"ထွက်ခွာခြင်းနှင့် ကျော်ဖြတ်ခြင်း"
Vol. 48 Ch. 751
ဆင်းရဲသားရက်ကွက်တွင် အစောင့်စစ်သည်များ တင်းကြပ်စွာရောက်နေသည့်အတွက်ကြောင့် ခမ်းနားလှပသည့် မှော်လှည်းတစ်ခုပေါ်တွင် ထိုင်နေသည့် ဒန်နီရယ် ထိတ်လန့်သွားသည်။ "ဘာတွေဖြစ်ကုန်တာလဲ။ သေစမ်း..တိုလီမီ မိသားစုက ကတိမတည်တော့တာလား။ ငါတို့ကို သတ်ဖို့များ စစ်သည်တွေပို့လိုက်တာလား။ ငါတို့ ချက်ချင်းထွက်လာခဲ့သင့်တာ။ ဒီပစ္စည်းတွေ၀ယ်ဖို့ အချိန်တွေဖြုန်းလိုက်မိပြီထင်တယ်...ငါတို့ဘာလုပ်သင့်လဲ.."
ဤလှည်း၏ ဘေးဘက်တွင် မြင်းများစီးကာလိုက်ပါလာကြသည့် အို၀င်နှင့် ပေါလ်တို့သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ ပြုံးလိုက်သည်။
"ဟားဟား စိတ်မပူပါနဲ့ အမဒန်နီရယ်။ တိုလီမီမိသားစုမှာ သတ္တိတွေ အဆတစ်ထောင်လောက်ပိုရှိရင်တောင် ဘာမှ လုပ်ရဲမှာမဟုတ်ပါဘူး..." ပေါလ်သည် သူ၏အရှေ့တွင်ရှိနေသည့်စစ်သည်များသည် ဘာမှမဟုတ်သလို သဘောထားကာပြောလိုက်သည်။
"အမဒန်နီရယ်ဒီလိုတွေးတာက ဘုရင်အလတ်ဇန္ဒားက ဇီးနစ်အင်ပါယာထဲမှာ ဘာတွေလုပ်နိုင်လဲဆိုတာကို မသိသေးလို့ပါ။ ချမ်းဘော့ဒ်တိုင်းပြည်ထဲမှာဆိုရင်လည်း ဖီးလစ်က ဘယ်လိုရာထူးလဲဆိုတာကို အမမသိသေးဘူး။ တကယ်တန်းပြောရမယ်ဆိုရင် ရေပူစမ်းမြို့တော်ကိုအုပ်ချုပ်တဲ့ တိုလီမီမိသားစုခေါင်းဆောင်တောင် ဖီးလစ်အောက်မှာပဲရှိတယ်။ဟားဟား သူတို့ဘာမှမလုပ်ရဲပါဘူး တိုလီမီမိသားစုကလူတွေအကုန်လုံး မိုက်မဲပြီးတော့ အသက်မရှင်ချင်တော့ဘူးဆိုရင်တော့ တမျိုးပေါ့။ တကယ်လို့ အကိုဖီးလစ်သာ ဆန္ဒရှိရင် တိုလီမီ မိသားစုတစ်ခုလုံးကို နာရီပိုင်းအတွင်းမှာ ပျောက်ကွယ်သွားအောင်လုပ်လို့ရတယ်..."
