"ဒါပေမယ့် မင်းငါဘယ်သူလဲဆိုတာကိုသိလား"
Vol. 48 Ch. 747
ကျင်းမြောင်းကွေ့ကောက်သည့် လမ်းပေါင်းများစွာကို ဖြတ်ကျော်လာခဲ့ပြီးသည့်နောက်တွင် သူတို့သည် အမှိုက်ပုံများကို ဖြတ်ကျော်ကာ သိပ်မ၀ေးသည့်နေရာတွင်ရှိနေသည့် ခြံ၀န်းထဲတွင် ဖြစ်ပျက်နေသည်များကို မြင်တွေ့လိုက်ရသည်။
အသက်ဆယ်နှစ်အောက် စုတ်ပြဲနေသည့်အ၀တ်စားများကို ၀တ်ဆင်ထားသည့်ကလေးများကို လေမြန်တပ်ဖွဲ့မှ တပ်သားများက လက်နက်များအသုံးပြုကာ ချုပ်နှောင်ထား၏။ သူတို့၏ မျက်နှာလေးများပေါ်တွင် အကြောက်တရားများကို အတိုင်းသားမြင်နေရပြီး တုန်ခါနေကြသည်။ သူတို့သည် ခြံ၀န်းအလည်သို့ ဒေါသဖြစ်ကာ စွမ်းအားကင်းမဲ့သည့်မျက်လုံးများဖြင့် ကြည့်နေကြ၏။
ထိုနေရာတွင် ဖြူဖက်ဖြူယော်နှင့် သားသားနားနား၀တ်ဆင်ထားသည့် လူငယ်များသည် ဂုဏ်ယူ၀င့်ကြွားစွာရယ်မောနေကြသည်။
သူတို့၏ အရှေ့တွင် စွမ်းအားမြင့်မားသည့် စစ်သည်နှစ်ယောက်၏ ဖမ်းချုုပ်ထားခြင်းခံရသည့်အမျိုးသမီးရှိနေ၏။ ထိုအမျိုးသမီးသည် ဟောင်းနွမ်းနေသည့်အနီရောင်လယ်သာချပ်၀တ်ကို ၀တ်ဆင်ထားပြီး လှပကာ အနည်းငယ်လဲဆွဲဆောင်မှုရှိနေသည်။ သူမ၏ မျက်နှာပေါ်တွင် ဒေါသဖြစ်နေသည့်အမူယာရှိနေသော်လည်း သူမအား ဖမ်းချုပ်ထားသည့် စစ်သည်နှစ်ယောက်သည် အတွင်းအားစွမ်းအင်များအသုံးပြုထားသည့်အတွက် အနည်းငယ်မျှပင် လှုပ်ရှားနိုင်ခြင်းမရှိပေ။
"ဟီးဟီးဟီး သေစမ်း...ဒီစော်က အတော်ရုန်းချင်နေတာပဲ။ ဟားဟား ဆက်ရုန်းနေစမ်း ငါက နင့်လိုကောင်မမျိုးတွေကိုကြိုက်တာ ထူးခြားပြီးတော့ ပိုအရသာရှိတယ် ဟားဟားဟား..." ထိုကဲ့သို့ပြောနေသည့်လူသည် ရေပူစမ်းမြို့တော်ထဲမှ သာမန်ပြည်သူအများစု၏ မုန်းတီးခြင်းခံရသော ဆွေကြီးမျိုးကြီးလူငယ် ကူလွန်ဖြစ်သည်။
သေးငယ်ကျင်းမြောင်းသည့် မျက်လုံးများထဲတွင် ရက်စက်သည့်အလင်းရောင်တစ်ခုပေါ်လာပြီး ဒန်နီရယ်၏ အဖြူရောင်ပါးများကို လက်ဖြင့် ညှစ်လိုက်ပြီး သူ၏ လက်များကို ပြန်နမ်းကြည့်လိုက်သည်။
"ထွီ ခွေးသား..." အဆိုပါအမျိုးသမီးသည် ကူလွန်အား စိုက်ကြည့်ပြီး သူ၏မျက်နှာကို တံတွေးဖြင့် ထွေးလိုက်၏။
"ဖြန်း ဖြန်း..."
