← Chapters

"ချမ်းဘော့ဒ်သို့ အပြန်"

Vol. 48 Ch. 752

"ချမ်းဘော့ဒ်သို့ အပြန်"

Vol. 48 Ch. 752

သူ၏ခန္ဓာကိုယ်ထဲတွင်ဖြစ်နေသည့် အပြောင်းလဲများကို အာရုံခံလိုက်ရင်းဖြင့် အစ်ဇာနီသည် ကြုံး၀ါးကာ အစိမ်းရောင်စွမ်းအင်မီးတောက်များသည် သူ၏ ခန္ဓာကိုယ်အား ချက်ချင်းလွှမ်းခြုံသွားတော့၏။ အတွင်းအားစွမ်းအင်အရှိန်၀ါလှိုင်းလုံးများသည် ပတ်၀န်းကျင်သို့ ချက်ချင်းပြန့်နှံ့သွားပြီး သူ၏ အနက်ရောင်ဆံပင်ရှည်တို့သည် လေထဲတွင် လွှင့်ပျံနေတော့၏။

"၀ုန်း..." သူသည် မြင်းပေါ်မှ ခုန်ဆင်းလိုက်ပြီး မှော်လှည်းတစ်ခုအတွင်းသို့ ပြေး၀င်လိုက်သည်။

"ဟမ်..ဘာတွေဖြစ်နေတာလဲ။ ဖီးလစ်ဘာဖြစ်နေတာလဲ..." ကလေးများနှင့် တခြားလှည်းပေါ်တွင် သီချင်းများဆိုနေသည့် ဒန်နီရယ် ရုတ်တရက်ဖြစ်ပေါ်လာသည့်အပြောင်းလဲကြောင့် ထိတ်လန့်သွားသည်။

"ဟားဟား စိတ်ထဲက အတားဆီးကို ကျော်လွှားနိုင်ရင် အကိုဖီးလစ်အဆင့်တက်နိုင်လိမ့်မယ်လို့ အရှင်မင်းကြီးပြောခဲ့တယ်။ ဟားဟားဟား ဆရာပြောတာမှန်တာပဲ။ အခုအချိန်ကစပြီးတော့ အကိုဖီးလစ်ရဲ့ ကျင့်စဥ်လမ်းကြောင်းက ချောမွေ့ကျယ်ပြန့်သွားပြီ။ စိတ်မပူပါနဲ့ အမဒန်နီရယ် ဒါက ကောင်းတဲ့အရာတစ်ခုပါ..."

ကျန်ရှိနေသည့်အမဲရောင်သူရဲကောင်းလေးဦးတို့သည် အံ့သြကာ အစ်ဇာနီအတွက်ပျော်ရွှင်သွား၏။

သူတို့သည် အစ်ဇာနီရှိနေသည့် လှည်းကာ မြင်းများဖြင့် ၀န်းရံကာကာကွယ်ပေးလိုက်သည်။

အစိမ်းရောင်စွမ်းအင်မီးတောက်များသည် လှည်းနံရံများထံမှ ထွက်ပေါ်လာနေပြီး ပတ်၀န်းကျင်သို့ ပြန့်နှံ့နေကာ ကောင်းကင်တစ်ခုလုံးကိုပင် အစိမ်းရောင်ခြယ်သနေလျှက်ရှိသည်။ လေဂုဏ်သတ္တိစွမ်းအင်များသည် အရပ်မျက်နှာပေါင်းစုံမှ ပျံသန်းလာကာ မှော်လှည်းအတွင်းသို့ ၀င်လာနေလျှက်ရှိသည်။ လေဗွေအသေးစားလေးများသည်လည်း မှော်လှည်းပတ်၀န်းကျင်တွင်တိုက်ခတ်နေ၏။ မြင်ကွင်းသည် အလွန်ခမ်းနားထည်၀ါလှသည်။

......