မိုက်ကယ်-အို၀င်သည် ပေါလ်ထက်တစ်နှစ်ပိုငယ်သော်လည်း ပို၍ စကားကျယ်၏။
ဒန်နီရယ် တုပ်လှုပ်သွားသည်။
သူသည် ကြီးမားသည့်အပြောင်းလဲနှင့်အသားမကျသေးသလို ခံစားလိုက်ရသည်။
လွန်ခဲ့သည့် နှစ်၀က်ခန့်က ထိုခြံ၀န်းလေးထဲတွင် သူမနှင့်အတူနေထိုင်ခဲ့သည့် သူငယ်ချင်းများအားလုံးသည်ပြောင်းလဲသွားကြပြီဖြစ်သည်။ ယခင်က သူတို့အားလုံးသည် လူတိုင်းအတွက် စားစရာများရှာဖွေပေးရန်ကိုပင် ခက်ခဲခဲ့ကြသော်လည်းယခုအချိန်တွင် မိမိကိုယ်မိမိယုံကြည်ချက်ရှိသည့် စစ်သည်များဖြစ်နေကြပြီဖြစ်သည်။ သူတို့သည် ဤနိုင်ရာစားလောကထဲတွင် စွမ်းအားမြင့်စစ်သည်များအဖြစ်ရပ်တည်နိုင်နေပြီဖြစ်သည်။
"မင်းတို့ကောင်တွေအကုန် သေချင်နေတာလား။ ဒီကနေထွက်သွားကြစမ်း..." မှော်လှည်းသည် ရပ်တန့်ခြင်းမရှိပဲ ရှေ့သို့ ဆက်တိုးလာသည်ကို မြင်လိုက်ရသည့်အတွက် ခေါင်းဆောင်အရာရှိသည့် ဒေါသဖြစ်သွားပြီး ရှေ့သို့ တိုးလာကာ အို၀င်ထံသို့ သူ၏ကြာပွတ်ကို အညှာတာကင်းမဲ့စွာ ၀ှေ့ရမ်းလိုက်သည်။
"နောက်ဆုတ်စမ်း..." အို၀င်သည် သူ၏လက်ကို၀ှေ့ရမ်းကာပြောလိုက်သည်။
အစိမ်းရောင်ဓားသွားစွမ်းအင်တစ်ခုပျံသန်းသွားပြီး ကြာပွတ်အား အပိုင်းပိုင်းဖြစ်အောင် ပိုင်းဖြတ်လိုက်သည်။ ထို့နောက်တွင် ဓားသွားစွမ်းအင်သည် ခေါင်းဆောင်အရာရှိ၏ နားအနီးမှ ဖြတ်သန်းသွားပြီး သူ၏ဆံပင်အနည်းငယ်ကိုပါ ပိုင်းဖြတ်သွား၏။
ဤကဲ့သို့ စွမ်းအင်အား ထိန်းချုပ်နိုင်ခြင်းသည် ပတ်၀န်းကျင်တွင်ရှိနေသည့်လူတိုင်းကို ထိတ်လန့်စေသည်။
ခေါင်းဆောင်အရာရှိကြောက်လန့်သွားပြီး မြင်းပေါ်မှ ပြုတ်ကျလုနီးနီးပင်ဖြစ်သွား၏။ သူသည် ဒေါသဖြစ်သွားကာ စစ်သည်များအား မြှားများဖြင့် ပစ်ရန်အမိန့်ပေးရန်ပြန်နေရင်းဖြင့်တစ်စုံတစ်ခုကို သတိရသွားသည်။
သူ၏အရှေ့တွင်ရှိနေသည့် အမဲရောင်သူရဲကောင်းနှစ်ဦးသည် ထူးခြားသည့်ချပ်၀တ်များကို ၀တ်ဆင်ထားသည်ကို သတိထားလိုက်မိသည်။ ချပ်၀တ်နှစ်စုံသည် အနည်းငယ်ကြမ်းတမ်းပြီး သမားရိုးကျပုံရှိသော်လည်း တကယ်တန်းတွင် အဆင့်မြင့်နတ်ဆိုးသားရဲများ၏ အရေခွံဖြင့် ပြုလုပ်ထားခြင်းပင်။ နေရောက်အောက်တွင် ချပ်၀တ်ထံမှ အမဲရောင်မီးတောက်များထွက်ပေါ်လာမည်ဖြစ်ပြီး မှော်စွမ်းအင်တောက်ပမှုများကိုလည်း ချပ်၀တ်ထံမှ အာရုံခံနေရသည်။ အမဲရောင်စစ်သည်နှစ်ဦးစီးနေသည့် မြင်းများသည်လည်း သာမန်စစ်မြင်းများထက်ပို၍မြင့်မားကာ ကြံ့ခိုင်သန်စွမ်းကြ၏။
"ချမ်းဘော့ဒ်ဘုရင်ရဲ့ အမဲရောင်သူရဲကောင်းတွေများလား..." ခေါင်းဆောင်အရာရှိတွေးလိုက်မိပြီး သူ၏မျက်နှာသည်လည်း ချက်ချင်းပင် ဖြူဖက်ဖြူယော်ဖြစ်သွားတော့သည်။ သူသည် မြင်းပေါ်မှ ကပျာကယာ ခုန်ဆင်းလိုက်ပြီး ချိုသာသည့်အပြုံးတစ်ခုနှင့်အတူမေးလိုက်သည်။ "လူကြီးမင်းတို့က ချမ်းဘော့ဒ်တိုင်းပြည်က သံတမန်တွေလား..."