ကူလွန်သည် ချက်ချင်းပင် သူ၏လက်များကို မြှောက်၍ သူမ၏ မျက်နှာကို အကြိမ်ပေါင်းများစွာရိုက်လိုက်ပြီး သူမ၏ပါးပြင်ပေါ်တွင် အနီရောင်လက်ဖ၀ါးရာများ ထင်ကျန်စေလိုက်၏။
"အမ ဒန်နီရယ်ကို မရိုက်ပါနဲ့ ခင်ဗျားက ဆိုးတဲ့လူပဲ..." ခြောက်နှစ်ခန့်သာရှိသေးသည့် ကလေးမလေးတစ်ယောက်သည် ပြေးထွက်လာပြီး ကူလွန်၏ ခြေထောက်များကို သူမ၏ ညစ်ပေနေသည့်လက်သီးလေးများဖြင့် ထိုးလိုက်သည်။
"လစ်စမ်းကွာ စောက်ကလေး..." ကူလွန်ဒေါသဖြစ်သွား၏။
အတွင်းအားစွမ်းအင်ပိုင်ဆိုင်ခြင်းမရှိပဲ အရက်နှင့် လိမ်မှုကိစ္စ လွန်ကဲသဖြင့် အားနည်းသည့်လူတစ်ယောက်ဖြစ်သော်လည်း ကူလွန်သည် အရွယ်ရောက်ပြီးသူတစ်ယောက်ပင်။ ထို့ကြောင့် ကလေးမလေး၏ ရင်ဘက်အား ကန်လိုက်သည့်အချိန်တွင် လွှင့်ထွက်သွားစေပြီး သနားစရာကလေးမလေးမှာ ချက်ချင်းပင် ဖြူဖက်ဖြူယော်ဖြစ်၍ သတိလစ်မေ့မျောသွားတော့သည်။
"အား မီလီ...မလုပ်နဲ့ ခွေးသား နင်လူရောဟုတ်သေးရဲ့လား သူမက ကလေးပဲရှိသေးတာလေ..." ထိုအမျိုးသမီးသည် ဒေါသဖြင့် အော်ဟစ်ပြီးရုန်းထွက်နိုင်ရန်ကြိုးစားသော်လည်း သူ့အား ချုပ်နှောင်ထားသည့် စစ်သည်နှစ်ယောက်သည် သူမထက်များစွာပိုစွမ်းအားမြင့်သည့်အတွက်ကြောင့် ဘာမှမလုပ်နိုင်ချေ။
Hail The King
အပိုင်း(၇၄၇) Part B
ထိုအရာကိုမြင်သည့်အချိန်တွင် ကူလန်သည် ပို၍စိတ်လှုပ်ရှားလာတော့သည်။ သူရယ်မောကာ ပြောလိုက်သည်။ "ဟားဟား နင်က ဒီစောက်ကလေးတွေကို ဂရုစိုက်တဲ့ပုံပဲ။ ဟားဟား ကောင်းတယ်ဟေ့။ င့ါရှေ့မှာ အ၀တ်စားတွေ ချွတ်ပြစမ်း နင်င့ါကို ကောင်းကောင်းဖျော်ဖြေပေးနိုင်မယ်ဆိုရင် ငါဒီခွေးသားလေးတွေကို ချမ်းသာပေးလိုက်မယ်။ နင် ခုခံနေမယ်ဆိုရင်တော့...ဟီးဟီး ငါ သူတို့ရဲ့ ခြေတွေလက်တွေကို ခုတ်ဖြတ်ပြီးတော့ နာနာကျင်ကျင်နဲ့ သေဆုံးရအောင်နင့်ရှေ့မှာတင် သတ်ပြမယ်..."