-ဒုတိယမြောက်နေ့ မနက်ခင်း-

ချမ်းဘော့ဒ်ဘုရင်၏ မင်္ဂလာဆောင်နီးကပ်လာသည်နှင့်အမျှ လူများစွာသည် ချမ်းဘော့ဒ်တိုင်းပြည်သို့ လာရောက်နေကြ၏။ လက်ရှိအခိုက်တန့်တွင် ဇူလီမြစ်တောင်ဘက်ကမ်းပေါ်၌ လူပေါင်းများစွာတန်းစီနေကြ၏။

ဇူလီမြစ်အား ဖြတ်သန်း၍ လူများအားပို့ဆောင်ရန် ချမ်းဘော့ဒ်တိုင်းပြည်၏ စစ်သင်္ဘောအပိုတစ်စီးသာရှိသည့်အတွက် သင်္ဘောနားချိန်ပင်မရပေ။ သင်္ဘော၏ ကြီးမားသည့် ကိုယ်ထည်သည် မြစ်ထဲတွင် လှိုင်းလုံးကြီးများကို ဖန်တီးနေလျှက်ရှိပြီး အရွယ်စားနှင့်မလိုက်အောင်ပင် မြန်ဆန်လှသည်။ ဤမြင်ကွင်းကို ပထမဆုံးမြင်ရသည့် တိုင်းတစ်ပါးသားများအံ့သြနေကြ၏။

"၀ိုး အတော်ကြီးတဲ့ သင်္ဘောပဲ။ ဒီလိုဟာကို ငါပထမဆုံးမြင်ဖူးတာပဲ။ ဒီသင်္ဘောကိုလဲ ချမ်းဘော့ဒ်တိုင်းပြည် ပိုင်တာလား..."

မှော်လှည်းများသည် ဆိပ်ကမ်းတွင် ဖြေးညှင်းစွာရပ်လိုက်၏။

ဒန်နီရယ်သည် လှည်းပြတင်းပေါက်မှ လှမ်းကြည့်လိုက်ပြီးမြစ်ထဲတွင်ရှိနေသည့် ကြီးမားသည့် ချမ်းဘော့ဒ်သင်္ဘောကြီးကို မြင်လိုက်ရသည်။ သူမသည်လည်း တစ်ခြားတိုင်းတစ်ပါးသားများလို အံ့သြသွား၏။ အခုမှ နိုးလာကြသည့် ကလေးများသည်လည်း သူတို့၏ အိပ်ချင်မူးတူးမျက်လုံးများကို ပွတ်သပ်ကာ လှည်းများပေါ်မှ ဆင်းသွားကြ၏။ သင်္ဘောကိုမြင်တွေ့လိုက်ရသည့်အတွက် ချက်ချင်းပင် အံ့သြသွားကြပြီး အိပ်ချင်စိတ်များပင် ပျောက်ကွယ်သွားကြ၏။

ဒန်နီရယ်နှင့် ကလေးတစ်သိုက်သည် သင်္ဘောပေါ်သို့ ရောက်ရှိသွားပြီးဖြစ်သော်လည်း အံ့သြနေကြဆဲပင်။

အမျိုးသမီးစစ်သည်သည် သင်္ဘောပေါ်တွင် ကလေးများနှင့်အတူ ပြေးလွှားကာ ပတ်ကြည့်နေ၏။ သူတို့အားလုံး စိတ်အား ထက်သန်နေကြသည်။

သူတို့၏ ဘေးတွင်ရှိနေသည့် ခရီးသည်တစ်ချို့သည်လည်း သင်္ဘော၏ အမြန်နှုန်းနှင့်အရွယ်စားတို့ကြောင့် အံ့သြနေကြသော်လည်း သူတို့၏ မျက်နှာပေါ်တွင် အံ့သြမှုကို ဖုံးကွယ်ထားကြ၏။ သားသားနားနား၀တ်ဆင်ထားသည့်လူများသည် သူတို့နှင့်မဆန်းသလိုပြုမူနေကြပြီး နွမ်းပါးသောအ၀တ်စားများနှင့် ဒန်နီရယ်နှင့် ကလေးများအား လက်ညိုးထိုးကာ ကဲ့ရဲ့နေကြသည်။

ချမ်းဘော့ဒ်သင်္ဘောကို ယခင်က စီးခဲ့ဖူးသည့်လူများသာလျှင် ဒန်နီရယ်နှင့် ကလေးများကို လေးစားကြောက်ရွံ့သည့် မျက်လုံးများဖြင့် ကြည့်နေကြ၏။ သင်္ဘောပေါ်တွင် ပြေးလွှားခြင်းကို ချမ်းဘော့ဒ်တိုင်းပြည်၏ ဥပဒေများတွင် တားမြစ်ထားသည်။ အကယ်၍ တစ်ခြားလူများသာ သင်္ဘောပေါ်တွင်ပြေးလွှားနေပါက ချမ်းဘော့ဒ်အရာရှိများ၏ အပြစ်ပေးခြင်းကို ခံရမည်ဖြစ်သည်။