"မင်းသွားတော့..."
အို၀င်သည် ထိုအရာရှိအား လှည့်ပင်မကြည့်ပဲ သူ၏မြင်းဖြင့် အရှေ့သို့ဆက်သွားလိုက်၏။
အို၀င်သည် အသက်၁၄နှစ်သာရှိသေးသည့် လုပ်ကြံသတ်ဖြတ်သူတစ်ယောက်ဖြစ်ပြီး အနည်းငယ်မာနကြီးသည်ဟုဆိုနိုင်၏။ သူသည် ဘုရင်နှင့်အတူရှိသည်မှာ အချိန်အတန်ကြာပြီဖြစ်သောကြောင့် ဘုရင်၏ အကျင့်များကူးစက်လာခဲ့သည်ဟုဆိုနိုင်၏။ သူသည် စိတ်ဓာတ်မြင့်မားသည့် စစ်သည်များကို လေးစားပြီး အားနည်းသည်ဟုထင်ရသည့်လူများရှေ့တွင် မာနထောင်လွှားတတ်ပြီး ပို၍ သန်မာသည့်လူများရှေ့တွင် နူးညံ့တတ်သည့် လူများကို မုန်းတီးသည့်အတွက်ကြောင့်ပင်။
"ဟုတ်...ဟုတ်ကဲ့ပါ ဆရာ...ဒီလမ်းပါ။ အမြန်လုပ် ဖယ်ကြစမ်း ဒီလူကြီးမင်းနှစ်ယောက်နဲ့ သူတို့လှည်းတွေအတွက် လမ်းဖယ်ပေးလိုက်ကြ။ မင်းတို့ခွေးသားတွေ အတော်နှေးတဲ့ကောင်တွေပဲ..." ဆူခံလိုက်ရသော်လည်း ခေါင်းဆောင်အရာရှိသည့် ဒေါသဖြစ်ခြင်းမရှိပေ။ သူသည် ဤနေရာအား စောင့်ကြပ်နေကြသည့် စစ်သည်များကို အမြန်အမိန့်ပေးကာ ဒန်နီရယ်နှင့် သူရဲကောင်းနှစ်ယောက်တို့ ဖြတ်သွားရန်အတွက် လမ်းဖယ်ပေးခိုင်းလိုက်သည်။
ထို့နောက်တွင် ဒန်နီရယ်ထက်မံ၍ စိတ်အေးသွားသည်။
တိုလီမီမိသားစုသည် သူတို့အား လက်စားချေရန်ကြိုးစားတော့မည်မဟုတ်ကြောင်း ယခုအချိန်တွင် သေချာသွားသည့်အတွက်ပင်။
ထို့အပြင် ချမ်းဘော့ဒ်ဘုရင်ဆိုသည့် နာမည်သည်လည်း အမျိုးသမီးကြေးစားစစ်သည်၏ စိတ်ထဲတွင် စွဲကျန်သွား၏။
လေမြန်တပ်ဖွဲ့မှ ကျွမ်းကျင်စစ်သည်များသည် ဆင်းရဲသားရက်ကွက်၏ လမ်းများဘေးတွင် ရပ်နေကြသော်လည်း မည်သူမှ ၀င်လာပြီး သူတို့အား ရပ်တန့်ရဲခြင်းမရှိပေ။ မကြာမှီတွင် ဒန်နီရယ်နှင့် အမဲရောင်သူရဲကောင်းနှစ်ယောက်တို့သည် ခြံ၀န်းလေးထံသို့ ရောက်ရှိလာကြ၏။ ဒန်နီရယ်သည် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သော်လည်း အံ့သြမိသွားပြန်သည်။
ခြံ၀န်းလေးထဲတွင် အဖြူရောင်၀တ်စုံများ၀တ်ဆင်ထားကြသည့် တိုလီမီမိသားစုမှ လူများစွာကို တွေ့လိုက်ရသည့်အတွက်ပင်။