ထိုကဲ့သို့ ပြောပြီးသည့်အချိန်တွင် မိဘမဲ့ကလေးများကို ထိန်းသိမ်းထားသည့် အစောင့်စစ်သည်များကို အချက်ပြလိုက်သည်။ ထိုစစ်သည်များကလည်း သူတို့၏ ဓားများကို ကလေးများ၏ လည်ပင်းပေါ်သို့ တင်လိုက်ပြီး အေးစက်ချွန်ထက်နေသည့် ဓားသွားများသည် ကလေးများကို ကြောက်လန့်စေသည်။ သို့သော် ကလေးများသည် မငိုမိအောင် ထိန်းချုပ်ထားကြ၏။
"နင်..." ဒန်နီရယ်တုပ်လှုပ်သွားသည်။
"လူသားတစ်ယောက်က ဘာလို့ ဒီလောက်တောင် ရက်စက်ယုတ်မာရတာလဲ...ဒီလိုကောင်မျိုးက ငရဲပြည်မှာပဲ ထာ၀ရနေသင့်တယ်.." သူမတွေးလိုက်မိသည်။
"ဘာလဲ..နင်ဘာလို့ အခုထိတွန့်ဆုတ်နေသေးတာလဲ...ဒီကလေးတွေနဲ့ ခြေလက်တွေကို ခုတ်ဖြတ်ပစ်လိုက်ကြစမ်းကွာ..." ကူလန်၏ ရွံရှာစက်စုပ်ဖွယ်အသံထက်မံ၍ ထွက်ပေါ်လာပြန်သည်။
အမိန့်ကိုကြားသည့်အချိန်တွင် စစ်သည်များသည် သူတို့၏ ဓားများကို ကိုင်မြှောက်လိုက်ကြသည်။
"မလုပ်နဲ့ သူတို့ကို နာကျင်အောင်မလုပ်ပါနဲ့..." ဒန်နီရယ်မှ ကြောက်လန့်တကြားအော်ဟစ်လိုက်သည်။
သူမ ရွေးချယ်စရာမရှိတော့ပေ။ ထိုကလေးများသည် သူမအတွက် ဘ၀တွင် အရေးကြီးဆုံးအစိတ်ပိုင်းတစ်ခုဖြစ်ပြီး မိသားစု၀င်ကဲ့သို့ပင်။ ဤလူယုတ်မာ၏ ခြိမ်းခြောက်မှုကို ခံရသည့်အချိန်တွင် သူမသည် အရှုံးပေးရုံမှတစ်ပါး ရွေးချယ်စရာမရှိတော့ပေ။
ဖြူဖက်ဖြူယော်နှင့် ချိနဲ့နေသည့် ဆွေကြီးမျိုးကြီးလူငယ်၏ ရမက်မီးများ တောက်လောင်နေသည့် အကြည့်များအောက်တွင် ဒန်နီရယ်သည် ဖြေးညှင်းစွာဖြင့် အနီရောင်လယ်သာချပ်၀တ်ပေါ်မှ ပထမဆုံးကြယ်သီးပေါ်သို့ လက်တင်လိုက်သည်။ သူမ၏ ဘေးပတ်ပတ်လည်တွင်ရှိသော ယောက်ျားများ၏ အကြည့်များအောက်တွင် သူမ၏ မျက်နှာသည် ဖြူဖက်ဖြူယော်ဖြစ်နေကာ သူမ၏ နှလုံးသားထဲတွင် အမြဲရှိနေသည့် လူငယ်တစ်ယောက်အား တွေးလိုက်မိသည်။ "သူသာ အခုချိန်ဒီနေရာမှာ ရှိမယ်ဆိုရင်..."
"ဟမ် ငါစိတ်မရှည်တော့ဘူးနော်..." ကူလန်သည် ဒန်နီရယ်၏ ခန္ဓာကိုယ်မှ အဓိကနေရာများသို့ စိုက်ကြည့်ရင်း စိတ်မရှည်စွာဖြင့် ပြောလိုက်၏။ ကလေးများ၏ အနီးတွင်ရှိနေသည့် စစ်သည်များသည်လည်း သူတို့၏ ဓားများကို ထက်မံ၍ ကိုင်မြှောက်လိုက်ပြန်သည်။