ပို၍ အကဲခတ်ကောင်းသောလူများဆိုလျှင် ဒန်နီရယ်နှင့် ကလေးများသည် VIPအခန်းမှ ထွက်လာပြီး တားမြစ်နေရာများသို့ပင် ၀င်ထွက်သွားလာနိုင်နေသည်ကို သတိထားမိကြ၏။ သူတို့ သင်္ဘောပေါ်တွင် ပြေးလွှားနေသော်လည်း ချမ်းဘော့ဒ်အရာရှိများမှ တားမြစ်ခြင်းမရှိပေ။

"ဒီလူတွေက ဒီလောက်မရိုးရှင်းလောက်ဘူး..." သူတို့တွေးလိုက်မိကြ၏။

မိနစ်နှစ်ဆယ်ခန့်ကြာသည့်အချိန်တွင် သင်္ဘောသည် ဇူလီမြစ်တစ်ဖက်ကမ်းသို့ ရောက်ရှိသွားပြီဖြစ်သည်။ ဒန်နီရယ်နှင့်ကလေးများသည် သင်္ဘောပေါ်မှ ဆင်း၍ သူတို့၏ မှော်လှည်းများပေါ်သို့ ပြန်တက်ကာ မြို့ထဲသို့ ဆက်သွားလိုက်ကြ၏။

ထို့နောက်တွင် မြို့တော်ခံတပ်နံရံအရှေ့တွင်ရှိနေသည့် တယ်လီပေါ့မှော်အစီရင်သည်လည်း သူတို့အား အတန်ကြာအောင်စိတ်လှုပ်ရှားသွားစေ၏။

စနစ်တကျနှင့် ကျယ်ပြန့်သည့်လမ်းများ၊ တောက်ပသည့် စျေးဆိုင်များ၊ အလုပ်ရှုပ်နေကြသည့်လူများ၊ မှော်ပစ္စည်းများ၊ ယဥ်ကျေးပျူငှာသော ကင်းလှည့်စစ်သည်များ၊ မြို့ခံတို့၏မျက်နှာပေါ်မှ အပြုံးများ...စသည့်အရာများအားလုံးသည် ဒန်နီရယ်နှင့် ကလေးများကို သုခဘုံရောက်နေသလိုထင်မှတ်စေ၏။

သူတို့သည် ပထမဆုံးအနေဖြင့် ဤကဲ့သို့လှပသည့် မြို့တော်ကို မြင်တွေ့ဖူးခြင်းဖြစ်ပြီး ဇီးနစ်အင်ပါယာ၏ ထိပ်တန်းမြို့တော်ဆယ်မြို့ထဲမှ တစ်ခုဖြစ်သည့် ရေပူစမ်းမြို့တော်ထက်ပင် များစွာသာလွန်သည်ဟုတွေးလိုက်မိသည်။

"အကိုကြီးဖီးလစ်။ ဒီမှာလဲဆင်းရဲသားရက်ကွက်ရှိလား..ဆင်းရဲသားရပ်ကွက်မရှိဘူးဆိုရင် သမီးတို့ဘယ်မှာနေရမလဲ..." ချစ်စရာကောင်မလေးမီလီသည် မျက်လုံးပုတ်ခတ်ပုတ်ခတ်ဖြင့်မေးလိုက်သည်။

အစ်ဇာနီပြုံးကာ ပြန်ဖြေလိုက်သည်။ "ချမ်းဘော့ဒ်တိုင်းပြည်ထဲမှာ ဆင်းရဲသားရက်ကွက်ဆိုတာတွေမရှိတော့တာကြာပြီ။ လူတိုင်းက တောက်ပတဲ့ အိမ်တွေထဲမှာနေနိုင်ကြတယ်။ သမီးတို့တွေလည်း သန့်ရှင်းတဲ့အိမ်တွေမှာနေပြီးတော့ နူးညံ့တဲ့ အိပ်ယာတွေပေါ်မှာ အိပ်ရမယ်။ နောက်ပြီးတော့ မီးပုံတွေလဲပါလို့ ဘယ်တော့မှ ချမ်းမှာမဟုတ်တော့ဘူး။ နောက်ပြီးတော့ စားစရာတွေလဲအလျံပယ်ရှိနေလိမ့်မယ်..."