ပုံမှန်အားဖြင့် မာနထောင်လွှားနေကြသည့် ဆွေကြီးမျိုးးကြီးများသည် ယခုအချိန်တွင်ကြောက်လန့်နေကြသည်။ သူတို့၏ မျက်နှာတွင် ဂုဏ်ယူ၀င့်ကြွားသည့်အမူယာများကို တွေ့ရခြင်းမရှိပဲ ခွေးလေးများကဲ့သို့ပင် ကျိုးနွံနေကြ၏။ သူတို့သည် ခြံ၀န်းထဲတွင် ခေါင်းများငုံ့ကာ ရှိနေကြ၏။
ခြံ၀န်းအလည်တွင် သစ်သားများဖြင့် ယာယီဆောက်လုပ်ထားသည့် နတ်စင်တစ်ခုရှိနေ၏။ နတ်စင်ပေါ်တွင် စားကောင်းသောက်ဖွယ်များနှင့် ရတနာပစ္စည်းများကို ပူဇော်သည့်အနေဖြင့် တင်ထားသည်။
ရေပူစမ်းမြို့တော်ထဲတွင် ပုံမှန်အားဖြင့် ရမ်းကားနေတတ်သည့် ကူလန်ကိုမူ ကြိုးများဖြင့် ချည်နှောင်ထားသည်။ သူ့အား အပေါ်ပိုင်းဗလာကျင်းနေသည့် ဓားများကိုင်ဆောင်ထားသော အားကောင်းမောင်းသန်လူနှစ်ဦးက ချုပ်နှောင်ထား၏။ သူသည် စိတ်ခံစားချက်ကင်းမဲ့ကာ စိတ်ဓာတ်ကျနေသည့်ပုံရှိပြီး ဘေးမှ လူနှစ်ယောက်မရှိပါက မြေပြင်ပေါ်သို့ လဲကျတော့မည့်အတိုင်းပင်။
"သတ်ပစ်..မိသားစုအတွက် ဒုက္ခတွေပဲ ပေးနေတဲ့ အမှိုက်လိုကောင်ကို သတ်ပစ်ကြ.."
"သတ်ပစ်...သူက တိုလီမီမိသားစုကို အရှက်ရစေတယ်။ သူက ချမ်းဘော့ဒ်ဘုရင်ကို စော်ကားခဲ့မိတော့ သူ့ကံကြမ္မာကို သူကိုယ်တိုင်ပဲ အဆုံးဖြတ်ပေးလိုက်ပြီ..."
"ဒီငပိန်းကောင်ရဲ့ခေါင်းကို ချမ်းဘော့ဒ်ဘုရင်ကို တောင်းပန်တဲ့အနေနဲ့ ဆက်သလိုက်..."
"သူ့ကို သတ်ပြီး မီးရှို့ကြ။ အဲ့ကောင်ကို ဆုံးမသင့်တယ်လို့ ငါမင်းတို့အားလုံးကို ပြောခဲ့ဖူးပါတယ်။ ကူလန်က ရေပူစမ်းမြို့တော်မှာ ရမ်းကားနေခဲ့တာကြာပြီ။ သူမိသားစုကိုအခုမဟုတ်သေးတောင် နောက်ကျရင်အကြီးကျယ်ဒုက္ခရောက်စေမှာပဲ။ ငါတို့မိသားစုခေါင်းဆောင်က သူ့သားကို ကာကွယ်ပေးချင်နေခဲ့လို့ ဒီလိုဖြစ်ရတာ။ အခုကျတော့ သူ့သားအငယ်ဆုံးက မိသားစုကို အကြီးကျယ်ဒုက္ခရောက်စေတာပဲ..အဖိုးကြီး တိုလီမီလဲ မိသားစုခေါင်းဆောင်နေရာကနေ နုတ်ထွက်ပေးသင့်တယ်လို့ ငါထင်တယ်။ ဒီကိစ္စအတွက် သူတာ၀န်ယူမှရမယ်..."
