးဆိုလိုသည်ကို ချက်ချင်းနားလည်၍ နန်းတော်ဆောင်အတွင်းမှ ပြေးထွက်သွားတော့သည်။