ဒန်နီရယ်၏ မျက်နှာပေါ်တွင် ဂုဏ်ယူ၀င့်ကြွားကာ မထီမြင်သည့်အပြုံဂစတ်ခုပေါ်လာပြီး လက်ချောင်းများတုန်ခါနေဆဲဖြစ်သော်လည်း ကြောက်လန့်ခြင်းမရှိတော့ပေ။ သူမ၏ လက်များကို အားစိုက်ကာ ကြယ်သီးဖြုတ်တော့မည့်အချိန်တွင် သူမ၏ဘေးတွင်ရှိနေကြသော ယောက်ျားသားများ၏ အကြည့်များ ရုတ်တရက် ပြောင်းလဲသွားကြသည်ကို သူမသိထားမိသည်။ ရမ္မက်မီးများတောက်လောင်နေသည့် ကူလန်၏ မျက်နှာပေါ်တွင်လျှင် ကြောက်လန့်တုန်လှုပ်သည့် အမူယာတစ်ခုပေါ်လာ၏။
အနောက်တွင် ဖြစ်နေသည့် ကြောက်မက်ဖွယ်မြင်ကွင်းကို သူမသတိထားမိခြင်းမရှိပေ။
သူမအား ချုပ်နှောင်ထားသည့် စွမ်းအားမြင့် စစ်သည်နှစ်ယောက်၏ ဦးခေါင်းများသည် တိတ်ဆိတ်ငြိမ်စွာ ပိုင်းဖြတ်ခြင်းကို ခံလိုက်ရသည်။ ပိုင်းဖြတ်လိုက်သည်မှာ သေသပ်သည့် အတွက်ကြောင့် တစ်စုံတစ်ယောက်သည် နတ်ဘုရားအဆင့်လက်နက်များကို အသုံးပြု၍ သူတို့၏ ဦးခေါင်းများကို ခုတ်ပိုင်းလိုက်သလိုပင်။ သို့သော် သူတို့၏ ဘေးတွင်ရန်သူတစ်စုံတစ်ရာအား တွေရခြင်းမရှိပေ။ အရာအားလုံးသည် တိတ်ဆိတ်စွာပင်ဖြစ်သွားခြင်းဖြစ်ပြီး အနီရောင်သွေးများသည် ဦးခေါင်းကင်းမဲ့နေသည့် ခန္ဓာကိုယ်မှ ပန်းထွက်လာနေလျှက်ရှိသည်။
မြင်ကွင်းသည် ထူးဆန်းစွာဖြင့် ကြောက်မက်ဖွယ်ပင်။
တိတ်ဆိတ်လျှင်မြန်စွာဖြင့် သတ်ဖြတ်လိုက်ခြင်းဖြစ်သည့်အတွက်ကြောက် ကာကွယ်နိုင်ရန်မဖြစ်နိုင်ချေ။ သေမင်းကိုယ်တိုင်ရောက်ရှိလာပြီး သူတို့၏ အသက်၀ိဉာဥ်များကို ရိတ်သိမ်းသွားသည့်အတိုင်းပင်။
ကူလန်၏ အမူယာသည် အေးစက်တုန်လှုပ်သွားပြီး အနားတွင်ရှိနေသည့် အသုံးမကျသော သူငယ်ခြင်းများသည်လည်း ကြောက်လန့်ကုန်ကြ၏။ သူတို့သည် ရန်သူကို မြင်နိုင်ခြင်းမရှိသော်လည်း စွမ်းအားမြင့်မားသည့် လူယုံစစ်သည်နှစ်ယောက်သည် ချက်ချင်းပင် ခေါင်းဖြတ်သတ်ခြင်းခံလိုက်ရသည်။ မြင်ကွင်းသည် ခရီးသွားကဗျာဆရာများ ပြောလေ့ရှိသည့် ကြောက်မက်ဖွယ်ပုံပြင်များထဲကလို ဖြစ်နေသည့်အတွက်ကြောင့် သွေးသံရဲရဲကို ကိုယ်တိုင်မြင်လိုက်ရသည့်အချိန်တွင် ဒူးပင်မခိုင်နိုင်တော့ချေ။
ဤအခိုက်တန်တွင် ဒန်နီရယ်သည် သူမ၏ အနောက်တွင်ဖြစ်နေသည့် ထူးခြားမှုကို သတိထားမိသွားပြီဖြစ်သည်။
သူမအနောက်သို့ ဖြေးညှင်းစွာလှည့်ကြည့်လိုက်သည့်အချိန်တွင် ပို၍ကြောက်မက်ဖွယ်ကောင်းသည့် မြင်ကွင်းကို မြင်လိုက်ရသည်။
ဖြစ်ရပ်ဆိုးသည် ကလေးများကို ထိန်းသိမ်းထားသည့် လေမြန်တပ်ဖွဲ့မှ စစ်သည်အယောက်ငါးဆယ်အပေါ်သို့ ကျရောက်လာ၏။ ကူးစက်ရောကာတစ်ခုလိုပင် သူတို့၏ လည်ပင်းမှ သွေးများစီးကျာလာတော့သည်။