"ဟုတ်တယ်..ချမ်းဘော့ဒ်ဘုရင်က စွမ်းအားကြီးလွန်းတယ်။ ငါတို့ဘယ်လိုဖြစ်ပြီးတော့ သူ့တပည့်နဲ့ယှဥ်နိုင်မှာလဲ..."
"သေစမ်း ဒယ်လီကလည်း ငပိန်းပဲ။ သူ့ညီကူလန်ကို ကာကွယ်ပေးချင်ရုံနဲ့ ချမ်းဘော့ဒ်ဘုရင်ရဲ့ တပည့်ကို သွားစိန်ခေါ်ခဲ့တာ။ သူ့ကိုယ်သူဘာထင်နေတာလဲ။ သူ့ကိုယ်သူပြိုင်ဘက်ကင်းတယ်လို့ထင်ပြီးတော့ မိသားစုကို ဒုက္ခရောက်စေနိုင်တာကို လျစ်လျူရှုလိုက်တာလား..."
ကျယ်လောင်ကာ ဒေါသဖြစ်နေသည့် အော်ဟစ်သံများသည် လူအုပ်ထဲမှ ထွက်ပေါ်နေ၏။ လူတစ်ချို့၏ ဦးဆောင်မှုအောက်တွင် တိုလီမီမိသားစု၀င်များသည် ကူလန်ကြောင့် ဤကိစ္စများဖြစ်လာရသည့်အတွက် ဒေါသဖြစ်နေကြ၏။ သူတို့သည် မိသားစု၏ ဒုတိယမြောက်ဆက်ခံသူဖြစ်သည့် ကူလန်အား ရန်သူတစ်ယောက်ကဲ့သို့ပင် ဆဲဆိုအော်ဟစ်နေကြတော့၏။
အော်ဟစ်နေကြသည့်လူများသည် တိုမီလီမိသားစု၏ အဓိကအရေးပါသည့်လူများပင်။
သူတို့ကိုယ်သူတို့ကယ်တင်ရန်အတွက် သူတို့၏ ဒေါသများကို ကူလန်နှင့် လက်ရှိမိသားစုခေါင်းဆောင်အပေါ်သို့ လွှဲချနေကြ၏။ တိုလီမီမိသားစုသည် စည်းလုံးခြင်းမရှိပေ။ အထဲတွင်လည်း အာဏာလုယူပြိုင်ဆိုင်မှုများ ယခင်ကတည်းက ရှိနေ၏။ ထို့ကြောင့် ပါးနပ်သည့် မိသားစု၀င်တစ်ချို့သည် ဤဖြစ်ရပ်ကို အသုံးချ၍ ချမ်းဘော့ဒ်ဘုရင်အား မြှောက်ပင့်ရန်နှင့် လက်ရှိမိသားစုခေါင်းအောင်အား ဖြုတ်ချရန်ကြိုးစားနေကြ၏။
အစ်ဇာနီသည် ကလေးများနှင့်အတူ ပို၍သေးငယ်သည့် နတ်စင်တစ်ခုအနောက်တွင်ရပ်နေ၏။ သူသည် ထိုနေရာတွင် ရပ်နေရင်းဖြင့် နှာခေါင်းရှုံ့ကာ အဖြစ်ပျက်များအားလုံးကို လူပျက်ပွဲတစ်ခုကဲ့သို့ ဘာမှ၀င်မပြောပဲကြည့်နေ၏။