အစ်ဇာနီပြောသည်ကို ကြားသည့်အချိန်တွင် ကလေးများအားလုံးပျော်ရွှင်သွားကြ၏။

သူတို့အတွက် အစ်ဇာနီဖော်ပြသည့်နေရာသည် ကမ္ဘာပေါ်က အကောင်းဆုံးနေရာဖြစ်သောကြောင့်ပင်။

"ဟားဟား မင်းတို့တွေဘယ်လောက်ပျော်နေလဲဆိုတာကြည့်ပါဦး။ အရင်ဆုံး မြို့ထဲကအကောင်းဆုံး စားသောက်ဆိုင်ကိုသွားပြီးတော့ မင်းတို့တွေကြိုက်သလောက်စားခိုင်းမယ်။ ပြီးကျရင် ဓာတ်ပုံရိုက်ပြီးတော့ လူ၀င်မှုဌာနမှာ လိုအပ်တဲ့စာရွက်စာတန်းတွေဖြည့်ကြတာပေါ့။ အဲ့တာပြီးရင်တော့ မင်းတို့တွေအကုန်လုံး ချမ်းဘော့ဒ်တိုင်းပြည်ရဲ့ တရား၀င်နိုင်ငံသားတွေဖြစ်သွားကြပြီ။ မင်းတို့အားလုံး အလကားပညာသင်ခွင့်ရလိမ့်မယ်။ မင်းတို့ တကယ်ကြိုးစားသင်ယူမယ်ဆိုရင် ချမ်းဘော့ဒ်မြို့ပြနဲ့ စစ်ဘက်ဆိုင်ရာတက္ကသိုလ်ကိုလဲတက်ခွင့်ရနိုင်လိမ့်မယ်..."

ကလေးများသည် "လူ၀င်မှုဌာနဆိုတာဘာလဲ" "ချမ်းဘော့ဒ်တက္ကသိုလ်က ဘယ်မှာရှိတာလဲ" အစရှိသည်ဖြင့် မေးခွန်းများမေးသည့်အချိန်တွင် အစ်ဇာနီမှစိတ်ရှည်လက်ရှည်ပြန်ဖြေပေးနေ၏။ မှော်ရထားလှည်းသည် ညာဘက်တွင်ကပ်မောင်းနေကာ မှော်မီးပွိုင့်နီသည့်အချိန်တွင် ရပ်လိုက်၊ မီးစိမ်းသည့်အချိန်တွင် ဆက်မောင်းလိုက်ဖြင့် လုံခြုံစွာသွားလာနေ၏။

နာရီ၀က်ခန့်သွားပြီးနောက်တွင် သူတို့သည် ချမ်းဘော့ဒ်မြို့ထဲရှိ ကောင်းမွန်သည့် စားသောက်ဆိုင်တစ်ခုရှေ့သို့ ရောက်လာကြသည်။

မှော်လှည်းအား ၀ိတ်တာများမှ ပါကင်ထိုးပေးလိုက်ပြီး။ အစ်ဇာနီသည် ကလေးများနှင့်အတူ ဆိုင်ထဲသို့ ၀င်သွားခဲ့သည်။

မနက်ခင်းအချိန်ဖြစ်သောကြောင့် စားသောက်သူသိပ်မများသေးပေ။

အို၀င်နှင့် ပေါလ်တို့သည် စားသောက်စရာများသွားမှာလိုက်ကြပြီး အစ်ဇာနီနှင့် ကျန်သည့်လူများသည် ပြတင်းပေါက်နားတွင်ရှိသည့် စားပွဲတစ်ခုတွင်ထိုင်လိုက်ကြ၏။

မှော်လှည်းများသည် မြန်ဆန်သော်လည်း သူတို့သည် ၂၀၀ကီလိုမီတာခန့်တညလုံးခရီးဆက်လာရသည့်အတွက် အနည်းငယ်မောပန်းကာ ဆာလောင်နေကြသည်။

ကလေးအယောက်၃၀သည် ပင်ပန်းနေကြသော်လည်း ဆိုင်ထဲတွင် ပတ်ပြေးကာ ပျော်ရွှင်သည့်ငှက်လေးများကဲ့သို့ပင် ဆော့ကစားနေကြ၏။