သူတို့ကိုယ်တိုင်ပင် သတိထားမိပုံမရချေ။ အပေါင်းဖော်များ၏ ကြောက်လန့်နေကြသော အမူယာများကို မြင်သည့်အချိန်မှသာလျှင် ကိုယ့်လည်ပင်းကိုယ်ပြန်စမ်းမိကြပြီး အော်ဟစ်နိုင်ခြင်းပင်မရှိတော့ပဲ လဲကျကုန်ကြ၏။
စစ်သည်အယောက်ငါးဆယ်ကျော်မှာ ဆယ်စက္ကန့်အတွင်းမှာပင် သတ်ဖြတ်ခြင်းကို ခံလိုက်ရ၏။
သူတို့ ဘယ်လိုသေကုန်လဲ။ မည်သူမှ မပြောနိုင်ချေ။
သူတို့ကို ဘယ်သူသတ်လိုက်သလဲ။ ဘယ်သူမှ မသိချေ။
အစကတည်းက ယခုတိုင် လုပ်ကြံသတ်ဖြတ်သူကို မည်သူမှ မမြင်နိုင်သေးပေ။
ပြူးကျယ်နေသည့် မျက်လုံးများဖြင့် ဒန်နီရယ်သည် ထိတ်လန့်နေ၏။ အသိတရားပြန်၀င်လာသည့်အချိန်တွင် တစ်ဖက်သို့ လှည့်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးတုန်ခါသွားတော့သည်။ မည်သည့်အချိန်ကရောက်ရှိနေမှန်းမသိသည့် အမဲရောင်သူရဲကောင်းစစ်သည်ငါးဦးသည် ဆယ်မီတာခန့်၀ေးသည့်နေရာတွင် ရပ်နေသောကြောင့်ပင်။ သူတို့၏ မျက်လုံးများသည် တောက်ပနေသော်လည်း ရေခဲတုံကဲ့သို့ပင် အေးစက်နေ၏။
အကြောင်းပြချက်တစ်စုံတစ်ရာကြောင့် ဒန်နီရယ်၏ အကြည့်များသည် အလည်တွင်ရှိနေသည့် ခန့်ညားသောအမဲရောင်သူရဲကောင်းစစ်သည်လူငယ်အပေါ်သို့သာ ကျရောက်နေ၏။
ထိုလူအား သူမသိရှိသည့်အတွက် သူမ၏ မျက်နှာပေါ်တွင် အလွန်စိတ်လှုပ်ရှားပျော်ရွှင်သည့် အမူယာတစ်ခုပေါ်လာတော့သည်။
"မင်း...မင်း...မင်းဘယ်သူလဲ။ မင်းင့ါကောင်တွေကို သတ်ပစ်လိုက်တာလား...မင်းဘယ်သူတွေကို သတ်လိုက်တယ်ဆိုတာကိုရောမင်းသိရဲလား...သေစမ်း..မင်းတို့တွေအကုန်သေချင်နေလို့လား..." ကြောက်လန့်သွားပြီးသည့်နောက်တွင် ရန်သူငါးဦးကိုသာ တွေ့လိုက်ရသည့်အတွက် ကူလွန်၏ မိမိကိုယ်မိမိယုံကြည်ချက်များသည် ပြန်လည်ရောက်ရှိလာတော့သည်။
ယခုရောက်ရှိနေသည်မှာ ရေပူစမ်းမြို့တော်ဖြစ်သောကြောင့်ပင်။
တိုလီမီ မိသားစု၏ ပိုင်နက်ဖြစ်ပြီး သူ၏ ပိုင်နက်ပင်။
သူ၏ မေးခွန်းများအတွက် ရရှိလိုက်သည့်အဖြေမှာ လေးစားမှုမရှိသည့် ရယ်သံတစ်ခုပင်။ အလည်တွင်ရှိနေသည့်အမဲရောင်သူရဲကောင်းလူငယ်သည် မော့ကြည့်လိုက်ပြီး အေးစက်သည့်အသံတစ်ခုနှင့်အတူ ပြန်သပြောလိုက်သည်။ "မင်းဘယ်သူလဲဆိုတာကို ငါသိပါတယ် ဒါပေမယ့် ငါဘယ်သူလဲဆိုတာကိုရော မင်းသိလို့လား..."