အသက်ငါးဆယ်အရွယ်ခန့်ရှိသည့်အဖိုးကြီးတစ်ယောက်သည် အစိမ်းရောင်ဓားတစ်လက်ကို ကိုင်ဆွဲ၍ နတ်စင်ပေါ်သို့ ဖြေးညှင်းစွာတက်လာ၏။ သူပတ်၀န်းကျင်သို့ လှည့်ပတ်ကြည့်လိုက်သည့်အချိန်တွင် အော်ဟစ်ဆူညံနေကြသည့် မိသားစု၀င်များအားလုံး ငြိမ်သက်သွားကြတော့သည်။
ထိုအဖိုးကြီးသည် တိုမီလီမိသားစု၏ လက်ရှိခေါင်းဆောင်ပင်။
သူသည် နှာခေါင်းရှုံ့လိုက်ပြီး သူ၏လက်ကောင်၀တ်ထဲတွင်ကိုင်ထားသည့်ဓားဖြင့် ကူလန်၏ ရင်ဘက်အား အညှာတာကင်းမဲ့စွာထိုးစိုက်လိုက်၏။ ကူလန်၏ နာကျင်စွာအော်ဟစ်သံများထွက်ပေါ်လာရင်းဖြင့် အဖိုးကြီးသည် သူ့အား မြေပြင်ပေါ်သို့ ကန်ချလိုက်ပြီး သူ့သား၏ သွေးများစွန်းထင်းနေသည့် ဓားကို ပြန်ဆွဲနုတ်လိုက်သည်။ ထို့နောက်တွင် သူ၏ ဖိနပ်ဖြင့် သွေးများကို သုပ်လိုက်၏။
ကွက်မျက်ခြင်းတစ်ခုလုံးသည် မြန်ဆန်ကာ မိမိ၏ သားအရင်းဖြစ်သော်လည်း တွန့်ဆုတ်နေခဲ့ခြင်းမရှိပေ။
အဖိုးကြီးတိုလီမီ၏ မျက်နှာပေါ်တွင် စိတ်ခံစားချက်တစ်စုံတစ်ရာမရှိပေ။ သေသွားတဲ့လူမှာ သူ့သားမဟုတ်ပဲ ကြက်ကလေးတစ်ကောင်ကဲ့သို့ပင်။ အလွန်သွေးအေးသည့် လူတစ်ယောက်ပင်။
သူသည် ပတ်၀န်းကျင်သို့ လှည့်ပတ်ကြည့်လိုက်ပြီး အေးစက်စွာပြောလိုက်သည်။ "ကူလန်က ဒုက္ခရှာတဲ့ကောင်ပဲ။ ရာဇ၀က်မှုတော်တော်များများကိုလည်း ကျူးလွန်ထားတယ်။ အခုငါသူ့ကို ကိုယ်တိုင်သတ်ပြီးတော့ ထိုက်တန်တဲ့အပြစ်ပေးလိုက်ပြီ။ ဒီမိသားစုထဲမှာ ကူလန်လိုလူမျိုးတွေ ကျန်နေသေးတယ်ဆိုတာလည်း ငါသိတယ်။ ငါတိုမီလီမိသားစုကို ပြန်စီစစ်ပြီးတော့ အကျင့်ပျက်ခြစားနေတဲ့လူတိုင်းကို ကွက်မျက်ပစ်မယ်။ နောက်ပြီးတော့ ရေပူစမ်းမြို့သူမြို့သားတွေ၊ ချမ်းဘော့ဒ်ဘုရင်နဲ့ အင်ပါယာအရှင်သခင်ယရှင်းကို မျက်နှာပျက်စေတော့မှာမဟုတ်ဘူး..."