ဤအခိုက်တန့်တွင် စကားပြောသံများကို အစ်ဇာနီရုတ်တရက်ကြားလိုက်ရ၏။

"ဟေ့ကောင် မင်းကြားပြီးပြီလား။ မနေ့က ချမ်းဘော့ဒ်ဘုရင်ကိုယ်တိုင် ထွက်ကြိုဆိုတဲ့ ဧည့်သည်တွေက ၀တ်ရုံနက်ကျောင်းတော်ရဲ့ သူတော်စင်သိုင်းဆရာတွေပဲ။ နောက်ပြီးတော့ သူတို့တွေက စုစုပေါင်းအယောက်၈၀၀ကျော်လောက်ရှိတယ်။ ဒါက ပထမဆုံးအနေနဲ့ ချမ်းဘော့ဒ်တိုင်းပြည်ထဲကို ဒီလောက်လူအများကြီး၀င်ခွင့်ပေးလိုက်တာပဲ။ အင်ပါယာကြီးတွေက သံတမန်အဖွဲ့တွေကိုတော့ မြို့ပြင်မှာပဲ စခန်းချခိုင်းထားတယ်။ မင်းသားတွေနဲ့ သူ့ကိုယ်ရံတော်တွေလို အရေးပါတဲ့လူတွေကိုပဲ ချမ်းဘော့ဒ်မြို့ထဲမှာ နေစရာစီစဥ်ပေးတယ်။ မဟာဘုရားကျောင်းက အတော်လေးအရှိန်၀ါကြီးတာပဲ။ ချမ်းဘော့ဒ်ဘုရင်လို လူမျိုးကတောင် သူတို့ကို လျစ်လျူမရှုရဲဘူး..."

"ဟားဟားဟား မင်းက ဘာမှမသိသေးပါလား။ ချမ်းဘော့ဒ်ဘုရင်က ၀တ်ရုံနက်ကျောင်းတော်က ဘုရားသခင်၏ အနှစ်သက်ဆုံးကလေးငယ်လေ။ ချမ်းဘော့ဒ်ဘုရင်က ၀တ်ရုံနက်ကျောင်းတော်ရဲ့ ဘုန်းတော်ကြီးဖြစ်လာမယ်လို့လဲပြောနေကြတာတွေရှိတယ်။ အဲ့တာကြောင့် သူက ၀တ်ရုံနက်ကျောင်းတော်က လူတွေကို မြို့တော်ထဲ၀င်ခွင့်ပေးတာပဲ..."

ကြေးစားစစ်သည်ဟုယူဆရသည့် လူနှစ်ယောက်သည် အစ်ဇာနီ၏ ဘေးစားပွဲ၀ိုင်းတွင် အခြင်းခြင်းတီတိုးပြောကြားနေကြသည်ကို အစ်ဇာနီရှင်းလင်းစွာကြားလိုက်ရသည်။

သူဘာမှတုန့်ပြန်ခြင်းမရှိပဲ ဆက်လက်နားစွန့်နေလိုက်သည်။

"ဟုတ်တယ်။ ချမ်းဘော့ဒ်ဘုရင်က ၀တ်ရုံနက်ကျောင်းတော်ရဲ့ ဘုန်းတော်ကြီးတစ်ပါးဖြစ်လာတော့မှာ...ဒါကထူးဆန်းတယ်။ ဒီသတင်းပြန့်လာာတာလဲမကြာသေးဘူး။ တစ်ချို့လူတွေက ဒီသတင်းကို သေချာပြန့်အောင်လုပ်နေသလိုပဲ။ ဟုတ်မဟုတ်တော့ သေချာမသိဘူး..."

"ငါတို့ စောင့်ကြည့်ရမှာပေါ့။ မြောက်ပိုင်းဘုရားကျောင်းက ဘုရားကျောင်းအဆင့်ပြိုင်ပွဲကို လာမယ့်နှစ်၀က်လောက်မှာ ကျင်းပလိမ့်မယ်။ တကယ်လို့ ချမ်းဘော့ဒ်ဘုရင် အဲ့ကိုသွားတယ်ဆိုရင်..."

"မင်းပြောတာမှန်တယ်...တစ်ခြားအကောင်ကြီးတွေလဲချမ်းဘော့ဒ်ကိုလာတယ်ဆိုတာလဲ ငါကြားသေးတယ်..."

"လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်က လာတဲ့လူတွေနဲ့ယှဥ်ရင်တော့ သူတို့က ဘာကောင်မှမဟုတ်ပါဘူး။ တစ်ခြားအဖွဲ့၀င်တိုင်းပြည်တွေက သိုင်းဆရာတွေပါပဲ။ [မှော်မင်းသမီး]စင်ဒီရယ် [ငွေရောင်ချပ်၀တ်ဓားသွား]ရီရဲရယ်၊ မြို့တော်စိန့်ပီတာစဘာ့တ်က သိုင်းပညာပြိုင်ပွဲမှာ ဒုတိယရခဲ့တဲ့ မင်းသားရှိဗ်ချန်ကိုရယ်တို့ပါပဲ။ နောက်ပြီး ဘိုင်ဇန်တိုင်းတိုင်းပြည်က ဘုရင်ကွန်စတန်တိုင်းလဲရောက်နေတယ်ကြားတယ်..."

ထိုကြေးစားစစ်သည်နှစ်ယောက်သည် သတင်းတော်တော်များများကိုသိရှိထားကြ၏။ သူတို့ စကားပြောနေရင်းဖြင့် ဘေး၀ိုင်းမှ အမဲရောင်သူရဲကောင်းသည် သူတို့ပြောသည်များကို နားစွန့်နေသည်အား သတိထားမိခြင်းမရှိပေ။

သို့သော် ခနကြာသည့်အချိန်တွင် အစ်ဇာနီ ဆက်လက်နားထောင်ခြင်းမရှိတော့ပေ။

ယခုအချိန်တွင် ချမ်းဘော့ဒ်တိုင်းပြည်တွင်လည်း ကိုယ်ပိုင်သတင်းအချက်လက်စုံစမ်းသည့် ကွန်ယက်တစ်ခုရှိနေ၏။ ချမ်းဘော့ဒ်တိုင်းပြည်၏ ဌာနခြောက်ခုမှအကြီးကဲများသည် တိုင်းပြည်တွင်းနှင့်အပြင်အနီးတ၀ိုက်ဖြစ်ပျက်နေသည့်အရာအားလုံးကို ချက်ချင်းသိရှိမည်ဖြစ်သည်။

ယနေ့မနက် အစ်ဇာနီ ချမ်းဘော့ဒ်သင်္ဘောပေါ်တွင်ရှိနေသည့်အချိန်က တစ်စုံတစ်ယောက်သည် သူ့အား လက်ရှိဖြစ်နေသည့်အချက်လက်များပါရှိသော စာရွက်စာတမ်းတစ်ခုကိုလည်းပေးခဲ့သေးသည်။ ထိုကြေးစားစစ်သည်နှစ်ယောက်ပြောနေသည့်အရာအားလုံးသည် ထိုစာရွက်ထဲတွင် ပါပြီးသားအရာများပင်။

မကြာမှီတွင် အရသာရှိသော စားကောင်းသောက်ဖွယ်များရောက်ရှိလာတော့သည်။

ဒန်နီရယ်မှ ပြေးလွှားဆော့စကားနေကြသည့်ကလေးများကို ညစာစားရန်အတွက်ခေါ်တော့မည့်အချိန်တွင် လှေကားမှ ခြေသံများကို ကြားလိုက်ရပြီး ကြမ်းတမ်းသည့် ရုပ်ရည်သွင်ပြင်များရှိသည့် ယောက်ျား ၁၅ ၁၆ယောက်သည် ဒုတိယထပ်သို့ တက်သည့် လှေကားအောက်တွင် လက်နက်များကိုင်ဆောင်၍ ရှိနေသည်ကိုတွေ့လိုက်ရသည်။

အစ်ဇာနီသည် တစ်ချက်လှမ်းကြည့်လိုက်ပြီး ထိုကြေးစားစစ်သည်များ၏ ချပ်၀တ်ပေါ်မှ အမှတ်တံဆိပ်ကိုမြင်လိုက်ရသည်။ ထိုအမှတ်တံဆိပ်သည် ခန့်ညားသည့်မြင်းတစ်ကောင် လေညှင်းထဲတွင်ပြေးလွှားနေသည့်ပုံပင်။ သူတို့သည် မြင်းလေးညှင်း ကြေးစားစစ်သည်တပ်ဖွဲ့မှ ကြေးစားစစ်သည်များပင်။

All Chapters