နတ်စင်ပတ်ပတ်လည်တွင် တိတ်ဆိတ်နေပြီး အဖိုးကြီး တိုလီမီ၏ စကားလုံးများ၏လေးနက်မှုကို လူတိုင်းအာရုံခံလိုက်မိသည်။ တစ်ချို့လူများသည် ဤအဖြစ်ပျက်ကိုအသုံးချ၍ မိသားစုခေါင်းဆောင်ကို နုတ်ထွက်ရန်တွန်းအားပေးရန်ကြံစည်ထားကြသည်။ သို့သော် ထိုအဖိုးကြီးသည် အလွန်အညှာတာကင်းမဲ့ကာ သူ၏ သားအရင်းအား တွန့်ဆုတ်ခြင်းမရှိပဲ သတ်ဖြတ်လိမ့်မည်ဟုထင်မထားခဲ့ပေ။ ထို့အပြင်သူသည် ဤဖြစ်ရပ်ကိုအသုံးချ၍ မိသားစုကိုလည်း "သန့်စင်"တော့မည်ဖြစ်သည်။ အာဏာကစားပွဲမှာ လူသားမဆန်လှပေ...
ကွက်မျက်ခြင်းအား မြင်ပြီးသည့်အချိန်တွင် အစ်ဇာနီသည် ဒန်နီရယ်နှင့် ကျန်ရှိနေသည့်လူများကို ခေါ်လိုက်သည်။ ကျောက်တုံးအိမ်ထဲမှ ပစ္စည်းများအားလုံးကို သိမ်းဆည်းပြီးသည့်နောက်တွင် အထုပ်ပိုးများကို လှည်းပေါ်တင်ကာ ဆင်းရဲသားရက်ကွက်မှ ထွက်လာခဲ့တော့သည်။ သူတို့အားလုံးသည် အကျင့်ပျက်ခြစားနေကြသည့် ဆွေကြီးမျိုးကြီးများနှင့် စကားတစ်စုံတစ်ရာပြောခြင်းမရှိပေ။
အဖိုးကြီး တိုလီမီ၏ မျက်နှာသည် အနည်းငယ်ပြောင်းလဲသွားပြီး သူ၏ဘေးတွင်ရှိနေသည့် ကူလန်၏ အလောင်းကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက်တွင် အလောင်းအား နတ်စင်ပေါ်မှ ကန်ချလိုက်ပြီး ဘေးတွင်ရှိနေသည့်စစ်သည်တစ်ယောက်ကို အေးစက်စွာအမိန့်ပေးလိုက်သည်။ "ဒီစောက်ပြသနာကောင်ကို တနေရာရာမှာ သွားမြုပ်လိုက်စမ်းကွာ။ အတော်အသုံးမကျတဲ့ကောင်ပဲ သေတာပဲကောင်းတယ်..."
......
ရေပူစမ်းမြို့တော်မှ ထွက်လာခဲ့ပြီးသည့်နောက်တွင် သူတို့အားလုံးသက်တောင့်သက်သာရှိသလိုခံစားလိုက်ရသည်။
ဒန်နီရယ်နှင့် ကလေးများသည်လည်း ပျော်ရွှင်နေကြပြီး သူတို့အားလုံးသည် လှောင်အိမ်မှ လွတ်မြောက်လာသည့် ငှက်ကလေးများကဲ့သို့ သီချင်းများသီဆိုနေကြ၏။
အစ်ဇာနီနှင့် အမဲရောင်သူရဲကောင်းငါးဦးတို့သည်လည်း ပျော်ရွှင်နေကြ၏။
သူတို့သည် လက်စားချေဖို့လာရောက်သော်လည်း သေပြီဟုထင်ထားခဲ့သည့် သူငယ်ချင်းနှင့်မထင်မက်ပဲ ပြန်တွေ့လိုက်ရသည်။ ကျေနပ်ဖွယ်ကောင်းသည့် အံ့သြစရာတစ်ခုပင်။
အစ်ဇာနီသည် အသက်ရှူထုတ်လိုက်ပြီး သူ၏ မျက်နှာအမူယာသည် ရုတ်တရက်ပြောင်းလဲသွားတော့သည်။
သူ၏ စွမ်းအင်ကျင့်စဥ်အား တားဆီးနေခဲ့သည့်အရာသည် စတင်ရွေ့လျားလာပြီဖြစ်သောကြောင့်ပင်။
"ဆရာပြောခဲ့သလိုပါလား..." သူတွေးလိုက်မိသည်။